ခါးပတ်နှင့်လမ်းကြောင့် တရုတ်မယားလုပ်ခိုင်းရန် မြန်မာမိန်းကလေးများကို ပိုမိုအလိုရှိလာနိုင်

တရုတ်၏ ‘တစ်အိမ်ထောင် ကလေးတစ်ယောက်’ မူကြောင့် တရုတ်မယားလုပ်ရန် လူကုန်ကူးမှုကို ဖြစ်ပွားစေခဲ့ရာ ယခု ပေကျင်း၏ အဓိကမူဝါဒများက ထိုလူကုန်ကူးမှုကို ပိုမိုဆိုးရွားစေနိုင်လိမ့်မည်ဟု ဆိုကြသည်။

 

Published on Oct 17, 2019
ရှမ်းပြည်နယ်ဇာတိ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တရုတ်ပြည်သို့ ၎င်းရောင်းစားခံရစဉ်က ရခဲ့သည့်ကိုယ်ဝန်မှ မွေးသော ကလေးငယ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - မင်းဇေယျာဦး)
ရှမ်းပြည်နယ်ဇာတိ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တရုတ်ပြည်သို့ ၎င်းရောင်းစားခံရစဉ်က ရခဲ့သည့်ကိုယ်ဝန်မှ မွေးသော ကလေးငယ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - မင်းဇေယျာဦး)

ဆိုင်းစင် မနက်အိပ်ယာက နိုးလာသည့်အချိန်တွင် ခုတင်ပေါ်တွင် သူစိမ်းယောက်ျားတစ်ဦး ထိုင်လျက်ရှိသည်ကို တွေ့လိုက်ရသည်။ ထိုယောက်ျားသည် သူသတိရလာသည်ကို စောင့်ကြည့်နေဟန်တူသည်။

ထိုယောက်ျားက သူသည် ဆိုင်းစင်၏ ပူပူနွေးနွေး ခင်ပွန်းဖြစ်ကြောင်း၊ သူ့အမေက သူတို့နှစ်ယောက်အတွက် ညစာကို အောက်ထပ်တွင် ပြင်ဆင်နေကြောင်း ပြောသည်။ ထိုအချိန်က အသက် ၁၇ နှစ်သာ ရှိသေးသော ဆိုင်းစင်သည် တရုတ်ပြည်၏ ကြီးမားဆိုးရွားသော ပြဿနာဖြစ်သည့် တရုတ်မယားလုပ်ရန် လူကုန်ကူးသည့် မှောင်ခိုလောကသို့ ရောင်းချခံလိုက်ရခြင်း ဖြစ်သည်။

ဆိုင်းစင်သည် ၂၀၁၄ ခုနှစ်တွင် ကချင်ပြည်နယ်မှ တရုတ်ဘက်ခြမ်း ယူနန်ပြည်နယ်သို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိလာခဲ့သည်။ သို့သော် သူနှင့် သူ့သူငယ်ချင်းကို တရုတ်ပြည်သို့ ခေါ်လာခဲ့သော ပွဲစားတွင်မူ တခြားသော အကြံအစည်များ ရှိနေပါသည်။

သူစိမ်းယောက်ျား၏ အိမ်သို့မရောက်ခင် တစ်ညအလိုတွင် ထိုပွဲစားက သူတို့နှစ်ဦးအား အလုပ်မလုပ်ဘဲ တရုတ်ယောက်ျားများနှင့်ယူဖို့ ဖြားယောင်းသည်။ နှစ်ဦးစလုံး သဘောမတူ ငြင်းဆန်၍ ရန်ပွဲဖြစ်ခဲ့ရသည်။

သဘောမတူသောကြောင့် သူတို့နှစ်ဦး၏ အစားအစာတွင် အိပ်ဆေးများခပ်ပြီး သတိမေ့အိပ်ပျော်နေချိန်တွင် မယားအဖြစ် ရောင်းစားခဲ့သည်ဟု သူက နောက်ပိုင်းတွင် သုံးသပ်မိသည်ဟု ဆိုသည်။

“အဲဒီညက ကျွန်မတို့နှစ်ယောက်စလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတာ။ နိုးလာတော့ တရုတ် ယောက်ျားတစ်ယောက်က ဘေးမှာ ထိုင်နေတာ။ အခန်းကလည်း အရင်နေနေကျ အခန်းမဟုတ်ဘူး” ဟု သူက Myanmar Now ကို ပြောပြသည်။

ထိုအချိန်မှစ၍ သူ့ကို အိမ်ပြင်ထွက်ခွင့် မပေးတော့ပါ။ တရုတ်ပြည်၏ မည်သည့်နေရာတွင် သူရောက်ရှိနေမှန်းပင် သူမသိခဲ့ရပါ။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြန်မာပြည်မှ ထောင်နှင့်ချီသော အမျိုးသမီးများသည် ဆင်းရဲတွင်းမှ လွတ်မြောက်ရန် ရည်မှန်းချက်ဖြင့် နယ်စပ်ကိုဖြတ်၍ အလုပ်အကိုင် ရှာဖွေကြရာ တရုတ်ယောက်ျားများနှင့် အဓမ္မ ပေးစားခံကြရသည်။ ဆိုင်းစင်သည်လည်း ထိုအမျိုးသမီးများထဲ တစ်ယောက်အပါအဝင်ဖြစ်သည်။

သို့သော်လည်း လူကုန်ကူးမှုတရားခံအများစုသည် အဖမ်းဆီးမခံကြရဘဲ လွတ်မြောက်လျက်ရှိပြီး လူကုန်ကူးမှုအနည်းငယ်ကိုသာ နှစ်ဖက်နယ်စပ်မှ အာဏာပိုင်များက တားဆီးနိုင်ခဲ့သည်။

တရုတ်ပြည်တွင် ယခင်ကကျင့်သုံးခဲ့သော တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကြောင့် ယခုဆိုလျှင် တရုတ် အမျိုးသားဦးရေပေါင်း ၃၄ သန်းခန့် ပိုလျှံနေရာ အိမ်နီးနားချင်း ဆင်းရဲသော နိုင်ငံများမှ အမျိုးသမီးများကို လူကုန်ကူးမှုများ မြင့်တက်လာခဲ့သည်။ ထို့အပြင် ယခု ပေကျင်း၏ လက်ရှိ အဓိကလုပ်ငန်းမူဝါဒများသည် ထိုဆိုးရွားသော လူကုန်ကူးမှုကို မီးလောင်ရာလေပင့် ဖြစ်စေမည်ဟု ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများက စိုးရိမ်နေကြသည်။

ခါးပတ်လမ်း (ခေတ်သစ်ပိုးလမ်းမ) စီမံကိန်းသည် ကမ္ဘာတစ်ဝန်းတွင် အခြေခံအဆောက်အအုံအသစ်များ ဆောက်လုပ်ရန် လျာထားသော ရည်မှန်းချက်ကြီးသည့် စီမံကိန်းဖြစ်သည့်အလျောက် နယ်စပ်တွင် ဆောက်လုပ်ရေး လုပ်ငန်းအများအပြား ဖြစ်ထွန်းလာစေရာ ရွှေ့ပြောင်းလုပ်သားများကို လက်ယပ်ခေါ်သကဲ့သို့ဖြစ်ပြီး ထိုလုပ်သားများအပေါ် ခေါင်းပုံဖြတ်စရာလည်း ဖြစ်ပေါ်လာခဲ့သည်။

ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များရရှိရန် ခက်ခဲသော်လည်း ခါးပတ်လမ်းစီမံကိန်းနှင့် လူကုန်ကူးမှု ဆက်စပ်မှုရှိကြောင်း စိုးရိမ်စေသည့် အကြောင်းပြချက်များ ရှိသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) ၏ အမျိုးသမီးအခွင့်အရေး ဌာနမှ ပူးတွဲဒါရိုက်တာ ဟယ်သာ ဘားရ် (Heather Barr) က ပြောသည်။

“မြန်မာကနေ တရုတ်ကို မယားလုပ်ခိုင်းဖို့ လူကုန်ကူးတာတွေ၊ တခြားနေရာက လူကုန်ကူးမှုတွေကို ကျွန်မတို့ လေ့လာစုံစမ်းရသလောက်ကို အခြေခံပြီး ပြောရမယ်ဆိုရင် လူကုန်ကူးမှုနှင့် ခါးပတ်လမ်းစီမံကိန်းကြားမှာ ဆက်စပ်မှုရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်” ဟု ဘားရ်က Myanmar Now ကို ပြောသည်။

“တရုတ်ပြည်မှာ ဇနီးမယားတွေ အများအပြားလိုအပ်နေတာကို ထောက်ရှုရင် ခါးပတ်နှင့်လမ်း စီမံကိန်းကနေ ပွားစီးလာတဲ့ လုပ်ငန်းအသစ်တွေထဲမှာ လူကုန်ကူးမှုဟာလည်း တစ်ခုအပါအဝင် ဖြစ်တယ်ဆိုတာက အံ့ဩစရာတော့ မဟုတ်ပါဘူး” ဟု သူကဆိုသည်။

ခါးပတ်နှင့်လမ်း စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် မြန်မာနှင့် တရုတ်ကြားတွင် စီးပွားရေး စင်္ကြံ လမ်းကြီးဖောက်ရန်သဘောတူညီထားပြီးဖြစ်သည်။ ထိုစီမံကိန်းတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပြည်ပကုန်သွယ်ရေးလမ်းကြောင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့်၊ တရုတ်ပြည်ရှိ ရွှေလီနှင့် နယ်စပ်ချင်းကပ်နေသည့် မူဆယ်မြို့တွင် အထူးစီးပွားရေးဇုန်တစ်ခု တည်ထောင်ရန်လည်း ပါဝင်သည်။ ထို့အပြင် မန္တလေးနှင့် တရုတ်ပြည်ကို ဆက်သွယ်သည့် အမြန်ရထားလမ်းတစ်လမ်း ဖောက်လုပ်ရန်လည်း စီစဉ်နေကြပြီဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းများ တိုးပွားလားခြင်းကြောင့် မိန်းမရှာနေသည့် တရုတ်အမျိုးသား အလုပ်သမားများ နယ်စပ်တွင် ပိုမိုရောက်ရှိလာမည်ဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမများလည်း ထိုတရုတ်အမျိုးသားများရှိသော နယ်စပ်ဒေသတွင် အလုပ်လုပ်ကိုင်ရန် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်ဟု လူကုန်ကူးခံရသူများကို ကူညီကယ်တင်သူ ကချင်အမျိုးသမီး ခွန်ဂျာက ပြောသည်။

ထိုဖြစ်စဉ်က လူကုန်ကူးသူများကို အခွင့်အလမ်းပေးသလို ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

“အဲဒီမှာရောက်နေတဲ့ ဆောက်လုပ်ရေးလုပ်သား တော်တော်များများက မိန်းမ မရှိကြဘူး။ ဒါမှမဟုတ် သူတို့အိမ်မှာ ကျန်ခဲ့တဲ့ မယားတွေ ရှိကောင်းရှိနိုင်ပေမယ့် နယ်စပ်ကိုတော့ မယားတွေကို ခေါ်မလာကြဘူး” ဟု ခွန်ဂျာက Myanmar Now ကို ပြောပြသည်။

“နောက်တစ်ခုက အဲဒီနေရာတွေမှာ အလုပ်သမားတွေ အများကြီးရောက်လာတဲ့အခါ အသေးစား လုပ်ငန်းတွေလဲ မှိုလိုပေါက်လာတာပဲ။ အဲဒီလိုလုပ်ငန်းမျိုးတွေက သန့်ရှင်းရေးလုပ်ဖို့၊ စားသောက်ဆိုင်တွေမှာ စားပွဲထိုးလုပ်ဖို့ အမျိုးသမီးတွေကို လိုအပ်လာတော့ ဒါတွေကလည်း အကြောင်းရင်းခံတွေ ဖြစ်လာတာပဲ” ဟု သူက ဆက်ပြောသည်။

ဆိုင်းစင်နှင့် သူငယ်ချင်းအပြင် ကောင်လေးတစ်ဦးသည်လည်း စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟုဆိုကာ တရုတ်ပြည်သို့ ဖြားယောင်းခေါ်ယူခြင်း ခံခဲ့ရသည်။ ပွဲစားများရောက်လာချိန်တွင် သူတို့သုံးဦးသည် မြစ်ကြီးနားရှိ စစ်ရှောင်စခန်းတစ်လုံးတွင် ရှိနေချိန်ဖြစ်သည်။

နယ်စပ်ကို ကျော်ဖြတ်ပြီးသောအခါ ကောင်လေးကို ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်သွင်းရန် ခေါ်သွားပြီး ဆိုင်းစင်နှင့် သူငယ်ချင်းမှာမူ ပွဲစား၏ တိုက်ခန်းရှိ အခန်းတစ်ခန်းတွင် သော့ခတ်ခံထားရသည်။

ထို့နောက် စားသောက်ဆိုင်ကို ရဲများက ဝင်ရှာသွားသောကြောင့် ထိုအလုပ်မရှိတော့ဟု သူတို့နှစ်ဦးအား ပြောလာသည်။

“တရုတ်အမျိုးသားတွေကို လက်ထပ်ရင် လက်ဝတ်ရတနာတွေ ဆင်ပေးမယ်ဆိုပြီးတော့တောင် သူတို့က ဖြားယောင်းသေးတယ်” ဟု သူက ပြန်ပြောင်းပြောပြသည်။

တော်တော်များများက အိမ်ပြန်မရောက်ကြဘူး

ဆိုင်းစင်၏ ဖြစ်စဉ်က ထူးခြားဆန်းပြားသည်တော့ မဟုတ်ပါ။ တရုတ်ပြည်သို့ သွားသော ကချင်အမျိုးသမီးများအတွက် လူကုန်ကူးမှုခံရရန် အခွင့်အလမ်းမှာ အတော်ပင် များပြားသည်။ တရုတ်ပြည်တွင် လက်ရှိနေထိုင်လျက်ရှိသော ကချင်အမျိုးသမီးများ၏ ၃၇ ရာခိုင်နှုန်းသည် အဓမ္မလက်ထပ်ထိမ်းမြားခြင်း ခံရသူများဖြစ်သည်ဟု လူထုကျန်းမာရေးကျောင်း တစ်ကျောင်းဖြစ်သော Johns Hopkins Bloomberg School of Public Health က ယမန်နှစ်အတွင်း ပြုလုပ်ခဲ့သော သုတေသနတစ်ခုတွင် ခန့်မှန်းထားသည်။

ထိုသုတေသနက အတင်းအဓမ္မ ပေးစားခံရသော လူကုန်ကူးမှုသားကောင် မြန်မာအမျိုးသမီးပေါင်း ၂၀၁၇ ခုနှစ်အတွင်း ယူနန်ပြည်နယ်တွင် ၅,၆၀၀ ကျော်ရှိသည်ဟု ခန့်မှန်းထားသည်။ သို့သော် ထိုနှစ်အတွင်း ကချင်ပြည်နယ်ရှိ ရဲများက ဖမ်းဆီးလိုက်နိုင်သော လူကုန်ကူးမှုပေါင်းမှာ ၁၈ မှုသာ ရှိသည်။

“လူကုန်ကူးမှုခံရတဲ့ အမျိုးသမီးတော်တော်များများက ဘယ်တော့မှ အိမ်ကို ပြန်မရောက်လာကြတော့ပါဘူး” ဟု ဘားရ်က ပြောသည်။ ထို့ကြောင့်ပင် ထိုအမှုများသည် အစိုးရထံတွင် စာရင်းမပေါက်ဘဲ ပျောက်ဆုံးသွားရသည်။

ထိုသို့ အန္တရာယ်များရှိနေသော်လည်း ဆင်းရဲမွဲတေမှုများ၊ စစ်ဘေးဒုက္ခဒဏ်များ၊ ချွတ်ခြုံကျမှုများကြောင့် ကချင်ပြည်နယ်သူ ပြည်နယ်သားများအတွက် တရုတ်ပြည်သို့သွား၍ အလုပ်လုပ်ရန်မှ လွဲပြီး အခြားရွေးချယ်စရာ သိပ်မရှိပါဟု ဖုန်ရမ်က ပြောသည်။ ဖုန်ရမ်သည် မြစ်ကြီးနားမြို့အနီး ပြည်တွင်း စစ်ရှောင်သူများအတွက် ဖွင့်ထားသည့် Takhone Church of Christ စစ်ရှောင်စခန်း၏ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သည်။

ထိုစခန်းရှိ ခိုလှုံသူအများစုသည် ပြည်နယ်၏ အရှေ့မြောက်အပိုင်းမှ လွန်ခဲ့သော ရှစ်နှစ်က ထွက်ပြေးလာကြသူများဖြစ်သည်။

“ကျွန်တော်တို့ရွာတွေ အကုန်လုံး မီးလောင်ပျက်စီးသွားတော့ အိပ်ရာခင်းနဲ့ အဝတ်အစားနည်းနည်းကလွဲပြီး ဘာမှ မယူလာနိုင်ခဲ့ပါဘူး။ အရပ်သားတွေ အားလုံး ထွက်ပြေးခဲ့ကြရတာပဲ” ဟု သူက Myanmar Now ကို ပြောသည်။

နယ်စပ်ကို ဖြတ်ရန်မှာ အကုန်အကျ မများသည့်အပြင် စခန်းရှိ လူအများစုသည် ထွက်ပေါက်တစ်ခုရရန် အာသီသ ပြင်းပြနေကြသည်ဟု သူကဆိုသည်။

“တရုတ်ပြည်မှာ အလုပ်သွားလုပ်ရင် အန္တရာယ်ရှိတယ်ဆိုတာ သူတို့လဲ ကြားကြပါတယ်။ ဒါပေမဲ့ တခြားမှာ အလုပ်ရဖို့ မရှိတော့ သူတို့တွေ စွန့်စားပြီး သွားကြတာပဲ” ဟု သူက ဆက်ပြောသည်။

မြန်မာစစ်သားများ၏ အဓမ္မမြေသိမ်းဆည်းမှုများကြောင့် နယ်ခံတို့၏ အခက်အခဲကို ပိုမိုဆိုးရွားစေသည်ဟု ထိုင်းနိုင်ငံ ကချင်အမျိုးသမီးအဖွဲ့အစည်း၏ အထွေထွေအတွင်းရေးမှူး မွန်းနေလီက ပြောသည်။

“စစ်တပ်က စစ်တန်းလျားတွေဆောက်ဖို့ နယ်ခံတွေဆီက မြေတွေ သိမ်းယူပါတယ်” ဟု သူက ပြောသည်။

အချို့သော အခြေအနေများတွင် စစ်ရှောင် ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများ မလုပ်နိုင်အောင် အစိုးရက တားဆီးပိတ်ပင်ခဲ့သည်။

လူလည်ကျခြင်း

ကချင်ပြည်နယ်ရှိ လူကုန်ကူးအဖွဲ့အစည်းများသည် အမျိုးသမီးများကို ဖြားယောင်းသွေးဆောင်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။

လူကုန်ကူးသူများမှ အချို့သည် ခင်ပွန်းလောင်းအဖြစ် ဟန်ဆောင်ကာ ကချင်သမီးပျိုများကို လက်ထပ်ပြီး တရုတ်ပြည်သို့ ခေါ်ယူရန် မင်္ဂလာကြေးကြီးကြီး ပေးမည်ဟု ကမ်းလှမ်းကြသည်။ ထိုမင်္ဂလာမောင်နှံ နယ်စပ်ကို ကျော်ဖြတ်ပြီးသည့် အချိန်တွင်မူ လူကုန်ကူးသူက အမျိုးသမီးဖြစ်သူကို အခြားသူနှင့် အဓမ္မလက်ထပ်ထိမ်းမြားရန် ရောင်းစားမည်ဖြစ်သည်။

“ထုံးတမ်းအစဉ်အလာအရ ကချင်လူမျိုးတွေဟာ မင်္ဂလာကြေး များများရတာကို အလွန်ဂုဏ်ယူကြတာ” ဟု ကချင်အမျိုးသမီးများအဖွဲ့အစည်း၏ ဒါရိုက်တာ လမုန်ခေါင်က ပြောသည်။

ထို့အပြင် လူကုန်ကူးသူ ပွဲစားများသည် ဒေသတွင်းခေါင်းဆောင်များထံ ချဉ်းကပ်ပြီး နယ်စပ်အကျော်တွင် အလုပ်အကိုင်များ ရရှိနိုင်သည်ဟု ကောလာဟလများဖြန့်ကာ နယ်ခံများအား ချဉ်းကပ်သွေးဆောင်ကြသည်ဟု သူကဆိုသည်။

တစ်ခုသော အဖြစ်အပျက်တွင် ပွဲစားများသည် နယ်ခံသီလရှင်များကို စည်းရုံးပြီး ရွာသားများကို တရုတ်ပြည်တွင် အလုပ်သွားလုပ်ရန် ဟောပြောခိုင်းသည်။ ထိုသို့ အလုပ်သွားလုပ်သော လူများသည် လူကုန်ကူးခြင်း ခံကြရသည်။

“သူတို့ကို ဒီကို ပြန်ခေါ်ယူနိုင်ဖို့ နှစ်ပေါင်းများစွာ ကြာခဲ့ရတယ်။ သီလရှင်တွေကိုလည်း လူဝတ်လဲခိုင်းလိုက်ရတယ်” ဟု လမုန်ခေါင်က ဆိုသည်။

လူကုန်ကူးခံရသူ အများအပြားရှိသည့်အနက် အနည်းအကျဉ်းကိုသာ ကယ်တင်နိုင်ခဲ့ခြင်း၏ အကြောင်းအရင်းတစ်ခုမှာ မြန်မာအာဏာပိုင်များ၊ တရုတ်အာဏာပိုင်များနှင့် ကချင်ပြည်နယ် ဒေသအတော်များများကို ချုပ်ကိုင်ထားသော ကေအိုင်အေတို့ချင်း ပူးပေါင်းလုပ်ဆောင်မှု အားနည်းသောကြောင့်ဖြစ်သည်။

“ထိရောက်တဲ့ စုံစမ်းစစ်ရေးကို နယ်စပ်တစ်ဖက်ကပဲ လုပ်နေလို့မရပါဘူး။ ဒီလိုအမှုတစ်ခုချင်းစီမှာ နယ်စပ်ခြားတရားဥပဒေအရာရှိတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ လိုအပ်ပါတယ်၊ ဒါပေမဲ့ ဒီလိုပူးပေါင်းစုံစမ်းမှုတွေက မရှိသလောက်ပါပဲ” ဟု မစ္စဘားရ်က ပြောသည်။

မြန်မာ ပြည်ထဲရေးဝန်ကြီးဌာနရှိ တာဝန်ပုဂ္ဂိုလ်များ၊ ရဲအရာရှိများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ဝင်များအားလုံး ဤဆောင်းပါးအတွက် မှတ်ချက်ပေးရန် ငြင်းဆန်ကြသည်။

ယူနန်ပြည်နယ် လူထုလုံခြုံရေးဌာနကမူ Myanmar Now အား စာဖြင့် ယခုလို ပြန်လည်ဖြေကြားသည်။

“၂၀၁၇ ခုနှစ်မှစ၍ ယူနန်ပြည်နယ်တွင် မြန်မာလူမျိုးများအပါအဝင် လူကုန်ကူးမှု ၂၅ မှုကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ တရားခံဟုယူဆရသူ ၅၇ ဦးကို ဖမ်းဆီးရရှိသည်။ ထို့အပြင် ရာဇဝတ်ဂိုဏ်း ၆ ဂိုဏ်းကို တိုက်ဖျက်နိုင်ခဲ့ပြီး မြန်မာအမျိုးသမီး ၃၃ ဦးကို ကယ်တင်နိုင်ခဲ့သည်။”

ထိုဌာနသည် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်အတွင်း ဟေးလောင်ကျန်း၊ ကျန်းစူနှင့် ဟူနန်ပြည်နယ်များ အပါအဝင် အနယ်နယ်အရပ်ရပ်ရှိ လူကုန်ကူးခံရသူ မြန်မာအမျိုးသမီးနှင့် ကလေးသူငယ်ပေါင်း ၃၃၁ ဦးကို အိမ်ပြန်နိုင်ရန် ကူညီပေးခဲ့သည်ဟု ၎င်းတို့၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ငွေဝယ်မယားဘဝမှ ကယ်တင်သူဖြစ်လာသူ

သို့သော် အခြေအနေအများစုတွင်မူ ကချင်လူမျိုးများသည် မိမိကိုယ်ကိုယ်သာ အားကိုးကြရသည်။

ကချင်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော Htoi Gender and Development Foundation မှ ဥပဒေရေးရာအကြံပေး ဆာလီထွေက ၎င်း၏အဖွဲ့အစည်းသည် ၎င်းတို့နှင့် အဆက်အသွယ်ရှိသော လူကုန်ကူးခံရသည့် အမျိုးသမီးများ၏ အသေးစိတ်အချက်အလက်များနှင့် တရုတ်ပြည်ရှိ နေထိုင်ရာ နေရာကိုပါ တရုတ်အာဏာပိုင်များထံ ပေးပို့ခဲ့သော်လည်း တရုတ်ရဲများသည် ထိုသို့ပေးပို့သည့် အခါတိုင်း အရေးယူမဆောင်ရွက်ဘဲ တစ်ခါတရံတွင် မေ့မေ့ပျောက်ပျောက်ပင် နေလိုက်ကြသည်ဟု ဆိုသည်။

“တရုတ်ရဲတပ်ဖွဲ့က ဘာမှ အရေးယူတာမျိုးမလုပ်တော့ လူကုန်ကူးခံရသူတွေကို ကိုယ့်ဘာသာ ထွက်ပြေးကြဖို့ ပြောရတယ်” ဟု သူကဆိုသည်။

စောမ်နူးသည် ၂၀၁၁ ခုနှစ်တွင် အတင်းအဓမ္မ ပေးစားခံထားရသည့် ဘဝမှ လွတ်မြောက်ခဲ့သည်။ ထို့နောက် အာဏာပိုင်များ၏ လျစ်လျူရှုမှုများအပေါ် အားမလိုအားမရဖြစ်ပြီး တရုတ်ပြည်တွင် သူတတ်မြောက်ခဲ့သော တရုတ်ဘာသာစကား ကျွမ်းကျင်မှုကို အသုံးချကာ အမျိုးသမီး ၁၄ ယောက်ကို ကယ်တင်နိုင်ခဲ့သည်။

စောမ်နူးသည် လူကုန်ကူးခံရသူများ၏ သတင်းအစအန ရပါက လိုက်လံစုံစမ်းပြီး ထိုသူများကို ဝယ်ယူခဲ့သည့် မိသားစုနှင့် ရင်းနှီးအောင်ပြုလုပ်ကာ လူကုန်ကူးခံရသူများကို ဆက်သွယ်နိုင်ခဲ့သည်။ ထို့နောက် ထိုအိမ်များမှ လွတ်မြောက်နိုင်ရန် နည်းလမ်းများကို ရှာဖွေပေးခဲ့သည်။

သူကယ်တင်ခဲ့သော လူများထဲမှ တစ်ယောက်သည် နွမ်ရိဖြစ်သည်။ နွမ်ရိသည် ၂၀၀၇ ခုနှစ်တွင် ပွဲစားများ၏ ဆေးခပ် ပြန်ပြေးဆွဲခြင်းကို ခံခဲ့ရသည်။ ထိုပွဲစားများသည် နွမ်ရိအား အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ကာ တရုတ်နယ်စပ်အစောင့်များရှေ့တွင် ရူးနေသလို ဟန်ဆောင်ခိုင်းခဲ့သည်။ သို့မှသာ နယ်စပ်အစောင့်များ နွမ်ရိအား မေးခွန်းများမေးခြင်း၊ အချက်အလက်များ စစ်ဆေးခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

စောမ်နူးသည် နွမ်ရိကို ခေါ်ယူထားသော မိသားစုအား လိုက်လံစုံစမ်းခဲ့ပြီး သူသည် နွမ်ရိနှင့် ညီအစ်မတော်သည်ဟု ထိုမိသားစုကို အယုံသွင်းနိုင်ခဲ့သည်။ ထိုမိသားစုသည် စောမ်နူးအား နွမ်ရိထံ လာလည်ရန် ခွင့်ပြုခဲ့ပြီး အချိန်ကြာလာသောအခါ ထွက်ပြေးရန် နွမ်ရိကို စောမ်နူး နားချနိုင်ခဲ့သည်။ သူသည် နွမ်ရိအား ပိုက်ဆံများပေးပြီး အိမ်ပြန်ရောက်နိုင်ရန် လမ်းကြောင်းများ စီစဉ်ပေးခဲ့သည်။

ဆိုင်းစင်လွတ်မြောက်ခဲ့သည်မှာမူ ကံအလွန်ကောင်း၍သာ ဖြစ်သည်။ သူ့ကို ခေါ်ယူထိန်းသိမ်းထားသော အိမ်သည် ခြံစည်းရိုးမြင့်များ ပတ်လည် ကာရန်ထားပြီး ခြံတံခါးမှာလည်း အမြဲသော့ခတ်ထားသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကချင်အမျိုးသားတစ်ဦးသည် သူတို့နှင့် ခြံချင်းနီးတွင် နေထိုင်လျက်ရှိသည်။ ထိုအမျိုးသားသည် လူကုန်ကူးခံရသော အမျိုးသမီးတစ်ဦး အိမ်နီးဝန်းကျင်တွင် ရောက်ရှိနေသည်ဟု သတင်းရပြီး စုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။

“တစ်နေ့ ကျွန်မ ပန်းခြံထဲ လမ်းလျှောက်နေတုန်း ယောက်ျားတစ်ယောက်က ဂျိန်းဖောဘာသာစကားနဲ့ ‘နင်က ကချင်လား’ လို့ အော်မေးတာ” ဟု ဆိုင်းစင်က ပြန်ပြောင်းပြောပြသည်။

အဖြစ်အပျက်များကို ရှင်းပြပြီးသည့်နောက် ထိုကချင်ယောက်ျားက သူ့အား ခြံစည်းရိုးကို ခုန်ကျော်ရန် ပြောသည်။

“ပန်းခြံထဲမှာ ပန်းအိုးအလွတ်တွေ အများကြီးရှိတယ်။ အဲဒီပန်းအိုးတွေကို ဆွဲပြီး တစ်အိုးပြီးတစ်အိုး ထပ်ပြီး ခြံကို ကျော်ခဲ့တာ” ဟု သူကဆိုသည်။

ခြံအပြင်သို့ ရောက်ပြီးနောက် ကချင်အမျိုးသားသည် သူ့အား ဘတ်စ်ကားဂိတ်သို့ ခေါ်သွားပြီး လက်မှတ်တစ်စောင် ဝယ်ပေးကာ သူ့ကို မြန်မာပြည်သို့ ဘေးကင်းစွာ ပြန်ပို့ပေးရန် ဘတ်စ်ကားမောင်းသူကိုလည်း အကူအညီတောင်းခဲ့သည်။ လမ်းခရီးတွင် လိုအပ်ပါက သုံးစွဲနိုင်ရန် ဆိုင်းစင်အား ယွမ် ၂၀၀ (၂၈ ဒေါ်လာခန့်)ကိုလည်း ပေးခဲ့သေးသည်။

ဆိုင်းစင်၊ စောမ်နူးနှင့် နွမ်ရိတို့ သုံးဦးစလုံး ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကြောင့် စိတ်ဒဏ်ရာ အမာရွတ်များ ကျန်ရှိနေဆဲဖြစ်သည်။

ဆိုင်းစင်သည် ညအချိန် ရောက်လာပါက အလွန်အမင်းထိတ်လန့်မှုကို ခံစားနေရဆဲဖြစ်သည်။ သူဖမ်းဆီးခံထားရစဉ် အဆိုးရွားဆုံးအချိန်သည် ညအချိန် ဖြစ်ခဲ့သည်။

“အိပ်ရာဝင်ရတာ အရမ်းကို စိတ်အဆင်းရဲဆုံးအချိန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလူစိမ်းတစ်ယောက်နဲ့ လိင်ဆက်ဆံရမှာ မို့လို့ပဲ” ဟု သူကပြောသည်။

အခြားလွတ်မြောက်သူများနည်းတူ နွမ်ရိသည် သူ၏ကလေးကို တရုတ်ပြည်တွင် မတတ်သာစွာ ချန်ထားခဲ့ရသည်။ သားလေးသည် သူထွက်ပြေးစဉ်က နှစ်နှစ်သားအရွယ်ရှိပြီး ယခုဆိုလျှင် ၁၀ နှစ်ရှိပြီ ဖြစ်သည်။

“ကျွန်မသားလေးကို အရမ်းလွမ်းတာပဲ။ အထူးသဖြင့် သူနဲ့ရွယ်တူ ကလေးတွေကို တွေ့ရင် ပိုသတိရတယ်။ ဒါပေမယ့် ကျွန်မ သူ့ကို မပိုင်တော့ဘူး။ ကျွန်မအနေနဲ့ ဘာမှ လုပ်လို့မရဘူး” ဟု သူက ဝမ်းနည်းစွာဆိုသည်။

(ဂရေမ် အေးခက်စ် (Graeme Acres) သည် ဟောင်ကောင်တက္ကသိုလ်၌ ဂျာနယ်လစ်ဇင်နှင့် မီဒီယာဘာသာရပ်တွင် တက်ရောက်သင်ကြားနေသူဖြစ်ပြီး Myanmar Now တွင် ခေတ္တအလုပ်အတွေ့အကြုံယူနေသူ ဖြစ်သည်။ ယခုဆောင်းပါးအတွက် Veta Chan နှင့် Brandon Johnson တို့ ကူညီရေးသားသည်။ လူကုန်ကူးမှုမှလွတ်မြောက်သူများ၏ အမည်များကို လွှဲထားပါသည်။)

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading