ခွင်ပြုချက်မရှိဘဲ ကျောင်းဆောက်လုပ်သဖြင့် တရားစွဲဆိုခံထားရသော မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်ကျောင်းအမှုတွင် မမှန်သက်သေ တင်သွင်းသည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးကို ကျောင်းတာဝန်ရှိသူများက ပြန်လည်တရားစွဲဆိုခြင်းဖြစ်သည်။
တရားစွဲခံထားရသည့် မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်ကျောင်း တာဝန်ရှိသူများက တရားလိုဖြစ်သူ မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြန်လည်တရားစွဲဆိုထားမှုအား စစ်ဆေးရန်သင့်မသင့် အောက်တိုဘာ ၃၀ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးက ဆုံးဖြတ်မည်ဖြစ်သည်။
မန္တလေး မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းကို ယခု တိမ်းရှောင်နေသည့် ဦးဝီရသူက ဦးဆောင်ကာ အဖွဲ့ဝင် ၇၀ ခန့်နှင့် ကျောင်းဖြစ်မြောက်ရေး လုပ်ဆောင်နေခြင်းဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ကျောင်း ဆောက်လုပ်ခြင်းကြောင့် အထက်မြန်မာပြည် မြေနှင့်အခွန်တော်ဥပဒေ ပုဒ်မ ၆၉ (၂) အရ တိုင်းအစိုးရက တရားစွဲထားခြင်းဖြစ်သည်။

အဆိုပါ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်း လေးထပ်ကျောင်းဆောင်သစ်ကို ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာတွင် ဆောက်လုပ်နေခြင်းဖြစ်ရာ တိုင်းအစိုးရက ရပ်နားရန် စာပို့ထား၍ လက်ရှိတွင် ရပ်တန့်ထားသည်ဟု အဆိုပါ ကျောင်းတာဝန်ရှိသူများက ပြောသည်။
မြေနှင့်အခွန်တော်ဥပဒေဖြင့် တရားစွဲဆိုခံထားရသော မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်ကျောင်းအမှုတွင် မမှန်သက်သေ တင်သွင်းသည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် ကျောင်းတာဝန်ရှိသူများဘက်က လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးဇော်ဝိတ်က အောက်တိုဘာ ၁၀ ရက်နေ့တွင် မြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထားခြင်းဖြစ်သည်။
“အပြစ်ရစေချင်တဲ့သဘောနဲ့ မမှန်သက်သေ ဖန်တီးတာပါ၊ ဒါ့ကြောင့် ကျွန်တော်တို့က ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၇၆ အရ ဦးတိုက်လျှောက်ခဲ့တယ်” ဟု
တရားစွဲဆိုခံထားရသည့် မန်းမဟော်သဓာကျောင်း ကော်မတီဝင်လည်းဖြစ်သူ ဦးဇော်ဝိတ်က ဆက်ပြောသည်။


ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းသည် ပုသိမ်ကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဆောင်ရွက်ချက်မှတ်တမ်းကို တရားရုံးသို့ တင်သွင်းရာတွင် ၎င်းအပါအဝင် မန်းမဟော်သဓာ အထက်တန်းကျောင်း တာဝန်ရှိသူများက လက်မှတ်ထိုးထားသည်ဟု ရေးသားထားကြောင်း၊ ယင်းကိစ္စကို သိရှိခြင်းမရှိသလို လက်မှတ်ထိုးထားခြင်းလည်း မရှိကြောင်း၊ ယင်းကြောင့် မမှန်သက်သေ တင်သွင်းမှုဖြင့် တရားပြန်စွဲရခြင်းဖြစ်ကြောင်း ဦးဇော်ဝိတ်က ဆိုသည်။
“ကျွန်တော်ရယ်၊ ဦးနိုင်ဝင်းထွန်းရယ်၊ ဦးသန်းဌေးရယ်က အဖွဲ့ကိုယ်စား လက်မှတ်ရေးထိုးပါသည်ဆိုပြီး တင်ထားတယ်။ အဲဒီစာရွက်မှာ ကျွန်တော် လက်မှတ် ထိုးမထားပါဘူး။ သိလည်းမသိပါဘူး။ ကျွန်တော်တို့ မသိတဲ့ ကိစ္စကို တင်ထားတာပါ” ဟု ၎င်းက ပြောသည်။
တရားခွင်အပြီး သတင်းမီဒီယာများ၏မေးမြန်းမှုကို ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းက မှတ်ချက်မပေးချင်သေးကြောင်း ပြောဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














