တက္ကစီများ၏မှန်များတွင် စတေကာ၊ လေစုပ်ခွက်၊ လိုက်ကာ နှင့် ကြော်ငြာများ ကပ်ခြင်းကို အမြန်ဖယ်ရှားကြရန်နှင့် ၂၀၁၈ ဖေဖော်ဝါရီမှစတင်ပြီး လိုက်နာရန်ပျက်ကွက်ပါက လုပ်ငန်းလိုင်စင်ဖျက်သိမ်း သည်အထိ အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက ကြေညာထားသည်။
ရန်ကုန် - ပူပြင်းလှသည့် နေရောင်ခြည်ဒဏ်ကို ကာကွယ်ရန်အတွက် ကားမှန်များတွင် နေရောင်ခံစတေကာကပ်ခဲ့ခြင်း ဖြစ်ပြီး အစိုးရစွပ်စွဲသကဲ့သို့ ဒုစရိုက်မှုများကျူးလွန်ရန် မရည်ရွယ်ကြောင်း နေရောင်ခံစတေကာကပ်သဖြင့် လုပ်ငန်းလိုင်စင်သိမ်းခံရသည့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်မောင်းများက ဆိုသည်။
နေရောင်ဒဏ်ခံ စတေကာကပ်သည့် အကြောင်းပြချက်ဖြင့် ရန်ကုန်ရှိ တက္ကစီများကို ဖေဖော်ဝါရီ လဆန်းအတွင်းက ဖမ်းဆီးခဲ့ပြီး လုပ်ငန်းလိုင်စင် ပိတ်သိမ်းရန် ရန်ကုန်တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့် တက္ကစီယာဉ်မောင်းများက ရန်ကုန် တောင်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ခရီးသည်တွေရော ယာဉ်မောင်းတွေပါ အရမ်းပူတဲ့အတွက် ကျွန်တော်တို့ ကားတွေဟာ အဲကွန်းမနိုင်တဲ့ အတွက်ကပ်တာပါ။ အခုလိုအရေးယူထားတော့ ကျွန်တော်တို့ နောက်ကွယ်က မိသားစုတွေရော ဒုက္ခရောက်နေရပါတယ်” ဟု လေးလကျော်ကြာ လုပ်ငန်းလိုင်စင်သိမ်းခံထားရသည့် တက္ကစီယာဉ်မောင်း ကိုအောင်ဝင်းစိုးက ပြောသည်။
လုပ်ငန်းလိုင်စင်ပိတ်သိမ်းခံရသည့် တက္ကစီယာဉ်မောင်း ကိုနေဝင်းထွန်း၏ အဆိုအရ စတေကာကပ်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် ရန်ကုန်လမ်းမများပေါ်တွင်မောင်းနှင်နေသည့် တက္ကစီ ၆၂ စင်း အရေးယူ ခံခဲ့ရသည်ဟုဆိုသည်။


“ ဒါ(လုပ်ငန်းလိုင်စင်) ကိုသိမ်းထားတဲ့အတွက် ကျွန်တော်တို့ကားတွေဟာလိုင်စင်မဲ့ကား သဘော သက်ရောက်သွားတယ်။ တက္ကစီဆွဲပိုင်ခွင့်မရှိတော့ဘူး” ဟု ယာဉ်မောင်း ကိုနေဝင်းထွန်းကပြောသည်။
ဖမ်းဆီးမှုများ မတိုင်မီ ရက်ပိုင်းအလိုတွင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက တက္ကစီများ၏မှန်များတွင် စတေကာ၊ လေစုပ်ခွက်၊ လိုက်ကာ နှင့် ကြော်ငြာများ ကပ်ခြင်းကို အမြန်ဖယ်ရှားကြရန်နှင့် ၂၀၁၈ ဖေဖော်ဝါရီမှစတင်ပြီး လိုက်နာရန်ပျက်ကွက်ပါက လုပ်ငန်းလိုင်စင်ဖျက်သိမ်း သည်အထိ အရေးယူမည်ဟုကြေငြာခဲ့သည်။


နေရောင်ကာများကို အကာအကွယ်ယူပြီး ဒုစရိုက်မှုများ ကျူးလွန်လာသဖြင့် မှုခင်းကျဆင်းရန် ဆောင်ရွက်ခြင်းဟုလည်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ၏ ကြေညာချက်တွင် ရေးသားထားသည်။
ထိုသို့ အရေးယူခြင်းများအတွက် ပြစ်ဒဏ်လျော့ပေါ့ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လေးကြိမ်အထိ အသနားခံစာတင်ပြပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ၎င်းတို့ကို ခေါ်ယူပြီး မော်တော်ယာဉ်ဥပဒေပုဒ်မ ၄၀(ခ) လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်နေသည်ဟု ပြောဆိုခဲ့သည်ဟု တက္ကစီ ယာဉ်မောင်းများကပြောသည်။
“ကျွန်တော်တို့တစ်လတိတိစောင့်ပါမယ်။ စတစ်ကာကမ်ပိန်းဆက်လုပ်မယ် ဒါမှစိစစ်ဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင်ဆန္ဒထုတ်ဖော်သွားဖို့ ရှိပါတယ်” ဟု ယာဉ်မောင်း ဦးခင်ဦးကပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။







