ခြစားမှုနဲ့ပွဲစားတွေကို လ.ဝ.က ရုံးထဲက ရှင်းထုတ်မယ်လို့ ကတိပေးလိုက်တဲ့ ရန်ကုန်တိုင်းဝန်ကြီး

"အဂတိကို ရှေ့မှာ ဆက်လက်ဆောင်ရွက်ခြင်း မပြုဖို့၊ ရုံးတွေထဲမှာ ပွဲစားနဲ့ ဆောင်ရွက်တဲ့ ကိစ္စတွေ ခွင့်မပြုတာတွေကို အဓိက ထိန်းကျောင်းပါတယ်"

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်

အစိုးရသက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့သည့် အချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနကို တိုင်းနှင့်ပြည်နယ်များတွင် ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးအဖြစ် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် () တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်အား ခန့်အပ်ခဲ့သည်။

အဂတိလိုက်စားမှုအများဆုံးဟု ပြည်သူအချို့ကြား အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် လ.ဝ.က ရုံးများကို ပြုပြင်ပြောင်းလဲရန် ကြိုးစားနေသည်ဟု အသက် ၅၀ နှစ်အရွယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် ဝန်ကြီးက ဆိုသည်။

အဂတိလိုက်စားမှုများပပျောက်ရေး၊ လ.ဝ.က ရုံးများတွင် ခြေရှုပ်နေသည့် ပွဲစားများကို အားမကိုးရေး၊ ဝန်ထမ်းနှင့် ပြည်သူအကြား ကောင်းမွန်သည့်ဆက်ဆံရေး ဖော်ဆောင်နိုင်ရေးအပါအဝင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအကြောင်း Myanmar Now က အောက်တိုဘာ ၃ တွင် ဒေါ်မိုးမိုးစုကြည်အား မေးမြန်းခဲ့ပြီး ယင်းတို့အနက်မှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး။ ဒီလတွေမှာ ဝန်ကြီးဟာ ရန်ကုန်တိုင်း(လ.ဝ.က) မြို့နယ်ရုံးတွေ ကွင်းဆင်းနေတာ တွေ့ရတယ်။ အဲဒီလို ကွင်းဆင်းနေတာ ဘာကြောင့်လဲ။ ဘာတွေ လေ့လာတွေ့ရှိရလဲ။

ဖြေ။ ဒီဌာနသည် အဂတိအများဆုံးဌာနရယ်လို့ ပြည်သူတွေထဲမှာ နာမည် ရှိခဲ့တယ်။ ဒီနာမည်တွေကို လျော့ပါးရာကနေ ပပျောက်သည်အထိ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုတင်ထိန်းကျောင်း တည့်မတ်တာပါ။ ရုံးတွေမှာ ဒါတွေကို အဓိကထားပြီးတော့ ပြောပါတယ်။ အဂတိကို ရှေ့မှာ ဆက်လက်ဆောင်ရွက်ခြင်း မပြုဖို့၊ ရုံးတွေထဲမှာ ပွဲစားနဲ့ ဆောင်ရွက်တဲ့ ကိစ္စတွေ ခွင့်မပြုတာတွေကို အဓိက ထိန်းကျောင်းပါတယ်။

ကာယကံရှင်တွေကို အမှုတွဲ ရှာဖွေခိုင်းခြင်းတွေ၊ နယ်မှာရှိတဲ့ အမှုတွဲ ယူခိုင်းခြင်းများကို လုံးဝခွင့်မပြုတော့ဘူးဆိုတာ ဝန်ထမ်းများအားလုံးကို ထိန်းကျောင်းတည့်မတ်တာတော့ ကွင်းဆင်းဆောင်ရွက်ချက်များမှာ တပါတည်း ဆောင်ရွက်သွားတာ ဖြစ်ပါတယ်။

အဓိကတော့ ဝန်ထမ်းများ လိုက်ပါပြီးတော့ အဂတိမှုတွေ ခြစားမှုတွေ ပပျောက်ဖို့။ ပွဲစားနဲ့ ဆောင်ရွက်ခြင်း ကိစ္စရပ်တွေမှာလည်း ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။

ပြည်သူတွေ ပါဝင်ရမှာက အဂတိများ မမြောက်ရလေအောင်။ ပြည်သူများ လဝကကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ပဲ အခက်အခဲ ရှိပါစေ အခကြေးငွေပေးပြီး အဂတိပေးပြီး ဆောင်ရွက်ခြင်းများ မပြုဖို့ကိုလည်း ပြည်သူများကို တိုက်တွန်းထားပါတယ်။ ဒါတွေကို အဓိကထား ဆောင်ရွက်ပါတယ်။

မေး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မှတ်ပုံတင်ပြုလုပ်တာမှာ ပြည်သူတွေ လာဘ်မပေးဖို့ဆိုပြီး ပြောသွားတာ ရှိတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေ၊ ဘာသာခြားတွေ ကိုင်ဆောင်ကတ်ပြုလုပ်တဲ့အခါမှာ သူတို့ကို အကြောင်းအမျိုးမျိုးနဲ့ အချိန်ဆွဲတာတွေ ပိုက်ဆံတောင်းတာတွေ ဖြစ်နေတာကို ဘယ်လို ဖြေရှင်းမလဲ။

ဖြေ။ ဒါတွေသည် ပုဒ်မ ၆၊၇ နဲ့ လျှောက်ယူရတဲ့ ကိစ္စ ဖြစ်ပါတယ်။ ပုဒ်မ ၆၊၇ နဲ့ လျှောက်ယူရတာသည် လူမျိုးခြား ဖြစ်ပါတယ်။ အဲဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့က လိုတာထက် ပိုပြီး ကြန့်ကြာတာမျိုး မဖြစ်အောင်။ ကျွန်မတို့ တာဝန်မထမ်းခင်လို့ပဲ ပြောပြော အစဉ်အဆက်မှာတော့ ဒါတွေ ပေးခဲ့ရတယ်ဆိုတာ အားလုံးလက်ခံထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အခု နောက်ပိုင်းမှာ အခု ဝန်ကြီးဌာနအနေနဲ့ စတင်ပြီး ဖွဲ့စည်းပေးလိုက်တဲ့ နောက်ပိုင်း တာဝန်စယူတဲ့ အချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးမှာတော့ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး အခြေအနေတွေ အချိန်တိုအတွင်းမှာ ရရှိအောင်တော့ ဖန်တီးပေးဖို့ ညွှန်ကြားပြီး ဖြစ်ပါတယ်။

ဒီပေါ်မှာ လာဘ်ပေးခြင်း လာဘ်ယူခြင်းကိုလည်း ပြည်သူများကိုယ်တိုင် မပေးပါနဲ့။ မပေးပါနဲ့လို့ ပြောတဲ့အခါမှာ ဝန်ထမ်းတွေဘက်ကနေ ဖေးမပြီးတော့ ပြောတယ်လို့လည်း မထင်စေချင်ဘူး။

ဘယ်လို အခက်အခဲတွေ ကြုံကြုံ ပြည်သူတွေနဲ့ ဝန်ထမ်းများအားလုံး ပူးပေါင်းပြီး လက်တွဲ ဖြေရှင်းမယ်ဆိုရင်တော့ ဒီအခက်အခဲကို ကျော်လွှားနိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူများနဲ့အတူ အခက်အခဲ အကျပ်အတည်းများကို လက်တွဲပြီးတော့ ဖြေရှင်းပါမယ်။

တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ဖို့လည်း ကျွန်မရဲ့ဖုန်းနံပါတ်ဆို ရောက်တဲ့နေရာတိုင်း ပေးပါတယ်။ ပြည်သူများဘက်ကလည်း ခက်ခဲလွန်းလို့ မလုပ်ချင်တော့ဘူးဆိုတဲ့ အခြေအနေမျိုးတွေ မဖြစ်ရလေအောင် ကျွန်မ စတင်တာဝန်ထမ်းဆောင်ချိန်မှာတော့ ဝန်ထမ်းများကိုလည်း ထိန်းကျောင်းထားပါတယ်။

လိုတာထက်ပိုပြီး ကြန့်ကြာတဲ့အချိန်များ မဖြစ်ရလေအောင် ဥပဒေနဲ့အညီ ပေးနိုင်ဖို့အတွက် စိစစ်ရမယ့် လုပ်ငန်းများကိုတော့ ဥပဒေနဲ့အညီ စိစစ်ဖို့ လိုပါတယ်။ ဘာကြောင့် ကြန့်ကြာရတယ်၊ ဘာကြောင့် အချိန်တွေ ကြာတယ်ဆိုတဲ့ အကြောင်းပြန်ကြားချက်များကို ပြည်သူတွေ သိရှိနားလည်အောင် ဝန်ထမ်းများက ရှင်းပြမယ်ဆိုရင် ပြည်သူတွေက အင်မတန် ချစ်ဖို့ကောင်းတယ်။ လက်ခံမှာ ဖြစ်ပါတယ်။

မေး။ အဂတိလိုက်စားမှု အများဆုံးဆိုရင် လဝကရုံး။ ဝန်ဆောင်မှုပေးတဲ့ နေရာမှာလည်း မျက်နှာထားအတင်းဆုံးက လဝကရုံးဆိုပြီး ပြောလေ့ရှိတယ်။ ဝန်ကြီးဌာန အသစ်အနေနဲ့ လဝကရုံးနဲ့ ပတ်သက်ပြီး စာဖတ်သူတွေကို ဘယ်လို သတင်းကောင်း ပေးနိုင်မလဲ။

ဖြေ။ အဂတိမှု၊ ခြစားမှု၊ လာဘ်ပေးလာဘ်ယူ၊ ပွဲစားတွေနဲ့ ဆောင်ရွက်ချက်တွေကလည်း အားလုံးအတွက် အဂတိမှုတွေချည်းပဲ။ အဲဒီလိုမျိုး အလွှာရှင်တွေ( ပြည်သူတွေ) ကို အမှုတွဲ ရှာခိုင်းတဲ့ ကိစ္စတွေကို ယနေ့ကစ ရှောင်ရှားဖို့၊ ထိန်းကျောင်းဖို့၊ တည့်မတ်ဖို့အတွက် ဆောင်ရွက်ပြီး ဖြစ်တဲ့အတွက် ဒါတွေက ပြည်သူတွေအတွက်တော့ ဒါကိုပဲ သတင်းကောင်းလို့ ပြောချင်တယ်။

အဲဒီလို သတင်းကောင်းအတွက်လည်း ပြည်သူများ ပူးပေါင်းပေးပါ။ ပြည်သူများအနေနဲ့ ဘယ်လောက် အခက်အခဲ အကျပ်အတည်းတွေ ရှိနေပါစေ လာဘ်ပေးခြင်းတွေ မလုပ်ဖို့၊ ငွေပေးပြီး ဆောင်ရွက်ခြင်း မပြုဖို့ပွဲစားနဲ့ ဆောင်ရွက်ခြင်း မပြုဖို့တွေကို ဆောင်ရွက်ခြင်းဖြင့် အခက်အခဲတွေများ ကြုံတွေ့လာတယ်ဆိုရင်တော့ သတင်းကောင်းလို့ပဲ ပြောပြော၊ သတင်းလို့ပဲ ပြောပြောပါ ကျွန်မတို့ ဝန်ကြီးဌာန ရှိပါတယ်ဆိုတာ ပြောချင်ပါတယ်။ ဝန်ကြီးဌာနနဲ့အတူ ရှင်းရှင်းပြောမယ်ဆို ဝန်ကြီးရှိတယ်လို့ ပြောလို့ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံသားကဒ်ပဲ ဖြစ်ပါစေ၊ ကိုင်ဆောင်ကဒ် တစ်ခုခုကို ဥပဒေနဲ့အညီ ကိုင်ဆောင်နိုင်ဖို့အတွက် ဦးစီးဌာနမှူးရုံးမှာ သွားရောက် ဆောင်ရွက်တဲ့အခါမှာ ဘယ်လောက် အခက်အခဲတွေ ရှိပါစေ ဒီအခက်အခဲတွေကို ပေါင်းစည်းစုပေါင်း ကျော်လွှားနိုင်ဖို့အတွက် ပြည်နယ်နဲ့ တိုင်းအားလုံးမှာ ဝန်ကြီးတွေ ရှိတယ်ဆိုတာ ပြောချင်ပါတယ်။ တိုင်းဒေသကြီးအစိုးရကို တိုက်ရိုက် တိုင်ကြားခွင့် ရှိတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အသစ်ဖွဲ့စည်းထားတဲ့ ဝန်ကြီး ရှိပါတယ်။

မေး။ စုံစမ်းရသလောက် ကျောင်းတွေမှာ စီမံချက်နဲ့ နိုင်ငံသားကတ် လုပ်ပေးတယ်။ ဒါပေမဲ့ ဘာသာခြားဆိုရင် သပ်သပ် ဖယ်ထားလိုက်ပြီး နောက်မှ ဦးစီးမှူးရုံးမှာ သွားလုပ်ပါဆိုတာမျိုး ရှိတယ်။ အဲဒါက ဘာကြောင့်လဲ။ အဖေကလည်း နိုင်ငံသားအမေကလည်း နိုင်ငံသားကတ် ရထားတယ်။ ဒါပေမဲ့ ကျောင်းမှာ သူများတွေနည်းတူ ဘာကြောင့် မှတ်ပုံတင် လုပ်လို့ မရတာလဲ။ အဲဒီလိုကိစ္စတွေပေါ် ဖြေရှင်းဖို့တွေ ရှိလား။

ဖြေ။ ဖြေရှင်းပြီးပြီ။ ကျွန်မတို့မတက်ခင် အခြေအနေမှာတော့ ဒါတွေ ရှိကောင်းရှိပါလိမ့်မယ်။ ပထမအကြိမ်ကျောင်းကွင်းဆင်းကို သိပ်မမီလိုက်ဘူး။ အခု ဒုတိယအကြိမ်မှာ ကျွန်မတို့က ကျောင်းကို ကွင်းဆင်းမှာပါ။ ဒီဇင်ဘာ ဒါမှမဟုတ်ရင် ဇန်နဝါရီပေါ့ စာမေးပွဲတွေ မဖြေခင် ပုံမှန်ဆိုရင် နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ဒုတိယအကြိမ် ကျောင်းကွင်းဆင်းပါတယ်။ အဲဒီကွင်းဆင်းတဲ့နေရာမှာတော့ ညွှန်ကြားပြီး ဖြစ်ပါတယ်။ ဘယ်လိုဘာသာဝင် ဖြစ်ပါစေ ဘယ်လိုလူမျိုး ဖြစ်ပါစေ အမှုတွဲ တည်ဆောက်ခဲ့ပါ။ ကလေးတွေဆီကနေ အမှုတွဲယူမယ်။ ပြီးရင် စောစောကပြောတဲ့ နိုင်ငံသားနဲ့ သူတို့နဲ့တော့ မတူတာတစ်ခု ရှိမယ်။

နိုင်ငံသားကတော့ ရုံးရောက်တယ်ဆိုရင် နိုင် တွေနိုင် ၄တွေ ဖြည့်ပြီးသွားပြီ။ ကတ်ပြားထွက်နိုင်တဲ့ အခြေအနေတွေကို ဆောင်ရွက်လို့ရတယ်။ သူတို့ကို စိစစ်ပါတယ်။ စိစစ်ပြီးမှ နိုင်ငံသားဆိုတာ ထုတ်ပေးတာ။

ကျောင်းကွင်းဆင်းမှာလည်း နေ့ချင်းပြီး ဆောင်ရွက်မပေးပါဘူး။ အဲဒီလိုပဲ ဥပဒေက ခွင့်ပြုရမယ့် နိုင်ငံသားများအတွက်ကိုလည်း အမှုတွဲတည်ဆောက်ခဲ့ဖို့ ညွှန်ကြားပြီး ဖြစ်ပါတယ်။

သူတို့ကတော့ မြို့နယ်ရုံးကို တစ်ခေါက် လာရောက်ပြီးတော့ စစ်ဆေးချက်ကိုတော့ ခံယူရမှာပေါ့။ ဒါ ကလေးတွေရဲ့ စိတ်ကို ကုစားပေးတာ။ ကုစားနိုင်ဖို့ ဖြစ်သလို ဖြေလျော့နိုင်မယ့် အခြေအနေမျိုးကို ရရှိအောင် ဖန်တီးပေးတာ။

ကျောင်းကွင်းဆင်းတွေမှာလည်း ဒီလိုကလေးမျိုးကို ထည့်သွင်း ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကျောင်းကွင်းဆင်းရင်တော့ ဒါတွေ ပါလာမှာလို့ ပြောချင်ပါတယ်။

မေး။ ။ အဲဒီလိုဆိုရင် တခြားတိုင်းရင်းသား ကလေးတွေက မှတ်ပုံတင် တစ်ခါတည်း ရနိုင်တယ်။ နောက် ဆယ်ရက်၊ ဆယ့်ငါးရက် ကြာရင်ပေါ့။ ဒါပေမဲ့ ဘာသာခြား၊ လူမျိုးခြားတွေကိုဆိုရင် ရုံးတစ်ခေါက် ထပ်သွားရမယ်ဆိုရင် သူတို့စိတ်ထဲမှာ ဒဏ်ရာရနိုင်မယ် တွေးတာလေ။ တန်းတူအခွင့်အရေး မခံစားရဘူးပေါ့။ သူတို့လည်း အဖေကလည်း နိုင်ငံသား၊ အမေကလည်း နိုင်ငံသား ဖြစ်ရဲ့သားနဲ့ဆိုတော့ အဲဒီအခက်အခဲက ဥပဒေအခက်အခဲလို့ ထင်လား။

ဖြေ။ ဒါက ဌာနရဲ့ နဂိုတည်းက နာမည်ကိုက နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေကိုလည်း ဖြေလျှော့ပြီး ဆောင်ရွက်နိုင်အောင်တော့ ဆက်ပြီး ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အဘိုးအဘွားအထိ ကလေးတွေက ကြည့်နေရသေးတဲ့အခြေအနေ။ အားလုံးကတော့ အဘိုးအဘွား ကြည့်ရတယ်။ တိုင်းရင်းသားလည်း အဘိုးအဘွားအစဉ်အဆက် ကြည့်ပါတယ်။ အဲဒီတော့ အဖေနဲ့အမေ နိုင်ငံသားကတ်(နိုင်) ဖြစ်နေတဲ့ အခြေအနေမှာ အဘိုးအဘွားရဲ့လူမျိုးပေါ်မှာ ဒီမြေးကလေးတွေကို ပြန်ကြည့်ရတာ ဖြစ်တဲ့အတွက် ဒီကိစ္စကို ဆက်ပြီးတော့ ဖြေလျော့နိုင်အောင် ဆောင်ရွက်ပေးသွားဖို့အတွက်တော့ ကျွန်မတို့ ကြိုးစားနေပါတယ်။

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading