ဖုယွင် ဆန္ဒပြအလုပ်သမားများနှင့် အလုပ်ရှင်တို့ ယနေ့ညှိနှိုင်းရာတွင်လည်း အဆင်မပြေခဲ့

ဖုယွင်ဆန္ဒပြအလုပ်သမားများ၏ သပိတ်စခန်း (ဓာတ်ပုံ - ထက်ခေါင်လင်း)

ရန်ကုန် — ယမန်နေ့က အမည်မသိသူများ၏ ရိုက်နှက်ခံရမှုဖြစ်ပွားခဲ့သော ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ တရုတ်လုပ်ငန်းရှင်ပိုင် ဖုယွင်အထည်ချုပ်စက်ရုံ ဆန္ဒပြအလုပ်သမားများနှင့် အလုပ်ရှင်တို့ ယနေ့တွင် ထပ်မံညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိသေးဘဲ နှစ်ဖက်အပြန်အလှန် အမှုဖွင့်ထားကြသည်။

ဆန္ဒပြအလုပ်သမားများဘက်က အစဉ်တစ်စိုက်တောင်းဆိုနေသည့် အလုပ်ထုတ်ခံရသည့် အလုပ်သမား ၃၀ ကို ပြန်လည်ခန့်ထားရေး ကိစ္စတွင် အလုပ်ရှင်ဘက်က လုံးဝလက်မခံနိုင်သည့်အတွက် ပြေလည်မှုမရရှိခဲ့ဟု ဖုယွင်အထည်ချုပ် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မသက်ထားဆွေက ပြောသည်။

ယနေ့နေ့လယ်ပိုင်း၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဆန္ဒပြ အလုပ်သမားများ၏ ကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမား အယောက် ၃၀ ကိုပြန်ခန့်ပေးရေးကိစ္စတွင် အလုပ်ရှင်ဘက်က လုံးဝ ငြင်းဆန်နေသဖြင့် သပိတ်ဆက်မှောက်သွားမည်ဟု မသက်ထားဆွေက ပြောသည်။

“အဲဒီအတွက် ကျွန်မတို့ကတော့ ကျွန်မတို့တောင်းဆိုတာ မရမချင်း ဒီသပိတ်တိုက်ပွဲက ဆက်ရှိနေမှာပဲ။ နောင်ဘယ်လောက် ရက်ရှည်ကြာဦးမလဲဆိုတာ တာဝန်ရှိသူတွေ၊ ညှိနှိုင်းပေးသူတွေပေါ် မူတည်တယ်။ သူတို့က ပြတ်ပြတ်သားသား လုပ်ပေးမယ်ဆိုရင်တော့ မြန်မြန်ပြေလည်သွားမှာပေါ့” ဟု ၎င်းက ဆိုသည်။

ယနေ့ဆွေးနွေးပွဲတွင် ဆန္ဒပြအလုပ်သမားများအနေဖြင့် တစ်ဖက်စောင်းနင်း တောင်းဆိုချက်များဖြစ်သောကြောင့် အလုပ်ရှင်အနေဖြင့် လိုက်လျောပေးရန် အဆင်မပြေခဲ့ကြောင်း ဖုယွင်အထည်ချုပ်စက်ရုံ၏ မန်နေဂျာ ဦးသိန်းဆွေက Myanmar Now ကို ပြောသည်။

ယခု မိမိတို့စက်ရုံမှ အလုပ်ထုတ်လိုက်ရသည်ဆိုသည့် အလုပ်သမား ၃၀ သည် ယခင်ကတည်းက စက်ရုံ စည်းကမ်းများကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပြီး သတိပေးစာထုတ်ရာတွင်လည်း လက်မှတ်ရေးထိုးရသည့် စည်းကမ်းချက်ကို မလိုက်ကြသည့်သူများဖြစ်သောကြောင့် အလုပ်ပြန်ခန့်ရန် လုံးဝမဖြစ်နိုင်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့က အလုပ်ပြန်ခန့်ရေးကိုပဲ ဦးတည်ပြီး ညှိနေကြတယ်။ သူတို့တောင်းတဲ့အချက်တွေမှာ အဲဒီအချက်က အဓိကပဲ။ အလုပ်ရှင်ဘက်က စည်းကမ်းလုံးဝမလိုက်နာခဲ့တဲ့သူကို ဘယ်လိုလုပ် ပြန်ခန့်နိုင်မလဲ။ စံချိန်တောင်းတယ်ဗျာ။ ပေးချင်မှပေးတယ်။ သတိပေးစာမှာ လက်မှတ်ထိုးခိုင်းတယ်ဗျာ။ မထိုးဘူး၊ ‘တိုင်ချင်ရာတိုင်’ လုပ်တယ်ဗျာ။ အဲ့ဒီတော့ ကျွန်တော်တို့က လုပ်ငန်းခွင်ကို ဒီလိုလူတွေနဲ့ ဘယ်လိုစီမံခန့်ခွဲ ရမလဲ။ ကျွန်တော်တို့က အလုပ်သမားဥပဒေပါ ခံစားခွင့်တွေကို ပေးမယ်လို့ အတိအလင်းပြောပြီးသားပါ။ သူတို့ဘာသာ လာမယူကြတာ” ဟု ၎င်းက ဆိုသည်။

အားလုံးပြေလည်အောင် ညှိနှိုင်းသင့်

စက်ရုံ၏ ဝင်ပေါက်ထွက်ပေါက်များကို ပိတ်ဆို့ကာ ဆန္ဒထုတ်ဖော်နေမှုကြောင့် အလုပ်ခွင်ဝင်ကြမည့် အလုပ်သမား ၁၀၀၀ နီးပါးအတွက် စက်ရုံအနောက်ဘက်မှ ခြံစည်းရိုးအုတ်နံရံကို ဖြိုချကာ ဖောက်ထားသည့် အပေါက်တွင် ဆန္ဒပြ အလုပ်သမားများက သွားရောက်ကာ အလုပ်ခွင်ဝင်ကြမည့် အလုပ်သမားများကို ယမန်နေ့က စည်းရုံးဟောပြောခဲ့သည်။

ထို့သို့ဟောပြောနေစဉ် အလုပ်ရှင်က လုံခြုံရေးဟုဆိုပြီး ခေါ်ဆိုထားသူများက ဆန္ဒပြ အလုပ်သမားများကို တုတ်များ၊ လေးခွများဖြင့် ရိုက်နှက်ပစ်ခတ်သည့်အတွက် ဆန္ဒပြအလုပ်သမားများဘက်မှ ၂၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ခုနစ်ဦးမှာ ယနေ့အထိ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသ ခံယူနေရဆဲဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများက ပြောကြားခဲ့သည်။ ထိုသို့ ရိုက်နှက်သူများကို “ကြေးစားလူမိုက်” များဟု အရိုက်ခံရသူများက သုံးနှုန်းသည်။

ထိုသို့ ဖြိုခွင်းခဲ့သည်ကို မခံမရပ်နိုင်ဖြစ်သော ဆန္ဒပြအလုပ်သမားများ၏ မိသားစုဝင်များ၊ ရပ်ကွက်နေပြည်သူများက စက်ရုံဘက်မှ ပါဝင်သူများကိုရော၊ စက်ရုံဝင်းအတွင်းသို့ပါ အုတ်ခဲများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့ရာ စက်ရုံဘက်မှ ပါဝင်သူတချို့လည်း ထိခိုက်ဒဏ်ရာရပြီး ယမန်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ရသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အလုပ်ဆင်းကြသည့် လုပ်ငန်းခွင်ဝင် အလုပ်သမားများနှင့် ဆန္ဒပြ အလုပ်သမားတို့ ခိုက်ရန်ဖြစ်ပွားခဲ့သည်ဟုသာ ထုတ်ပြန်ခဲ့ပြီး ဆန္ဒပြအလုပ်သမားများက စွပ်စွဲသည့် “ကြေးစားလူမိုက်များ”ဆိုသည်အချက်ကို မဖော်ပြခဲ့ပေ။

ယမန်နေ့ ညနေပိုင်း အလုပ်ဆင်းချိန်တွင် လုပ်ငန်းခွင်ဝင် အလုပ်သမားများထဲတွင် မနက်ပိုင်းက အကြမ်းဖက်ခဲ့ကြသူများ ပါဝင်နေသည်ဟုဆိုပြီး ရပ်ကွက်နေပြည်သူအများက ရဲတပ်ဖွဲ့လုံခြုံရေး အတားအဆီးများထဲသို့ အတင်းဝင်ရောက်ခဲ့ကြသဖြင့် ရပ်ကွက်နေ ပြည်သူသုံးဦး အဖမ်းခံထားရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ရဲစခန်း စခန်းမှူး ဒုရဲမှူးကျော်ဝင်းမောင်က အထက်အဆင့်ဆင့်ကို တင်ပြထားသည့်အတွက် အသေးစိတ်အချက်အလက်များအားလုံးကို လတ်တလော မဖြေကြား နိုင်သေးကြောင်း Myanmar Now ကို ပြောသည်။

ယနေ့အထိ အခင်းအဖြစ်အပျက်များနှင့် ပတ်သက်ပြီး စက်ရုံဘက်ကလည်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲစခန်းတွင် စက်ရုံတွင်းသို့ ဝင်ရောက်စီးနင်းမှု၊ အနောက်ဘက်တံခါးကို ပိတ်ဆို့မှု၊ အေးချမ်းစွာလုပ်ကိုင်ကြမည့် အလုပ်သမားများကို တားဆီးပိတ်ပင်မှုတို့ဖြင့် တိုင်ချက်ဖွင့်ထားသလို ဆန္ဒပြအလုပ်သမားများဘက်ကလည်း အကြမ်းဖက်ရိုက်နှက်ခံရမှုများကို တိုင်ချက်ဖွင့်ထားသည်။

“အကြမ်းဖက်ဖို့ စက်ရုံက လူမိုက်တွေငှားထားတယ်လို့ သူတို့က ပြောရအောင် စက်ရုံဘက်ကို ပြန်အကြမ်းဖက် တဲ့ဟာမှာ သူတို့ဆန္ဒပြနေကြတဲ့သူတွေနဲ့ သူတို့မိသားစုဝင်တွေ မဟုတ်ဘူးလား။ အဲဒီလိုပဲပေါ့။ သူတို့က ဟိုးအရင် ဆန္ဒပြကတည်းက အဲဒီလူတွေက ဒီမှာလာစောင့်နေခဲ့ကြတာပဲလေ” ဟု စက်ရုံမန်နေဂျာ ဦးသိန်းဆွေက ပြန်လည်တုံ့ပြန်သည်။

ယခုလို ရက်ရှည် ဆန္ဒပြမှုတွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မည်သည့်ကိစ္စကြောင့် မပြေလည်ရသေးသည်ကို အများပြည်သူများသိရန် ချပြရှင်းလင်းရမည်ဖြစ်ကြောင်း၊ ပြည်သူအများက မသိရှိသည့်အခါ အခုလို ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ် ဖြစ်ပေါ်လာကြရသည့် အခြေအနေသို့ ဆိုက်ရောက် လာခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် လူမှုရေးရာကော်မတီဝင် တောင်ဒဂုံ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက သုံးသပ်သည်။

ယခုဖြစ်စဉ်တွင် မည်သူကမှားသည်၊ အပြစ်မဲ့သည်ဆိုသည့်အခြေအနေထက် သွေးထွက်သံယိုဖြစ်ခဲ့သည်က ကောင်းမွန်သည့်အနေအထားမျိုးမဟုတ်သည့်အပြင် သက်ဆိုင်ရာ ဖြန်ဖြေရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အလုပ်ရှင်နှင့် ဆန္ဒပြအလုပ်သမားများအနေဖြင့် အတူတကွ ပူးပေါင်းကာ အဖြေရသည်အထိ ဆွေးနွေးညှိနှိုင်း သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဘယ်အချက်က မပြေလည်တာလဲဆိုတာကို ပြည်သူတွေသိအောင် သက်ဆိုင်ရာတွေက ချပြရမယ်။ အခု ပြည်သူက မသိကြတော့ စက်ရုံဘက်နဲ့ ရဲဘက်ကို စိတ်ဆိုးကြတာပေါ့။ ခပ်ရှင်းရှင်းပြောရရင် အားလုံးပူးပေါင်းပြီး အဖြေရှာသင့်ပြီ။ အဖြေရှာတာနဲ့အတူ ထွက်လာတဲ့ ရလဒ်ကိုလည်း လူထုသိအောင် မီဒီယာကနေ ချပြသင့်ပြီ။ မနေ့က ဝင်ရိုက်ကြတဲ့ သူတွေ ဘယ်သူတွေလဲ၊ ဘာ့ကြောင့် ဒီလိုအထိ ဖြစ်ခဲ့ရတာလဲကို သက်ဆိုင်ရာတွေ အနေနဲ့ တိတိကျကျ ပြောဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading