“ရွှေတိဂုံ၊ ငွေတိဂုံ၊ ဘော်တိဂုံ” သရော်စာဆောင်းပါးရေးသားသူ ဆေးရုံတက်နေသဖြင့် ရွှေတိဂုံတွင် ပြုလုပ်သော ဝန်ချတောင်းပန်သည့် အစီအစဉ်သို့ ရောက်မလာခဲ့ပေ။
ရန်ကုန် - စံတော်ချိန်သတင်းစာတွင်ဖော်ပြခဲ့သည့် “ရွှေတိဂုံ၊ ငွေတိဂုံ၊ ဘော်တိဂုံ” ဆောင်းပါးနှင့် ပတ်သက်ပြီး ဝန်ချ တောင်းပန်သည့် အခမ်းအနားကို ယနေ့ ရွှေတိဂုံစေတီတော်တွင် ပြုလုပ်ရာ ဆေးရုံတက်နေသော ဆောင်းပါးရှင် ကောင်းဆက်နိုင်က ဝန်ချတောင်းပန်စာတစ်စောင် ပေးပို့ခဲ့သည်။
သာသနာ့ ဘောင်ဝင်နေသော ဆောင်းပါးရှင် ကောင်းဆက်နိုင်မှာ ရှမ်းပြည်နယ်၊ ကလောမြို့နယ် ဆေးရုံတွင် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူထားသည့်အတွက် ရန်ကုန်သို့ လာရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဂုဏ်ကို နိမ့်ကျစေသည့် အသုံးအနှုန်းအမှားများဖြင့် ရေးသား ဖော်ပြမိသည့် အတွက် ‘ကောင်းဆက်နိုင်’ ဟူသော ကလောင်အမည်ဖြင့် လောကီ အကြောင်းအရာများ ရေးသားခြင်း အလုပ်ကို စွန့်လွှတ်မည် ဖြစ်ကြောင်း ပေးပို့လာသည့် စာတွင် ဖော်ပြထားသည်။
ထိုဆောင်းပါးကို ရေးသားရာတွင် ရှေးစာဆိုကြီးများ ရေးဟန်ကို အတုယူ ရေးသားခဲ့ကြောင်း၊ ရွှေတိဂုံ စေတီတော်၏ ဂုဏ်ကို နိမ့်ကျစေလိုသည့် စိတ်ဖြင့် ရေးသားခဲ့ခြင်း မဟုတ်ကြောင်း၊ ထိုသို့ရေးသားရာတွင် စေတီတော်၏ ဂုဏ်ကို နိမ့်ကျစေသည့် မှားယွင်းသော စကားလုံး အသုံးအနှုန်းများ ရေးသား ဖော်ပြခဲ့မိသည့် အတွက် ဝန်ချ တောင်းပန်ကြောင်း ရေးသားထားသည်။


ဦးဆောင်ဆရာတော်
ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် တန်ဆောင်းတွင် ပြုလုပ်သည့် ယနေ့ အစီအစဉ်သို့ ရောက်လာသူများထဲတွင် စံတော်ချိန် ထုတ်ဝေသူ၊ အယ်ဒီတာချုပ်တို့လည်း ပါဝင်သည်။


ဆောင်းပါးရှင်ကို ကိုယ်စား တောင်းပန်ခွင့် မပြုကြောင်း ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော် အင်းစိန်ရွာမကျောင်းတိုက်မှ အရှင်တိလောကာဘိဝံသက မိန့်သည်။
“ရေးသားသူအနေနဲ့ ကိုယ်တိုင် မတက်ရောက်ဘဲနဲ့ သူများကို ကိုယ်စား တောင်းပန်တယ် ဆိုတာကတော့ သိပ်သဘာဝမကျလို့ ကိုယ်စား တောင်းပန်တာကိုတော့ ထားလိုက်ပါ။ ရေးသားမှုတွေထဲမှာ ဘယ်လောက် စော်ကားထားလဲ ဆိုတာရယ်၊ ကျန်တဲ့ စကားလုံး အသုံး အနှုန်းတွေလည်း အလွန်အင်မတန် ရုန့်ရင်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေဖြစ်တယ်” ဟု ဆရာတော်က မိန့်သည်။
ကျန်းမာရေးကောင်းပြီး ဆေးရုံဆင်းပြီးသည့် အချိန်တွင် ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ရမည်ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။
ယနေ့ ဝန်ချတောင်းပန်ကြသည့်အကြောင်းကို စံတော်ချိန် တွင် မျက်နှာဖုံးသတင်းအနေဖြင့် ထည့်သွင်း ဖော်ပြပေးရန် ဆရာတော်က မိန့်ကြားသည်။
ဂေါပကအဖွဲ့
စံတော်ချိန် ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်ရဲစခန်းသို့ သာသနာညှိုးနွမ်းစေမှုဖြင့် သွားရောက် အမှုဖွင့်တိုင်ကြားခဲ့သည့် ဦးစိုးမင်းဦးက ယခုကဲ့သို့ ဝန်ချတောင်းပန်ပွဲ ပြုလုပ်ခဲ့ပြီး ဖြစ်သည့်အတွက် နောက်ပိုင်းတွင် ဥပဒေအရဖြေလျှော့မှုများ ပြုလုပ်ပေးသွားမည်ဟု Myanmar Now သို့ ပြောသည်။
“သူက စကားပြောတဲ့ဟန်ကြီးနဲ့ရေးတော့ ကျွန်တော်တို့အနေနဲ့ အရမ်းခံစားရတယ်” ဟု ၎င်းက အခမ်းအနားအပြီးတွင် ပြောသည်။
စက်တင်ဘာ ၁၇ ရက်နေ့ စံတော်ချိန် သတင်းစာတွင် ဖော်ပြခဲ့သည့် ထိုသရော်စာဆောင်းပါးသည် ဗုဒ္ဓဘာသာဝင် ပြည်သူတို့အား အကြည်ညို ပျက်စေပြီး သတင်းမီဒီယာများတွင်လည်း ထိုကဲ့သို့ အမှားမျိုး ထပ်မံ မဖြစ်ပွားစေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့မှ စီမံရေးနှင့်လုံခြုံရေးတာဝန်ခံ ဦးသောင်းထိုက်က အခမ်းအနားတွင် ပြောသည်။
စံတော်ချိန် သတင်းစာ ထုတ်ဝေသူ ဦးကိုကိုလေးက ပင်တိုင်ဆောင်းပါးရှင် ကောင်းဆက်နိုင် မကြာမီ ကာလအတွင်း ရန်ကုန်သို့ ရောက်လာမည်ဟု ပြောသည်။
"လာမယ့် ၁၈ ရက်နေ့မှာ ချုပ်ရိုးဖြည်မယ်။ ပြီးရင် သုံးဘက်စလုံး အဆင်ပြေမယ့် ရက်တစ်ရက်ကို ချိန်းပြီး ရန်ကုန်ကို လာမယ်၊ သင်္ကန်းဝတ်နဲ့ပဲပေါ့။ ဆရာတော်ကြီးတွေကို ဝန်ချတောင်းပန်မှုလုပ်မယ်လို့ သိရတယ်။ ဆရာတော်ကြီးတွေ ကိုယ်တိုင် လောကအပြစ်၊ ဓမ္မအပြစ် ခွင့်လွှတ်ပါတယ် ပြောထားတော့ နောက်ပိုင်း သူ့ဟာနဲ့သူ ဖြစ်သင့် ဖြစ်ထိုက်တာတွေ ဖြစ်သွားမှာပါ" ဟု ဦးကိုကိုလေးက ပြောသည်။ ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









