မြန်မာမီဒီယာတွေကို အသုံးချပြီး တရုတ်အစိုးရ ဘယ်လိုဝါဒဖြန့်ချိနေလဲ

မြန်မာလူထုကြားတွင် ကျဆင်းခဲ့သော ပုံရိပ်ကိုမြှင့်တင်ရန်အတွက် တရုတ်နိုင်ငံသည် နည်းလမ်းမျိုးစုံကို သုံးလျက်ရှိရာတွင် မြန်မာ့နာမည်ကြီး သတင်းမီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် တရုတ် ကောင်းသတင်း ပါဝင်မှုမြင့်တက်အောင် ကြိုးစားခြင်းသည် နည်းတစ်နည်းဖြစ်သည်။

Published on Oct 12, 2019
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အခမ်းအနားတစ်ခုတွင် “ပေါက်ဖော်” သတင်းစာ များကို ကြည့်ရှုနေပုံ (ဓာတ်ပုံ - ပေါက်ဖော် 胞波 /Facebook)
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အခမ်းအနားတစ်ခုတွင် “ပေါက်ဖော်” သတင်းစာ များကို ကြည့်ရှုနေပုံ (ဓာတ်ပုံ - ပေါက်ဖော် 胞波 /Facebook)

ကချင်နှင့် ရှမ်းပြည်နယ်တို့မှ မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် ရောင်းစားခံရသည် ဆိုသည့် သတင်းတိုင်းသည် ရင်နင့်စရာ၊ ခါးသီးစရာ သတင်းဆိုးများဖြစ်သော်လည်း မြန်မာဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာတစ်စောင်ကမူ တရုတ်နိုင်ငံတွင် အိမ်ထောင်ကျသည့် အမျိုးသမီးများ၏ အတွေ့အကြုံကို “ကြည်နူးဖွယ်” သတင်းတစ်ပုဒ်အဖြစ် တင်ဆက်ခဲ့ဖူး သည်။

ဩဂုတ်လ ၁၃ ရက်နေ့က “ပေါက်ဖော်” သတင်းစာ၏ Facebook စာမျက်နှာတွင် တင်ထားသော ဆောင်းပါးတွင် “ပေါက်ဖော်တို့ အတူလျှောက်လမ်းကြသည့် ပျော်ရွှင်ကြည်နူးဖွယ်လမ်း” ဟူသော ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ၊ တက်ဟုန်းပြည်နယ်ခွဲရှိ "နေအိမ်တစ်အိမ်၌" အိမ်ထောင်ကျခဲ့သည့် အသက် ၃၄ နှစ်အရွယ် ကချင်အမျိုးသမီး မထုစန်၏ အကြောင်းကို ဖော်ပြထားသည်။

“တရုတ်နိုင်ငံ၌ အိမ်ထောင်ကျခဲ့သည့် ငါးနှစ်တာကာလအတွင်း ကျွန်မသည် နေအိမ် အသစ်တွင် နေထိုင်နိုင်ခဲ့သည့်အပြင် သန့်ရှင်းရေးလုပ်သား အလုပ်ကိုလည်း ရရှိခဲ့ပါသည်။ နေထိုင်မှုဘဝ အတွက် အာမခံချက် ရရှိသွားခဲ့သောကြောင့် ကျွန်မသည် အလွန်ကျေနပ်ပြီး အလွန်ကျေးဇူးတင်မိခဲ့ပါသည်” ဟု အစချီကာ မထုစန်၏ ဘဝဇာတ်လမ်းကို ဖတ်နေကျသတင်းများနှင့်မတူအောင် ရေးသားထားသည်။

ထို “ပေါက်ဖော်” သတင်းစာသည် မြန်မာနှင့်နယ်နိမိတ်ထိစပ်နေသော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ခြမ်း တက်ဟုန်းပြည်နယ်ခွဲ အစိုးရပိုင် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနလက်အောက်ခံ တက်ဟုန်းမီဒီယာအုပ်စုက မြန်မာဘာသာဖြင့် ထုတ်ဝေနေသည့် သတင်းစာဖြစ်သည်။ “ပေါက်ဖော်” သတင်းစာ၏ Facebook လူမှုကွန်ရက်စာမျက်နှာကို ၂၀၁၅ ခုနှစ်ကတည်းက လွှင့်တင်ခဲ့ပြီး “တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်၊ စီးပွားရေးနှင့် ယဉ်ကျေးမှုများ၊ သတင်းများကို တင်ဆက်ပေးနေသည်” ဟု ဖော်ပြထားသည်။ 

ပေါက်ဖော် သတင်းစာသည် မြန်မာနိုင်ငံတွင် တရုတ်က သူ့အပေါ် မြန်မာတို့ကမြင်စေချင်သောပုံစံကို ရအောင် တည်ဆောက်ဖန်တီးနေသည့် ယန္တရားများ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ မြန်မာမှာရော ကျန်နိုင်ငံများမှာပါ တရုတ်သည် မီဒီယာ၏စွမ်းပကားကို အသုံးချပြီး ၎င်း၏ပုံရိပ်ကို တင့်တင့်တယ်တယ်ဖြစ်အောင် ဖန်တီးအားထုတ်မှုများအနက် သာဓကတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော်နေသည့် စွမ်းအင်နှင့်အခြေခံအဆောက်အအုံ စီမံကိန်းများမှ တစ်ဆင့် တရုတ်နိုင်ငံသည် ၎င်း၏ဩဇာကို တိုးချဲ့ရန်ကြိုးပမ်းလျက်ရှိရာ ၎င်း၏စီမံကိန်းများသည် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ စီမံကိန်းအကောင်အထည်မဖော်မီ ဒေသခံများနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်းမလုပ်ဘဲ မြန်မာအုပ်ချုပ်သူအာဏာပိုင်များနှင့်သာ သဘောတူညီချက်များရယူ၍ ပြုလုပ်မှုများကြောင့် မြန်မာပြည်သူတို့၏ အမုန်းတရားကို ကျယ်ကျယ်ပြန့်ပြန့်ရင်ဆိုင်နေရသည်။ 

အထူးသဖြင့် မြန်မာတစ်ပြည်လုံး ဆန့်ကျင်ကြသည့်အတွက် ရပ်ဆိုင်းခဲ့ရသည့် ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကိစ္စနောက်ပိုင်းတွင် တရုတ်သည် ၎င်း၏ပုံရိပ်ကို ပြန်အဖတ်ဆည်ရန် ကြိုးစားသည့်အနေဖြင့် ယခင်က ဂရုမစိုက်ခဲ့သော ပြည်သူ့ဆက်ဆံရေးနည်းဗျူဟာများကို အသုံးချလာခဲ့သည်။ တရုတ်နှင့်စီးပွားရေး ဆက်ဆံရေးသည် မြန်မာနိုင်ငံအတွက် မည်မျှအကျိုးများကြောင်း မြန်မာနိုင်ငံသားများယုံကြည်လက်ခံလာအောင် ကြိုးပမ်းလာခဲ့သည်။

ထိုသို့ကြိုးပမ်းရာတွင် တရုတ်သည် မြန်မာနိုင်ငံ၏မီဒီယာလောက အစိတ်အပိုင်းများစွာကို တိတ်တဆိတ် ထိုးဖောက်ကာ ဩဇာဖြန့်ကျက်လာခဲ့သည်။ ပြည်တွင်းမီဒီယာများကိုချဉ်းကပ်၍ ငွေကြေး ပေးကာ တရုတ်ကောင်းကြောင်း ဆောင်းပါးများကို ဖော်ပြစေခြင်းသည် နည်းလမ်းတစ်ခုဖြစ်သည်။

ထိုသို့ သက်ဆိုင်ရာမီဒီယာများအပေါ် တရုတ်ကလွှမ်းမိုးဖို့ကြိုးပမ်းသည်မှာ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါ။ ကမ္ဘာတွင် ၎င်း၏ မီဒီယာဖြန့်ကျက်နိုင်မှုအတွက် တရုတ်သည် ဒေါ်လာ ၆ ဒသမ ၆ ဘီလျံအထိ သုံးစွဲမည့်အစီအစဉ်ရှိသည်ဟု ၂၀၀၉ ခုနှစ်တွင် ကြေညာပြီးနောက် ၎င်း၏နိုင်ငံပိုင်မီဒီယာများ တွင် အလုပ်လုပ်ပေးမည့် နိုင်ငံခြားသားများကိုရှာဖွေခန့်ထားခြင်း၊ ကမ္ဘာ့နေရာအများအပြားတွင် သတင်း ရုံးခွဲများဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော China Radio International ၏အကြီးအကဲ ဝမ်ကန်းနျန် (Wang Gengnian) ၏ “ပင်လယ်ကို လှေငှားသွားမည်” ဟုပြောခဲ့သည့်စကားသည် ပေကျင်း၏မူဝါဒကို ထင်ဟပ်လျက်ရှိသည်။ သက်ဆိုင်ရာ ကမ္ဘာ့နိုင်ငံများတွင်အခြေကျနေပြီးဖြစ်သော သတင်းမီဒီယာများကို ငွေဖြင့်ပေးပြီး ၎င်း၏မူဝါဒများကို သွတ်သွင်းမည်ဟု ဆိုလိုရင်းဖြစ်သည်။ 

Myanmar Now ၏လေ့လာစုံစမ်းချက်အရ မြန်မာဘာသာဖြင့် ပြုလုပ်ထားသော Facebook လူမှုကွန်ရက်စာမျက်နှာများနှင့် မြန်မာပြည်တွင်းရှိ  သတင်းမီဒီယာဌာနကြီးပေါင်း ၁၀ ခုကျော်သည် တရုတ်နိုင်ငံအပေါ် အကောင်းမြင်စေနိုင်မည့် သတင်းနှင့်အစီအစဉ်များကို ရေးသားထုတ်လွှင့်ခြင်း သို့မဟုတ် တရုတ်နိုင်ငံပိုင်မီဒီယာများ ပေးပို့သည့် သတင်းဆောင်းပါးများကို ထပ်မံထုတ်လွှင့်ခြင်း တို့ကို ဆောင်ရွက်နေကြသည်။ 

တစ်ဖက်သတ်မီဒီယာများ

“ပေါက်ဖော်” စာစောင်ကို ထုတ်ဝေသည့် (Dehong) တက်ဟုန်းမီဒီယာအုပ်စုသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်နှင့်လည်း “သတင်းမီဒီယာ ပူးပေါင်းဆောင်ရွက်မှု” သဘောတူစာချုပ် ချုပ်ဆိုထားကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။ ထိုပူးပေါင်းလုပ်ကိုင်သည့် စာချုပ်တွင် မည်ကဲ့သို့သော နှစ်ဖက်အပေးယူအများ ပါ၀င်ကြောင်း အသေးစိတ် မသိရှိရပေ။ 

ယင်းစာချုပ်ကို ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ချုပ်ဆိုခဲ့ပြီး “သတင်းဖလှယ်” ရန် ပူးပေါင်းဆောင်ရွက်မှုသာ ဖြစ်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်ကို ပူးတွဲတည်ထောင်သူနှင့် အယ်ဒီတာချုပ် ဆိုင်းမိုင်မရန်က Myanmar Now ကို ပြောသည်။ 

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရခြင်းမှာ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး သတင်းရင်းမြစ် ပိုမိုရယူနိုင်ရန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

“ကျနော်တို့ဆီမှာ တရုတ်ကုမ္ပဏီတွေအများကြီးရှိတယ်။ တရုတ်ကုမ္ပဏီအများစုက... ကျနော်တို့ဆီမှာ (ပြောရေးဆိုခွင့်ရှိသူ) မရှိဘူး။ သူတို့က လာပဲလာပြီး ရင်းနှီးမြှုပ်နှံတယ်။ သူတို့က ဘာမှ သတင်းထောက်တွေကို မပြောဘူး။ မီဒီယာတွေကို သူတို့ဘာမှ မပြောဘူး။ ကျနော်တို့ သူတို့ကို ပူးပေါင်းလိုက်ခြင်းအားဖြင့် သူတို့ဆီက (သတင်းရင်းမြစ်) ရနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ ကျနော် ပူးပေါင်းတာ ဖြစ်တယ်” ဟု ဆိုင်းမိုင်မရန်က ပြောသည်။ 

“ကျနော်တို့မှာ စစ်သတင်းတွေ၊ ပြီးရင် အရမ်းကို နိုင်ငံရေး သတင်းတွေများတဲ့အတွက် သူတို့ မသုံးတာ များတယ်။ ငြိမ်းချမ်းရေး သတင်းတွေဆို သူတို့ မသုံးဘူး” ဟု ကချင်တိုင်းရင်းသူ ဖြစ်သည့် ၎င်းက ဆက်ပြောသည်။

ပေါက်ဖော် သတင်းစာ၏ မေတ္တာရပ်ခံချက်အရ စောင်ရေ “အနည်းငယ်ကို” ၎င်းတို့က အခမဲ့ ဖြန့်ချိပေးနေကြောင်းလည်း ဆိုင်းမိုင်မရန်က ပြောသည်။ 

ပေါက်ဖော် သတင်းစာသည် အငြင်းပွားဖွယ် နိုင်ငံရေးအကြောင်းအရာများ ရေးသားဖော်ပြခြင်း မရှိဘဲ လှပသည့် ယူနန်ပြည်နယ်အကြောင်း၊ တရုတ်နိုင်ငံအကြောင်း၊ ဖျော်ဖြေရေးနှင့် သာမန်စီးပွားရေးသတင်းများသာ ဖြစ်သည့်အတွက် ဖြန့်ချိပေးရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

မြစ်ကြီးနားသတင်းဂျာနယ်အပါအဝင် မြန်မာသတင်းဌာနကိုယ်စားလှယ်များကို တရုတ်နိုင်ငံသို့ လေ့လာရေး ဖိတ်ခေါ်သည့် အစီအစဉ်များတွင် တရုတ်နိုင်ငံ၏ တိုးတက်သည့် ဒီဂျစ်တယ်မီဒီယာနည်းပညာများဖြင့် မြန်မာသတင်းထောက်များကို ဆွဲဆောင်ပြီး၊ ထို့ပြင်  အနောက်နိုင်ငံများက မြန်မာမီဒီယာများကို မည်သို့ ထောက်ပံ့ပေးထားကြောင်းကို မေးမြန်းသည်ဟုလည်း ဆိုင်းမိုင်မရန်က Myanmar Now ကို ပြောသည်။ 

ပေါက်ဖော်သတင်းစာနှင့် တွေ့ဆုံမေးမြန်းခွင့်ရရန် Myanmar Now က ကြိုးပမ်းခဲ့သော်လည်း မရခဲ့ပါ။

တရုတ်သည် 'မြစ်ကြီးနားသတင်း' ကဲ့သို့သော နယ်အခြေစိုက်သတင်းဌာနများကိုသာ လွှမ်းမိုးရန် ကြိုးစားလာခြင်း မဟုတ်ဘဲ 7Day သတင်းစာကဲ့သို့ မြန်မာတစ်နိုင်ငံလုံး ဖြန့်ကျက်နေနိုင်သည့် ဌာနမျိုးများကိုလည်း တရုတ်နိုင်ငံပိုင်သတင်းဌာနများ၏ သတင်းဆောင်းပါးများကို ထည့်သွင်းပေးရန် ကြိုးစား ချဉ်းကပ်ခဲ့သည်။  7Day သတင်းစာသည် Facebook လူမှုကွန်ရက်တွင် ပရိသတ် ၂၃ သန်းကျော် ရှိသည်။ 

7Day သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယခုနှစ်ဆန်းပိုင်း ခေတ်သစ်ပိုးလမ်းမစီမံကိန်းနှင့် ပတ်သက်သည့် အစည်းအဝေးတက်ရန် တရုတ်နိုင်ငံသို့ သွားရောက်သည့်နေ့တွင် တရုတ်နိုင်ငံ၏ ယင်းစီမံကိန်းကို ချီးကျူးဖော်ညွှန်းသည့် ဆောင်းပါး သုံးပုဒ်ကို ၎င်း၏ဂျာနယ်တွင် သုံးမျက်နှာအပြည့် ဖော်ပြခဲ့သည်။ ထိုဆောင်းပါးများကို အခပေးဆောင်းပါးများ သို့မဟုတ် ကြော်ငြာအာဘော်ဟု အဓိပ္ပာယ်ရသည့် “Advertorial” ဟု အင်္ဂလိပ်ဘာသာဖြင့် ညွှန်းဆိုခဲ့သည်။

တရုတ်သတင်းအေဂျင်စီ ဆင်ဟွာက 7Day ၏ အရောင်းမြှင့်တင်ရေးအဖွဲ့ကို တိုက်ရိုက်ဆက်သွယ်ကာ သတင်းဆောင်းပါးများကို အခပေး ထည့်သွင်းစေခဲ့ပြီး၊ နောက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် တရုတ်အစိုးရပိုင် Guangming Daily တို့မှ ပုဂ္ဂိုလ်များက တရုတ်နိုင်ငံဘက်ယိမ်းသော ဆောင်းပါးများကိုဖော်ပြပေးရန်ချဉ်းကပ်ခဲ့သည်ဟု 7Day သတင်းစာ အယ်ဒီတာချုပ်ကိုအားမာန်က Myanmar Now ကိုပြောသည်။ 

ဖော်ပြပေးရန် 7 Day ကို ပေးခဲ့သည့် ဆောင်းပါးတစ်ပုဒ်မှာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်ဖြင့် ချေးငွေများပေးကာ “အကြွေးထောင်ချောက်” ဆင်နေသည်ဟူသည့် အတွေးအခေါ်ကို တန်ပြန်ရေးသားထားသည့် ဆောင်းပါးဖြစ်သည်။ ယင်းဆောင်းပါးတွင် ကြွေးမြီ ထောင်ချောက်သည် “နိုင်ငံရေးစားဖား” များနှင့် မီဒီယာများ၏ တစ်ဖက်သတ် ဝေဖန်မှုသာ ဖြစ်သည်ဟု ရေးသားထားသည်။

နောက်ထပ်ဆောင်းပါးတစ်ပုဒ်မှာ ဟောင်ကောင်တွင် လတ်တလော ဖြစ်နေသည့် ဆန္ဒပြမှုများသည် အနောက်နိုင်ငံများ၏ ပယောဂကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အလားတူသာ ဖြစ်သည်ဟု ရေးသားထားသော “ဟောင်ကောင်- ရန်ကုန်၏ကြေးမုံ” ဟူသည့် ဆောင်းပါးဖြစ်သည်။ ထိုဆောင်းပါးတွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသည်လည်း အနောက်အုပ်စုများက ကြိုးကိုင်ခဲ့သည်သာဖြစ်ပြီး၊ မြန်မာပြည်သူတို့အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအားကျော်လွန်ပြီး အမေရိကန်နိုင်ငံနှင့်ဆက်ဆံရေးပိုမိုရင်းနှီးလာမည်ဟု ဘယ်သောအခါမျှ စိတ်ကူးမယဉ်သင့်ကြောင်း အထက်စီးဆန်သည့် အသုံးအနှုန်းများဖြင့် ရေးသားထားသည်။ 

Guangming Daily က 7 Day ကို ဦးစွာဆက်သွယ်ပြီး တရုတ်သံရုံးဝန်ထမ်းတစ်ဦးက ယင်းဆောင်းပါးများကို သတင်းဌာန၏ ရုံးသို့ လာရောက်ပေးခဲ့သည်ဟု ကိုအားမာန်က ပြောသည်။

သတင်းဌာန၏ မူဝါဒနှင့် မကိုက်ညီသည့်အတွက် ယင်းဆောင်းပါးနှစ်ပုဒ်ကို ဖော်ပြရန် ငြင်းဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

သို့သော်လည်း အခြားသတင်းဌာနအချို့က ကြွေးမြီ ထောင်ချောက်ဆောင်းပါးကို ဖော်ပြခဲ့သည်။ ၎င်းတို့မှာ မဇ္ဈိမ (မြန်မာပိုင်း)၊ ကချင်ပြည်နယ်အခြေစိုက် ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်နှင့် Myanma Platform သတင်းဌာနတို့ ဖြစ်သည်။ 

ယင်းဆောင်းပါးကို ဖော်ပြရာတွင် ရေးသားသူအမည်ကိုမူ မဖော်ပြထားကြပါ။ မဇ္ဈိမ (မြန်မာပိုင်း) က အခပေးဆောင်းပါး (Advertorial) ဟု ဖော်ပြခဲ့သည်။

“ဟောင်ကောင်- ရန်ကုန်၏ကြေးမုံ” ဆောင်းပါးကို Myanma Platform နှင့် ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်၊ First Weekly ဂျာနယ်၊ ပြည်မြန်မာဂျာနယ် ၊ Weekly Headline News ဂျာနယ်နှင့်The Speaker ဂျာနယ်တို့က ပုံနှိပ်စာစောင်များနှင့် ၎င်းတို့၏ Facebook သတင်းစာမျက်နှာတို့တွင်  ဩဂုတ်လကဖော်ပြခဲ့ကြသည်။

ထိပ်တန်းသတင်းစာတစ်စောင်ဖြစ်သည့် The Voice Daily သတင်းစာကလည်း ယင်းဆောင်းပါးကို လွန်ခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ထုတ်သတင်းစာတွင် နှစ်မျက်နှာအပြည့် ဖော်ပြပေးခဲ့ပြီး၊ စာမျက်နှာများ၏ ထိပ်တွင် "Advertorial" ဟု အင်္ဂလိပ်လိုဖော်ပြထားသည်။ The Voice အပါအဝင် ထိုဝါဒဖြန့်ချိရေးဆောင်းပါးကို ဖော်ပြခဲ့သည့် မည်သည့်မြန်မာသတင်းစာ၊ ဂျာနယ်ကမှ ထိုဆောင်းပါးသည် တရုတ်အစိုးရကဖြန့်ချိသော ဆောင်းပါးဖြစ်ကြောင်း စာဖတ်သူများကို အသိပေးဖော်ပြမှုမရှိခဲ့ကြပေ။ The Voice သတင်းစာက ထိုဆောင်းပါးအတွက် ကျပ် ၁၀ သိန်း ရရှိခဲ့ကြောင်း သိရှိရပြီး ဆောင်းပါး၏ကလောင်ရှင်နာမည်အား "Thunder" ဟုဖော်ပြထားသည်။ အခြားသောမြန်မာသတင်းစာများကမူ ထိုဆောင်းပါး၏ ဆောင်းပါးရှင်မှာ “ဆင်ဖြူရှင်” ဟု ဖော်ပြထားသည်။  

မဇ္ဈိမသတင်းဌာနသည် တရုတ်အစိုးရပိုင် သတင်းဌာနဖြစ်သည့် Global Times ၏ အတွေးအမြင်ဆောင်းပါးများကို ၂၀၁၆ ခုနှစ်ကတည်းက ပြန်လည်ဖော်ပြနေခဲ့သည်။ Global Times နှင့် မဇ္စျိမကြားတွင် သတင်းဖလှယ်သည့် သဘောတူညီချက်အရ ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာ ပါဝင်ပတ်သက်မှု မရှိကြောင်း မဇ္ဈိမ၏ အယ်ဒီတာဟောင်း ကိုမျိုးသန့်က ပြောသည်။ 

လွန်ခဲ့သည့် လများအတွင်းက 7Day သို့မဟုတ် အခြားသတင်းဌာနများက ရှယ်ယာရောင်းလိုလျှင် စိတ်ဝင်စားသည်ဟု ဖွင့်ဟကမ်းလှမ်းသည့် တရုတ်လုပ်ငန်းရှင်နှစ်ဦးနှင့် ကြံခဲ့ဖူးသည်ဟု 7 Day အယ်ဒီတာချုပ် ကိုအားမာန်က ဆိုသည်။ 

မြန်မာ့ပလက်ဖောင်းလား၊ တရုတ်ပလက်ဖောင်းလား

၂၀၁၆ ခုနှစ် ဒီဇင်ဘာကမှ စတင်တည်ထောင်ခဲ့သော်လည်း Facebook တွင် ပရိသတ်ပေါင်း နှစ်သန်းကျော်ရရှိထားကာ မြန်မာလူမှုကွန်ရက်အသုံးပြုသူများကြား ရေပန်းစားလာသည့် အွန်လိုင်းမီဒီယာတစ်ခုမှာ Myanma Platform (မြန်မာ့ပလက်ဖောင်း) ဖြစ်သည်။ နယ်သတင်းထောက်အပါအဝင် သတင်းထောက် ၁၆ ဦးရှိသည်ဟု ဆိုသည့် ရန်ကုန် တာမွေမြို့နယ် ဖိုးစိန်လမ်း  အခြေစိုက် ထိုအွန်လိုင်းမီဒီယာသည် ယခုနှစ်အတွင်းမှာပင် တရုတ်ဘက်ယိမ်းသော သို့မဟုတ် ရေအားလျှပ်စစ်ဆည်များ ကောင်းကြောင်းကိုရေးထားသော ဆောင်းပါးပေါင်း အနည်းဆုံး ၂၅ ပုဒ် ဖော်ပြခဲ့သည်။

Myanmar Now က ဖတ်ရှုခဲ့ရသည့် မြန်မာ့ပလက်ဖောင်း၏ ရုံးမူဝါဒ ၁၁ ချက်တွင် “တရုတ်နိုင်ငံ၏ အုပ်ချုပ်မှု မူဝါဒ၊ စီးပွားရေးစနစ်၊ လူမှုပတ်ဝန်းကျင်တို့ကို အားနည်းချက်၊ အားသာချက်၊ မျှတစွာ ရေးသားထားသော ဆောင်းပါးများ ဖော်ပြနိုင်ရမည်” ဟူသော အချက်တစ်ချက် ပါရှိသည်။ 

“ကျနော်တို့ တစ်ခုခု ရေးတာမျိုးဆိုတာ အနည်းဆုံး ဗမာပြည်အတွက် အပြုသဘောနဲ့ ပါလာတဲ့ဟာ ရှိရမယ်။ မဟုတ်တဲ့ဟာ ကျနော်တို့ မရေးဘူး။ ပုတ်ခတ်တဲ့ဟာ ကျနော်တို့ မရေးဘူး။ ဒါကတော့ ကျနော်တို့ရဲ့ (စည်းကမ်း) ပါ” ဟု မန်နေဂျာ ဦးငြိမ်းက Myanmar Now ကို ဇွန်လအတွင်းတွေ့ဆုံစဉ် ပြောသည်။

မြန်မာ့ပလက်ဖောင်းတွင် တစ်နှစ်ခန့်စီ အလုပ်လုပ်ခဲ့ဖူးသော အမည်မဖော်လိုသူ ဝန်ထမ်းဟောင်းနှစ်ဦးက ၎င်းတို့လုပ်ကိုင်ခဲ့စဉ်အချိန်အတွင်း ရုံးသို့ နိုင်ငံခြားသား တရုတ်လူမျိုးများ အဝင်အထွက် ရှိခဲ့သည်ဟု ပြောသည်။ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံသူများတွင် တရုတ်နိုင်ငံသားများ ပါဝင်သည်ဟုလည်း ဝန်ထမ်းဟောင်းတစ်ဦးက စွပ်စွဲသည်။ ယင်းစွပ်စွဲချက်နှင့် ပတ်သက်ပြီး မေးမြန်းရာ ဦးငြိမ်းက ဒေါသထွက်သွားသည်။

“ကျနော် လေးလေးနက်နက် ပြောမယ်။ အရမ်းမှားတယ်။ အရမ်းလေးလေးနက်နက် ပြောမယ်။ အရမ်းအရမ်း မှားတယ်။ ဒီလို လျှောက်ပြောရင် ကျနော်တို့ တရားစွဲမယ်” ဟု ခပ်ပြတ်ပြတ်ပင် ပြန်ပြောသည်။ 

ကုမ္ပဏီကို ၎င်းအပါအဝင် မြန်မာနိုင်ငံသား လုပ်ငန်းရှင် ငါးဦးက ရင်းနှီးမြှုပ်နှံနေသည်ဟု ဦးငြိမ်းက Myanmar Now ကို ပြောသော်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ မြန်မာ့ပလက်ဖောင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း၏ ဒါရိုက်တာအဖွဲ့ဝင်များမှာ တရုတ်နိုင်ငံသား ငါးဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦး ဖြစ်သည်ဟု တွေ့ရသည်။ 

တရုတ်နိုင်ငံသားဒါရိုက်တာများမှာ Ju Ge Ping၊ Li Wei ၊ Wong Fan၊ Xu Nan နှင့် Zhou Kai တို့ဖြစ်ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံသားလုပ်ငန်းရှင်နှစ်ဦးအနက် တစ်ဦးမှာ Beauty ခေါင်းလျှော်ရည်လုပ်ငန်းပိုင်ရှင် ဦးထွန်းဖြစ်ပြီး ကျန်တစ်ဦးမှာ ဦးကြည်စိန်အမည်ရှိ လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ဒါရိုက်တာအဖွဲ့စာရင်းတွင် ဦးငြိမ်း မပါဝင်ပါ။

 

ဦးငြိမ်းနှင့် ဦးထွန်းတို့သည် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ၏ အမှုဆောင်အဖွဲ့ဝင်များ ဖြစ်သည့်အတွက် အသင်းလူကြီးများက ပေးပို့လာသည့် တရုတ်ခရီးစဉ်အကြောင်း ဆောင်းပါးအချို့ကို ရုံးမူဝါဒနှင့် ကိုက်ညီပါက တင်ပေးလေ့ရှိသည်ဟု မြန်မာ့ပလက်ဖောင်း၏ အယ်ဒီတာချုပ် ဒေါ်ငွေစန္ဒီက Myanmar Now ကို ပြောသည်။ 

၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ့ပလက်ဖောင်း ရုံးဖွင့်ပွဲအခမ်းအနားတွင် ဖွင့်ပွဲ ဖဲကြိုးဖြတ်သူအချို့သည် သတင်းမီဒီယာလောကသားများ မဟုတ်ဘဲ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းမှ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်နေသည့်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်ဟု ဖွင့်ပွဲတက်ရောက်ခဲ့သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ တွဲဖက်အတွင်းရေးမှူး (၁)ဦးမြင့်ကျော်က Myanmar Now ကို ပြောသည်။

“ရည်ရွယ်ချက်တို့ ဘာတို့တော့ အတိအကျတော့မသိဘူး။ သို့သော် ကြည့်ရတာတော့ ပရိသတ်ရဲ့ ကြားထဲမှာ အယူအဆတစ်ခု ဝါဒဖြန့်ချိမှုတစ်ခုကို အဲဒီလိုမျိုး ပေးချင်တဲ့အခါကျရင် ပေးဖို့ အတွက် ပလက်ဖောင်းတစ်ခု တည်ဆောက်တယ်လို့ ကျနော်က အဲဒီလိုမြင်တယ်” ဟု ၎င်းက ပြောသည်။ 

ချစ်ကြည်ရေးခေါင်းစဉ်အောက်က မဂ္ဂဇင်း

ပြည်တွင်း မီဒီယာဌာနများတွင် ၎င်းတို့၏အာဘော်ကို ဖော်ပြပါရှိစေသည့်နည်းအပြင် တရုတ်နိုင်ငံသည် မြန်မာသတင်းမီဒီယာသမားများနှင့်လည်း ပလဲနံပသင့်အောင် ကြိုးစားလျက်ရှိသည်။ ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း တရုတ် အစိုးရ သို့မဟုတ် အဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် တရုတ်သို့ အလည်အပတ်နှင့် လေ့လာရေးခရီးစဉ်များ စီစဉ်ခဲ့ရာ မြန်မာသတင်းသမားပေါင်း ရာနှင့်ချီ ရောက်ရှိခဲ့ပြီးဖြစ်သည်ဟု ခန့်မှန်းရသည်။

ယင်းကဲ့သို့သော ခရီးစဉ်များတွင် လိုက်ပါရန် မြန်မာသတင်းစာဆရာများနှင့် စာရေးဆရာများကို ရွေးချယ်ပေးဖူးသူတစ်ဦးမှာ မန္တလေးမြို့ အခြေစိုက် Mandalay Today မဂ္ဂဇင်း၏ ဦးဆောင်နာယကလည်းဖြစ်၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဟောင်းလည်းဖြစ်သည့် ဦးစိန်ဝင်းအောင်ဖြစ်သည်။ ၎င်းသည် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

“ပြန်လာရင် အမှန်အတိုင်း စာရေးမယ့်သူ (တွေကိုဖိတ်တယ်)။ တချို့ကျတော့လည်း တရုတ်ကို မုန်းနေတဲ့သူတွေ ရှိတယ်။ စာရေးဆရာထဲမှာ။ … အဲဒီကောင်တွေ လွှတ်လိုက်ရင် မဟာတံတိုင်းပေါ်မှာတက်ပြီး လေညင်းခံတာတောင် မရေးပေးဘူး။ တရုတ်ဆိုရင် သူတို့က မုန်းတယ်။ အဲဒီလိုကောင်တွေကို သွားထည့်ပေးရင် အကျိုးမရှိဘူး။ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ထို့အပြင် Mandalay Today မဂ္ဂဇင်းသည် တရုတ်ပြည်အကြောင်း များများရေးသည်ဟုလည်း ဦးစိန်ဝင်းအောင်က ဆိုပြီး တရုတ်နိုင်ငံ၏ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” (ခေတ်သစ်ပိုးလမ်းမများ) စီမံကိန်းအကြောင်း၊ တက်ဟုန်းပြည်နယ်အကြောင်း အစရှိသည့် ခရီးသွားဆောင်းပါးများကို မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။ 

“မြန်မာပြည် ဒီလောက်ဆင်းရဲဒုက္ခရောက်နေတာ ကိုယ့်ဟာကိုယ် ရပ်တည်လို့ ရချင်ရမယ်။ နှေးမယ်။ မြန်ဖို့အတွက်က (ပြင်ပအထောက်အပံ့) လိုတယ်။ အမြန်ဆုံး ရနိုင်တာသည် တရုတ်ဆီက” ဟု ၎င်းက မြန်မာသည် တရုတ်နိုင်ငံ၏ အကူအညီကို လိုသည့်အတွက် နှစ်ဖက်ပူးပေါင်းရန်လိုအပ်သည်ဟု ပြောသည်။ 

ပိုက်လိုင်းတစ်လျှောက်က ရုပ်ရှင်ပွဲတော်

ပေကျင်း၏ ဝါဒဖြန့်ချိရေးယန္တရားတွင် နောက်ထပ်ပါဝင်သည့် ခွေးသွားစိပ်တစ်ခုမှာ မြန်မာဘာသာဖြင့် ထုတ်သည့် “China Today” အခမဲ့မဂ္ဂဇင်း ဖြစ်သည်။ ထိုမဂ္ဂဇင်းကို စီစဉ်သူမှာ China.com (Myanmar) ဖြစ်ပြီး ယင်းသည် တရုတ်အစိုးရပိုင် China Radio International (CRI) ၏ ဆက်စပ်အွန်လိုင်းပလက်ဖောင်းတစ်ခုလည်းဖြစ်ကာ တရားဝင် ထုတ်ဝေသူမှာမူ ရန်ကုန်ရှိ တရုတ်နိုင်ငံသံရုံးဖြစ်သည်။

China.com သည် တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ အပါအဝင် ဘာသာစကားပေါင်း ၂၅ မျိုးနှင့် သတင်းများ ထုတ်လုပ်တင်ဆက်နေပြီး ပုံမှန်ဖတ်ရှုသူပေါင်း ၁၀ သန်း ရှိသည်ဟု ဆိုသည်။ China.com ၏ ရှယ်ယာရှင်တစ်ဦးဖြစ်သည့် Global Broadcasting Media Group ကို CRI က တည်ထောင်ထားသည်ဟု ၎င်းတို့၏ ဝက်ဘ်ဆိုက်များတွင် ရေးသားထားသည်။ CRI သည် ၎င်းက နိုင်ငံပေါင်း ၁၄ နိုင်ငံရှိ ရေဒီယိုလွှင့်ရုံပေါင်း ၃၃ ရုံ၏ ရှယ်ယာအများစု ပိုင်ဆိုင်ထားခြင်းကို ပွင့်လင်းစွာ ထုတ်ဖော်မပြထားဘဲ နောက်ကွယ်မှ လွှမ်းမိုးထားသည်ဟု ၂၀၁၅ ခုနှစ်တွင် Reuters သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့သည်။ 

China.com ၏ မြန်မာဘာသာ ဝက်ဘ်ဆိုက် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့ရာ ထိုအချိန်က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန်နှင့် Global CAMG International Media Group ၏ ဥက္ကဋ္ဌ တွန်မီကျန်း (Tommy Jiang) တို့ တက်ရောက်ခဲ့သည်။ 

“China.com (Myanmar) ဟာ လူတွေတရုတ်နိုင်ငံအကြောင်းသိအောင် တရုတ်နိုင်ငံအကြောင်း မြှင့်တင်ဖို့ပဲ မဟုတ်ဘဲ မြန်မာနိုင်ငံအကြောင်း၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာလူမျိုးတွေအကြောင်း မြှင့်တင်ဖို့လည်း ဖြစ်ပါတယ်။ ကမ္ဘာမှာ မြန်မာနိုင်ငံအကြောင်း မြှင့်တင်ဖို့ တံတားတစ်စင်း၊ ပြတင်းပေါက်တစ်ပေါက်သဖွယ် ဖြစ်လိုပါတယ်” ဟု တွန်မီကျန်းက ယင်းအခမ်းအနားတွင် မီဒီယာများကို ပြောခဲ့သည်။ 

သို့ရာတွင် ထိုဝက်ဘ်ဆိုက်၏ မြန်မာဘာသာ Facebook စာမျက်နှာတွင်မူ နိုင်ငံတကာအရေးနှင့် သရုပ်ဖော်ကာတွန်းများ တင်လေ့ရှိပြီး ယင်းကာတွန်းများအနက် အချို့မှာ ရိုဟင်ဂျာအရေးကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ပြင်းထန်စွာဝေဖန်ထားသော ကာတွန်းများ ပါရှိသည်။ ရိုဟင်ဂျာ အရေးကိစ္စနှင့် ပတ်သက်သည့် ကာတွန်းများသည် မြန်မာအများစု လက်ခံယုံကြည်ထားသည့် ရှုထောင့်မှ ဖော်ပြထားခြင်း ဖြစ်သည်။

China.com နှင့် CRI တို့ကို Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်သော်လည်း အကြောင်းမပြန်ပါ။

China.com Myanmar ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည့် ဖုန်းနံပါတ်သည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော Monnect အမည်ရှိကုမ္ပဏီ၏ နံပါတ်နှင့်အတူတူဖြစ်နေသည်ကို တွေ့ရသည်။ 

Monnect Group ကုမ္ပဏီသည် Global CAMG (Australia) ၏ ကုမ္ပဏီခွဲ ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်ဟု ၎င်းကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ Monnect ၏ ဒါရိုက်တာများမှာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်နှစ်ဦး ဖြစ်ပြီး ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ် ထုတ်လုပ်ခြင်း၊ ရုပ်သံလွှင့် လုပ်ငန်းများနှင့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်သည့် ပြည်တွင်း ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသည်။ 

တရုတ်အစိုးရပိုင် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း China National Petroleum Corp (CNPC) ကုမ္ပဏီအတွက် Monnect သည် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်ရှိ ကျောက်ဖြူ၊ ရေနံချောင်း၊ တောင်သာ၊ မန္တလေး အစရှိသည့် မြို့များတွင် အောက်တိုဘာ ၁၅ ရက်မှ စကာ Open Air Cinema ခေါင်းစဉ်ဖြင့် တရုတ်ရုပ်ရှင်များ ပြသရန် စီစစဉ်ပေးနေသည်ဟု သိရသည်။ 

Monnect သည် Myanmar Youth Micro Film Contest အမည်ရှိ ရုပ်ရှင် ဇာတ်လမ်းတို ပြိုင်ပွဲကို စီစဉ်ထုတ်လုပ်ပြီး တရုတ်နိုင်ငံသံရုံးက ထုတ်ဝေသည့် China Today မဂ္ဂဇင်းကိုလည်း ဖြန့်ချိပေးသည်ဟု သိရသည်။ 

၂၀၁၈ ဇူလိုင်လခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာနဝန်ကြီး ဟောင်ကွန်းမင် (Huang Kunming) သည် သံတမန်တွေ့ဆုံမှုများအပြင် SkyNet ရုပ်သံထုတ်လွှင့်သော ရွှေသံလွင် မီဒီယာနှင့် Myanmar International Radio (MI Radio) တို့၏ ရုံးခန်းများသို့ သွားရောက်ခဲ့ပြီး လက်ရှိနှင့် နောင်အတွက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်ဟု မြန်မာအစိုးရပိုင် မီဒီယာ MITV က ဖော်ပြသွားသည်။ တရုတ်ဘက်ယိမ်းသည့် သတင်းအချို့ကိုတင်ဆက်လေ့ရှိသော MI Radio ကို၂၀၁၈ ခုနှစ် အစောပိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး ရွှေသံလွင်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ကိုင်သည့် စီမံကိန်း တစ်ခုဖြစ်သည်ဟု သိရသည်။ 

တရုတ်ယိမ်း Facebook စာမျက်နှာများ

တရုတ်နိုင်ငံ အစိုးရသည် ၎င်း၏ နိုင်ငံအတွင်း Facebook အသုံးပြုမှုကို ပိတ်ဆို့ထားသော်လည်း မြန်မာနိုင်ငံတွင် လာရောက်ရုံးထိုင်ထားသော ၎င်း၏ သတင်းမီဒီယာဌာနများ၏ Facebook စာမျက်နှာများမှာ သန်းချီသော ပရိသတ်ရှိသည်။ နိုင်ငံလူဦးရေ ၅၃ သန်းကျော်နှင့် Facebook အသုံးပြုသူ သန်း ၂၀ ကျော်သာရှိသည့် မြန်မာနိုင်ငံတွင် ဆင်ဟွာ သတင်းဌာန၏ မြန်မာဘာသာ စာမျက်နှာကို Like လုပ်ထားသူ ၆၆ သန်း ရှိနေသည်။ မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး သတင်းမီဒီယာများအနက် တစ်ခုဖြစ်သည့် “7Day” ကမူ Facebook ပရိသတ် ၂၃ သန်းကျော်သာ ရှိသည်။ 

တရားဝင် သတင်းမီဒီယာစာမျက်နှာများ မဟုတ်ဘဲ လူမှုကွန်ရက်တွင်ပါ တရုတ်ဘက်ယိမ်းသည့် အကြောင်းအရာများနှင့် စွမ်းအင်နှင့် ရေကာတာဆည်များအကြောင်း မကြာခဏ ဖော်ပြနေသည့် လူမှုကွန်ရက်စာမျက်နှာများလည်း ရှိသည်။ 

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် စတင်ဖန်တီးခဲ့သည့် “နည်းစနစ်ကျကျ အသိပညာ” စာမျက်နှာသည် အချိန်တစ်နှစ်ကျော်အတွင်း Facebook ပရိသတ် လေးသိန်း နီးပါး ရရှိခဲ့သည်။ ယင်းစာမျက်နှာသည် “နိုင်ငံရေးအတွေးမပါပဲ နည်းပညာနှင့် အသိပညာပေးသီးသန့်” ဟု ဖော်ပြထားသော်လည်း  မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် အငြင်းပွားဖွယ် ဖြစ်သည့် စွမ်းအင်ကဏ္ဍနှင့် ရေကာတာဆည်များအကြောင်း အကောင်းမြင်သည့် ရှုထောင့်မှ ရေးသားထားသည့် အကြောင်းအရာများကို မကြာခဏ တင်ဆက်သည်။ 

“နည်းစနစ်ကျကျ အသိပညာ” စာမျက်နှာသည် ယခုနှစ် ဇူလိုင်လအတွင်း စာအပုဒ်ရေ ၂၀၀ ကျော်တင်ခဲ့သည့်အနက် ၂၂ ရာခိုင်နှုန်း သို့မဟုတ် ၄၅ ပုဒ်မှာ စွမ်းအင်စီမံကိန်းများအကြောင်းမြှင့်တင်ပြောဆိုသည့် အကြောင်းအရာများ သို့မဟုတ် တရုတ်ဘက်ယိမ်းသော အကြောင်းအရာများ ဖြစ်ကြောင်း Myanmar Now က တွေ့ရှိရသည်။ 

“နည်းစနစ်ကျကျ အသိပညာ” စာမျက်နှာက တင်သည့်အကြောင်းအရာများကို “နည်းစနစ်ကျကျ အတွေးအခေါ်” ဟူသည့် စာမျက်နှာက အစဉ်ပြန်တင်သည်ကိုလည်း တွေ့ရသည်။ “နည်းစနစ်ကျကျ အတွေးအခေါ်” စာမျက်နှာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ပြုလုပ်ခဲ့ပြီး Facebook ပရိသတ် လေးသန်းကျော် ရှိနေပြီ ဖြစ်သည်။ 

သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ထိုလူမှုကွန်ရက် စာမျက်နှာများ၏ ယင်းကဲ့သို့သော လုပ်ရပ်သည် လူထုကို လှည့်စားရာ ရောက်သည်ဟု ဆိုသည်။ 

“ဝါဒဖြန့်ချိချင်ရင် ပေါ်ပေါ်တင်တင် ပွင့်ပွင့်လင်းလင်း ဝါဒဖြန့်တာ သဘာဝကျပါတယ်။ ဆင်ဟွာ တို့လိုမျိုး ဒါ တရုတ်အစိုးရရဲ့ သတင်းဌာနလေ။ အဲဒီလိုမျိုး ဝါဒဖြန့်တာ ကျနော်တို့က ဘာမှ မပြောလိုဘူး။ ဒါပေမယ့် ပြည်တွင်းမီဒီယာပုံစံနဲ့ အသွင်ယူပြီး ပုံဖျက်ပြီးတော့ လုပ်တာမျိုးကတော့ ဒါလှည့်စားရာ ကျတာပေါ့” ဟု ၎င်းက Myanmar Now ကို ပြောသည်။

တရုတ်နိုင်ငံခရီးစဉ်များ

တရုတ်အစိုးရ သို့မဟုတ် အဖွဲ့အစည်းများက ကမကထပြုပြီး ဖိတ်ခေါ်သည့် တရုတ်ပြည်ခရီးစဉ်များကို မကြာခဏ ပြုလုပ်လာခဲ့ရာ ယင်းကဲ့သို့သော ခရီးစဉ်များတွင် လိုက်ပါခဲ့သူ ဦးရေသည် ၁,၀၀၀ နှင့် ၂,၀၀၀ ကြား ရှိနိုင်သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ၏ တရုတ်လေ့လာရေးဌာန တာဝန်ခံ ဒေါ်ခင်ခင်ကျော်ကြီးက ၎င်း၏ “တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ” စာတမ်းတွင် သုံးသပ်ထားသည်။ 

အပြန်အလှန်လည်ပတ်ခရီး၊ လေ့လာရေးခရီး၊ သင်တန်း၊ ချစ်ကြည်ရေး စသည့်ခေါင်းစဉ်အသီးသီးဖြင့် ထိုခရီးစဉ်များတွင် လိုက်ပါသွားခဲ့သူ မြန်မာစာနယ်ဇင်းသမားပေါင်း ရာနှင့်ချီရှိနိုင်သည်ဟုလည်း ထိုလေ့လာချက်က ဆိုသည်။

မြစ်ကြီးနားသတင်းဂျာနယ် ၏ အယ်ဒီတာချုပ် ဆိုင်းမိုင်မရန်က ၎င်းတို့ဌာနသည် တရုတ်နိုင်ငံခရီးစဉ်ကို သုံးကြိမ် လိုက်ပါခဲ့ဖူးပြီး ၎င်းကိုယ်တိုင် လိုက်ပါခဲ့သည့် အခေါက်တွင် တရုတ်မီဒီယာကိုယ်စားလှယ်များသည် ခေတ်မီတိုးတက်သော ဒီဂျစ်တယ်မီဒီယာနည်းပညာနှင့် စက်ပစ္စည်းများဖြင့် မြန်မာသတင်းထောက်များကို ဆွဲဆောင်သည်ဟု Myanmar Now ကို ပြောသည်။ 

“သတင်းသမားတွေကို မျက်စိကျစေမယ့် ဒီဂျစ်တယ် ဘယ်လောက်မြင့်မားတယ် သူတို့ရဲ့ စက်ပစ္စည်းတွေ ဘယ်လောက်ကောင်းတဲ့အကြောင်း ဒီလို လိုချင်ရင် သူတို့ကို ဆက်သွယ်လို့ရတဲ့အကြောင်း အချိန်မရွေး သူတို့ကို ပြောပါဆိုတဲ့အကြောင်း ကမ်းလှမ်းတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။ 

“သူတို့ရုံးခန်းတွေ လိုက်ပြတယ်။ ကျနော်တို့ကို အနောက်နိုင်ငံက ဘယ်လောက်အထိ support လုပ်ထားလဲ ဆိုတဲ့ဟာတွေ မေးတယ်။ ကျနော်ထင်တာက သူတို့ အနောက်နိုင်ငံက support လုပ်ထားတဲ့ ပုံစံမျိုး သူတို့ နောက်ပိုင်းဝင်ချင်တဲ့ ပုံစံမျိုး ဖြစ်တယ်” ဟု ပြောသည်။ 

Myanmar Now အပါအဝင် မြန်မာနိုင်ငံရှိ မီဒီယာဌာန အများအပြားကို အနောက်နိုင်ငံအဖွဲ့အစည်းများက ငွေရေးကြေးရေးထောက်ပံ့ပေးလျက်ရှိသည်။ 

သတင်းသမားများအား တရုတ်ပြည်သို့ လွှတ်သည့် ခရီးစဉ်များသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ အစိုးရအချင်းချင်း သို့မဟုတ် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ အချင်းချင်းကြား စီမံဆောင်ရွက်သည့် ကိစ္စများ ဖြစ်ပြီး သံရုံးက စီစဉ်ပေးခြင်းမျိုး မဟုတ်သဖြင့် ထိုခရီးစဉ်ဖြင့် သွားရောက်သူအရေအတွက်စာရင်းကိုမသိကြောင်း တရုတ်သံရုံး၏ သတင်းအချက်အလက်နှင့် ပြည်သူ့ဆက်ဆံရေးဌာန တာဝန်ခံ မစ္စတာလီဖူရှန်း (ခ) ဦးအောင်နိုင်ဆွေက Myanmar Now ကို ပြောသည်။

၂၀၁၈ ခုနှစ် တရုတ်-မြန်မာ ချစ်ကြည်ရေးစာအုပ်ထုတ်ဝေမှုထောက်ပံ့ရေးစီမံကိန်း ခေါင်းစဉ်အောက်တွင် ရန်ကုန်ရှိတရုတ်သံရုံးက ဘာသာပြန်စာအုပ် ၁၃ အုပ် ထုတ်လုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအကြောင်း ဘာသာပြန်စာအုပ် ရှစ်အုပ်ထက်မနည်း ရေးသားခဲ့သူ (ဦး)ဟိန်းလတ်အပါအဝင် စာရေးဆရာ ၁၄ ယောက်ကို ကန်ဒေါ်လာ ၃၈,၀၀၀ ထောက်ပံ့ရန် ဆုံးဖြတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

စာအုပ်များမှာ ‘တရုတ်-မြန်မာချစ်ကြည်ရေး ကဗျာပေါင်းချုပ်’၊ ‘တရုတ်-မြန်မာချစ်ကြည်ရင်းနှီးသော နှစ်ပေါင်း ၂၀၀၀’၊ ‘အာရှနဂါးကြီး တောင်ပံဖြန့်ချိန်’၊ ‘ကံတူအကျိုးပေး တရုတ်-မြန်မာချစ်ကြည်ရေး’၊ ‘ရှီကျင့်ဖိန်နှင့် သူ့ခေတ်’၊ ‘ရှီကျင့်ဖိန်၏ အစီရင်ခံစာ’ စသည်တို့ ဖြစ်သည်။ 

အငှားလှေဗျူဟာက မြန်မာမှာ အလုပ်ဖြစ်မလား

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ မီဒီယာလမ်းကြောင်း ပေါင်းစုံကို ထိုးဖောက်ဝင်ရောက်လာခြင်းသည် ၎င်းတို့နိုင်ငံ၏ ပုံရိပ်တက်လာရန်နှင့် မြန်မာပြည်သူလူထု၏ တရုတ်နိုင်ငံအပေါ် အမြင်ကို ပုံဖော်ရန် ကြိုးစားလာခြင်း ဖြစ်သည်ဟု ဒေါ်ခင်ခင်ကျော်ကြီးက Myanmar Now ကို ပြောသည်။ 

“ကျမတို့ တစ်ခုခုကို ဆုံးဖြတ်တယ်ဆိုတာ ရတဲ့ (သတင်းအချက်အလက်) ပေါ်မှာ မူတည်ပြီး ကြိုက်တယ် မကြိုက်ဘူးဆိုတာ ဆုံးဖြတ်တာ။ ဒါပေမယ့် (သတင်းအချက်အလက်) ကို (ထိန်းချုပ်) လိုက်ပြီ ဆိုကတည်းက အတွေးအခေါ် အများကြီး ပြောင်းလဲသွားတာ ရှိတယ်” ဟု ၎င်းက ပြောသည်။ 

သို့သော်လည်း မြန်မာပြည်သူလူထု အများစုမှာ တရုတ်နှင့် ပတ်သက်ပြီး လုံးဝလက်ခံယုံကြည်လိုက်မည့် အခြေအနေကို မရောက်သေးကြောင်း ဒေါ်ခင်ခင်ကျော်ကြီးက ဆိုသည်။ 

“တရုတ်ကို သတိကြီးကြီးထားပြီး ဆက်ဆံချင်ကြတယ်။ တရုတ်နဲ့ ပတ်သက်လာရင် ငါတို့တော့ သေချာ တရုတ်ကို ကိုင်တွယ်မှ ရမယ်ဆိုတဲ့ အမြင်တွေတော့ ရှိနေတုန်းပဲ။ သိပ်ပြီး မယုံသေးဘူးလို့ ပြောလို့ရတယ်” ဟု ၎င်းက ဆိုသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading