အဂတိကော်မရှင်သို့ တိုင်ကြားခြင်းမှာ ကချင်ပြည်နယ်အစိုးရကို အပြစ်ရှာလို၍ ဖြစ်မည်ဟု ပြည်နယ်ဝန်ကြီးချုပ်က တုန့်ပြန်ခဲ့သည်။
မြစ်ကြီးနား-ဗန်းမော် ဖောက်လုပ်ရေး လမ်းပိုင်းတစ်နေရာကို တင်ဒါမခေါ်ဘဲ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့် ပေးခဲ့သည့် အတွက် ကချင်ပြည်နယ်အစိုးရကို စုံစမ်းစစ်ဆေးပေးရန် ရှေ့နေတစ်ဦးက အဂတိတိုက်ဖျက်ရေး ကော်မရှင်ထံ အောက်တိုဘာ ၁၆ တွင် တိုင်ကြားလိုက်သည်။
၂၃ မိုင် ရှည်လျားသည့် အဆိုပါလမ်းပိုင်းသည် ဖောက်လုပ်ရန်အတွက် ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ကို ရယူရန် ပြည်နယ်အစိုးရက ပျက်ကွက်ခဲ့သည် ဟုလည်း မြစ်ကြီးနားအခြေစိုက် တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက ထောက်ပြခဲ့သည်။

“ဒီကိစ္စဟာ အဂတိဥပဒေတွေနဲ့ ငြိစွန်းချက်တွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒါကို အရေးတယူ စစ်ဆေးမယ်လို့ ကျွန်တော် ယုံကြည်တယ်” ဟု ၄င်းက ပြောသည်။
မြစ်ကြီးနားအခြေစိုက် ပါဝါဖိုက်စတားကုမ္ပဏီက ပြီးခဲ့သည့်လပိုင်းအတွင်းက လုပ်ပိုင်ခွင့်ရခဲ့သည့် ကျပ် ၁၁ ဘီလီလံတန် အဆိုပါ မြစ်ကြီးနား - ဗန်းမော် လမ်းမကြီး မိုးမောက်လမ်းပိုင်းသည် အရည်အသွေးလည်း မပြည့်မီကြောင်းလည်း သူက စွပ်စွဲခဲ့သည်။


မိုးမောက် လမ်းပိုင်းခင်းကျင်းရန်အတွက် ဘဏ္ဍာငွေမှာ ယခုဘဏ္ဍာနှစ် လျာထားဘတ်ဂျတ် စာရင်းတွင်မပါဝင်သကဲ့သို့ ပြည်နယ်လွှတ်တော်တွင် အဆိုအောင်ထားခြင်း၊ မေးခွန်း မေးမြန်းခြင်းများလည်း မရှိခဲ့ကြောင်း ကချင်လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောသည်။
“ဘဏ္ဍာရေးစည်းမျဉ်းအရရော၊ လွှတ်တော်ကို အသိမပေးဘဲ လုပ်တာရောကြောင့် ဒီတိုင်ကြားမှုက ဖြစ်ကို ဖြစ်သင့်တဲ့ကိစ္စပဲ” ဟု တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် အမတ်လည်းဖြစ်သည့် ဦးဇော်ဝင်းက ပြောသည်။


လမ်းသည် အရည်အသွေးမပြည့်မီဟု သတင်းများ ထွက်ခဲ့ပြီးနောက် ကချင်ပြည်နယ်လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာ ကော်မတီက စုံစမ်းစစ်ဆေးခဲ့သည်။
အောက်တိုဘာ ၉ ရက်နေ့က ပြည်နယ်လွှတ်တော်ထံ တင်ပြခဲ့သည့် ကော်မတီ၏ အစီရင်ခံစာတွင် လမ်းသစ်သည် ယခင်လမ်းဟောင်းထက် ကျဉ်းသွားခြင်း၊ လမ်းပခုံးသားများသည် သတ်မှတ်ထားသည်ထက် နိမ့်ကျခြင်းစသည့် အချက်အလက်များ တွေ့ရှိရသည်ဟု ထည့်သွင်းဖော်ပြထားသည်။
အဆိုပါစွပ်စွဲချက်များကို ထုတ်ပြန်ချက်ထုတ်ကာ တုံ့ပြန်မည်ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲလည်း မကြာမီ ပြုလုပ်မည်ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က Eleven သတင်းဌာနကို အောက်တိုဘာ ၁၆ တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့က စေတနာနဲ့ လုပ်တာ။ မကောင်းတဲ့ရှုထောင့်ကနေ အမျိုးမျိုး အပြစ်ရှာတာပါပဲ” ဟု ဝန်ကြီးချုပ်က Eleven ကို ဖုန်းဖြင့် ပြောသည်။
အဆိုပါပြဿနာကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ထုံး လုပ်နည်းများ အရ တိုင်ကြားစာ ရောက်မရောက်နှင့် စစ်ဆေး အရေးယူမည့် အခြေအနေများကို ထုတ်ဖော် မပြောနိုင်ကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။
လွန်ခဲ့သည့်ရက် အနည်းငယ်ကလည်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီအရင်ခံစာပါ အချက်အလက်များကို ကိုးကားပြီး ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် မရှိစေရန်အတွက်ဟု ဆိုကာ ရန်ကုန်တိုင်းလွှတ်တော်ကို စောင့်ကြည့်ရန်အတွက် ဖွဲ့စည်းထားသည့် Yangon Watch တည်ထောင်သူ ဒေါ်ညိုညိုသင်းက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကိုတိုင်ကြားထားသည်။ ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











