ဧလျာဇာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းကားတစ်စီးပေါ်ပါသည့် ဆရာနှင့် ယာဉ်မောင်း ထိခိုက်ဒဏ်ရာ ရခဲ့ရာတွင် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့တွင် တာဝန်ရှိမှန်း မရှင်းလင်းပေ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ ဧလျာဇာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းကြိုပို့လုပ်သည့် ကားတစ်စီးသည် ယနေ့မနက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုခံခဲ့ရပြီး ဆရာတစ်ဦးနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါကျောင်းက Myanmar Now ကို ပြောသည်။
ကွတ်ခိုင်မြို့မှ သိန်းနီမြို့ဖက်သို့ အထွက် လွိုင်ဆမ်ဆစ်တောင်အနီးတွင်း မွန်းတည့် ၁၂ နာရီအချိန်ထိ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး အဆိုပါနေရာအနီးတွင် ကျောင်းကြိုပို့ကား တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ကွတ်ခိုင်မြို့အခြေစိုက် ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ ကိုကျော်မိုးက ပြောသည်။

“ကျောင်းသားတွေကို သွားကြိုတဲ့လမ်းမှာ တိုက်ခိုက်ခံရတာပါ။ ကျောင်းသားတွေတော့ မပါသေးဘူး။ ပစ်ခတ်တာကြောင့် မှန်စတွေ ထိမှန်ပြီး ဒဏ်ရာရကြတာပါ။ အခု ကွတ်ခိုင်ဆေးရုံမှာပါ။ အပစ်ခံရတဲ့ကားဆရာပြောတာကတော့ နှစ်ဖက်တိုက်ပွဲဖြစ်နေချိန်မဟုတ်ဘူး။ တစ်ဖက်တည်းက ပစ်တာလို့တော့ပြောတယ်” ဟု ၎င်းက ဆိုသည်။
ကွတ်ခိုင်မြို့ ပတ်လည်၊ ကွတ်ခိုင်မှ မူဆယ်မြို့အထွက် တိုးဂိတ်နှင့် လွိုင်ဆမ်းဆစ်တောင်အနီးတစ်ဝိုက် တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ ယမန်နေ့ မနက်ပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။


ဧလျာဇာကိုယ်ပိုင်ကျောင်းမှ ဆရာနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိမှုသတင်းနှင့်ပတ်သက်၍ ကွတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့က အတည်မပြုနိုင်သေးဘဲ စိစစ်နေဆဲဖြစ်ကြောင်း Myanmar Now သို့ ပြောသည်။
ယနေ့မနက် ၇ နာရီ မိနစ် ၄၀အချိန်က ကြိုပို့ကားသည် လွိုင်ဆမ်ဆစ်တောင်ခြေ၌ ရှိသော ကျောင်းသားများကို သွားကြိုစဉ် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ကားသွားလာမှုများကို တားဆီးပိတ်ဆို့နေခဲ့သည်။


ယာဉ်မောင်းဖြစ်သူက ပိတ်ဆို့နေသည်ကို မမြင်ဘဲ ရှေ့သို့ ကျော်ရပ်မိသဖြင့် အပစ်ခံရခြင်းဖြစ်သည်ဟု ဧလျာဇာကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လူတွေကိုတော့ ကျည်မထိပါဘူး။ မှန်ပဲ ထိလို့ပေါ့။ အပစ်ခံရတော့ သူတို့လည်း နောက်လည်းမဆုတ်ရဲ၊ ရှေ့လည်းမသွားရဲတော့ဘူး။ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းကို ဆက်သွယ်ပြီး ဆေးရုံပို့ထားပါတယ်”ဟု ၎င်းက ဆိုသည်။
ကွတ်ခိုင်မြို့အနီးဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်ပြောရေးဆိုခွင့်ရှိသူနှင့် TNLA ပြောရေးဆိုခွင့်ရှိသူများကို Myanmar Nowက ဆက်သွယ်မေးမြန်းနေသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












