“သေသွားတဲ့သူကို ပုံချတဲ့ အဲဒီလို ဖြစ်စဉ်တွေ မီးရထားမှာ ရှိခဲ့ဖူးတယ်”

ရထားမတော်တဆမှုများ နောက်ထပ်မဖြစ်အောင် တာဝန်ရှိသူများက မည်သို့ဆောင်ရွက်မည်ကို သိချင်သည်ဟု မျက်စိတစ်မှိတ်အတွင်း လက်ထောက်စက်ခေါင်းမှူးကို ဆုံးရှုံးခဲ့ရသည့် စက်ခေါင်းမှူး ဦးအောင်နိုင်က အလိုရှိနေသည်။

လက်မှဒဏ်ရာကို ပြသနေသည့် ဦးအောင်နိုင် (ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now)

မန္တလေး-ပုဂံ အစုန်အမြန်ရထားသည် အောက်တိုဘာ ၂၀ ရက် မနက် အစောပိုင်းက နွားထိုးကြီး မြို့နယ် ထဲ အရောက် ငှက်ပျောအိုင် ကျေးရွာအနီးတွင် စက်ခေါင်းတွဲဘီးချော်တိမ်းမှောက်သဖြင့် ဒုစက်ခေါင်းမောင်း သေဆုံးခဲ့သလို စက်ခေါင်းမှူးလည်း ဒဏ်ရာရခဲ့သည်။ ထို ဖြစ်စဉ်အတွက် မီးရထား မတော်တဆဖြစ်ပွားစဉ်က မောင်းနှင်ခဲ့သည့် စက်ခေါင်းမှူး (စက်ဗိုလ်) ဦးအောင်နိုင်ကို Myanmar Now က တွေ့ဆုံမေးမြန်းခဲ့သည်။

Myanmar Now - ပြီးခဲ့တဲ့လ ၂၀ ရက်နေ့က ရထားတွဲချော်မှုဖြစ်ပြီး လက်ထောက်စက်ခေါင်းမောင်း သေဆုံးခဲ့တယ်။ အဲ့ဒီဖြစ်စဉ်မှာ ဘယ်လို ကြုံတွေ့ခဲ့ရတယ် ဆိုတာလေး မှတ်မိသလောက် ပြန်ရှင်းပြပေးပါ။

ဖြေ- ဖြစ်စဉ်ကတော့ ရထားလမ်း စချော်ကျတာပေါ့။ လမ်းချော်ကျပြီးတော့ … လမ်းပခုံးသားတွေ မရှိတဲ့အတွက် … လမ်းပခုံးသားရှိတယ်ဆိုလို့ရှိရင် စက်ခေါင်းက အဲဒီလိုကြီးဖြစ်စရာ အကြောင်းမရှိဘူး။ စက်ခေါင်းဟာ ချောက်ထဲ ထိုးကျသွားတယ်။ ရထားကျကျချင်း ဒီကလေး (သေဆုံးသူ)က “ဆရာ ရထားကျပြီ”။ “အေးငါသိတယ် မင်းကိုင်ထား” ပြောတုန်း သူက လွင့်ကျသွားတယ်။ ဦးက ရထားရပ်ရမယ့် ကိစ္စတွေလုပ်ပြီး ဦးလည်း သူ့လိုပဲ ထွက်ကျသွားတယ်၊ ထွက်ကျသွားတဲ့အချိန်မှာ ကိုယ်က ဘာမှမဖြစ်တဲ့အတွက် သူ့ကိုရှာတယ်။ ရှာတော့ ခုလိုဖြစ်သွားတဲ့အခြေအနေ တွေ့တာပေါ့။ စိတ်ထဲမှာ လုံးဝမကောင်းဘူး။

Myanmar Now ။ ။ တွဲချော်တယ်ဆိုတာ သိလိုက်ရချိန်မှာရော စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲ။

ဖြေ ။ ။ ဘယ်လိုမှမဖြစ်ဘူး၊ ကျတတ်တယ်ဆိုတာ သိနေတော့ တည်တည်ငြိမ်ငြိမ်ပဲ။ စိတ်လှုပ်ရှားမှုမရှိဘဲ ကိုယ်လုပ်ရမယ့် အလုပ်လုပ်နိုင်တယ်ပေါ့၊ နောက် တွဲဆိုင်းတွေ ကိုးယိုးကားယားမဖြစ်ဘဲ သူ့ဟာနဲ့သူ ရပ်နိုင်သွားတယ်။

Myanmar Now ။ ။ ဦးလေးက ရထားကို ထိန်းနေချိန် ဒုစက်ခေါင်းမောင်းက တွဲဆက်ကိုသွားပြီး ဖြုတ်တယ်ဆိုတာ ဟုတ်လား။

ဖြေ ။ ။ အဲဒါတွေကမဟုတ်ပါဘူး။ ကျွန်တော်တို့ ရထားမောင်းလာတယ်။ ကွေ့နေရာလေးမှာ အသံ ဒုန်းခနဲ မြည်သွားတယ်။ ရထားလမ်းချော်ပြီဆိုတာ သိလိုက်တယ်။ သိတဲ့အချိန်မှာ တပည့်လုပ်သူကို “မင်းကိုင်ထား”လို့ ပြောတဲ့အချိန်ရှိသေး သူက ထွက်ကျသွားတယ်၊ ကိုယ်က ရထားကို ရပ်နိုင်အောင် လုပ်နေတဲ့အချိန်ဖြစ်ပြီး လမ်းပခုံးသားမရှိတဲ့ နေရာဖြစ်တော့ ရထား‌ခေါင်းက ချောက်ထဲ ကျသွားတယ်။ ကိုယ်က ထွက်ကျသွားတယ်၊ အချိန်ပိုင်းက ၇ စက္ကန့် လောက်ပဲ ရှိတယ်။

Myanmar Now ။ ။ သူက ဘာနဲ့ထိခိုက်မိပြီး သေဆုံးသွားတာလဲ။

ဖြေ ။ ။ ဘယ်လိုသေဆုံးသွားလဲက ထင်ကြေးနဲ့ပဲ ပေးလို့ရမယ်။ ကျွန်တော့်ထင်ကြေးက စက်ခေါင်းတံခါးနဲ့ ရိုက်လိုက်လို့ ခြေထောက်ပြတ်သွားတယ်။ ဗိုက်ပေါက်ရတဲ့အကြောင်းက လွင့်ကျသွားပြီးတော့ အောက်မှာ ငုတ်တွေဘာတွေနဲ့ ဆောင့်မိပြီး ဗိုက်ပေါက်သွားတယ်လို့ ထင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့မှာ ဥပဒေဆိုတာ ရှိတယ်၊ ရှေ့ကို အမြဲတစေ ကြည့်ရမယ်၊ နောက်ကို မကြာခဏကြည့်ရမယ်ဆိုတဲ့ ဥပဒေရှိတယ်။ ရထားကျသွားတဲ့အချိန်မှာ နောက်တွဲတွေ ကျမကျ (ဘီးချော်မချော်) ထကြည့်တဲ့အချိန်မှာ ဖြစ်သွားတာ။ ဥပဒေကို လိုက်နာလို့ ဖြစ်ရတာ။ သူလုပ်ရမယ့် တာဝန်ဝတ္တရားကို လိုက်နာရင်းနဲ့ပဲ ဖြစ်သွားတယ်လို့ ကျွန်တော်မြင်တယ်။

Myanmar Now ။ ။ အန်ကယ်ရော ဒီဖြစ်စဉ်မှာ ဒဏ်ရာတွေ ဘာတွေရခဲ့လဲ။

ဖြေ ။ ။ ဒဏ်ရာက ဒီလက်ကွဲသွားတယ်။ လက် ကိုးချက်ချုပ်လိုက်ရတယ်၊ မှန်စထိုးလို့။ မျက်နှာက မြေကြီးနဲ့ ဆောင့်မိလို့ ပေါက်သွားတယ်။ ဖူးယောင်‌သွားတယ်ပေါ့၊ တံခါးမကောင်းလို့ မြေကြီးပေါ် ထွက်ကျသွားတဲ့ အတွက်။

Myanmar Now ။ ။ စက်ခေါင်းထဲမှာပဲ ထိုင်နေရင် ထွက်မကျနိုင်ဘူးပေါ့။

ဖြေ ။ ။ ရထားစက်ခေါင်းခန်း အ၀င်အထွက်တံခါးတွေ ပိတ်ထားလို့သာရရင် အတွင်းထဲမှာပဲ တစ်ခုခုနဲ့ ရိုက်မိပြီး သေချင်မှလည်း သေမှာ။ ဒဏ်ရာအပြင်းအထန်လောက်နဲ့ ဖြစ်ရင်လည်း ဖြစ်သွားမှာပေါ့။ အဲဒီတံခါးတွေကလည်း တစ်ခါတစ်ရံ ပိတ်ရချင်မှရတာ။

Myanmar Now ။ ။ အဲဒီနေ့က တံခါးကရော ပိတ်လို့ရခဲ့လား။

ဖြေ ။ ။ မရဘူးလေ။ သက်တမ်းရင့်စက်ခေါင်းတွေဆိုတော့။

ရထားကျသွားတဲ့အချိန်မှာ နောက်တွဲတွေ ကျမကျ (ဘီးချော်မချော်) ထကြည့်တဲ့အချိန်မှာ ဖြစ်သွားတာ...

Myanmar Now ။ ။ မီးရထားစက်ခေါင်းတွေအများစုရဲ့ သက်တမ်းတွေဟာ ဘယ်လောက်ရှိနေပြီလဲ။

ဖြေ ။ ။ ၁၉၇၈ လေ၊ အခု ၂၀၁၉။ နှစ် ၄၀ ကျော်နေပြီ။ သူများနိုင်ငံမှာ နှစ် ၃၀ တောင် မသုံးဘူး။

Myanmar Now ။ ။ အခု လမ်းချော်သွားခဲ့တဲ့ စက်ခေါင်းကရော ချော်ကျဖူးတာတွေ ဘယ်နှကြိမ်လောက် ဖြစ်ခဲ့ဖူးလဲ။

ဖြေ ။ ။ သုံးခါလောက်ရှိပြီ။

Myanmar Now ။ ။ အန်ကယ်ကရော မန္တလေး-ပုဂံ‌လမ်း မောင်းနေတာ ဘယ်လောက်ကြာပြီလဲ။ လမ်းခရီးကျွမ်းလား။

ဖြေ ။ ။ ငါးနှစ်ကျော်လောက်ရှိပြီ။ ဒါတောင် လက်ထောက်ဘဝ မပါသေးဘူး။ ဆိုတော့ မျက်စိမှတ်အလွတ်ရတယ်။ ဘယ်နားမှာတက်တယ် ဘယ်နားဆင်းတယ်။

Myanmar Now ။ ။ အဲဒီနားမှာ လမ်းပခုံးမရှိလို့လို့ ပြောတယ်ဆိုတော့ လမ်းပခုံးမရှိဘူးဆိုတာကို ကြိုမသိရဘူးလား။

ဖြေ ။ ။ ကိုယ့်အပိုင်းမဟုတ်တဲ့ခါကျတော့ ကိုယ်တွေက ပြောပိုင်ခွင့်လည်းမရှိဘူး။ အင်ဂျင်နီယာဌာန သံလမ်းဘက်ကနဲ့ ဆိုင်တာ။

Myanmar Now ။ ။ သူတို့ဘက်ကရော ကြိုတင်အသိပေးတာ မရှိဘူးလား။ အကြောင်းကြားဖို့ မလိုအပ်ဘူးလား။

ဖြေ။ ။ သူတို့က မလိုအပ်ဘူးထင်လို့ မလုပ်တာဘဲလေ။

Myanmar Now ။ ။ ဘာကြောင့် လမ်းပခုံးမရှိရတာလဲ။

ဖြေ ။ ။ စလုပ်ကတည်းက အဲဒီဘက်ကနေရာတွေက မြေဖို့ပြီး လုပ်ထားတာ။ ဖို့တဲ့မြေနေရာတွေက ချောက်ဖြစ်နေတာပေါ့။

Myanmar Now ။ ။ အခုဖြစ်စဉ် အဓိကအားနည်းချက်က ဘာလဲ။

ဖြေ ။ ။ ဌာနကြီး သုံးခုလုံးရဲ့ အားနည်းချက်ပဲ ပြောရမှာပေါ့။ စက်မှုဌာနရှိတယ်။ အင်ဂျင်နီယာဌာနရယ်၊ သွားလာပို့ဆောင်ရေးဌာနရယ်။ သုံးခုမှာ နှစ်ခု အားနည်းချက်ရှိတာ တိုက်ဆိုင်ရင် ဖြစ်နိုင်တာပေါ့။

Myanmar Now ။ ။ အခုရထားတွဲချော်တာ ဘာကြောင့်လဲ။ ရထားမထွက်ခင် စစ်ဆေးတာတွေ မရှိလို့လား။ ရထားသက်တမ်းတွေ ကြာနေလို့လား။ လမ်းမကောင်းလို့လား။

ဖြေ ။ ။ မတော်တဆတစ်ခုဖြစ်တယ်ဆိုတာ ဘက်စုံပဲလေ။ ဘက်စုံတိုက်ဆိုင်မှုရှိလို့ ဖြစ်တာ။ စက်ခေါင်းမကောင်းလို့လို့လည်း ပြောလို့မရသေးဘူး၊ လမ်းမကောင်းလို့လို့လည်း ပုံချလို့မရဘူး။ ခုက သူတို့ အဖြေရှာနေကြတုန်း။ ဦးတို့အနေနဲ့က ဘယ်သူမကောင်းလို့ ဘယ်ဝါမကောင်းလို့ အပြစ်ပြောလို့မရဘူး၊ သူတို့တတ်ကျွမ်းတဲ့သူတွေ အပြစ်ရှာနေကြတယ်။ ဦးတို့ဘက်ကအရေးကြီးတာ မိုင်နှုန်း ပိုမမောင်းဖို့ပဲ။ သူတို့ သတ်မှတ်ထားတာက ၂၅ မိုင်နှုန်း။ အဲဒီနေ့က ဦးလေးမောင်းခဲ့တာ ၂၂ မိုင်နှုန်း။

Myanmar Now ။ ။ ခုကိစ္စက ဘယ်သူ့မှာ အဓိကတာဝန်ရှိတယ်လို့ ထင်လဲ။

ဖြေ ။ ။ မိုင်နှုန်း ပိုမောင်းခဲ့ရင် ဦးမှာလည်း တာဝန်ရှိတာပေါ့။ အခုဖြစ်သွားတဲ့ဖြစ်စဉ်မှာ မိုင်နှုန်း ပိုမမောင်းခဲ့တဲ့အတွက် ဦးမှာတော့ တာဝန်မရှိဘူး။ ဦးကြောင့်ဖြစ်တယ်လို့ ပြောလို့မရဘူးပေါ့။

Myanmar Now ။ ။ ဟိုနေ့က ဖြစ်ရပ်အတွက်ရော အန်ကယ်ကို စစ်ဆေးတာတွေ လာလုပ်လား။

ဖြေ ။ ။ ဘာမှမလုပ်သေးဘူး။ ခေါ်ယူမေးမြန်းနေတာတွေ မရှိသေးဘူး။ မေးချင်မှလည်းမေးတော့မှာပါ၊ ကိုယ့်ဘက်က အလွတ်ကြီးဆိုတော့။ ဒါပေမဲ့ အဲဒီမတော်တဆမှု ကတော့ မပြီးသေးဘူး။ အထက်မှာ ငြင်းနေကြတုန်း။

Myanmar Now ။ ။ မီးရထား တွဲချော်တာတွေ မကြာခဏဖြစ်တာမျိုး ကြားနေရတယ်။ ဒီတစ်ခေါက်ဖြစ်တာ အဆိုးရွားဆုံး ဖြစ်စဉ်လို့ ပြောလို့ရမလား။

ဖြေ ။ ။ ပြောလို့ရတယ်။ လူသေဆုံးသွားတယ်ဆိုတော့။

နောင်ဒီလိုမဖြစ်အောင် ဘာတွေလုပ်ကြမလဲ ဦးလေးတို့က သိချင်တယ်...

Myanmar Now ။ ။ လုပ်သက် ဘယ်နှနှစ်ရှိပြီလဲ။ သက်တမ်းအတွင်းမှာရော အလားတူ ဖြစ်စဉ်တွေ ဖြစ်ခဲ့ဖူးလား။

ဖြေ။ ။ လုပ်သက် ၃၉ နှစ်။ ကြီးကြီးမားမား မတော်တဆဖြစ်တာက ဒါနဲ့ဆို သုံးကြိမ်ရှိပြီ။ ပထမတစ်ကြိမ်က စက်ဗိုလ်မဖြစ်ခင် လက်ထောက်ဘဝမှာ စက်ခေါင်းဘရိတ်တွေမကောင်းတာနဲ့ ရထားအဆင်းလမ်းပိုင်းမှာ ဆင်းပြေးပြီး ရထားရပ်အောင် သူတို့လုပ်ပေးထားတဲ့ သဲလမ်းဆိုတာ ရှိတယ်။ သဲလမ်းထဲကို ရထားဝင်သွားရင် ရပ်ကိုရပ်ရမှာ။ ဒါပေမယ့် ရထားက မရပ်နိုင်ဘူး။ မရပ်ဘဲရှေ့မှာ “dead end” ဆိုတာ ရှိတယ်။ အဲဒါကို တိုက်ပြီး ရထားမှောက်သွားတယ်။ အဲဒီတုန်းက ဘာမှတော့မဖြစ်ခဲ့ဘူး။ လူ ခုနစ်ယောက် သေသွားတယ်။ စက်ခေါင်းရဲ့ ရှေ့မှာ ‘ခရီးသည်မစီးရ’ လို့ ရေးထားတဲ့ နေရာရှိတယ်။ အဲဒီပေါ်မှာစီးတဲ့ ခရီးသည်တွေ သေသွားတာပေါ့။

Myanmar Now ။ ။ အဲဒီတုန်းက ဘယ်လို အရေးယူခံရလဲ။

ဖြေ ။ ။ အဲဒီတုန်းက စက်ဗိုလ်ကို ဖြုတ်ပစ်တယ်။ ကျွန်တော်က တစ်နှစ် လစာထဲက အဖြတ်ခံရတယ်။ ၁၉၉၂ ခုနှစ် လောက်ကပေါ့။ ဦးလေး စက်ဗိုလ်မဖြစ်သေးဘူး။

Myanmar Now ။ ။ ဒုတိယအကြိမ်ကရော။

ဖြေ ။ ။ ဒုတိယအကြိမ်က စစ်တွေမှာဖြစ်ခဲ့တာ။ ၂၀၁၈ မှာ။ အဲဒါက ရထား ရေထဲပါသွားတာ။ ရထားက ရပ်နိုင်လို့။ မရပ်နိုင်ရင် ကိုယ်လည်းအသေပဲ။ ရထားကို အချိန်မီရပ်နိုင်ခဲ့လို့ အကြီးအမားမဖြစ်ခဲ့ဘူးပေါ့။

Myanmar Now ။ ။ သက်တမ်းလွန် မီးရထားစက်ပစ္စည်းတွေ အတွက်ရော လိုအပ်ချက်တွေကို သက်ဆိုင်ရာကို စက်ခေါင်းမောင်းတွေက တင်ပြလား။

ဖြေ ။ ။ ကျွန်တော်တို့က တင်ပြလို့မရဘူး၊ သူတို့စက်မှုဌာနဘက်က ဒီစက်ခေါင်းတွေကို ထိန်းသိမ်းတဲ့ဘက်က သူတို့တာဝန်ယူပြီး ခွင့်ပြုထားလို့ သူတို့က “ဒီစက်ခေါင်းကိုမောင်း” ဆို ကိုယ်တွေက မောင်းရမှာ။ ဦးတို့က “ဒီစက်ခေါင်းက မကောင်းဘူးဗျာ၊ ကျွန်တော်မသွားဘူးဗျာ” လို့ ငြင်းပိုင်ခွင့်ကလည်းမရှိတော့ သူတို့ပေးတဲ့ခေါင်းကို မောင်းရတာ၊ ဦးတို့က တင်ပြခွင့်မရှိဘူး။

Myanmar Now ။ ။ တာဝန်ရှိသူတွေက ဒီလိုအက်ဆီးဒင့်တွေ မဖြစ်အောင် စစ်ဆေးတာတွေ မလုပ်ဘူးလား။

ဖြေ ။ ။ အထက်လူကြီးက‌တော့ ဘယ်လာစစ်မလဲ၊ ဒီစက်ရုံထဲ ရှိတဲ့လူတွေကပဲ စစ်ဆေးတာပေါ့၊ ပြင်ဆင်မှုတွေဆိုတာ နေ့တိုင်း လမ်းခရီးကပြန်လာရင် သူတို့စစ်ဆေးရမယ့် အချက်တွေရှိတယ်။ အဲဒီပုံစံအတိုင်း သူတို့စစ်ဆေးကြတာ။

Myanmar Now ။ ။ မီးရထားမတော်တဆမှုတွေဖြစ်ရင် ဘယ်ဝန်ထမ်းတွေကို ဘယ်လိုအရေးယူလဲ။

ဖြေ ။ ။ စက်ဗိုလ်ကြောင့်ဖြစ်ရင်တော့ ဖြုတ်ပစ်တာက များတာပါပဲ။ တချို့အပြစ်က မကြီးဘူး၊ လူသေမှုတွေ မဖြစ်ဘူးဆိုရင် လစာဖြတ်တာတို့၊ ပစ္စည်းတန်ဖိုး လျော်ရတာတို့ ရှိတယ်။

Myanmar Now ။ ။ အထက်လူကြီးတွေကိုရော အရေးယူမှုတွေလုပ်လား။

ဖြေ ။ ။ မကြားဖူးပါဘူး။ ကိုယ့်နိုင်ငံမှာ အထက်က တာဝန်ယူမှုဆိုတာ ရှိမှမရှိဘဲ။

Myanmar Now ။ ။ အခု လူသေဆုံးမှုဖြစ်စဉ်အတွက်ရော ဘယ်လိုတာ၀န်ယူပေးလဲ။

ဖြေ ။ ။ အဲဒီလိုတော့မပြောတတ်ဘူး။ တာဝန်ယူမှုကတော့ ဘာမှမကြားဘူး။ သူ့ဝန်ထမ်းတစ်ယောက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးပဲ ပေးတယ်။ ဝန်ထမ်းတစ်ယောက် သေဆုံးသွားရင် ဘယ်လိုရှိတယ် ဘယ်ပင်စင်ရမယ်၊ ဒီလောက်ပဲရှိတာပေါ့။ မီးရထားဌာနအနေနဲ့ကတော့ အခြားအခွင့်အရေးဆိုတာ မရှိပါဘူး။

Myanmar Now ။ ။ အခုမီးရထားကဏ္ဍမှာ ဂျပန်ကအကူအညီနဲ့ လမ်းအသစ် ရထားအသစ်တွေနဲ့ ပြေးနိုင်အောင် လုပ်ဆောင်နေတယ် ကြားတယ်။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ကောင်းတဲ့အစီအစဉ်ပဲ၊ ကောင်းမှာပါ၊ ကောင်းတယ်ဆိုပေမယ့်လည်း မြန်မာပြည်မှာ သုံးနေတဲ့လမ်းပိုင်း အခြေအနေနဲ့ နိုင်ငံခြားကသုံးတဲ့ လမ်းပိုင်းအခြေအနေနဲ့ မတူဘူး။ မီတာဂိတ် (metre gauge) တို့၊ စတန်းဒက်ဂိတ် (standard gauge) တို့ ယှဉ်လိုက်ရင်တော့ အရည်အသွေး နိမ့်နေသေးတာပေါ့။

Myanmar Now ။ ။ မီးရထားနဲ့ပတ်သက်လို့ အခြားအခက်အခဲတွေ ရှိကြလား။

ဖြေ ။ ။ မောင်းတဲ့သူတွေအတွက်ကတော့ အခက်အခဲကတော့ အများကြီးပဲ။ ရထားတစ်စီး ထွက်ရတော့မယ်ဆိုရင် အတော်စဉ်းစားနေကြရတာ။ လမ်းပိုင်းမကောင်းတာနဲ့။ စက်‌ခေါင်းမကောင်းတာနဲ့။ ဘုရားတပြီး သွားနေရတဲ့ အခြေအနေပါပဲ။ အလုပ်မထွက်သာလို့သာ လုပ်နေကြရတာ။

Myanmar Now ။ ။ ဖြည့်စွက်ပြောချင်တာမျိုး ရှိလား။

ဖြေ ။ ။ ဒီလို အက်ဆီးဒင့်တွေဖြစ်ရင် အရေးယူတာထက် နောင် ဒီလိုမဖြစ်အောင် ဘာတွေလုပ်ကြမလဲ ဦးလေးတို့က သိချင်တယ်။ အထက်အရာရှိတွေဆီကပေါ့နော်။ ဦးလေးတို့သာ နှစ်ယောက်လုံး သေသွားခဲ့မယ်ဆိုရင် ဒီဖြစ်စဉ်က ဦးလေးတို့ပေါ့လျော့မှုကြောင့်ဆိုပြီး ပုံချလိုက်မှာ။ သေသွားတဲ့သူကို ပုံချတဲ့ အဲဒီလိုဖြစ်စဉ်တွေ မီးရထားမှာ ရှိခဲ့ဖူးတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading