သတင်း

တရားခံပြေး ဦးစိုးထွန်းရှိန်ကို ဘန်ကောက်မြို့တွင် တွေ့ရှိဟုဆို

မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ကြေညာထားသော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ယနေ့ နေ့လယ်ခင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့မြင်ခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။ 

ထိုင်းနိုင်ငံစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရှပ်အင်္ကျီအစင်းကျားလက်တိုနှင့် ဂျင်းနက်ပြာရောင် ဝတ်ဆင်ထားသော ဦးစိုးထွန်းရှိန်သည် မြန်မာစကားပြော အမျိုးသမီးနှစ်ဦးနှင့် ထိုင်းအမျိုးသမီးတစ်ဦးတို့နှင့် အတူတွဲ၍ ဘန်ကောက်လေဆိပ်မှ ထွက်လာသည်ကို မြင်တွေ့ခဲ့ရကြောင်း ၎င်းနောက်မှလိုက်၍ ဓာတ်ပုံမှတ်တမ်းရိုက်ယူခဲ့သူ မြန်မာနိုင်ငံသား ဦးထွန်းမောင်ငြိမ်းက Myanmar Now ကို ဖုန်းဖြင့် ပြောပြသည်။

“အထုပ်အပိုး လေးလုံးလောက်လည်း ပါတယ်။ မြင်လိုက်တာနဲ့ သတင်းထဲမှာပါတဲ့ ဦးစိုးထွန်းရှိန်ဆိုတာ သိတာနဲ့ နောက်ကနေ လိုက်သွားတာပါ။ သူစီးသွားတဲ့ ကားနံပါတ်ကိုပါ ဓာတ်ပုံရိုက်လိုက်နိုင်တယ်” ဟု ဘန်ကောက်မြို့ရှိ နိုင်ငံခြားခရီးသွားကုမ္ပဏီတစ်ခုတွင် ကားမောင်းနေသူ ဦးထွန်းမောင်ငြိမ်းက ဆိုသည်။ 

ဦးထွန်းမောင်ငြိမ်းပေးပို့သော ဓာတ်ပုံတစ်ပုံအရ ဦးစိုးထွန်းရှိန်အား ဘန်ကောက်လေဆိပ်တွင် လာကြိုသော ကားမှာ HIACE  အမျိုးအစား ကားနံပါတ် 30-0572 ဖြစ်သည်။ 

လေဆိပ်မှတ်တမ်းများအရ ယနေ့ နေ့လယ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်သို့ ထွက်ခွာသော လေကြောင်းခရီးစဉ်မှာ Thai Air Asia လေကြောင်းလိုင်း၏ FD 256 လေယာဉ်တစ်စီးတည်းသာ ရှိသည်။ 

ဦးစိုုးထွန်းရှိန်ဘန်ကောက်လေဆိပ်မှထွက်ခွာသွားသော HIACE ကား။

ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ရှိ ဧက ၆၀၀၀ ကျော်ရှိသော မိုးထိမိုးမိရွှေလုပ်ကွက်ကြီးတွင် နိုင်ငံတော်နှင့် စာချုပ်ချုပ်ပြီး လုပ်ကိုင်ခဲ့ရာ  နိုင်ငံတော်အား သတ်မှတ်ရွှေပိဿာများ မပေးဆောင်မှု၊ တရားမဝင် ဆက်လက်ရွှေတူးဖော်မှုတို့ကြောင့် အစိုးရက ၎င်းနှင့် ၎င်း၏ကုမ္ပဏီ တာဝန်ရှိသူအချို့အား ရာဇဝတ်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။ 

ထောင်ဒဏ် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ထိုက်သော သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) အပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆၁ တို့ဖြင့် အမှုဖွင့်ခံထားရသော ဦးစိုးထွန်းရှိန်သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းကို တရားခံပြေးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင် ကြေညာခဲ့သည်။ 

ဦးစိုးထွန်းရှိန် ယနေ့နေ့ခင်း မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်သွားကြောင်း သတင်းရရှိသလားဟု ၎င်းအား အမှုဖွင့်ထားရာ ရမည်းသင်းရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စခန်းမှူး ဒုရဲမှူးထွေးလှိုင်က ယခုကိစ္စနှင့် ပတ်သက်၍ မည်သည့်သတင်းအချက်အလက်မှ မရရှိသကဲ့သို့ သူ့တွင် ဖြေကြားခွင့်လည်းမရှိကြောင်း ပြောသည်။ 

ဦးစိုးထွန်းရှိန်၏ အမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး Myanmar Now သတင်းဌာနက “မိုးထိမိုးမိရွှေတွင်းကြီးနှင့် တရားခံပြေး မဘသဒါယကာသူဌေးကြီး” အမည်ရှိ ဆောင်းပါးရှည်အား မကြာသေးခင်က ဖော်ပြခဲ့ပြီးဖြစ်သည်။ 

Show More

Related Articles

Back to top button