အသက်အန္တရာယ်ကိုပင် ရန်ရှာခြိမ်းခြောက်ခံနေရသည့် ပြည်သူ့ကိုယ်စားလှယ်များ

ဥပဒေစိုးမိုးရေး ဆောင်ရွက်စဉ် ရန်မူခံရသည့် အမတ်များမှာ ဒီချုပ်ပါတီမှဖြစ်ပြီး ခြိမ်းခြောက်သူတို့မှာ သတင်းပေးများ၊ လောင်းကစားဒိုင်များ၊ သစ်ခိုးထုတ်သူများ၊ မူယစ်ဆေးရောင်းဝယ်သူများ၊ လူမိုက်များ ဖြစ်နေသည်။

Published on Oct 16, 2018

ရန်ကုန် — တိုင်းဒေသကြီးလွှတ်တော်အမတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးထွန်းထွန်းဝင်း တာဝန်စထမ်းဆောင်ကတည်းက မလိုသူများ၏ ခြိမ်းခြောက်မှုများကို ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာသာ ကြုံတွေ့ခဲ့ရသော်လည်း ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန် ကြံစည်ခြင်းကိုတော့ ပြီးခဲ့သည့် နှစ်လခန့်ကမှသာ ပထမဆုံးကြုံခဲ့ရသည်။

ဩဂုတ်လ၏ ညတစ်ညတွင် ချင်းတွင်းမြစ်အတွင်း လှည့်လည်နေသည့် လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းတို့၏ စက်လှေပေါ်သို့ အားကောင်းသည့် စက်လှေဆလိုက်မီးရောင်များ ဖြာကျလာသည်။ တစ်ဆက်တည်းမှာပင် ဆလိုက်မီးထိုးထားသည့် စက်လှေနှစ်စီးက လေးခွများဖြင့် တရပ်စပ် ပစ်ခတ်ရင်း ၎င်းတို့စက်လှေအနားသို့ ချဉ်းကပ်လာကြသည်။

အသက်အန္တရာယ်ကို ရန်ရှာလောက်သည်ဟု ယူဆမိသဖြင့် စက်လှေကို စက်ကုန်ဖွင့်ပြီး စက်လှေဆိပ်သို့ ပြန်ကပ်ရန် ကြိုးစားကြသည်။ ၎င်းတို့စက်လှေ ကမ်းမကပ်နိုင်ခင်မှာပင် အန္တရာယ်ပြုသည့် စက်လှေနှစ်စီးက မလှမ်းမကမ်းရှိတစ်နေရာတွင် ကမ်းကပ်ပြီး ဦးထွန်းထွန်းဝင်းတို့ စက်လှေကမ်းကပ်မည့်နေရာသို့ လူ ၁၀ ယောက်ခန့်က တုတ်၊ ဓား လက်နက်များကိုင်ကာ ရန်ပြုတိုက်ခိုက်ရန် ပြေးလာကြသည့်အတွက် စက်လှေဖြင့် ထွက်ပြေးခဲ့ရသည်။

“စက်လှေကမြန်လို့သာ ကျွန်တော်တို့ သက်သာသွားတာ။ မဟုတ်ရင် မတွေးဝံ့စရာပဲ” ဟု စစ်ကိုင်းဒေသကြီး လွှတ်တော်၊ ကနီမဲဆန္ဒနယ် (၂) ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ကနီမြို့နယ်အနီး ချင်းတွင်းမြစ်အောက်ပိုင်းတစ်လျှောက်တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင်သစ်များ သယ်ယူလာမည်ဟု ယူဆရသည့် သမ္ဗန်၊ စက်လှေ၊ ဝါးဖောင်များကို ဦးထွန်းထွန်းဝင်းနှင့်အတူ ချင်းတွင်းမြစ်ကြောင်း ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် စနစ်တကျပြေးဆွဲရေးကော်မတီ (ရစက) အဖွဲ့ဝင်များက ရှာဖွေစစ်ဆေးနေစဉ် ထိုကဲ့သို့ဖြစ်ပွားခြင်းဖြစ်သည်။

သစ်ဝါးများသယ်ဆောင်လာသည့် စက်လှေတစ်စီးကို တခြားစက်လှေပေါ်မှ လူအဖွဲ့က ပိုက်ဆံတောင်းနေစဉ် ဦးထွန်းထွန်းဝင်းတို့က ဝင်ရောက်မေးမြန်းရာမှ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ရန်မူသည့် အဖွဲ့များသည် ကနီသစ်တောဦးစီးဌာနမှ ခန့်အပ်ထားသည့် သတင်းပေးများနှင့် မြို့နယ် စရဖ အဖွဲ့များက ခိုင်းစေထားသည့် သတင်းပေးများဖြစ်ကြောင်း ၎င်းဌာနများက မြို့နယ်ရဲတပ်ဖွဲ့ထံတွင် အတည်ပြုထားသည်။

ရန်မူသည့် သတင်းပေး ခုနစ်ဦးကို မြို့နယ် ရစကအဖွဲ့က တရားလိုပြု တိုင်ကြားခဲ့ပြီး ကနီရဲတပ်ဖွဲ့မှ အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ ဝန်ထမ်းအယောင်ဆောင်ကာ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် အမှုဖွင့် အရေးယူထားသည်။ ထိုသူများသည် အချုပ်လွတ် အမှုရင်ဆိုင်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး သဲကုန်းမဲဆန္ဒနယ် (၁) တိုင်းလွှတ်တော်အမတ် ဦးဇော်နိုင်ဦးလည်း သဲကုန်းမြို့နယ်အတွင်း လောင်းကစားဝိုင်းများ ပြုလုပ်နေသည့် လူတစ်စုကို ဖမ်းဆီးနိုင်ရန် လွန်ခဲ့သည့် နှစ်လက ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ပြီး နောက်တွင် ခြိမ်းခြောက်မှုများ စတင်ရင်ဆိုင်လာရသည်။

မြို့နယ်ဘောလုံးပွဲ ကျင်းပရာနေရာတွင်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များရှိရာသို့ လူ ၁၀ ဦးခန့် လာရောက်ပြီး ဦးဇော်နိုင်ဦးကို သတ်ပစ်မည့်အကြောင်း ခြိမ်းခြောက်ခဲ့သည်။

၎င်းအပါအဝင် ဒီချုပ်ပါတီဝင်အချို့၏ နေအိမ်များရှေ့သို့ ဆိုင်ကယ်စီးထားသူအချို့ လာရောက်ပြီး ဆဲဆိုကြိမ်းမောင်းပြီး ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

“သူတို့က ခြိမ်းခြောက်ထားတော့ သွားရေးလာရေးကအစ သတိထားနေရတယ် ” ဟု ဦးဇော်နိုင်ဦးက ပြောသည်။

အခြေအနေများပိုဆိုးလာမည်ကို စိုးရိမ်သည့်အတွက် ခြိမ်းခြောက်သူ လူမိုက်များကို တရားစွဲဆိုရန် ဦးဇော်နိုင်ဦးနှင့် ပါတီဝင်နှစ်ဦးက ဆုံးဖြတ်လိုက်သည်။

ခြိမ်းခြောက်ထားသူများကို ရာဇသတ်ကြီးပုဒ်မ ၅၀၆ ရာဇဝတ်မကင်းသော ခြောက်လှန့်မှုဖြင့် ဦးဇော်နိုင်ဦးက ယမန်နှစ် နိုဝင်ဘာလက တရားစွဲဆိုထားပြီး သဲကုန်းမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေကြသည်။

လောင်းကစားဝိုင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခုအကြား၊ တစ်ရွာနှင့်တစ်ရွာအကြားတွင် ပြုလုပ်လေ့ရှိကြပြီး လူမိုက်များက ဦးစီးသည့် လောင်းကစားဝိုင်းများ ဖြစ်သောကြောင့် ဒေသခံများမှာ ရဲတပ်ဖွဲ့သို့ တိုင်ကြားရန် စိုးရွံနေကြသည်။

“သူတို့ကို အားလုံးက ရွံကြောက်ကြီးလို ဖြစ်နေကြတာ။ သူတို့ရန်ရှာလာမှာကိုလည်း စိုးရိမ်ကြတယ်” ဟု ဦးဇော်နိုင်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် တိုင်းလွှတ်တော်အမတ် ဦးဝင်းရွှေကလည်း ယခုနှစ် ဩဂုတ်လအတွင်း ဗန်းမောက်နှင့် အင်းတော်မြို့နယ်အကြားတွင်ရှိသော မူးယစ်ဆေးဝါး ရောင်းဝယ်သည့် နေရာများသို့ သွားရောက်ရှာဖွေရာတွင် မူးယစ်ဆေးရောင်းသူတစ်ဦးက တိုက်ခိုက်ရန် ကြိုးစားခဲ့ပြီး အတူလိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက တားဆီး ပစ်ခတ်မှုကြောင့်သာ အန္တရာယ်မဖြစ်ခဲ့ကြောင်း ပြောသည်။

“ရဲတင်းကိုင်ပြီး ကျွန်တော့်ဆီပြေးဝင်လာတာ ရုတ်တရက်ဆိုတော့ ဘာလုပ်ရမှန်းကိုမသိဘူး ” ဟု ဦးဝင်းရွှေက ပြောသည်။

ရန်ပြုသည့် အမျိုးသားကို ဗန်းမောက်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အရေးယူထားသည်။

ဦးဝင်းရွှေက ၎င်းနေထိုင်ရာ မြို့နယ်အတွင်း ဖြစ်ပွားနေသည့် သစ်ခိုးထုတ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် ရွှေ၊ သတ္တုခိုးထုတ်မှုများကို ဖော်ထုတ်နိုင်ရန် မြို့နယ် ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသူဖြစ်သည်။

ဦးဝင်းရွှေ ဦးဆောင်ပြီး ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထောက်အကူပြုအဖွဲ့တွင် လူအယောက် ၃၀ ထက်မနည်း ပါဝင်နေပြီး သက်တမ်းတစ်နှစ်အတွင်း မူးယစ်မှုပေါင်း ၁၀၀ ခန့် ဖော်ထုတ်နိုင်ခဲ့သည်။

အသက်အန္တရာယ်ကို တိုက်ရိုက်ခြိမ်းခြောက်မှု အနည်းငယ်သာရှိသော်လည်း ဖုန်းဆက်ခြိမ်းခြောက်မှုနှင့် ဖေ့စ်ဘွတ် လူမှုကွန်ရက်မှ ခြိမ်းခြောက်မှုများကိုတော့ ဦးဝင်းရွှေ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းရှိမြို့နယ်များတွင် သတင်းပေးများကို ဌာနဆိုင်ရာတချို့က ခန့်အပ်ထားပြီး သတင်းပေးများက အစိုးရဝန်ထမ်းများ၏ အာဏာကို အလွဲသုံးစားပြုလုပ်ကာ တရားမဝင်လုပ်ငန်းများထံမှ လိုင်းကြေး တောင်းခံခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်ခြင်းများအပြင် မြို့နယ်အချို့မှ လွှတ်တော်ကိုယ်စားလှယ်များကိုပါ ခြိမ်းခြောက်ခြင်းများအထိ ပြုလုပ်လာကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။

လွှတ်တော်အမတ်များကို အသက်အန္တရာယ် ခြိမ်းခြောက်နေသည့် သတင်းပေးများကို ထိရောက်စွာ ကိုင်တွယ်ရန် အစီအစဉ်ရှိမရှိကို မင်းကင်းမဲဆန္ဒနယ် တိုင်းလွှတ်တော်အမတ် ဦးကျော်ဆန်းက အောက်တိုဘာလ ၂ ရက်နေ့က စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်းခဲ့သည်။

တရားမဝင်လုပ်ငန်းများထံမှ လိုင်းကြေးကောက်ခံတာမျိုး မလုပ်ရန် သတင်းပေးများနှင့် ဝန်ထမ်းများကို ညွှန်ကြားထားပြီး မလိုက်နာသူများကို အရေးယူရန်နှင့် သတင်းပေးများကို ပြန်လည်ဆန်းစစ်ပြီး ဆက်လက်အသုံးပြုရန် သင့်မသင့်ကို စဉ်းစားသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြန်လည်ဖြေရှင်းသည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန အရာရှိကြီးများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များသို့ Myanmar Now မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

နောက်ကွယ်မှ အကျိုးစီးပွားများ

စစ်ကိုင်းတိုင်းအတွင်းရှိ မူးယစ်ဆေးဝါးများရောင်းဝယ်သူများ၊ တရားမဝင် သစ်ခိုးထုတ်သူများ၏ လမ်းကြောင်းများစွာရှိသည့်အနက် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စက်လှေများဖြင့် သယ်ယူခြင်းကလည်း အဓိကလမ်းကြောင်းတစ်ခုအဖြစ် ပါဝင်နေသည်။

တရားမဝင် ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်သည့်သူများ တဖြည်းဖြည်း အတင့်ရဲလာရခြင်းတွင် တာဝန်ရှိ ဝန်ထမ်းများနှင့် သတင်းပေးများလည်း ပါဝင်ပတ်သက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ယူဆကြသည်။

သစ်မှောင်ခိုလုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် အရက်ဆီရောင်းချခြင်းလုပ်ငန်းများမှာ ငွေရလွယ်သော လုပ်ငန်းများဖြစ်သောကြောင့် တရားဝင်လုပ်ငန်းများနှင့်မခြား လုပ်ကိုင်နေကြကြောင်းနှင့် နှစ်လုံး၊ သုံးလုံး၊ ချဲထီ၊ ဘောလုံးပွဲဒိုင်ဖွင့်ခြင်းလုပ်ငန်းများလည်း လုပ်ကိုင်နေကြကြောင်း မင်းကင်းအမတ် ဦးကျော်ဆန်းက တိုင်းလွှတ်တော်တွင် ထောက်ပြသည်။

လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရခြင်းနှင့်ပတ်သက်ပြီး မည်သို့ အရေးယူဆောင်ရွက်မည့်အကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း မှုခင်းဌာနကိုသာ တိုက်ရိုက်ဆက်သွယ် မေးမြန်းရန် ပြောဆိုသည်။ နေပြည်တော် ရဲချုပ်ရုံး၊ မှုခင်းဌာနမှ ရဲမှူးကြီး မင်းဟန်ကို ဆက်သွယ်ရာတွင် ပြောရေးဆိုခွင့်ရှိသူ မဟုတ်သည့်အတွက် ဖြေကြားပေးနိုင်ခြင်းမရှိကြောင်း ပြောသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် လောင်းကစားဝိုင်းများကို ကြီးကြီးကျယ်ကျယ် ဆောင်ရွက်နေကြပြီး ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက တိုင်ကြားသော်လည်း သတင်းပေါက်ကြားမှုများ ရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော် သဲကုန်းမြို့နယ် မဲဆန္ဒနယ် (၂) ကိုယ်စားလှယ် ဦးဇော်လင်းထိုက်က ပြောသည်။

ပြည်ခရိုင်အတွင်းရှိ လောင်းကစားဝိုင်းများကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လွှတ်တော်အမတ်အချို့က သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေပြီး လောင်းကစားဝိုင်းတချို့ ဖမ်းဆီးခံလိုက်ရသည်။ ဖမ်းဆီးခံရသူများက လွှတ်တော်ကိုယ်စားလှယ်အချို့ကို ရန်ရှာခဲ့သည်။

လောင်းကစားပွဲတစ်ပွဲလျှင် လောင်းကြေးအနေဖြင့် ကျပ်သိန်းနှင့်ချီကာ ပြုလုပ်ကြပြီး လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ကြက်ဝိုင်းများပါဝင်ပြီး တရားမဝင် အရက်ထုတ်လုပ်သူများလည်း ရှိနေသည်။ အဆိုပါ တရားမဝင်လုပ်ငန်းများကို စစ်ဆေးအရေးယူနိုင်ရန် ကြယ်ပွင့်ပြမေးခွန်းကို တင်သွင်းခဲ့ပြီး အဆို အောင်ခဲ့သော်လည်း သတင်းပေါက်ကြားမှုများ ရှိနေခြင်းကြောင့် အကောင်အထည်ဖေါ်ဆောင်ရွက်ရာမှာ တိတိကျကျ ဆောင်ရွက်နိုင်ခြင်းမရှိသေးဟု ဦးဇော်လင်းထိုက်က ပြောသည်။

“ရဲတပ်ဖွဲ့က လောင်းကစားဝိုင်းတွေကို နှိမ်နင်းဖို့လာပြီဆိုရင် လောင်းကစားဝိုင်းတွေက ကြိုဖျက်ပြီးသား ဖြစ်နေပြီ ” ဟု ၎င်းက ဆိုသည်။

သတင်းပေါက်ကြားမှုများနှင့်ပတ်သက်ပြီး မှတ်ချက်မပေးလိုသော်လည်း သတင်းပေါက်ကြားပြီးနောက်ပိုင်း လောင်းကစား စသည့် တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်ပြီး မြို့နယ်၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များကို အကြောင်းမကြားဘဲ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံသို့သာ တိုက်ရိုက်ဆက်သွယ် သတင်းပို့ကြောင်း ၎င်းက ပြောသည်။

သဲကုန်း မဲဆန္ဒနယ် (၁) အမတ် ဦးဇော်နိုင်ဦးကို ခြိမ်းခြောက်သည့် လောင်းကစားဒိုင် လူမိုက်များက ၎င်းတို့အား ဖမ်းဆီးသည့် ရဲတပ်ဖွဲ့အစား တိုင်ကြားသည့် လွှတ်တော်ကိုယ်စားလှယ်ကိုသာမဲပြီး “သတ်ပစ်မည်”ဟု ဖုန်းဖြင့် ထပ်မံခြိမ်းခြောက်သည်။

ဖုန်းဖြင့်ခြိမ်းခြောက်ထားသည်ကို အသံဖိုင် ရယူထားပြီး တရားရုံးတွင် သက်သေအဖြစ် တင်သွင်းထားကြောင်း ဦးဇော်နိုင်ဦးက ပြောသည်။

ပြည်သူကိုကိုယ်စားပြုထားသည့် လွှတ်တော်အမတ်တစ်ယောက်ကိုပင် အသက်အန္တရာယ်ပြုမည့် ခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည့် လူမိုက်များ၊ ဒုစရိုက်သမားများ လုပ်ရပ်သည် ဥပဒေစိုးမိုးရေးကို မထီလေးစားလုပ်သည့် အသွင်ဆောင်နေကြောင်း လွှတ်တော်အမတ်အချို့က မှတ်ချက်ပြုသည်။

“လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကိုတောင် ခြိမ်းခြောက်နေတာဆိုတော့ သာမန်ပြည်သူတွေအတွက်က စိုးရိမ်ဖွယ်ရာပဲ” ဟု ဦးဇော်နိုင်ဦးက စိတ်ပျက်လက်ပျက် ပြောသည်။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading