သစ်ပင်ခုတ်လှဲခြင်းများအတွက် တာဝန်ရှိကြောင်း ဝန်ခံမည့်သူ အလိုရှိသည်

မြန်မာနိုင်ငံမှာ တောသူတောင်သား ဆင်းရဲသားတွေ ထင်းခုတ်လို့ သစ်တောဥပဒေအရ ဆိုပြီး အရေးယူခံရပေမဲ့ လမ်းနဲ့မလွတ်လို့ဆိုပြီး နှစ်ရှည်ပင်တွေ၊ အရိပ်ရပင်တွေကို ခုတ်ခုတ်ပစ်တဲ့ ကိစ္စတွေမှာတော့ ဘယ်သူက အဓိကတာဝန်ရှိသူမှန်း မသိကြရသေးပါဘူး။ 

Published on Nov 11, 2019
သစ်ပင်တန်ဖိုး သိနားလည်စေရေး လှုံ့ဆော်ပညာပေးပုံတစ်ပုံ (ဓာတ်ပုံ - facebook)
သစ်ပင်တန်ဖိုး သိနားလည်စေရေး လှုံ့ဆော်ပညာပေးပုံတစ်ပုံ (ဓာတ်ပုံ - facebook)

“တက္ကသိုလ်တွင် ကံ့ကော်ပန်း၊ ပိတောက်ပန်း၊ ခရေပန်းတို့ကား ကြိုင်ဆဲ လှိုင်ဆဲ။ ရေတမာတန်းများသည် လည်း ဝေစည်လန်းဆန်းနေဆဲပင်။ အစဉ်အဆက်တွင် ကျွန်တော်တို့ တက္ကသိုလ်သည် တက်ကြွရှင်သန်သော သမိုင်း ရှိခဲ့သည်။”

(ကျော်အောင်ရေး “ရွှေရတုတက္ကသိုလ်” ဆောင်းပါး။ ၁၉၉၇ ခုနှစ် စက်တင်ဘာလထုတ် နွယ်နီမဂ္ဂဇင်းမှ)

မကြာသေးမီက ရန်ကုန်တက္ကသိုလ် ပရဝဏ်ထဲက နှစ်ရှည်သစ်ပင်ကြီးအချို့ကို ခုတ်လှဲခဲ့လို့ ကြားသိရသူ အပေါင်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ တက္ကသိုလ် အဆောက်အဦတွေနဲ့ ပနံတင့်စိမ်းလန်းနေတဲ့ ဒီ နှစ်ရှည်ပင်ကြီးတွေကို တက္ကသိုလ်ဝင်းထဲမှာ ပတ်လမ်းဖောက်လုပ်ရာမှာ မလွတ်လို့ ခုတ်လှဲခဲ့ရတာလို့ တက္ကသိုလ် အာဏာပိုင်တို့က ဆိုပါတယ်။ သစ်ပင်တွေခုတ်ပစ်မယ့်အစား အခြားနည်းလမ်းတွေ စဉ်းစားလို့ မရဘူးလား လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။

အမှန်တကယ် ဖြစ်သင့်တာက တက္ကသိုလ်ရာပြည့်ပွဲ မတိုင်မီ မြေယာရှုခင်း ဖော်ဆောင်တာတွေ လုပ်တော့မယ် ဆိုရင် ဘယ်နေရာမှာ ဘယ်လို လုပ်ဆောင်မှာလဲ၊ အဲဒီဧရိယာထဲမှာ ပါဝင်နေတဲ့ သစ်ပင်တွေကို ရှုခင်းနဲ့ လိုက်ဖက်အောင် ဘယ်လို ပေါင်းဆင့် စီမံမှာလဲ ဆိုတာကို တက္ကသိုလ် တာဝန်ရှိသူတွေက ကျောင်းသူ ကျောင်းသား အများပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြပြီး ကျောင်းသားတွေရဲ့ သဘောဆန္ဒ၊ ပညာရှင်တွေရဲ့ ရှုထောင့်အမြင်တွေကို ရယူသုံးသပ်ပြီးမှ လုပ်ငန်းဖော်ဆောင်ခဲ့ဖို့ပါ။

ရန်ကုန်တက္ကသိုလ် အတွင်း ပတ်လမ်းဖောက်လုပ်ဖို့နဲ့ အဓိပတိလမ်း တစ်လျှောက် မြေယာရှုခင်း ပြုလုပ်ဖို့ လက်ရှိအချိန်ထိ သက်တမ်းရင့် အပင်ကြီးပေါင်း ၂၅ ပင်ထက် မနည်း ခုတ်လှဲခံခဲ့ရပြီးပါပြီ။ ပတ်လမ်းအတွက် ခုတ်ဖို့ မူလလျာထားတဲ့ အပင်ပေါင်း ၇၆ ပင်အထိတောင် ရှိတယ်လို့ တက္ကသိုလ်ရဲ့ စီမံ/ဘဏ္ဍာဌာနမှူးက ရန်ကုန်တက္ကသိုလ် ကျောင်းသားနဲ့ ဆရာများသမဂ္ဂ ကိုယ်စားလှယ်တွေကို ပြောပြချက်အရ သိရပါတယ်။ ဒါကြောင့် ကျောင်းသားတွေက နိုဝင်ဘာ ၄ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “ကျောင်းသားဆန္ဒ မပါသော လုပ်ငန်းများ ချက်ချင်းရပ်” ၊ “အပေါ်ယံပြောင်းလဲမှုများ အလိုမရှိ” ဆိုပြီး ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။

“တက္ကသီလာ မြကျွန်းသာ” ဆိုတဲ့ စကားဟာ တက္ကသိုလ်ရဲ့ စိုပြည်စိမ်းလန်းမှုကို တင်စား ပြောဆိုတာပါပဲ။ အသက် ၁၀၀ ပြည့်တော့မယ့် “ရန်ကုန်တက္ကသိုလ်” ဟာလည်း သစ်ပင်တွေနဲ့ စိမ်းလန်းပြီး ကံ့ကော်မြေ လို့တောင် ခေါ်ဝေါ်ကြတာပါ။ ရန်ကုန်တက္ကသိုလ် လို့ ဆိုလိုက်ရင် သက်တမ်းရင့် သစ်ပုပ်ပင်ကြီး၊ ကံ့ကော်ပင်တွေနဲ့ ပျဉ်းမပင်တွေဟာ မပါမဖြစ် ဇာတ်လိုက်တွေ ဖြစ်ပါတယ်။

ကမ္ဘာပေါ်က အခြားသော တက္ကသိုလ်တွေမှာလည်း တက္ကသိုလ် ပရဝဏ် စိမ်းလန်းအေးချမ်းစေဖို့ သစ်ပင်တွေကို စိုက်ပျိုးကြတာ ရှိသလို ရှိပြီးသား သစ်ပင်ကြီးတွေကိုလည်း အထူးအလေးပေး ထိန်းသိမ်းတန်ဖိုးထားကြပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက် မှာ စိမ်းလန်းတဲ့ သစ်ပင်တွေအောက်က ခုံတန်းလေးတွေမှာ အနားယူတာ၊ စာဖတ်ကြတာတွေ၊ အချင်းချင်း ဝိုင်းဖွဲ့ စကားပြောတာတွေ ပါဝင်တယ် မဟုတ်လား။

ယနေ့ခေတ် သစ်တောပြုန်တီးမှုနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာကြီးမှာလည်း ကမ္ဘာ့နိုင်ငံ အသီးသီးဟာ သစ်ပင်တွေ ပိုမိုစိုက်ပျိုးဖို့၊ သစ်တောတွေ ပိုမိုပြုစု ပျိုးထောင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေကြရပြီ ဖြစ်ပါတယ်။ သစ်ပင်တွေဟာ ကမ္ဘာကြီးရဲ့ အဆုတ်လို့ တင်စားကြပါတယ်။ လူနဲ့ တိရစ္ဆာန်တွေရှူရှိုက်ရတဲ့ အောက်စီဂျင်ဓာတ်ငွေ့ကို သစ်ပင်တွေက ပြန်လည် ထုတ်လွှတ်ပေးပါတယ်။ အေးမြတဲ့ အရိပ်အာဝါသ ပေးသလိုရေကြီးရေလျှံမဖြစ်အောင် ကာကွယ်ပေးပါတယ်။

သစ်ပင်တွေခုတ်တာကို ဝိုင်းဝန်းကန့်ကွက်ကြတဲ့နောက် ရန်ကုန်တက္ကသိုလ် တာဝန်ရှိသူတွေဘက်ကနေ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး သစ်ပင်တွေ ခုတ်လှဲတာကို ယာယီရပ်ဆိုင်းထားမယ် လို့ ဖော်ပြထားပါတယ်။ ဒါဟာ မြကျွန်းညိုတက္ကသိုလ်နဲ့သစ်ပင်တွေကိုချစ်ကြသူတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ အတွက် အောင်မြင်မှုတစ်ခုလို့ ပြောနိုင်ပေမဲ့ ဒီဖြစ်ရပ်ရဲ့နောက်မှာ နောက်ထပ် ဆွေးနွေးစရာလေးတွေ ပေါ်လာပါတယ်။

အနာဂတ်ရည်မှန်းချက်နှင့် မူဝါဒအားနည်းနေသလား

ကျမတို့ နိုင်ငံမှာ သစ်ပင်တွေကို ခုတ်ရင် ဘယ်အဖွဲ့က ခုတ်သလဲ ဆိုတာ မသိရတာကလည်း တာဝန်ယူ တာဝန်ခံမှု မရှိတာကို ဖော်ညွှန်းနေပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ မုံရွာနဲ့ သာစည်-နောင်ကြီးအိုင် ရွာကြား လမ်းဖောက်ဖို့ အတွက် ဆိုပြီး နှစ်ပေါင်း ရာချီ သက်တမ်းရှိနေတဲ့ သစ်ပင် ၂၀၀ ကို ခုတ်လှဲဖို့ ကြိုးစားခဲ့ပါတယ်။ ဒေသခံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတဲ့ အတွက် နောက်ပိုင်းမှာ ခုတ်လှဲတဲ့ အစီအစဉ်ကို ရပ်တန့်ခဲ့ပါတယ်။

နောက်တစ်ခါ ၂၀၁၉ မေလထဲမှာလည်း မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ လယ်လမ်းမကြီးဘေးက တမာပင်တွေကို လမ်းချဲ့ဖို့ အတွက် ခုတ်လှဲဖို့ စီစဉ်ခဲ့ပါတယ်။ အညာဒေသရဲ့ သင်္ကေတလို့ ပြောနိုင်တဲ့ တမာပင်တွေ အခုတ်လှဲမခံရစေဖို့ ပခုက္ကူဒေသခံတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ ခုတ်လှဲဖို့ အမှတ်အသားပြုထားတဲ့ သစ်ပင်တွေမှာ သစ်ပင်တွေရဲ့ အရေးပါမှု အကြောင်း ရေးထားတဲ့ စာရွက်တွေလည်း ကပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာမှ ဒေသခံတွေရဲ့ သဘောဆန္ဒကို လိုက်လျောပြီး တမာပင်တွေလှဲမယ့်အစီအစဉ်ကို ရပ်ပစ်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်းထားပေမယ့် ဒီဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်နေပါသေး ...

 

အထက်ပါဖြစ်စဉ်တွေကို ကြည့်ရင် သစ်ပင်တွေကို ခုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာက တက္ကသိုလ်ကလား၊ စည်ပင်ကလား၊ သစ်တောဦးစီးဌာနကလား၊ လမ်း/တံတား ဌာနကလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ လူတွေက ဝိုင်းပြောကြမှ၊ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာမှ ဒေသခံတွေ အပြင်းအထန် ကန့်ကွက်မှ သစ်ပင်တွေ ခုတ်တာကို ရပ်ဆိုင်းတာမျိုးပဲ ဖြစ်နေပါတယ်။ သစ်ပင် မခုတ်ခင်ကတည်းက ဘာကြောင့် ခုတ်ရမယ်၊ ဘယ်ဌာနက ခုတ်မယ် ဆိုတာ ရှင်းပြပြီး ဒေသခံတွေရဲ့ သဘောထားကို မေးမြန်းပြီးမှ လုပ်ဆောင်တာမျိုး ဖြစ်ရပါမယ်။ သစ်ပင်တစ်ပင်ကို ခုတ်လှဲတာ လွယ်ကူပေမယ့် သစ်ပင်တစ်ပင် ကြီးထွားလာဖို့က နှစ်ပေါင်းများစွာ အချိန်ကြာမြင့်ပါတယ်။ သစ်တစ်ပင်ဟာ ရွှေထက် ပိုတန်ဖိုးရှိပါတယ်။

မြန်မာပြည်တစ်နံတစ်လျားမှာ ခရီးသွားတိုင်းမြင်နေရတဲ့ ဆိုင်းဘုတ်လေးတွေရှိပါတယ်။ ဥပမာ - “ဥတု ရာသီ တောကိုမှီ၏” ၊ “သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်” စသည်ဖြင့်။ တောသူတောင်သားဆင်းရဲသားတွေ ထင်းခွေလို့ အရေးယူ ခံရတဲ့သတင်းတွေလည်း ကြားမိပါရဲ့။ ဒါပေမဲ့ ပြည်သူတွေနဲ့ မတွေ့ဆုံမဆွေးနွေးဘဲ၊ ပြည်သူ့ခွင့်ပြုချက်မပါဘဲ အာဏာပိုင်တွေက သစ်ပင်တွေခုတ်တဲ့ကိစ္စမှာတော့ ဘယ်သူ့မှာတာဝန်ရှိတယ်၊ ဘယ်လိုပြန်တောင်းပန်ရတယ်၊ နောင်မဖြစ်ဖို့ ဘယ်လိုကတိပေးတယ်ဆိုတာ ခုထိတော့ မကြားမိပါဘူး။

ဒါက ဘာကိုပြနေလဲဆိုတော့ အုပ်ချုပ်သူအာဏာပိုင် ယန္တရားအဆင့်ဆင့်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတဲ့ အသိ လုံလုံလောက်လောက် အမြစ်မတွယ်သေးဘူးဆိုတဲ့အချက်ပါ။ သစ်ပင်နဲ့ လူနဲ့ယှဉ်ရင်၊ ဒါမှမဟုတ် သစ်ပင်နဲ့ လမ်းနဲ့ အိမ်နဲ့ ရွေးခိုင်းရင် ဘာကိုရွေးရမလဲဆိုတဲ့ အသိဟာ (အထူးသဖြင့်) အောက်ခြေပိုင်းမှာ သဲသဲ ကွဲကွဲ မရှိကြသေးပါဘူး။ အလွယ်တွေးပြီး အလွယ်လုပ်သလိုဖြစ်နေပါတယ်။ ဒါဟာ အင်မတန် ထိတ်လန့်ဖို့ကောင်းပါတယ်။ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှု၊ သစ်တောပြုန်းတီးမှုကိစ္စ ကမ္ဘာမှာ ကျယ်ကျယ်လောင်လောင် ဆွေးနွေးတိုက်ပွဲဝင်နေကြတယ်။ ဒေါက်တာသန့်မြင့်ဦး ကလည်း အနာဂတ်မြန်မာပြည်ရင်ဆိုင်ရမယ့် သဘာဝဘေးအန္တရာယ်တွေကိစ္စ သတိပေးထားပါတယ်။ ဒါတောင်မှ  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ တိကျတဲ့ အနာဂတ်ရည်မှန်းချက်၊ မူဝါဒတွေ ပြည်သူကို ချပြတာ ဖြစ်မလာသေးပါဘူး။ ပြီးရင်လည်း ထိတ်ထိတ်ပြာပြာ အကောင်အထည်ဖော်ဆောင်နေရမယ့်အချိန်ပါ။ နောက်တောင်ကျနေပါပြီ။

လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ သစ်ထုတ်လုပ်မှု တွေကို ရပ်ဆိုင်းထားတာဟာ သိပ်ကြိုဆိုရမယ့်ကိစ္စပါ။ ဒါပေမဲ့ ပဲခူးရိုးမအပါအဝင် သစ်တောကြီးတွေကနေ သစ်ခိုးထုတ်တာတွေကတော့ မကြားချင်မှအဆုံး။ သစ်ခိုးထုတ်သမားတွေကို တင်းတင်းကျပ်ကျပ် တားဆီးဖို့ ဒါ့ထက်လိုနေပါသေးတယ်။ ဒါ့ပြင် ခုလို လမ်းနဲ့မလွတ်လို့၊ ဘာနဲ့မလွတ်လို့ဆိုပြီး လက်လွတ်စပယ် သစ်ပင်ခုတ်ပစ်တဲ့ဇာတ်လမ်းတွေလည်း စိတ်မကောင်းစရာကြားရဆဲပါပဲ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်းထားပေမယ့် ဒီဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်နေပါသေးတယ်။ ဘာတွေလုပ်နေတယ်ဆိုတာ တိတိကျကျမသိရသလို ပြည်သူနဲ့ထိစပ်မှုလည်း နည်းပါး လှပါတယ်။

အနာဂတ်မျိုးဆက်တွေဆီကနေ ခု သဘာဝတရားကြီးကို ခဏငှားရမ်းသုံးစွဲနေရတာပါ ... 

 

တကယ်ဆိုရင် မြန်မာပြည်ဟာ နောင်နှစ်သုံး၊ လေးဆယ်မှာကြုံလာရတော့မယ့် ဘေးအန္တရာယ် တွေအတွက် ခုကတည်းက ရေရှည်စီမံချက်တွေချမှတ်ပြီး စလုံးရေစသင့်နေတာမျိုးပါ။ အဲဒီလိုမဖြစ်ဘဲ သစ်ပင်ခုတ်တဲ့ သတင်းတွေထွက်လာလိုက်၊ ပြည်သူတွေက ကန့်ကွက်လိုက်၊ ပြန်ပြီးရပ်ဆိုင်းလိုက်ဆိုတာမျိုးချည်းပဲ  ကြားလို့ မဆုံးတာက အံ့အားသင့်စရာပါပဲ။ ပြဿနာတက်တိုင်းလည်း ဘယ်သူ့ကိုတော့ဖြင့် အရေးယူလိုက်တယ်၊ ဘယ်သူကတော့ဖြင့် တာဝန်ယူ၊ တာဝန်ခံပါတယ်ရယ်လို့ မကြားရတာကလည်း စိတ်ပျက်စရာပါ။

သစ်တော ပြန်လည် ပြုစုပျိုးထောင်ရေးကို လုပ်ဆောင်နေတဲ့ အချိန်မှာ သစ်ပင်တွေ ခုတ်လှဲတာနဲ့ ပတ်သက်ပြီး တိကျတဲ့ စည်းမျဉ်းဥပဒေတွေ ရှိဖို့ လိုအပ်နေပါပြီ။ သစ်ပင်တွေခုတ်လိုက်၊ လူတွေက ကန့်ကွက်တော့ ပြန်ရပ်လိုက်၊ ပြီးတော့ သူလိုလို ငါလိုလိုနဲ့ တာဝန်ခံသူမပေါ်၊ ကြာတော့ မေ့မေ့ပျောက်ပျောက် သံသရာကြီးလည်နေကြဦးမှာလား။ အရင်ခေတ်ကလိုပဲ ခုတ်တာတစ်ဖွဲ့ စိုက်တာတစ်ဖွဲ့ ဖြစ်နေဦးမှာပဲလား။ တစ်နှစ်ထက် တစ်နှစ် ပိုမိုပူပြင်းလာတဲ့၊ မိုးတွင်းရောက်တိုင်း ရေကြီးရေလျှံတာတွေ ခပ်စိပ်စိပ် ဖြစ်လာနေတဲ့ ကျမတို့ရဲ့မြန်မာနိုင်ငံမှာ သစ်ပင် တစ်ပင်ကိုတောင် ခပ်လွယ်လွယ်ခုတ်တဲ့ကိစ္စတွေ ဆက်ကြားနေရဦးမှာလား။ “သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်” ဆိုတာ ဆင်းရဲသားတွေအတွက်ပဲ လား။

သစ်တစ်ပင်ခုတ်မယ်ကြံတိုင်း အနာဂတ်မျိုးဆက်သစ်ရဲ့ ကလေးတစ်ယောက်ကို မြင်ယောင်ကြည့်ကြပါ။ ကျမတို့ဟာ အနာဂတ်မျိုးဆက်တွေဆီကနေ ခု သဘာဝတရားကြီးကို ခဏငှားရမ်းသုံးစွဲနေရတာပါ။ ဒါကို မမေ့စေချင်ပါဘူး။ စိမ်းလန်းစိုပြည်ပြီး အရိပ်အာဝါသနဲ့ အလှတရားတို့ ပေးစွမ်းနေတဲ့၊ ဂေဟစနစ်ကို အထောက်အကူပြုတဲ့ သက်တမ်းရင့် သစ်ပင်ကြီးတွေကို မြကျွန်းညိုအတွင်းမှာသာမက နိုင်ငံတစ်ဝန်းလုံးမှာပါ ဘေးမသီရန်မခ ဆက်လက်မြင်တွေ့ပါရစေလို့ မေတ္တာရပ်ခံချင်ပါတယ်။ ။

သွေး (စစ်ကိုင်း) သည် လူ့အခွင့်အရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်အကြောင်းအရာများ ရေးသားနေသည့် ရန်ကုန်အခြေစိုက် စာရေးဆရာမတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading