သတင်း

ပါတီမှ ထွက်ခွင့်ရပြီးနောက် ပါတီသစ်ဖြင့် နိုင်ငံရေးဆက်လုပ်မည်ဟု NLD အမတ်ဆို

နုတ်ထွက်စာတင်ထားသော ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ကို နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည့်နောက် မကြာသေးမီက ပါတီမှတ်ပုံတင်ခွင့်ကျထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်သူဖြစ်သည်ဆိုသော သတင်းမှန်ကြောင်းလည်း ၎င်းက ပြောလိုက်သည်။

အောက်တိုဘာလ ၃၀ ရက်နေ့စွဲဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုယ်စား ဦးဉာဏ်ဝင်းလက်မှတ်ရေးထိုး ထုတ်ပြန်ထားသော စာတွင် ဒေါ်သက်သက်ခိုင်သည် ပါတီဝင်အဖြစ်မှ မိမိဆန္ဒအလျောက် နုတ်ထွက်ကြောင်းတင်ပြသည့်အပေါ် ခွင့်ပြုလိုက်ကြောင်း ပါရှိသည်။

ရတနာရွှေဆိုင်လုပ်ငန်းများပိုင်ရှင် ဒေါ်သက်သက်ခိုင်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှနေ၍ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာပြီး များမကြာမီတွင် ပါတီနှင့် သူ့အကြား အက်ကွဲကြောင်း စတင်လာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထပ်မြင့်အဆောက်အအုံများ ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခြင်း၊ သင်္ကြန်ကာလ စီးပွားဖြစ်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခြင်းမပြုရန် ပိတ်ပင်ခြင်းအပါအဝင် အခြားစီးပွားရေးဆိုင်ရာ တားမြစ်ခြင်းများကို ဒေါ်သက်သက်ခိုင်က RFA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဝေဖန်ပြောကြားခဲ့သည်။

ယင်းအပြင် ဝန်ကြီးဌာနများ၏ ကိုယ်ပိုင်ဘဏ်စာရင်း (Other Account) ကို ပြည်သူ့ဘတ်ဂျက်သို့ ထည့်သွင်းရန် လွှတ်တော်တင်ပြခြင်းအပါအဝင် စီးပွားရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ လွှတ်တော်တွင် မကြာခဏ ထောက်ပြဆွေးနွေးခဲ့သည်။

ပါတီတွင်းဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် မီဒီယာများက တွေ့ဆုံမေးမြန်းရာတွင်လည်း သူ၏အမြင်ကို ပွင့်လင်းစွာ ချပြကာ ထောက်ပြဆွေးနွေးလေ့ရှိသဖြင့် ပါတီ၏ ခေါ်ယူသတိပေးမှုများလည်း ခံခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင် NLD ပါတီမူဝါဒနှင့် စည်းကမ်းများကို ချိုးဖောက်သောကြောင့်ဆိုကာ ပါတီတာဝန်များ ရပ်ဆိုင်းခံခဲ့ရသည်။

NLD ပါတီအနေဖြင့် ၎င်းအား ပါတီမှ အကြောင်းပြချက်မပေးဘဲ ပါတီတာဝန်ရပ်ဆိုင်းခြင်းကြောင့် ပါတီမှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဒေါ်သက်သက်ခိုင်က ဆိုသည်။

အဲဒါမျိုးကျတော့ ပါတီထဲမှာ ဥပဒေမဲ့လုပ်တာနဲ့ တူတယ်ပေါ့ဟု ၎င်းက ပြောသည်။

ထို့အပြင် NLD ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ကိုယ်စားလှယ်အခွင့်အရေး အပြည့်အဝမရရှိခဲ့ကြောင်း ဒေါ်သက်သက်ခိုင်က Myanmar Now ကို ပြောဆိုသည်။

နိုင်ငံတကာကုန်သွယ်ရေးတွင် ရောပသမဂ္ဂက ပိတ်ဆို့ဒဏ်ခတ်ချင်သည့် အခြေအနေနှင့် ပတ်သက်၍ လွှတ်တော်ကို အဆိုတစ်ခု တင်သွင်းရန် ကြိုးစားသော်လည်း ၎င်းအား ကိုယ်စားလှယ်အခွင့်အရေး မပေးခဲ့ဟု သူကဆိုသည်။

တင်ခွင့်က နှစ်ခါ သုံးခါ တင်မှ ရတယ်။ ပြီးတော့ ကျွန်မကို ထောက်ခံဆွေးနွေးမယ့်သူကိုလည်း ဒေါ်သက်သက်ခိုင်ကို ထောက်ခံရင် ထုတ်မယ်တို့ဘာတို့ ပြောတော့ ကျွန်မကို ထောက်ခံမယ့်သူက မရှိဘူး” ဟု ၎င်းက ပြောသည်။

ထောက်ခံမည့်သူမရှိသဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို အကူအညီတောင်းရာ ကိုယ်စားလှယ်တစ်ဦးက ကူညီမည်ဟု ပြောသဖြင့် အဆိုတင်ခွင့်ပြုခဲ့ကြောင်း ဆက်ပြောသည်။

“ပေးပြီးတော့မှ ဒါက အများပြည်သူရှေ့မှောက်မှာ ဆွေးနွေးဖို့ မသင့်တဲ့အတွက် (ဆိုပြီး) စာနဲ့ပဲ အကြောင်းပြန်တော့ ကျွန်မက ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လွှတ်တော်တွင်းမှာ လုပ်ခွင့်ရှိတဲ့ အခွင့်အရေးကို အများကြီးနစ်နာခဲ့တယ်ဟု ဒေါ်သက်သက်ခိုင်က ပြောသည်။

NLD ပါတီမှ ယခုကဲ့သို့ နုတ်ထွက်လိုက်ခြင်းမှာ တိုင်းပြည်တည်ဆောက်ရေးတွင် ပိုမိုထိထိရောက်ရောက် လုပ်လိုသောကြောင့်ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံရေးတော့ ကျွန်မ ဆက်လုပ်မယ်။ NLD ပါတီထဲမှာထက်စာလို့ရှိရင် ကိုယ့်လမ်းကိုယ်ဖောက်ပြီးသွားရင် တိုင်းပြည်တည်ဆောက်ရေးမှာ ပိုထိထိရောက်ရောက် ပါဝင်နိုင်မယ်လို့ ယူဆလို့ ထွက်လိုက်တာပါ။ ကိုယ်လုပ်နိုင်တာတွေ အများကြီးရှိသေးပါတယ်ဟု ၎င်းက ဆိုသည်။

ယင်းသို့လုပ်ဆောင်နိုင်ရန်လည်း ပါတီမှ နုတ်မထွက်ခင်တွင် နိုင်ငံရေးပါတီသစ်တစ်ခု တည်ထောင်ရန် လုပ်ဆောင်ခဲ့ပြီး၊ မကြာသေးခင်က ပါတီမှတ်ပုံတင်ခွင့် ကျထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) မှာ ဒေါက်တာသက်သက်ခိုင် တည်ထောင်သူအဖြစ်ပါဝင်သည့် ပါတီလည်းဖြစ်သည်။

ပြည်သူ့ရှေ့ဆောင်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၃ ရက်နေ့တွင် မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး NLD ထံ နုတ်ထွက်စာကိုလည်း ထိုနေ့မှာပင် တင်ခဲ့ခြင်းဖြစ်သည်။

NLD ပါတီမှ နုတ်ထွက်ပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီတွင် နိုင်ငံရေးဆောင်ရွက်မည်ဖြစ်ပြီး ၎င်းပါတီသည် လက်ရှိအချိန်တွင် ပါတီဝင်အသစ်များ စုဆောင်းနေကြောင်း ဒေါက်တာသက်သက်ခိုင်က ဆိုသည်။

မူဝါဒတွေလည်း ရေးဆွဲပြီးပြီ။ ပါတီရဲ့ စည်းမျဉ်းတွေလည်း ရေးဆွဲပြီးပြီ။ သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်။ ကျွန်မတစ်ယောက်တည်း ဖြေတာထက်စာရင် စုပေါင်းလုပ်တာဆိုတော့ ကျွန်မတို့ သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်ဟု ၎င်းက ပြောသည်။

ဒေါက်တာသက်သက်ခိုင် ပါတီဝင်အဖြစ်မှ နုတ်ထွက်ပြီး တခြားပါတီဝင်၍ နိုင်ငံရေးဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပါတီကတော့ လွတ်လပ်စွာ တည်ထောင်ခွင့်ရှိပါတယ်။ မိမိရဲ့ ယုံကြည်တဲ့ မူဝါဒကို ပြည်သူတွေက လက်ခံလာအောင် ကိုယ်စည်းရုံးနိုင်မယ်လို့ ယုံကြည်ရင် မည်သူမဆို ပါတီထောင်ခွင့်ရှိပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဘာမှ မပြောလိုပါဘူးဟု ပြောဆိုသည်။

Show More

Related Articles

Back to top button