သတင်း

တပ်ချုပ်က ညွှန်ကြား၍ လူထုနှင့်တွေ့ဆုံခြင်းဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဆို

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာဒေသများသို့ သွားရောက်ကာ လူထုနှင့် တွေ့ဆုံခဲ့ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က Myanmar Now ကို ပြောသည်။

“အကြီးအကဲက မင်းတို့လည်း လွှတ်တော်ကိုယ်စားလှယ်ပဲ ဒီနားရက်(လွှတ်တော်ပြန်မတက်ခင်) နီးစပ်ရာတွေ သွားပြီး ပြည်သူလူထု ဘာအခက်အခဲရှိလဲ မေးကြလို့ လမ်းညွှန်တာမျိုးပါ” ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဆိုသည်။

မည်သည့်နေ့ရက်တွင် ညွှန်ကြားသည်ကိုမူ အတိအကျ မပြောသော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း (သီတင်းကျွတ်ရုံးပိတ်ရက်များ မတိုင်မီ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုသို့ လမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်ထံမှ သိရသည်။

“တချို့လည်း ဇာတိပေါ့၊ တချို့လည်း တပ်မတော်မှာ ကြာကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေသ ကိုယ်နဲ့ ရင်းနှီးတဲ့ နယ်မြေပေါ့” ဟု ဗိုလ်မှူးချုပ်မောင်မောင်က ရှင်းပြသည်။

ထိုသို့ဆောင်ရွက်ခြင်းမှာ သက်ဆိုင်ရာဒေသများအတွင်း တပ်မတော်က ကူညီပေးနိုင်သည့် ကိစ္စရပ်များကို သိရှိနိုင်ရန်သာ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

အောက်တိုဘာလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်ရှိ ကျေးရွာ အနည်းဆုံး ၁၅ ရွာခန့်သို့ သွားရောက်ကာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအဖြစ် မိတ်ဆက်၍ အရပ်ဝတ်ဖြင့် လူထုနှင့် တွေ့ဆုံခဲ့ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

အဆိုပါတွေ့ဆုံမှုတွင် အုပ်ချုပ်ရေးတာဝန်ခံများ၊ ဘာသာရေး နှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ ဖိတ်ကြားခံရပြီး တပ်မတော်သားများက ဒေသတွင်းလိုအပ်ချက်များကိုသာ မေးမြန်းဆွေးနွေးသွားခဲ့ကြသည်ဟု ယင်းတွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် ကျေးရွာသားအချို့က ပြောသည်။

“သူက ဘယ်ပါတီအတွက်မှ မဟုတ်ဘူးပေါ့၊ သီးသန့်လာတာ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အတွက် တပ်နယ်မြေအတွင်းမှာရှိနေတဲ့ ကျေးရွာတွေရဲ့လိုအပ်ချက်တွေကို နိုင်တဲ့ဘက်က ကူညီဖို့ လာတဲ့အကြောင်း ပြောတယ်” ဟု

ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ဗိုလ်ချုပ်ဝင်းသိန်းနှင့် တွေ့ဆုံခွင့်ရခဲ့သူ ဝက်စုကျေးရွာအုပ်ချုပ်ရေး တာဝန်ခံ ဦးကျော်ဝင်းက ပြောသည်။

ဗိုလ်ချုပ်ဝင်းသိန်းက အောက်တိုဘာ ၁၀ရက်တွင် ကျည်တောင်ကျေးရွာအုပ်စုဝင် ကျေးရွာ ၈ရွာမှ ကိုယ်စားလှယ်များနှင့် တွေ့ခဲ့ကြောင်း ၎င်းက ဆက်လက်အတည်ပြုသည်။

အမျိုးသားလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်သန်းစိုးသည်လည်း အဆိုပါနေ့တွင်ပင် ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သေးသည်။

တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ကျောက်စရစ်ကုန်းကျေးရွာ လူမှုရေးအသင်းမှ ဦးသိန်းဝင်းက “စည်းရုံးရေးဆင်းတာလည်း မဟုတ်ပါဘူးပေါ့၊ လိုအပ်ချက်တွေ တင်ပြပေးဖို့လို့ သူက ပြောပါတယ်” ဟု Myanmar Now ကို ပြန်ပြောပြသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ သာဝတ္ထိကျေးရွာ၊ စက်ရုံစုရပ်ကွက်သို့ အောက်တိုဘာ ၉ ရက်တွင် သွားရောက်ခဲ့သည် ပြည်သူ့လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးစံဝင်းခိုင်က စက်ရုံစု မူလတန်းကျောင်း ပျက်စီးယိုယွင်းနေမှုများကို သွားရောက် လေ့လာခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“သူ့ကိုယ်သူ လယ်ဝေးမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာသားပါလို့ မိတ်ဆက်တာပဲ” ဟု သာဝတ္ထိ ကျေးရွာ မြို့မိမြို့ဖဖြစ်သူ ဦးသက်ခိုင်က ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက တပ်မတော်၏ အဆိုပါလုပ်ရပ်အပေါ် အကောင်းမြင်ကြောင်း ပြောသည်။

သို့သော် ရခိုင်အမျိုးသားပါတီမှ ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေကမူ ၎င်း၏ မဲဆန္ဒနယ်မြေအတွင်း ထိုသို့ဆောင်ရွက်မှုများရှိလာပါက ဥပဒေများနှင့်ညီမညီ စိစစ်ပေးရန် အရေးဆိုမည်ဟု ပြောသည်။

“ဒါတွေက ဥပဒေ၊ နည်းဥပဒေတွေမှာ တိတိကျကျ ဖော်ပြမထားတဲ့အတွက် သူတို့ (တပ်မတော်သားတွေ) ကလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလို့ သူတို့ကိုယ်သူတို့ သတ်မှတ်လုပ်ဆောင်တာလို့ သုံးသပ်မိပါတယ်” ဟု ၎င်းက ဆိုသည်။

လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဟူသော အဓိပ္ပာယ် ဖွင့်ဆိုချက်၌ မဲဆန္ဒနယ်မြေအလိုက် ပြည်သူရွေးချယ်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်ဟူ၍ သီးခြားစီ သတ်မှတ်ရေးသားထားသည်ကို တွေ့ရသည်။

မြို့နယ်တစ်ခုကို ပြည်သူ့မဲဖြင့် ကိုယ်စားပြုခွင့်ရထားသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ သက်ဆိုင်ရာ တိုင်း သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားများအကြားတွင်ပင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တစ်ဦးကိုတစ်ဦး အသိမပေးဘဲလုပ်ဆောင်ခြင်းမပြုဟု အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာလှမိုးက ဆိုသည်။

“ရိုးရိုးလေးစဉ်းစားရင် ဒါက ကျင့်ဝတ်ပျက်တာပါ။ ရွေးချယ် တင်မြှောက်ခံထားရတဲ့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိပြီးသားလေ” ဟု ဒေါက်တာလှမိုးက ပြောသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်ပင်၍ လွှတ်တော်ဆိုင်ရာဥပဒေများပါ မည်သည့်အချက်နှင့် ငြိစွန်းကြောင်း တိတိကျကျ ရှာဖွေဖော်ထုတ်မည်ဟု ၎င်းကဆိုသည်။ သို့သော် အဆိုပါအရေးကိစ္စအပေါ် မည်သို့ကိုင်တွယ်မည်ကိုမူ ယခု မပြောနိုင်သေးကြောင်း ဒေါက်တာလှမိုးက ပြောသည်။

ဗိုလ်မှူးချုပ်မောင်မောင်ကမူ ဥပဒေဆိုင်ရာကိစ္စများနှင့် ကိုယ်စားပြုခွင့်တို့အပေါ် မှတ်ချက်မပြုသော်လည်း တပ်မတော်က ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံရေးရည်မှန်းချက်ရှိ၍ မဟုတ်ဟု ဆိုသည်။

Show More

Related Articles

Back to top button