“အစိုးရနဲ့ လွှတ်တော် ကစားနေတဲ့ ပွဲမှာ ပါတီက ဒိုင်လူကြီးပေါ့။ ပါတီက ဒိုင်လူကြီးဟာ ဘယ်လောက် တရားမျှတမလဲ။ အစိုးရဘက်နဲ့ လွှတ်တော်ဘက်မှာ လွှတ်တော်ဘက်ကိုချည်း အဝါကတ်တွေ လှိမ့်ပြနေရင် အဲဒီပွဲက မကောင်းတော့ဘူး”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ (ဓာတ်ပုံ - Myanmar Now)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းအစိုးရကို အားမနာတမ်း ဝေဖန်လေ့ရှိသည့် အမတ်တစ်ယောက် ဖြစ်သည်။

အသက် ၆၃ နှစ်အရွယ် ရှိပြီဖြစ်သည့် တပ်မတော်အရာရှိဟောင်း ဒဂုံမြို့နယ်ကိုယ်စားပြုအမတ်သည် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ ဝေဖန်ချက်များကြောင့် ရန်ကုန်တိုင်းလွှတ်တော်အမတ်များအကြားတွင် ထင်ရှားသူလည်း ဖြစ်သည်။

အခြားတစ်ဖက်တွင်တော့ သူ၏မိခင်ပါတီ NLD က ဦးကျော်ဇေယျကို ပါတီတာဝန်များမှ ရပ်နားထားခဲ့သည်။ ငါးနှစ်ကြာ လွှတ်တော်သက်တမ်းကုန်ချိန် ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးကျော်ဇေယျတစ်ယောက် NLD ကနေပဲ ရွေးကောက်ပွဲ ပြန်ဝင်မည်လား၊ ပါတီပြောင်းမည်လားဆိုသည်က စိတ်ဝင်စားစရာကောင်းလှသည်။

ဦးကျော်ဇေယျအတွက်တော့ NLD အပြင် အခြားရွေးချယ်စရာများ ရှိနေသည်။ လူစိတ်ဝင်စားမှုရ နာမည်ကြီး နိုင်ငံရေးသမားများ တည်ထောင်ထားသည့် သုံးပါတီထံမှ ကမ်းလှမ်းချက်ရထားသည်ဟု သူက အတည်ပြုခဲ့သည်။

NLD နှင့် ဦးကျော်ဇေယျတို့အကြား အနာဂတ်အစီအစဉ်များ၊ တိုင်းအစိုးရနှင့် လွှတ်တော်အကြား ဆက်ဆံရေး စသည့် အကြောင်းအရာများကို Myanmar Now က ဦးကျော်ဇေယျနှင့် အောက်တိုဘာလ ၃၀ က မေးမြန်းခဲ့ပြီး အဆိုပါတွေ့ဆုံမေးမြန်းမှုများထဲမှ တချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

မေး။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်ပြီး ရွေးကောက်ခံမှာလား။

ဖြေ။ ။၂၀၂၀ ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ ပါတီ၊ လွှတ်တော်၊ အစိုးရ တွေ့ဆုံပွဲတုန်းကတော့ ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့နေရာမှာ တာဝန်ရှိတဲ့သူတွေက အရင်လိုတော့ ပါတီကြည့်ပြီး ပေးဖို့ လုပ်လို့ မရတော့ဘူး။ ကိုယ်စားလှယ်ရွေးတဲ့နေရာမှာ သေချာ ရွေးမယ်လို့ ပြောပါတယ်။ ရွေးတဲ့နေရာမှာလည်းပဲ ပါတီဝင်မဟုတ်တဲ့ မြို့မိမြို့ဖတွေကနေ အကြံပေး၊ နောက် မြို့နယ်အလုပ်အမှုဆောင်ရဲ့ တင်ပြချက်ပေါ် အခြေခံမယ်ဆိုပြီး သို့သော်လည်း မြို့နယ်က တင်ပြပေမဲ့လို့ ဗဟိုက ဖျက်ချရင် ဖျက်ချဦးမှာ။ ကျွန်တော့်အမြင်ဆိုရင် မူ သတ်သတ်မှတ်မှတ် ချသင့်ပြီ။ ကိုယ်စားလှယ်လောင်းဘယ်သူဆိုတာ ရည်ရွယ်သင့်ပြီ။

ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း လစဉ်အစီရင်ခံစာ ပို့ရတယ်။ ဘယ်နေ့ ဘာလုပ်လဲ။ တစ်နှစ်လောက် ရှိနေပြီ။ ဒါတွေက ဘာလဲ။ ဒါတွေက အရည်အချင်း ကြည့်မှာလား။ ကျွန်တော့်အမြင်ပြောရင် အဲဒါတွေ လိုတောင် မလိုဘူး။ လွှတ်တော်ထဲမှာ ဘယ်သူတွေ ဘာလုပ်လဲ သိနေတာပဲ။ ဘယ်သူတွေ မေးခွန်း ဘာတွေ မေးနေလဲ။ ပြည်သူလူထုနဲ့ ဘယ်သူတွေ ထိတွေ့နေလဲ သိနေတာပေါ့။ မြို့နယ်အလုပ်အမှုဆောင်ဆို အသိဆုံးပေါ့။

ပြောတဲ့အတိုင်းပဲ ဗဟိုကိုယ်စားလှယ်ရွေးချယ်ရေး အကောင်အထည်ဖော်တဲ့ အဖွဲ့က သေချာလုပ်ပါ့မလား ဒါလေးတွေက စောင့်ကြည့်ရမယ်။

မေး။ NLD ပါတီကပဲ ဆက်ပြီးတော့ ဝင်ပြိုင်မှာလား။

ဖြေ။ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ ဒဂုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နဲ့ ကျွန်တော့်ကို ပါတီအလုပ်အမှုဆောင်တာဝန်က ရပ်နားထားတယ်။ ဘာကြောင့် ရပ်နားတယ်။ ဘာအပြစ်ကြောင့်ဆိုတာလည်း ကျွန်တော်တို့ မသိရဘူး။ ရပ်နားပြီးတော့ မင်းတို့ အယူခံတင်လို့ ရတယ်လို့ ပြောတယ်။ အယူခံတင်တယ်ဆိုတာ အကြောင်းအရာကို သိမှလေ။ ကိုယ်မှားသွားတဲ့အရာကို သိမှ ဖြေရှင်းရမယ်လို့ ခံယူတယ်လေ။ ကိုယ်မှားတဲ့ဟာက ဘာမှန်းလည်း မသိဘူးလေ။ ဘာမှန်းမသိတော့ အယူခံ ဘယ်လို တင်ရမှာလဲ။ ကျွန်တော်တို့ အယူခံ မတင်ဘူး။ အဲဒီတော့ ကျွန်တော့်ကို NLD ပါတီက ၂၀၂၀ အတွက် ကျွန်တော့်ကို ရွေးချင်လည်း ရွေးမယ် မရွေးချင်လည်း မရွေးဘူးပေါ့။ ကျွန်တော့်ကို ကိုယ်စားလှယ်အဖြစ် မရွေးတော့ဘူးလို့ တိတိကျကျ သိရင်တော့ တိတိကျကျ သိတဲ့ အဖြေပေါ်မှာ ဘာဆက်လုပ်မလဲ စဉ်းစားရမှာပေါ့။

မေး။ ။ ဒီလို အခြေအနေမျိုးမှာ တခြားပါတီတွေက ၂၀၂၀ ရွေးကောက်ပွဲ ဝင်ဖို့ ဖိတ်ခေါ်လာတာမျိုးတွေ ရှိလား။

ဖြေ။ ။ တော်တော် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးမှုရနေတဲ့ ပါတီကြီးတွေ ပါတီသစ် သုံးလေးခုတော့ ရပါတယ်။ အဲဒီပါတီတွေက ကျွန်တော့်ကို ကမ်းလှမ်းပါတယ်။ သို့သော်လည်းပဲ သုံးပွင့်ဆိုင်တွေ့ဆုံပွဲတုန်းက (ပါတီ ဒုဥက္ကဋ္ဌ-၂) ဒေါက်တာ ဇော်မြင့်မောင်က ပြောတယ်။ ပါတီပေါ် သစ္စာရှိရမယ်။ ပါတီပေါ် သစ္စာရှိချင်တာပေါ့ ကျွန်တော်လည်း တပ်မတော်သားဘဝက လာတာပဲ။ အသက်ပေးပြီးတော့တောင် သစ္စာရှိတာပဲ။ ပါတီပေါ် သစ္စာရှိဖို့ထက် နိုင်ငံနဲ့ ပြည်သူပေါ် ပိုသစ္စာရှိရမှာပေါ့။ မိမိအကျိုးနဲ့ ပါတီအကျိုး ယှဉ်လာရင် ပါတီပေါ် သစ္စာရှိရမှာပေါ့။ မှန်တာပေါ့။ ပါတီနဲ့ ပြည်သူ့အကျိုး နိုင်ငံ့အကျိုး ယှဉ်လာရင် ဘယ်သူ့ကို သစ္စာရှိရမလဲဒါကတော့ ပြည်သူ့အကျိုးစီးပွားနဲ့ ဆိုင်လာရင်တော့ ပါတီပေါ် သစ္စာရှိမှုက အဓိကမဟုတ်တော့ဘူး။

ပါတီအပေါ် သစ္စာရှိတယ်ဆိုတာ ဘယ်လို အတိုင်းအတာကို ပြောတာလဲလို့ ပြန်ပြီးတော့ မေးရမှာပေါ့။ သစ္စာရှိတာပေါ့။ ဒီပါတီကို ယုံကြည်လို့ ဒီပါတီရဲ့ ခေါင်းဆောင်ရဲ့ ခေါင်းဆောင်မှုကို အကြွင်းမဲ့ ယုံကြည်လို့လည်း ဒီပါတီထဲကို ကျွန်တော်တို့အနေနဲ့က ခြေစုံပစ် ဝင်ခဲ့တာလေ။

မေး။ ။ အရင်တုန်းက စစ်ဗိုလ်မှူးဟောင်းလည်း ဖြစ်တယ်ဆိုတော့ ဘယ်လိုကနေ ဒီနိုင်ငံရေးထဲကို ဒီပါတီထဲကို ဝင်ခဲ့တာလဲ။ NLD ပါတီကို ဘာကြောင့် ရွေးချယ်ပြီး ဝင်လာတာလဲ။

ဖြေ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မယ်လေ။ ကျွန်တော် သဘောကျတယ်။ ကျွန်တော်လည်း (၂၀၀၈ အခြေခံဥပဒေကို) မကြိုက်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်လို့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြွေးကြော်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ် ဖြစ်သွားတယ်လေ။ အဲဒီကတည်းက ကျွန်တော်က သဘောကျတယ်။ သို့ပေမဲ့ အဲဒီအချိန်က ကျွန်တော်က တပ်မှာပဲ ရှိသေးတယ်။ ၂၀၁၃ ကျမှ ကျွန်တော်က အငြိမ်းစား ဖြစ်သွားတာကိုး။ အဲဒီမှာ ပါတီဝင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဟေ့ဆိုလို့ မှန်တယ်ဟေ့ ပြင်သင့်တဲ့ အချက်ပဲ ဆိုပြီး ဝင်တယ်။ အဲဒီလောက်ပါပဲ။

မေး။ ။ ပါတီက ရပ်နားတာတွေ၊ အပြစ်ပေးဖို့ ဆုံးဖြတ်တာတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲကျရင်တော့ တခြားပါတီ ပြောင်းမလား။

ဖြေ။ ။ ကျွန်တော့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မရွေးတော့လို့ ရှိရင်ပြည်’ သုံးလုံး (‘ပြည်’ နှင့်စသည့်ပါတီသုံးခု) ရှိတယ်။ ပြည်သူ့ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ အဲဒီသုံးခုကို တစ်ခုခုတော့ ရွေးမယ်လို့ စိတ်ကူးထားတယ်။ တစ်သီးပုဂ္ဂလ ကျတော့တစ်ယောက်တည်းနဲ့ လုပ်လို့ မရနိုင်ဘူးလို့ ကျွန်တော်က ခံယူထားတယ်။ မိခင်ပါတီတော့ ရှိကိုရှိရမယ်။ တကယ်လို့ ကျွန်တော့်ကို NLD က မရွေးဘူးဆို အဲဒီသုံးပါတီကို ကျွန်တော် ရွေးထားတယ်။

ဒီသုံးပါတီကို ပါတီမူဝါဒတွေခေါင်းဆောင်တွေ လေ့လာတော့ ပြည်သူ့ပါတီ(က)… ဦးကိုကိုကြီးဆိုလည်း သူ ၂၀၁၅ တုန်းက NLD ကနေ ဝင်ပြိုင်မယ်လို့ အဆိုပြုခဲ့တာပဲ။ သို့ပေမဲ့ တောင်ဥက္ကလာပ (မြို့နယ်) က သူ့ကို မရွေးခဲ့ဘူး။ သူ့မရွေးပေမဲ့လို့ ငါလည်း ငါ့မှာ အရည်အချင်း ရှိတယ်။ သတ္တိရှိတယ် ပါတီထောင်တာပေါ့။ ပါတီထောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ငွေအင်အား၊ လူအင်အား အများကြီးရှိမှ တောင့်တင်းမှာပေါ့။ သူ ထောင်တယ်။ သူ့ကိုယ်သူ ယုံကြည်မှု ရှိတာပေါ့။ တခြား ၈၈ မျိုးဆက်သစ် အများကြီး ကြွေးကြော်နေတယ်။ သူတို့ အမြင်က ဘယ်လိုပဲဖြစ်ဖြစ် ဒါ သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကမ်းလှမ်းတယ်လေ။ ကမ်းလှမ်းပေမဲ့ သူ့ကို လက်မခံတဲ့ သဘောပေါ့လက်မခံတဲ့အတွက် သူ သတ္တိရှိတယ်။ ငါပါတီ ထောင်မှ ဖြစ်မယ်။ ဟုတ်တယ်လေ နိုင်ငံ့အတွက် သူ လုပ်နိုင်အောင် ဒီ အခွင့်အရေးကို သူလုပ်ရတော့မယ်။ ကြိုက်တယ်။ ကျွန်တော်က ထောက်ခံတယ်။ နောက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ အရည်အချင်းကို ကျွန်တော်က ဝေဖန်နေဖို့တောင် မလိုတော့ဘူး။ ၂၀၁၅ NLD အစိုးရ တက်လာတာတောင် သူ့အနေနဲ့က (ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်) ဆိုပြီးတော့ ကော်မရှင်တွေ ဖွဲ့ပြီး အကြံဉာဏ်တွေ ပေးသေးတယ်လေ။

နောက် ပြည်သူ့ရှေ့ဆောင်ပါတီ။ ပြည်သူ့ရှေ့ဆောင်ပါတီက မူဝါဒကို ကြည့်လိုက်တော့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ယခင်စီးပွားရေးလုပ်ငန်းရှင်များက လုပ်ပြီးတော့ ပညာတတ် လူငယ်တွေနဲ့ ရှေ့ဆောင်မယ့် သဘောရှိတယ်။ ဒီပါတီရဲ့ ခံယူချက်ကလည်း ကောင်းတယ်။ ဒီပါတီ သုံးခုဟာ အခုဆိုရင် ခိုင်ခိုင်မာမာ EC (အလုပ်အမှုဆောင်)တွေတောင် ထားတာ မဟုတ်သေးဘူး။ ယာယီပဲ ထားတာ။ ဘာကြောင့် ယာယီပဲ ထားလဲ လေ့လာတဲ့အခါ သူတို့က ပါတီညီလာခံကြီးလုပ်ပြီးမှ ဘယ်သူက ဥက္ကဋ္ဌ၊ ဘယ်သူက ဒုဥက္ကဋ္ဌ ။

ဗိုလ်ချုပ်ကြီး ဦးရွှေမန်းဆိုလည်း သူထောင်ပေမဲ့ သူ ပါတီဥက္ကဋ္ဌ သူ့ကို မထောက်ခံရင် မလုပ်ဘူး။ ယာယီပဲ ထားတယ်လို့ ကျွန်တော် လေ့လာသိရှိရတယ်။ ပါတီညီလာခံလုပ်မှ သူ့ကို ရွေးရင် သူလုပ်မယ်ပေါ့။ တခြားပါတီတွေလည်း အဲဒီလိုပါပဲ။ ကျွန်တော် ကြိုက်တယ်။

မေး။ ။ ဒါဆို NLD က ဆုံးဖြတ်ချက်ကိုတော့ အဆုံးထိ စောင့်နေမှာပေါ့။

ဖြေ။ ။ စောင့်နေမှာပေါ့။ ဒီပါတီက ကျေးဇူးရှိတာပေါ့။ ဒီပါတီရဲ့ ကျေးဇူးကြောင့်ပဲ နိုင်ငံရေးမှာ ဒီလိုမျိုး လုပ်ခွင့် ရလာတာလေ။ အဲဒီတော့ ကျေးဇူးတုံ့ပြန်ရမယ်လေ။ ကျွန်တော်ကတော့ စပြီး မထွက်ဘူး။ သူတို့က စပြီး အနီကတ်ပြရင်တော့ ကျွန်တော် ထွက်ရတော့မှာပေါ့။ အနီကတ်ပြတော့ ဆက်ပြီးတော့လည်း ကန်လို့ မရဘူးလေ။

မေး။ ။ မဏ္ဍိုင်သုံးရပ်က အပြန်အလှန်ထိန်းကျောင်းမှု ထောက်ပြပြောဆိုမှု အားနည်းတယ်လို့ ဝေဖန်နေကြတယ်။ ရန်ကုန်တိုင်းလွှတ်တော်မှာ အစိုးရကို ထောက်ပြပြောဆိုခဲ့တဲ့ ဦးကျော်ဇေယျ အနေနဲ့ဆို ဘယ်လိုကြုံတွေ့ရလဲ။

ဖြေ။ ။ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင် လွှတ်တော်နဲ့ အစိုးရ၊ အစိုးရနဲ့ လွှတ်တော်ပေါ့။ ဒီနေရာမှာ ရန်ကုန်တိုင်းအနေနဲ့ ပြောရရင် ပေါင်းစပ်ညှိနှိုင်းမှု အားနည်းတယ်။ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းလို့ နောက်ဆက်တွဲ မလိုလားအပ်သော ပြဿနာတွေ အမြဲဖြစ်တယ်။ ဒီရက်ပိုင်းမှာဖြစ်တဲ့ ဝန်ကြီးများရုံးကိစ္စကိုပဲ ကြည့်။ Spa ၊ ကေတီဗွီလို မာဆတ်လိုလို ဖွင့်မယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးစင်တာလို့ပဲ ပြောပြောပါ။ ဒါတွေက မလိုလားအပ်တဲ့ ဟာလေးတွေ အစကတည်းက ပေါင်းစပ် ညှိနှိုင်းမှုနဲ့ သေချာနားလည်အောင် ပြည်သူကို ချပြ၊ လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ပြောပြ၊ ကိုယ်စားလှယ်တောင် ဘာမှ မသိရရင် ပြည်သူက ပိုဆိုးတာပေါ့။ မြေကွက်တွေ ရောင်းမယ်ဆို မြေကွက်ရောင်းမယ်သာ သူ့ဘာသာသူ စီမံပြီးတော့ လျှောက်လွှာတွေသာ တစ်စောင် ၁၀,၀၀၀ နဲ့ စီမံလိုက်တာ ဒီမြေကွက်ရောင်းချမှု စီမံခန့်ခွဲမှု လွှတ်တော်ကိုယ်စားလှယ် ဘာမှ မသိဘူး။

တကယ်တမ်းက ပြည်သူလူထုအတွက် ဝန်ဆောင်မှု ပေးလိုက်တာ။ ဒါပေမဲ့ တကယ်တမ်းက ထိထိရောက်ရောက်ဖြစ်ရဲ့လား။ ကိုယ့်အစိုးရ အမှတ်ရရဲ့လား ပြန်ကြည့်တဲ့အခါ ရလဒ်ပေါ့။ သူတို့ရဲ့ ရလဒ်က ပေါင်းစပ်ညှိနှိုင်းမှု၊ ကြိုတင်ပြင်ဆင်မှု မကောင်းခဲ့တော့ ရလဒ်မကောင်းနိုင်ဘူး။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် အစီရင်ခံစာကလည်း ရန်ကုန်တိုင်းဒေသကြီးရဲ့ ပထမနှစ်ရဲ့ လုပ်ဆောင်ချက်။ ဒီနေရာမှာလည်းပဲ အားလုံးက ပြောကြဆိုကြ အားနည်းချက်တွေကို ထောက်ပြကြတယ်။ အခု ၂၀၁၇-၁၈ အားလုံးက စိတ်ဝင်စားကြတယ်။ အားနည်းချက်တွေက ရှိမှာပဲလေ။ ၂၀၁၆-၁၇ တုန်းကတော့ အားနည်းချက်တွေ ထောက်ပြချက်တွေကို အစိုးရအနေနဲ့က ဘာမှ ပြန်ပြီး ရှင်းလင်းချက် မပြုခဲ့ဘူး။ ပြုရင်လည်း ကောင်းတယ်။ မပြုခဲ့တော့ ၂၀၁၇-၁၈ကျတော့ ပိုစိတ်ဝင်စားတာပေါ့။ လူထုကလည်း နားထောင်တာပေါ့။ ၂၀၁၆-၁၇ တုန်းက အများကြီးရှိတယ်ဟေ့။ ကားတွေ တန်ဖိုးလျော့တာတွေက ဘယ်လို ဖြစ်နေတယ်။ ခေတ်မီ မီးပွိုင့်ကြီးကလည်း မပြီးသေးဘူး။ လျော်ကြေးကလည်း မရတော့ဘူးလို့ ပြောတယ်။ သိန်း ၁၂၀ ပဲ ရတယ်ဟေ့။ ၂၀၁၇-၁၈ ကျတော့ ဘယ်လို အစီရင်ခံဦးမလဲ။ ကျွန်တော့် မဲဆန္ဒနယ်အနေနဲ့ပဲ ပြောတာပါ။ ဦးကျော်ဇေယျ ပြောနေတဲ့ ခေတ်မီ မီးပွိုင့်စနစ်ကြီး ပြီးပြီလား။ ၂၀၁၆-၁၇ တုန်းက ခင်ဗျားတို့ မပြီးဘူးပြောတယ်။ ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် ၂၀၁၇-၁၈ ကျရင် ကြည့်ပေးပါမယ်။ ဟာ ခင်ဗျားတို့ အဲဒီ အစီရင်ခံစာက မရသေးဘူးလား။ သူတို့ သတင်းတွေ တွေ့နေပြီ။ စောဒကတွေ တက်နေပြီ။ ကျွန်တော်တို့ကျတော့ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့တော့ ဖြေရှင်းနေရတယ်။ နမူနာလေးတွေ ပြောပြတာ။

မေး။ ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်တဲ့ သက်တမ်း လေးနှစ်အတွင်း ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲ။

ဖြေ။ ။ ကျွန်တော်တို့လည်း အခုမှ အတွေ့အကြုံရတာပေါ့။ တကယ်တမ်းကျတော့ လွှတ်တော်ကြီးက လွှတ်တော်ဥက္ကဋ္ဌက သိပ်အရေးကြီးတာပေါ့။ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်ရဲ့ ခေါင်းဆောင်မှုဟာ အဲဒီလွှတ်တော်ကြီးပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့ကျတော့ ရိုးရိုးကိုယ်စားလှယ်ပေါ့။ ဥက္ကဋ္ဌလည်း မဟုတ်ဘူး။ ရေးရာကော်မတီလည်း မဟုတ်ဘူး။ ရိုးရိုးကိုယ်စားလှယ်ပေါ့။

ရိုးရိုးကိုယ်စားလှယ်တွေထဲမှာ ဘယ်လောက်ပဲ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ပြချင်တယ်ဆိုပေမဲ့ ပြခွင့်မရကြဘူး။ အဲဒီ အနေအထားတော့ ရှိပါတယ်။ လုပ်ရကိုင်ရတာက တကယ်တမ်းကျတော့ ဥပဒေနဲ့ မညီတာလေးတွေ ရှိတယ်။ ဘာလို့ ဥပဒေနဲ့ မညီတာလဲ အစိုးရနဲ့ လွှတ်တော်က ပွင့်ပွင့်လင်းလင်းပြောလို့ ရှိရင် ပရိုတိုကော (နိုင်ငံတော်အဆင့်လုပ်ထုံးလုပ်နည်း) အရတော့ အစိုးရက မြင့်ပေမဲ့လို့၊ လွှတ်တော်ဥက္ကဋ္ဌ နဲ့ တိုင်းဝန်ကြီးချုပ်နဲ့က ကျပ်သိန်း ၃၀ လစာ ပေးထားတာ အတူတူပဲ။ ယှဉ်ထိုင်ရမှာပေါ့။ တစ်ခုခု ဆွေးနွေးပြီဆိုလည်း စားပွဲထိပ်မှာ နှစ်ယောက်တူတူ တွဲထိုင်သင့်တာပေါ့။

သို့သော်လည်း ဒီနေ့ ရန်ကုန်တိုင်းလွှတ်တော်နဲ့ အစိုးရ ဘယ်လိုဖြစ်လဲ ကျွန်တော် အထူးပြောစရာ မလိုတော့ပါဘူး။ အစိုးရက အဆင့်မြင့်သလို ဖြစ်နေတယ်။ အပြန်အလှန်ထိန်းကျောင်းတဲ့ နေရာမှာ အဲဒါတွေက ရလဒ် မကောင်းဘူး။

လွှတ်တော်ကလည်း ကိုယ့်လွှတ်တော်အလုပ်ကို မှန်မှန်ကန်ကန် လုပ်မယ်။ အစိုးရကို ထောက်ပြမယ်။ အစိုးရကလည်း လွှတ်တော်ကို နာခံရမယ်။ အပြန်အလှန်လေးစားရမယ် ဆိုလို့ရှိရင်တော့ လုပ်ငန်းတွေက သွက်နိုင်တာပေါ့။ အခုတော့ အစိုးရအပေါ်မှာ မူတည်ပြီးတော့ ရန်ကုန်တိုင်းအနေနဲ့ လုပ်နေရတဲ့ သဘောရှိတယ်။

လွှတ်တော်က မေးခွန်းတွေ မေးတယ်။ အစိုးရက ဖြေချင်မှ ဖြေတယ်။ မဖြေတော့ ဘာလုပ်လဲ။ လွှတ်တော်ဥက္ကဋ္ဌက အပေါ်က စားပွဲပေါ်ကနေ ထိုင်ပြီးတော့ ဖိအား မပေးတော့ဘူး။ မေးခွန်း ဘယ်နှခု ကျန်တယ်။ ခင်ဗျားတို့ ဖြေရမယ်။ ပုံမှန်အစည်းအဝေး ပြီးသွားတယ်။ အောင်မြင်စွာ ပြီးဆုံးတယ်ဆိုပြီးတော့ တူ ထုပစ်လိုက်တယ်။ အမှန်က အဲ့ဒီလို မဟုတ်ဘူး။ မေးခွန်းတွေ ကျန်သေးတယ်။ ပုံမှန်အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်း ၂၅ ခု ကျန်ပါတယ်။ အခု ၂၀ ကျန်ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ ဖြေကြားဖို့ လိုပါသေးတယ်။ အဲဒါကို မှတ်တမ်းအဖြစ် ထားရှိပါတယ်ဆိုပြီးတော့ လုပ်ရမှာ။

တစ်ခါတစ်လေကျရင် ကျွန်တော်တို့ ရန်ကုန်တိုင်းလွှတ်တော်မှာ မေးခွန်းသာ မေးလိုက်တယ်။ မေးလိုက်တဲ့ မေးခွန်းက ဝန်ကြီးဖြေတာနဲ့ တခြားစီပဲ။ အဲဒါကို စောဒကတက်ချင်တယ်။ ကိုယ့်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်ဘက်ကနေ ပြတ်ပြတ်သားသား ပါဝင်မှု မရှိတဲ့အခါကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း မေးရတာ တွန့်သွားတယ်။

တကယ်တမ်းကျတော့ လွှတ်တော်နဲ့ အစိုးရ၊ အစိုးရနဲ့ လွှတ်တော်ဆိုတာ ဘယ်သူမှလည်း ကြောက်ဖို့ မလိုပါဘူး။ ကြောက်အောင်လည်း ဖြဲခြောက်စရာ မလိုပါဘူး။ မှန်မှန်ကန်ကန်နဲ့ ညှိနှိုင်းနေလည်း သူ့အလုပ် သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်ပြီးတော့ ထောက်ပြနေရင်တော့ တိုးတက်မှု ရှိနိုင်တယ်။ ကျွန်တော်တို့အနေနဲ့ ကြုံတွေ့ခဲ့တာတော့ အဲဒီဟာမျိုး ဒီနေ့ ဒီချိန်ထိ မလုပ်နိုင်ခဲ့ဘူးလို့ပဲ ပြောချင်တယ်။

မေး။ ။ ကိုယ့်တာဝန်ကိုယ် ကျေကျေပွန်ပွန် လုပ်ခဲ့တယ်လို့ မှတ်ယူနိုင်လား။

ဖြေ။ ။ လူတိုင်းကတော့ အလုံးစုံ ပြည့်စုံတာ မဖြစ်နိုင်ဘူး။ ကျွန်တော်လည်း လိုအပ်ချက်တွေ ရှိမှာပေါ့။ ကျွန်တော့်လိုအပ်ချက်ရှိလို့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က ရပ်နားတာလို့ ကျွန်တော် ခံယူတာပေါ့။ သို့သော် ဘာမှန်းလည်း မသိတာက ခက်တာပေါ့။ ဘာပြင်ဆင်ရမှန်းလည်း မသိဘူးလေ။ ထားပါတော့ ကျွန်တော်က ကိုယ့်လုပ်နိုင်စွမ်း ရှိသလောက် လုပ်ခဲ့တယ်။ ကျွန်တော့် လုပ်ဆောင်ချက်ကြောင့် အရွေ့လေးတွေ ဖြစ်သွားတာ ရှိတယ်။ ရုပ်ရှင်ရုံ ငှားရမ်းခတွေ သုံးဆလောက် တိုးပြီးတော့ ရလာတယ်။ နိုင်ငံပိုင်အဆောက်အဦတွေမြေတွေ ငှားရမ်းထားတာတွေ ကျွန်တော် ထောက်ပြတယ်။ လွတ်လပ်တဲ့ ကြားခံအဖွဲ့ ဖွဲ့ပြီးတော့ ပြန်ပြီးတော့ စာချုပ်တွေ ချုပ်ဖို့။ ဒီလို လုပ်လိုက်တဲ့အတွက် မူလပိုင်ရှင်တွေနဲ့ပဲ ပြန်ပြီးတော့ စာချုပ်ချုပ်တာတွေ များတယ်။ သို့သော်လည်း ဈေးနှုန်းတော့ တိုးရလာတယ်။

ကျွန်တော် ငွေစာရင်းကော်မတီမှာလည်း အဖွဲ့ဝင် လုပ်ခဲ့သေးတယ်။ ကျွန်တော် စိစစ်တဲ့အခါမှာ ထဲထဲဝင်ဝင် စိစစ်ခွင့် ရလာတယ်။ ကျွန်တော် ထောက်ပြတယ်။ ကျွန်တော်လုပ်ဆောင်ချက်ကြောင့် မကုန်သင့်တာတွေ မကုန်ဘဲနဲ့ လျှော့ချနိုင်ခဲ့တာတွေ အများကြီး ရှိပါတယ်။ ကျွန်တော် ဒီလိုထောက်ပြချင်လို့ ကိုယ်စားလှယ် လုပ်လာတာလေ။ ဆွေးနွေးချင်တယ်။ အဲဒီလို ထောက်ပြနိုင်အောင်လို့လည်း လွှတ်တော်ကိုယ်စားလှယ် လုပ်တာလေ။ ပထမ စစချင်းတုန်းက တာဝန်ရှိသူတွေက မီဒီယာတွေနဲ့ တွေ့လို့ရှိရင် ထိန်းထိန်းသိမ်းသိမ်း ပြောပါလို့ ပြောတယ်။ ဟုတ်ပြီ။ ကျွန်တော်တို့ပြောရင် အစိုးရအကြောင်းပေါ့။ အစိုးရနဲ့ လွှတ်တော် ကစားနေတဲ့ ပွဲမှာ ပါတီက ဒိုင်လူကြီးပေါ့။ ပါတီက ဒိုင်လူကြီးဟာ ဘယ်လောက် တရားမျှတမလဲ။ အစိုးရဘက်နဲ့ လွှတ်တော်ဘက်မှာ လွှတ်တော်ဘက်ကိုချည်း အဝါကတ်တွေ လှိမ့်ပြနေရင် အဲဒီပွဲက မကောင်းတော့ဘူး။ ပွဲကြည့်ပရိတ်သတ်က သိတယ်၊ ပွဲက ကြည့်လို့ မကောင်းဘူးပေါ့။

ကျွန်တော်က ပြောတာ ရှင်းရှင်းလေးပဲလွှတ်တော်ဘက်ကိုချည်းပဲ ပါတီက အဝါကတ် လှိမ့်ပြနေရင် မကောင်းဘူးပေါ့။ အစိုးရဘက်ကို ထိန်းကျောင်းတာလေး ပြန်ပြပေါ့။ ဒါလေးကျ မပြောပါနဲ့ ဘာနဲ့ဆိုတော့အဲဒါကျတော့ ကျွန်တော်ခံယူချက်က ရည်ရွယ်ချက် လွဲသွားတာပေါ့။ သူတို့ကတော့ သူတို့အမြင်ပေါ့။ ခေါင်းက ကြည့်လဲ ခေါင်းပေါ့။ ပန်းဘက်က ကြည့်လဲ ပန်းပေါ့။

မေး။ ။ တခြား ဘာဖြည့်စွက် ပြောချင်ပါသလဲ။

ဖြေ။ ။ ဝေဖန်တာတွေကတော့ ကောင်းစေချင်လို့ ကျွန်တော်က ဝေဖန်တာ။ နမူနာပြောရရင် ပြည်သူ စိတ်ပျက် YBS’ လို့ ကျွန်တော် ပြောလိုက်တယ်။ ဒီနေ့ ကျွန်တော် အဲဒီအစည်းအဝေးကနေ လာတာ။ ဒီနေ့ YUPT (ရန်ကုန်တိုင်းအစိုးရ၏ ရှယ်ယာအများဆုံးပါဝင်သည့် အများပိုင်ဘတ်စ်ကားကုမ္ပဏီ) နဲ့ YBS မှာ ရှယ်ယာရှင်တွေနဲ့ စကားတွေ များကုန်ပြီ။ လက်တွေ့ကျကျ ပြောတာ။ အမှန်တော့ ဒါ စီမံမှု သိပ်ပြီးတော့ လျော့ရဲခဲ့တယ်။ ဒါ ရန်ကုန်တိုင်းဒေသကြီးရဲ့ ရင်းနှီးမြှုပ်နှံမှု ပြည်သူ့ရှယ်ယာတွေနဲ့ လုပ်တဲ့ ကုမ္ပဏီတွေ။ ဒီနေ့ အစည်းအဝေးမှာ စကားများတယ်။ ကျွန်တော် ကြည့်ပြီးတော့ စိတ်မကောင်းဘူး။ ကျွန်တော်တို့လည်း ညံ့ရာကျတယ်။ မနက်ဖြန်ဆိုရင် ဂျာနယ်တွေထဲ ပါပါလိမ့်မယ်။ ဒီနေ့ထိ YBS သုံးနှစ်ပြည့်တော့မယ်။ စီမံမှုတွေ လွဲနေလို့ အဓိကကျတယ်။ ဘီလီယံ ၇၀ (ရန်ကုန်တိုင်းအစိုးရက သယ်ယူပို့ဆောင်ရေးအတွက် အများပိုင်ကုမ္ပဏီများတွင်မြှုပ်နှံငွေ) နဲ့ တိုက်ရိုက် ပတ်သက်နေတယ်။ အဲဒါကြောင့် ကျွန်တော်ကြည့်ပြီး စိတ်မကောင်းဘူး။ ဒါတွေက လက်တွေ့သာဓကပါ။ ဟိုဘက်ရဲ့ လွဲနေတာတွေ ကျွန်တော်တို့ အများကြီး ကြည့်ပြီး ထောက်ပြရဦးမယ်။ လမ်းကြောင်းတည့်အောင်လို့။ သို့သော်လည်းပဲ အချိန်က ကုန်ပြီ။ ပွဲက ပြီးခါနီးပြီ။ ဂိုးက မသွင်းနိုင်သေးဘူး။ ဂိုးသွင်းနိုင်အောင်တော့ ကျွန်တော်တို့ လုပ်ရဦးမယ်။

အဓိကပါတီကြီးနှစ်ခုအနက် NLD ကိုယ်စားလှယ်လောင်းများက အလှူရှင်ငွေကို အဓိကထားသုံးစွဲပြီး ပြည်ခိုင်ဖြိုးက ပါတီစိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်ငွေကို သုံးစွဲခဲ့ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ထားသည့် ကုန်ကျစားရိတ်ရှင်းတမ...

Published on Dec 21, 2020
Published on Dec 21, 2020
ရွေးကောက်ပွဲမတိုင်မီက အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခု ထောက်ခံသူများ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

နေပြည်တော်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနက် အနိုင်ရလဒ် ၁၀ ရာခိုင်နှုန်းသာရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအသုံးစရိတ် အများဆုံးသုံးသူစာရင်းတွင် ဦးဆောင်လျက်ရှိသည်။ 

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၆၆ ဦး၏ စုစုပေါင်းရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၃၅၀၀ ကျော်ရှိပြီး ရွေးကောက်ပွဲအသုံးစရိတ် အများဆုံး ၁၀ စာရင်းတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၆ ဦးအထိ ပါဝင်နေသည်။ 

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၈ ခုတွင် ပါတီစုံနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၅၅ ဦးဝင်ပြိုင်ခဲ့သည့်အနက် ကျပ်သိန်း ၈၀ မှ ကျပ်သိန်း ၁၀၀ နီးပါးသုံးစွဲခဲ့သူ ထိပ်တန်းစာရင်းတွင် ဇေယျာသီရိမြို့နယ်တွင် အနိုင်ရထားသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးလည်း ပါဝင်သည်။ 

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နှစ်ခုအတွက် ဝင်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁၁ ဦးတွင်လည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှစ်ဦးက ကျပ်သိန်း ၉၀ ကျော်နှင့် ကျပ်သိန်း ၇၀ ကျော် သုံးစွဲပြီး အသုံးရိတ်အများဆုံးစာရင်းတွင် အမှတ်စဉ် ၁နှင့် ၃၌ ရပ်တည်နေသည်။

ပြည်ခိုင်ဖြိုး၏ အဓိကပြိုင်ဘက် NLD ကိုယ်စားလှယ်များထဲတွင် ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ရသည့် ဦးကျော်ထွေးက ကျပ် ၇၈ သိန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲစားရိတ် အများဆုံးသုံးသူစာရင်းတွင် နံပါတ် ၁၁ နေရာ၌ရှိသည်။ 

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ပြိုင်ခဲ့ကြသည့် အာဏာရပါတီမှ အခြားကိုယ်စားလှယ် ၇ ဦးသည်လည်း အဆင့် ၁၂ မှ ၂၄ အတွင်း ရှိနေပြီး ကျပ်သိန်း ၇၀ မှ ၈၀ နီးပါးအထိ သုံးစွဲထားကြသည်။

ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်ပြီး ကုန်ကျစားရိတ်အများဆုံးသုံးစွဲထားသူမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တပ်ကုန်းမြို့နယ်တွင် ဝင်ပြိုင်သည့် ဦးမြင့်ဦးဖြစ်ပြီး အသုံးစားရိတ် ကျပ် သိန်း ၁၀၀ နီးပါးရှိသည်။

ပြည်သူ့ပါတီမှ ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ဦးစိန်ဝင်းမှာမူ သတ်မှတ်ထားသည့် ဒီဇင်ဘာ ၁၀ ရက်မတိုင်မီ အသုံးစားရိတ်ရှင်းတမ်းပေးပို့ခြင်းမရှိ၍ အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် ကြေညာထားသည်။

ထို့ကြောင့် ဦးစိန်ဝင်းမှာ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေအရ လာမည့်လွှတ်တော်သက်တမ်းငါးနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ပေ။ 

ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်ကြသူများထဲတွင် တစ်သီးပုဂ္ဂလ ဦးမျိုးမင်းက စားရိတ်အနည်းဆုံးဖြစ်ပြီး ကျပ် ငါးသိန်းနီးပါးသာ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်သုံးစွဲထားကြောင်း တွေ့ရသည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲစားရိတ် အများဆုံးသုံးသူစာရင်း၏ အမှတ်စဉ် ၄နှင့် ၅တွင် ကျပ် ၇၂ သိန်းထက်ပိုမသုံးထားသည့် အနိုင်ရ NLD ကိုယ်စားလှယ်လောင်းနှစ်ဦးက ရပ်တည်နေသည်ကို တွေ့ရသည်။

အမျိုးသားလွှတ်တော်နေရာတွင် ဝင်ပြိုင်ကြသူများအနက် ကုန်ကျစရိတ်အနည်းဆုံးမှာ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ မန္တလေးတိုင်း၊ မဲဆန္ဒနယ် အမှတ် ၁၂နေရာတွင် ဝင်ပြိုင်သည့် ဦးကိုကြီးဖြစ်ပြီး ကျပ် ၇ သိန်းကျော်သာ သုံးစွဲထားသည်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရရှိသည့် အသေးစိတ် အသုံးစားရိတ်ရှင်းတမ်းများအရ နေပြည်တော်တွင် ဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများမှာ ပါတီစိုက်ထုတ်ငွေ၊ ကိုယ်ပိုင်ငွေနှင့် အလှူရှင်များမှ ထည့်ဝင်ငွေကို အဓိကထားသုံးစွဲကြောင်းတွေ့ရသည်။

အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုကို လေ့လာရာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ၏ အသုံးစားရိတ်ထဲတွင် ပါတီမှ စိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်စိုက်ထုတ်ငွေ ထက်ဝက်ခန့်စီ ကျခံသုံးစွဲထားကြောင်းတွေ့ရသည်။

NLD  ကိုယ်စားလှယ်များမှာမူ ပါတီထောက်ပံ့ငွေ၊ ကိုယ်ပိုင်စိုက်ထုတ်ငွေနှင့် အလှူရှင်များမှ ထည့်ဝင်ငွေ ထက်ဝက်ခန့်စီဖြင့် ရွေးကောက်ပွဲကုန်ကျစားရိတ်ကို ကျခံသုံးစွဲခဲ့ကြောင်း စာရင်းရှင်းတမ်းများတွင် တွေ့ရသည်။

နေပြည်တော်၌ ဝင်ပြိုင်သည့် NLD ကိုယ်စားလှယ်လောင်းများကို ပျဉ်းမနားမြို့မျက်နှာဖုံး စိုးလျှပ်စစ်လုပ်ငန်းရှင် ဦးကျော်မင်းထွန်းက ကျပ်သိန်း ၂၀ စီလှူဒါန်းခဲ့ကြောင်း အသုံးစားရိတ်ရှင်းတမ်းများတွင် ပါဝင်သည်။

ရွေးကောက်ပွဲအသုံးစရိတ် စိစစ်နိုင်မှု 

ကိုယ်စားလှယ်လောင်းအသီးသီး၏ ရွေးကောက်ပွဲကုန်ကျစားရိတ်တင်သွင်းမှုအခြေအနေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် အကြောင်းကြားပြီးဖြစ်သည်ဟု ပြည်ထောင်စုနယ်မြေကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်စိုးဝင်းက Myanmar Now ကိုပြောသည်။

“စာရင်းဇယားမှန်၊ မမှန်၊ သတ်မှတ်ပုံစံကျမကျ၊ လိုအပ်တဲ့စာရွက်စာတမ်းပြေစာသွင်း၊ မသွင်း၊ သုံးထားတဲ့စာရင်းနဲ့ ပြေစာတွေကိုက်မကိုက် အဲဒါကို အဓိကစိစစ်ပါတယ်။ မြေပြင်မှာ သုံးသလား၊ မသုံးလားထိတော့ ကျွန်တော်တို့ မစိစစ်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကမူ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ကိုယ်စားလှယ်လောင်းများ၏ အသုံးစားရိတ်များကို စိစစ်သည့်လုပ်ငန်းစဉ်အတွင်း ကြပ်မတ်မှု၊ ပွင့်လင်းမြင်သာမှု၊ လုပ်နိုင်စွမ်းများမြှင့်တင်ရန် လိုအပ်နေသေးကြောင်း သုံးသပ်သည်။

“အလှူငွေတွေနဲ့ပတ်သက်ပြီး ဥပဒေတွေထဲမှာ သေချာပြောထားတာ မရှိသေးဘူး။ အဲဒါတွေ အသေးစိတ်သိရရင် ပိုပြီးလေ့လာစောင့်ကြည့်နိုင်တာပေါ့။ နောက်တစ်ခုက အခုရွေးကောက်ပွဲမှာ ခေတ်စားလာတာပေါ့၊ ဝန်းရံသူဆိုတဲ့ကိစ္စ၊ အဲဒီအသုံးစားရိတ်တွေကို မစိစစ်နိုင်ဘူး။ တင်လာတဲ့ ပြေစာတွေ စာရင်းကိုက်မကိုက်လောက်ပဲ လုပ်နိုင်တာ တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် ၈၊ အမျိုးသားလွှတ်တော် ၂၊ စုစုပေါင်း ၁၀ နေရာ ယှဉ်ပြိုင်ရွေးချယ်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေးတစ်ဦးတည်းသာ အနိုင်ရခဲ့ပြီး ကျန်မဲဆန္ဒနယ်များ၌ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကသာ အနိုင်ရခဲ့သည်။

Continue Reading

NLD ကိုယ်စားလှယ်လောင်း အနိုင်ရသွားပါက ဒိဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း၊ NLD ကိုယ်စားလှယ်လောင်း၏ အိမ်ထောင်ဘက်မှာ ဘာသာစကားသင်တန်းများ ဖွင့်လှစ်ကာ ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ကျေးရွာတရားပွဲများတွင် ထည့်သွင်းဟောကြား...

Published on Dec 15, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now)

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကို ရွေးချယ်ရန် တရားပွဲတွင် ဘုန်းကြီးများက ထည့်သွင်းဟောကြားခဲ့သည်။ 

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လွှတ်တော်နေရာ ၇ ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၆ နေရာအနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ 

ပင်းတယမြို့ရှိ ဇောတိကာရုံကျောင်း၌ သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရသည် ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်ခန့်သာ လိုတော့သည့် အောက်တိုဘာ ၃၁ တွင် အင်းပက်လက်ရွာတရားပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအာကာလင်းကို ရွေးချယ်ရန် ထည့်သွင်းဟောပြောခဲ့သည်။ 

“မဲထည့်မမှားဖို့ ပြောတယ်။ ကြံ့ခိုင်ရေးကိုထည့်ရင် ကောင်းတယ်လို့ ပြောတယ်။ NLD နိုင်သွားရင် ဗုဒ္ဓဘာသာတွေ ပျောက်ကွယ်သွားမှာ စိုးလို့တဲ့” ဟု ဆရာတော်ဦးပညာသာရ၏ တရားပွဲနာကြားခဲ့သူ အင်းပက်လက်ရွာသူ ဒေါ်ချိုက Myanmar Now ကို ပြောသည်။

ထို့ပြင် Myanmar Now က ရရှိထားသည့် ရုပ်သံမှတ်တမ်းများအရ ဆရာတော်ဦးပညာသာရ၏ ဟောပြောချက်တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအာကာလင်း၏ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း (NLD) သည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း၊ ဘာသာစကားသင်တန်းများဖွင့်လှစ်ကာ ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟုလည်း ပါရှိသည်။ 

“သင်ပေးရင်းနဲ့ သူတို့ (ခရစ်ယာန်) ဘာသာထဲကို ဆွဲသွင်းနေတယ်။ ဘာတွေ ပွားလာမလဲဆိုတော့ ဒိဋ္ဌိပြဿနာ၊ အယူလွဲတဲ့ပြဿနာတွေ ပွားလာတော့မယ်” ဟု ဆရာတော်ဦးပညာသာရက ဟောပြောထားသည်။ 

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ 

“လက်ရှိဒေသဥက္ကဋ္ဌနဲ့ ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်က ဆိုပြီး ကျွန်တော့်အမျိုးသမီးအကြောင်းတွေကို ပြောထားတာ။ ဂျပန်စာတွေသင်တယ်။ ကျောင်းဖွင့်တာက (ကိုယ်စားလှယ်လောင်းတွေရဲ့ ဇနီးတွေထဲမှာ) ကျွန်တော့်အမျိုးသမီးတစ်ယောက်ပဲရှိတယ်” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

ဦးထိန်လင်း၏ဇနီး ဒေါ်အေမီဖြိုးမင်း မိခင်ဖြစ်သူမှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်ပြီး ပင်းတယတွင် ဂျပန်စာသင်ကြားပေးနေခြင်းမှာလည်း ခရစ်ယာန်ဘာသာသို့ ဆွဲသွင်းနေခြင်းမဟုတ်ကြောင်း ဦးထိန်လင်းက တုံ့ပြန်သည်။

ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း  မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။ 

“အဓိကက ဘုန်းကြီးတွေဟောတဲ့ ရွာတွေက ကျွန်တော် ရှုံးတာပဲ။ ဘုန်းကြီးတွေက ၈၀ ရာခိုင်နှုန်းလောက် လွှမ်းမိုးမှုရှိတယ်” ဟု ဦးထိန်လင်းက ဆိုသည်။

ဦးထိန်လင်းက ထိုသို့ဆိုသော်လည်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ဘုန်းကြီးများက ထိုသို့ထည့်သွင်းဟောကြားခဲ့သည်ကို မသိရှိကြောင်းလည်း အနိုင်ရကိုယ်စားလှယ် လက်ရှိဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။ 

"ကျွန်တော်တို့တော့ ဘာမှ မပြောထားဘူး။ ဆရာတော် သံဃာတော်တွေကို ကျွန်တော်တို့ ဘာမှ လျှောက်မထားဘူး။ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် သံဃာတော်တွေဆိုတာ ရွေးကောက်ပွဲနဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်တော်တို့လည်း ဘာမှ မလျှောက်ထားပါဘူး” ဟု ဦးအာကာလင်းက ပြောသည်။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း နိုင်ငံရေးအဖွဲ့အသီးသီးက မဲဆွယ်ဟောပြောကြဖြစ်သဖြင့် သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာထုတ်ပြန်ခဲ့သည်။

အင်းပက်လက်ရွာ၌ ဟောပြောခဲ့မှုများနှင့် ပတ်သက်၍ Myanmar Now က ဆရာတော်ဦးပညာသာရကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဟောပြောခဲ့သည်ကို ငြင်းဆိုခြင်း မရှိသော်လည်း “အဲဒါ ကိုယ့်ရွာနဲ့ကိုယ် နည်းနည်းပါးပါး လမ်းမှားမှာ စိုးလို့ ပြောတာ” ဟုသာ မိန့်ကြားပြီး ဖုန်းချသွားခဲ့သည်။

လွန်ခဲ့သည့် ၂နှစ်က ရွာငံမြို့နယ်တွင် ဆောက်လုပ်ခဲ့သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဒေသဥက္ကဋ္ဌဖြစ်သူ ဦးအာကာလင်းက ဖျက်ခိုင်းခဲ့ကြောင်း၊ ယင်းသို့ ဖျက်ခိုင်းရခြင်းသည်လည်း ဦးအာကာလင်းကိုယ်တိုင် ဗုဒ္ဓဘာသာဖြစ်နေသောကြောင့်ဖြစ်ပြီး ၎င်း၏နေရာတွင် ဘာသာခြား (သို့) ဘာသာခြား၏ အထောက်အပံ့ကို ရယူထားသူဖြစ်ပါက ဒေသအတွင်း အယူဝါဒကွဲပြားသည့် ပြဿနာများ ကြုံတွေ့လာရမည်ဟု ဆရာတော်ဦးပညာဓရက တရားဟောစဉ် ထည့်သွင်းမိန့်ကြားခဲ့သည်။ 

“Church ပေါ်လာခဲ့ရင် ဒို့ဒေသမှာ ဒိဋ္ဌိပြဿနာ၊ အယူပျက်စီးတဲ့ ပြဿနာတွေ ပွားမလာဘူးလား။ စိုးရိမ်စရာမကောင်းဘူးလား။ အဲဒါလေး ပြောချင်တာပါ။ ကိုယ့်ဒေသကို အုပ်ချုပ်မယ့်၊ စီမံမယ့်သူဟာ ဗုဒ္ဓဘာသာ၊ ကိုယ်လူမျိုးရဲ့ အကျိုးကို ရှေးရှုမယ့်၊ တခြားသောဘာသာရဲ့ အထောက်အပံ့ကို ယူမထားတဲ့သူဖြစ်ဖို့ အရေးမကြီးဘူးလား” ဟု ဆရာတော်က မေးခွန်းထုတ်သည်။

ဆရာတော်ဦးပညာဓရ၏ ဟောပြောမှုကို ဗီဒီယိုရိုက်ကူး၍ လူမှုကွန်ရက် Facebook ပေါ် တင်ခဲ့သည့် ရှားပြားရွာမှ တက္ကသိုလ်ကျောင်းသားနှစ်ဦးကို ဘုန်းကြီးကျောင်းသို့ ခေါ်ယူဆုံးမ၍ ရုပ်သံဖိုင်များကိုလည်း Facebook ပေါ်မှ ပြန်လည်ဖြုတ်ချရန် ခိုင်းစေခဲ့သည်ဟု ပင်းတယမြို့နယ် NLD ဝန်းရံသူများက ပြောသည်။

ပင်းတယမြို့နယ် ရှားပြားရွာ (ဆားပြား) ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးပညာဓရသည်လည်း တရားပွဲတွင် ဦးအာကာလင်းကို မဲပေးရန် ထည့်သွင်းမိန့်ကြားခဲ့သည်။ 

ရှားပြားရွာ မီးရရှိရေးအတွက် ဦးစဝ်အောင်မြတ် (ယခင်အစိုးရလက်ထက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်) တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဦးအာကာလင်းအပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက တိုက်တွန်းဟောကြားထားသည်။ 

“ကိုယ့်ရွာမှာ ကျေးဇူးပြုတဲ့လူကို ထည့်ပေးပေါ့။ ပါတီကို မကြည့်နဲ့၊ လူကိုကြည့်။ အဲဒီလူက လုပ်ပေးသလား၊ ဒီလူက လုပ်ပေးသလား။ လုပ်ပေးတဲ့သူကိုပဲ အာကာလင်း (ပြည်ခိုင်ဖြိုးကိုယ်စားလှယ်) ကအစ မဲပေးကြပေါ့" ဟု နိုဝင်ဘာ ၁ က ရှားပြားရွာတရားပွဲတွင် ဆရာတော်ဦးပညာဓရက ဟောကြားခဲ့သည်။ 

Continue Reading

၂၀၁၅ ထက် မဲအရေအတွက် လျော့နည်းခဲ့ခြင်းမှာ ရွေးကောက်ပွဲတရားမျှတမှု မရှိသောကြောင့်ဖြစ်ပြီး ရွေးကောက်ပွဲယဉ်ကျေးမှုအရ ရလဒ်ကို လက်မခံနိုင်၍ မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲရလဒ်လက်ခံခြင်းမည်သော ယဉ်ကျေးမှုကို လမ်းကြောင်းပေါ်တင်ပေးခဲ့သည့် ပါတီက...

Published on Dec 11, 2020
Published on Dec 11, 2020
နေပြည်တော်ရှိ ပါတီဗဟိုဌာနချုပ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဒီဇင်ဘာ ၁၁ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

လွန်ခဲ့သော ငါးနှစ်ထက် လျော့နည်းကျဆင်းခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အပေါ် လက်မခံနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်များက ပြောကြားလိုက်သည်။ 

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝေလွင်၊ ဦးသောင်းအေးနှင့် ပြောခွင့်ရပုဂ္ဂိုလ်များဖြစ်ကြသည့် ဦးသိန်းထွန်းဦးနှင့် ဒေါက်တာနန္ဒာလှမြင့်တို့ ဦးဆောင်ကာ နေပြည်တော်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီရလဒ်ကို ကျွန်တော်တို့အသိအမှတ်မပြုပါဘူးခင်ဗျ”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ဒေါက်တာနန္ဒာလှမြင့်သည် ရှမ်းပြည်နယ်၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်ခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုယ်စားလှယ်ကို မဲလေးသောင်းကျော်အကွာဖြင့် အရေးနိမ့်ခဲ့သူဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲတွင် မသမာမှုများရှိနေသည်ဟု ဆက်တိုက်ပြောဆိုနေရခြင်းမှာ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်လို၍ မဟုတ်ဘဲ ရာဇဝင်မရိုင်းစေချင်လို့ဖြစ်ကြောင်းလည်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များက ပြောကြားခဲ့သည်။ 

"အနိုင်အရှုံး ပြည်သူ့ရဲ့ဆန္ဒကို လေးစားတယ်။ နိုင်ငံရေးပါတီတွေရဲ့ သက်တမ်းဟာ ငါးနှစ်ပဲ။ ရွေးကောက်ပွဲယဉ်ကျေးမှုအရ ရလဒ်ကို လက်မခံလို့ ပြောနေတာမဟုတ်။ ဒီယဉ်ကျေးမှုကို ကျွန်တော်တို့ကိုယ်တိုင်က လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ ပါတီကြီးဖြစ်ပါတယ်" ဟု  ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲတွင် တစ်နိုင်ငံအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်ပြီး ပြည်သူ့သားသမီးများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီကြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ 

ပါတီဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်ခဲ့ပြီး NLD အမတ်ကို ရှုံးနိမ့်ခဲ့သူလည်းဖြစ်သည့် ပြည်ခိုင်ဖြိုးထိပ်သီး ဦးသောင်းအေးကလည်း တက်ရောက်ပြီး ရွေးကောက်ပွဲရလဒ်ကို မေးခွန်းထုတ်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကမဲမှာ ၂၀၁၅ကရသည့် အရေအတွက်အောက် ၈၀၀၀ ကျော် လျော့နည်းခဲ့ခြင်း၊ ၂၀၂၀တွင် ပြိုင်ဘက် NLDအမတ်ရရှိသည့် မဲအရေအတွက်မှာ ၂၀၁၅ ကထက် ၄၀၀၀၀ ကျော် တစ်ဟုန်ထိုးတိုးသွားခြင်းစသည့် ကိန်းဂဏန်းများကို ထုတ်ဖော်ပြသ၍ လက်ရှိရလဒ်အပေါ် သံသယရှိကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

“ဒါဟာဖြစ်နိုင်ခြေရှိရဲ့လား”ဟု ဦးသောင်းအေးက ဆိုသည်။

ဦးသောင်းအေးက ၎င်းကိုယ်တိုင် အချိန်ယူပြုစုရှာဖွေထားသည်ဆိုသော မဲစာရင်းတွင် အငြင်းပွားဖွယ်ရာအချက်အလက်များ၊ လူတွေ့မေးမြန်းထားသည်ဆိုသော ဗီဒီယိုဖိုင်များကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်း၏ မဲဆန္ဒနယ်အတွင်း တစ်ကြိမ်ထက်ပိုမဲပေးသူ၊ မှတ်ပုံတင်မပါဘဲ မဲပေးသူ စသဖြင့် မဲစာရင်းတွင် သံသယဖြစ်ဖွယ်လူဦးရေမှာ ငါးသောင်းကျော်ရှိသည်ဟုလည်း ဆိုသည်။ 

ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ၎င်းကို အနိုင်ယူခဲ့သည့် NLDကိုယ်စားလှယ် ဒေါက်တာဝင်းမောင်ကမူ ဦးသောင်းအေးစွပ်စွဲသကဲ့သို့ မတရားပြုကျင့်မှုမျိုး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းပြောသည်။

“ရလဒ်က အမှန်ပဲလို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့က မသမာမှုလည်းမလုပ်ခဲ့ဘူး။ မသမာမှုမဖြစ်အောင်လည်း အထူးစောင့်ရှောက်ခဲ့တယ်”ဟု ဒေါက်တာဝင်းမောင်က ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးအစိုးရဖွဲ့ခွင့်ရချိန်၌ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည့် ဦးဝေလွင်လည်း တက်ရောက်ခဲ့ပြီး ၂၀၂၀ တွင်ကြုံရသည့် ၎င်း၏ အရှုံးရလဒ်မှာ မဖြစ်နိုင်ကြောင်း ပြောသည်။

ပြည်ခိုင်ဖြိုး၏ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဖြစ်သူ ဦးဝေလွင်မှာ ၂၀၁၅ ရွေးကောက်ပွဲကတည်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပြိုင်ဘက်ဖြစ်ခဲ့သည့် NLDအမတ် ဦးတင်သစ်(ခ) ဦးရည်မွန်ကို ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅က ၎င်းတို့နှစ်ဦးကြား မဲကွာဟချက် ၂၀၀ ပင်မပြည့်သော်လည်း ၂၀၂၀ တွင် ၁၀၀၀၀ ကျော်သွားခဲ့ခြင်းမှာ မဲစာရင်းမသမာမှုများကြောင့်ဟု သံသယရှိကြောင်း ဦးဝေလွင်က ပြောသည်။

“လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက ပုဗ္ဗသီရိမှာ တောက်လျှောက် ပြည်သူနဲ့ ထိတွေ့မှု မပြတ်ရှိခဲ့တယ်။ အခုရွေးကောက်ပွဲဝင်မှ ဦးဝေလွင်က ဒီပုဗ္ဗသီရိထဲ ဝင်တာမဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ဦးဝေလွင်ကို ယခင်ထက်မဲဖြတ်၍ အနိုင်ရခဲ့သူ ဦးတင်သစ်(ခ)မောင်ရည်မွန်ကမူ ၂၀၁၅က ဗုဗ္ဗသီရိမြို့နယ်သို့ ဒေသအတွေ့အကြုံမရှိဘဲ အစိမ်းသက်သက်ဝင်ပြိုင်ခဲ့၍သာ မဲမပြတ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ငါးနှစ်အတွင်း ၎င်း၏ ခြေစွမ်းပြနိုင်မှုများကြောင့် ၂၀၂၀တွင် ပြည်ခိုင်ဖြိုးကို မဲအပြတ်အသတ်သာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“မဲစာရင်းကို စိတ်တိုင်းကျပြင်ဆင်ထားတယ်ဆိုတဲ့ လုပ်ပိုင်ခွင့်မျိုးက ကျွန်တော်တို့မှာမရှိဘူး”ဟု ဦးရည်မွန်(ခ)မောင်တင်သစ်က ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးဒုတိယဥက္ကဌ ဦးလှထွန်း၊ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့လည်း တက်ရောက်ကျပြီး ၎င်းတို့ကလည်း အထက်ပါကဲ့သို့ပင် မဲပေးမှုနှင့် မဲစာရင်းသံသယဖြစ်ဖွယ် အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးခွင့်မရခဲ့ခြင်းများကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

“မဲစာရင်းတွေအမျိုးမျိုး ပြင်ဆင်ဖြည့်သွင်းရေးဆွဲထားခြင်းအပေါ်မှာ အခြေခံပြီးတော့ တရားမဲ့ပြုကျင့်မှုတွေ လုပ်ဆောင်လို့ရနေခြင်းပဲဖြစ်ပါတယ်”ဟု ဦးသောင်းအေးက ပြောသည်။

သို့သော် ထိုသို့သော ကိစ္စများအားလုံးကို ရွေးကောက်ပွဲကန့်ကွက်မှုအဖြစ် ကျပ်ငွေ ငါးသိန်းသွင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဥပဒေပြဌာန်းချက်များအတိုင်း ကန့်ကွက်ရန်ရှိမရှိကိုမူ ပြည်ခိုင်ဖြိုးတာဝန်ရှိသူတို့က ယတိပြတ်မပြောကြသေးပေ။

“အနိမ့်ဆုံးတော့ ၅၀(မဲဆန္ဒနယ်)ထက်မနည်း ကန့်ကွက်သွားဖို့ ရှိပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲမတရားပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ရဲအရေးပိုင်သည့်အမှု ၁၇၀ကျော်၊ ဒေသဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တိုင်ကြားမှု ၁၀၀၀ ကျော် ဆောင်ရွက်ပြီးဖြစ်သည်ဟု ၎င်းက အသိပေးသည်။

ပြည်ခိုင်ဖြိုး၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ ပျော်ဘွယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့နှင့် အကျုံးဝင်သည့် မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ Myanmar Nowက ဆက်သွယ်မေးမြန်းရာ မသမာမှုရှိသည်ဆိုလျှင် ဥပဒေအရ ကျပ်ငါးသိန်းသွင်း၍ ကန့်ကွက် လွှာတင်သွင်းသင့်ကြောင်း အတွင်းရေးမှူး ဦးကျော်ကျော်စိုးက အကြံပြုသည်။

“ဥပဒေအတိုင်း ဆက်လုပ်ကြပေါ့။ ဥပဒေမှာ အခွင့်အရေးတွေပါပြီးသားပဲ” ဟု ၎င်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဝင်ပြိုင်ခြင်းမရှိသော ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ခဲ့ဖူးသော်လည်း NLD ဝင်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အစိုးရဖွဲ့ရန် အခရာကျသည့် ပြည်ထောင်စုလွှတ်တော်၌ ၄၁ နေရာသာ အနိုင်ရခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုလွှတ်တော် ၃၃ နေရာတွင်သာ အနိုင်ရတော့သဖြင့် အစိုးရဖွဲ့နိုင်ငံရေး နီးစပ်မှုမရှိတော့သည့်အပြင် လွှတ်တော်အတွင်း၌ပါ အင်အားလျော့နည်းသွားမည်ဖြစ်သည်။ 

ထိုသို့ ရွေးကောက်ပွဲရလဒ် ထပ်မံကျဆင်းမှုများကြောင့် ပါတီခေါင်းဆောင်မှုအပိုင်း ပြောင်းလဲရန် ရှိမရှိကိုလည်း ပြည်ခိုင်ဖြိုးတာဝန်ရှိသူတို့ဖက်က အတည်မပြုကြသေးပေ။

ငါးနှစ်တစ်ကြိမ်ကျင်းပရမည့် ပါတီညီလာခံကို လာမည့် ၂၀၂၁အတွင်း ကျင်းပပြီးစီးမှသာ ရာထူးအဆင့်ဆင့် ပြန်လည်ရွေးချယ်မှုများလုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိ ပါတီဝင်ခေါင်းဆောင်များ၏ သက်တမ်းသည်လည်း ငါးနှစ်သာဖြစ်သည်ဟု ဆိုသည်။ 

Continue Reading