ရေကြောင်းရဲတပ်ဖွဲ့၏ တရားစွဲဆိုမှုကြောင့် ၉ လကြာအချုပ်ဖြင့် တရားရင်ဆိုင်ကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသူ မခိုင်ဇာလင်းမှာ ခရိုင်တရားရုံးက အယူခံကိုအနိုင်ပေးလိုက်၍ လွတ်မြောက်လာသော်လည်း ၁၁ လကြာ ထောင်ထဲတွင် နေခဲ့ရသဖြင့် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့သည်။
ရေကြောင်းရဲတပ်ဖွဲ့ (မန္တလေး)က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ပြီး မဟာအောင်မြေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသော တောင်သူတစ်ဦးမှာ ခရိုင်တရားရုံး၌ အယူခံနိုင်သဖြင့် ယနေ့ ပြန်လည်လွတ်မြောက်လာသည်။
၎င်းမှာ အချုပ်ဖြင့် ၉ လကြာ တရားရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ် ၂ နှစ် ကျခံစေရန် မြို့နယ်တရားရုံးက ဆုံးဖြတ်အပြီး ၂ လ အကြာတွင် ခရိုင်တရားရုံးက အပြစ်မရှိကြောင်းဆုံးဖြတ်ပြီး အယူခံကို အနိုင်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ရှေ့နေ ဦးမျိုးမင်းဇော်ကပြောသည်။
"ထောင်ထဲမှာ အပြစ်မရှိဘဲ နေခဲ့ရတဲ့အတွက် လူ့အခွင့်အရေးတွေ အများကြီးဆုံးရှုံးပါတယ်။ ဒုက္ခတွေလည်း အများကြီးရောက်ပါတယ်။ ကျန်ရှိတဲ့ မိသားစု၀င်တွေအတွက်လည်း လွတ်မြောက်အောင် ကြိုးစားသွားမှာပါ"ဟု မန္တလေး အိုးဘိုထောင်မှအထွက်တွင် မခိုင်ဇာလင်းကပြောသည်။
သို့သော် အပြစ်မရှိဘဲ ထောင်ထဲတွင် နေခဲ့ရသည့်အတွက် ၎င်း၏ နစ်နာခဲ့မှုများကိုမူ ပြန်လည်တရားစွဲဆိုသွားရန် မရှိကြောင်း ၎င်းကဆိုသည်။


မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ချော်ဆိပ်ရပ်ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် စည်ပင်သာယာက ၁၉၉၅ ခုနှစ်က သိမ်းယူခဲ့ပြီး အသုံးပြုခြင်းမရှိသောမြေပေါ်၌ သိမ်းဆည်းခံတောင်သူများက ဝင်ရောက်နေထိုင်သဖြင့် လွှဲပြောင်းရယူခဲ့သော မန္တလေးရေကြောင်းရဲတပ်ဖွဲ့နှင့် မြေယာအငြင်းပွားမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်က ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ ရဲတပ်ဖွဲ့ဝင်များက တောင်သူများနှင့် အငြင်းပွားနေသော မြေပေါ်တွင် ခြံစည်းရိုးခတ်သဖြင့် တောင်သူမိသားစုနှင့် ပြဿနာဖြစ်ပွားခြင်းဖြစ်သည်။


ရေကြောင်းရဲတပ်ဖွဲ့က တောင်သူမိသားစုဝင် ၆ ဦးကို ခြံစည်းရိုးများအားလှဲခြင်း၊ သတိပေးဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို အနာတရဖြစ်အောင်လုပ်ခြင်း၊ အလုပ်အားတားဆီး နှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခဲ့သည်။
တောင်သူမိသားစုဝင် ၆ ဦးမှာ ၉ လကြာ အချုပ်ဖြင့် တရားရင်ဆိုင်ခဲ့ရပြီး ယခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် မဟာအောင်မြေမြို့နယ် တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၀/၁၁၄ အရ ထောင်ဒဏ် ၂ နှစ်၊ ၃၃၂/၁၁၄ အရ ထောင်ဒဏ် ၂ နှစ်ဖြင့် တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ခရိုင်တရားရုံးတွင် အယူခံဆက်ဝင်ရာ အယူခံနိုင်သဖြင့် ၎င်းတို့ ၆ ဦးထဲမှ ကျောင်းဆရာမဖြစ်သူ မခိုင်ဇာ၀င်းမှာ ယနေ့ လွတ်မြောက်လာခြင်းဖြစ်သည်။
တရားစွဲခံရသူများမှာ ဦးပေါက်စ၊ ဒေါ်ဌေးဌေး၊ ကိုအောင်ကျော်မိုး၊ ကိုမင်းမင်းခိုင်၊ မမြင့်မြင်စန်းနှင့် ကျောင်းဆရာမဖြစ်သူ မခိုင်ဇာ၀င်းတို့ဖြစ်ပြီး ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ ဒုတိယရဲမှူးစိုးသန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။
"ခရိုင်ရုံးကဖတ်ကြားတဲ့ အမိန့်စာမှာ သူကအဲ့ဒီ ခြံ၀န်းမှာနေထိုင်သူလည်း မဟုတ်ဘူး။ ဖြစ်ပွားချိန်မှာလည်းသူက ဖုန်းနဲ့ဗီဒီယိုရိုက်နေတာ ဖြစ်စဉ်မှာပါ၀င်မရှိကြောင်း ပေါ်ပေါက်တယ်။ ဒါကြောင့် အောက်ရုံးအမိန့်ကို ပယ်ဖျက်ပြီးတော့ မခိုင်ဇာလင်းကို အပြီးသတ် လွှတ်လိုက်တာ”ဟု မခိုင်ဇာလင်း၏ ရှေ့နေ ဦးမျိုးမင်းဇော်ကပြောသည်။
အဆိုပါအမှုတွင် ကျန်ရှိနေသည့် မိသားစု၀င် ၅ ဦးကိုမူ ခရိုင်တရားရုံးက မြို့နယ်ရုံး၏အမိန့်ကို ဆက်လက် အတည်ပြုခဲ့သည့်အတွက် တိုင်းတရားရုံးသို့ ထပ်မံအယူခံဆောင်ရွက်သွားမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော်က ဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













