အမျိုးသားစာကြည့်တိုက်ဟောင်းကိုအရင်းပြု၍ ဦးပိုင်က တစ်နှစ်လျှင် ဒေါ်လာ သုံးသန်းရနေ

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ၂၀၀၈ ခုနှစ်အထိ ဖွင့်လှစ်ခဲ့သည့် တာမွေမြို့နယ်ရှိ အဆောက်အအုံဟောင်း မြေနေရာသည် လွန်ခဲ့သည့် ရှစ်နှစ်ကတည်းက မြန်မာ့စီးပွားရေးဦးပိုင် လက်အောက်သို့ ရောက်ရှိသွားခဲ့ပြီး လက်လွှဲငှားရမ်းရုံဖြင့် တစ်နှစ် ဒေါ်လာသုံးသန်းစွန်းစွန်း ဦးပိုင်က ရရှိနေသည်။

Published on Sep 27, 2019
တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ POLO CLUB (Asia) Residence စာတမ်းပါ အမျိုးသားစာကြည့်တိုက်အဆောက်အအုံဟောင်း
တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ POLO CLUB (Asia) Residence စာတမ်းပါ အမျိုးသားစာကြည့်တိုက်အဆောက်အအုံဟောင်း

နှစ်ပေါင်းများစွာ နေရာအတည်တကျ မရှိခဲ့သော အမျိုးသားစာကြည့်တိုက် (ရန်ကုန်)သည် အမှတ် ၆၀၄/၆၀၈ ကုန်သည်လမ်းရှိ ယခင်ရေနံရုံးချုပ်အဆောက်အအုံနေရာတွင် ဖွင့်လှစ်ခွင့်ရပြီးသည့်နောက် အမျိုးသားစာကြည့်တိုက် ဆိုသော နာမည်နှင့်လိုက်အောင် ဣန္ဒြေရရ ခံ့ခံ့ညားညား ဝန်ဆောင်နိုင်တော့မည်ဖြစ်သည်။

ဘီအိုစီဟု အသိများသည့် ဘားမားရေနံကုမ္ပဏီ ရုံးချုပ်ဖြစ်ခဲ့ဖူးပြီး ၁၁၁ နှစ် သက်တမ်းရှိသည့် ထိုရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွင် အမျိုးသားစာကြည့်တိုက် ဖွင့်လှစ်ရန် ဘတ်ဂျတ် ကျပ် ကိုးဘီလျံ ရရှိထားပြီး လက်ရှိတွင် စာကြည့်တိုက်အတွင်းပိုင်း ပြင်ဆင်မှုနှင့် ကြံ့ခိုင်မှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်နေကာ ရှေ့နှစ် ဧပြီလတွင် ဖွင့်လှစ်နိုင်မည်ဟု အာဏာပိုင်များက ခန့်မှန်းထားကြသည်။

စာကြည့်တိုက်အသစ်အတွက် ဘီလျံနှင့်ချီသော ဘတ်ဂျတ်ချထားပေးကာ ပြင်ဆင်နေချိန်တွင် တာမွေမြို့နယ်ရှိ နိုင်ငံပိုင်အမျိုးသားစာကြည့်တိုက် အဆောက်အအုံဟောင်းမှာတော့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်လက်ထဲ ရောက်သွားခဲ့ပြီး လက်လွှဲငှားရမ်းထားခြင်းမှတစ်ဆင့် ဦးပိုင်သည် တစ်နှစ်လျှင် ဒေါ်လာ ၃ ဒသမ ၁ သန်း (ကျပ် ၄ ဒသမ ၇ ဘီလျံ) ငှားရမ်းခ ရရှိနေပြီဖြစ်သည်။

လေးထောင့်ကန်လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းထောင့်ရှိ ကိုးဧကကျယ်သော မြေနေရာပေါ်တွင် တည်ရှိသည့် အမျိုးသားစာကြည့်တိုက် ခြောက်ထပ်အဆောက်အအုံဟောင်းကို “ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုချက်ဖြင့်” ဦးပိုင်လီမိတက်က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကျပ် ၉၇၈၃ ဒသမ ၃၆၇ သန်း (ကျပ် ၉ ဒသမ ၇ ဘီလျံ) ဖြင့် ပေးချေ ဝယ်ယူခဲ့သည်ဟု ဦးပိုင်၏ ဒါရိုက်တာအဖွဲ့က ရှယ်ယာရှင်များအား တရားဝင်ထုတ်ပြန်သော ‘ ၂၀၁၀-၂၀၁၂ ခုနှစ် ၂၂ ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကြီးသို့ တင်သွင်းသည့် ဒါရိုက်တာအဖွဲ့အစီရင်ခံစာ’ တွင် ဖော်ပြထားသည်။

အစောပိုင်းတွင် ဘားနဒ် အခမဲ့စာကြည့်တိုက်၊ ထို့နောက် နိုင်ငံတော်စာကြည့်တိုက်အဖြစ် ဂျူဘလီဟော၊ အမျိုးသားစာကြည့်တိုက်အဖြစ် ပန်းဆိုးတန်း၊ မြို့တော်ခန်းမ၊ ကမ်းနားလမ်း ခြောက်ထပ်ရုံးတို့တွင် နေရာအမျိုးမျိုးပြောင်းကာ ဖွင့်လှစ်ခဲ့ရသည့် အမျိုးသားစာကြည့်တိုက်အတွက် နေရာအတည်တကျ ဖြစ်ပြီဟု ယူဆခဲ့ရသည့် အဆောက်အအုံကို အထက်ပါ မြေနေရာ၌ ဆောက်လုပ်ရန် ၁၉၉၅ ခုနှစ်တွင် ပန္နက်ချခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် မှန်များကွဲအက်ပျက်စီး ယိုယွင်းခဲ့သည့်အတွက်ဟုဆိုကာ စာကြည့်တိုက်အဖြစ်မှ ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက် ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ ယခင် သစ်တောရေးရာဝန်ကြီးဌာနရုံး အဆောက်အအုံဟောင်းနေရာသို့ ပြောင်းရွှေ့ခဲ့ရသည်မှာ ယခုထက်ထိဖြစ်သည်။

၂၀၀၉ ခုနှစ်နှစ်ကုန်ပိုင်းတွင် ထိုအဆောက်အအုံ၏ မြေညီထပ်နှင့် ပထမထပ် နှစ်လွှာကို ဦးဇော်မင်းအေး၏ မိုးဆမ်းပန်း ကုမ္ပဏီများအုပ်စုက ငှားရမ်းကာ ကုမ္ပဏီရုံးခန်းများ ၂၀၁၂ နှစ်ဆန်းအထိ ဖွင့်လှစ်ခဲ့သည်ဟု ကုမ္ပဏီနှင့် နီးစပ်သူအချို့က ပြောသည်။ ဦးဇော်မင်းအေးသည် ဦးပိုင် ဥက္ကဋ္ဌဟောင်း (နောင် ၂၀၁၅ ရွေးကောက်ပွဲအထိ တာဝန်ယူခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ) ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၏ သားဖြစ်သည်။

သို့သော်လည်း ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်ပိုင် ထိုမြေနေရာနှင့် ထိုအဆောက်အအုံဟောင်းကို ဦးပိုင်က “ကျသင့်တန်ဖိုး” ကျပ် ၉ ဒသမ ၇ ဘီလျံဖြင့် ဝယ်ယူခဲ့ပြီးနောက် ထိုမြေနေရာနှင့် အဆောက်အအုံတွင် စီးပွားဖြစ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း သတင်းစာမှတစ်ဆင့် အဆိုပြုတင်ဒါ ခေါ်ခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် တင်ပြထားသည်။

၁၉၉၀ ပြည့်နှစ်တွင် ကာကွယ်​ရေးဝန်ကြီးဌာန၏ရှယ်ယာထည့်ငွေ၊ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားများနှင့် စစ်မှုထမ်းဟောင်း ရှယ်ယာတို့ဖြင့် အထူးကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့သည့် စီးပွားရေးဦးပိုင်လီမိတက်သည် ၂၀၁၆ ခုနှစ် မတ်လမှစပြီး အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ်သို့ ကူးပြောင်းကာ နိုင်ငံတော်ရှယ်ယာများကို ပြန်အပ်ခဲ့သည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းခဲ့သည့် အချက်အလက်ရှာဖွေရေးမစ်ရှင်ကမူ ဦးပိုင်၏လုပ်ငန်းများမှ ရငွေများဖြင့် မြန်မာ့တပ်မတော်သည် လူနည်းစုများအပေါ် ထိုးစစ်ဆင်ရာတွင် သုံးစွဲနိုင်ဖွယ် ရှိသည်ဟု စွပ်စွဲထားပြီး ဦးပိုင်နှင့်လက်အောက်ခံ လက်ခွဲကုမ္ပဏီများ၊ ဖက်စပ်လုပ်နေသည့် ပြည်ပကုမ္ပဏီများနှင့် လက်တွဲမလုပ်ခြင်းဖြင့် အရေးယူရန် နိုင်ငံတကာကို တိုက်တွန်းထားသည်။

၂၀၀၉-၂၀၁၂ ဝန်းကျင်ကာလ စစ်အစိုးရမှ အရပ်သားအစိုးရသို့ အသွင်ကူးပြောင်းသည့်ကာလအတွင်း နိုင်ငံပိုင်မြေနေရာနှင့် အဆောက်အအုံ၊ လုပ်ငန်းအများအပြားကို “ပုဂ္ဂလိကပိုင်ပြုရေး” ခေါင်းစဉ်ဖြင့် လက်လွှဲရောင်းချခဲ့ချိန်တွင် မြန်မာ့စီးပွား​ရေး ဦးပိုင်လီမိတက်ခေါင်းစဉ်အောက်သို့ အများအပြား ရောက်ရှိသွားခဲ့ရာ ထိုအမျိုးသားစာကြည့်တိုက်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

အမျိုးသားစာကြည့်တိုက်ဟောင်းနေရာတွင် စီးပွားဖြစ်လုပ်ငန်းများ လုပ်ရန် ဦးပိုင်က တင်ဒါခေါ်ပြီးနောက် ကုမ္ပဏီ ၁၆ ခုက အဆိုပြုလွှာများ တင်သွင်းခဲ့ပြီး Blazon Group (ဘလေဇွန် လုပ်ငန်းစုများ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိတက်)၊ Hypermart Co., Ltd (ထူးကဲသော ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်) ၊ Silver Wave Trading ကုမ္ပဏီနှင့် လက်ဝါးကုမ္ပဏီတို့ကို ရွေးချယ်ခဲ့သည်။

နှစ် ၃၀ တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (B.O.T) စနစ်ဖြင့် ထိုနေရာတွင် ဈေးဝယ်စင်တာ၊ အဆင့်မြင့်လူနေအိမ်ခန်းနှင့် ရုံးခန်းများ ဖွင့်လှစ်ရန် လျာထားကြောင်း၊ တည်ဆောက်ချိန်ကာလ နှစ်နှစ်ဖြစ်ပြီး ငှားရမ်းခအဖြစ် ဦးပိုင်အား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်း နှင့် လက်မှတ်ထိုးကြေး ဒေါ်လာတစ်သန်း ပေးသွင်းရမည်ဖြစ်ကြောင်း အထက်ပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုနေရာတွင် လုပ်ငန်းလုပ်ကိုင်ရန်အတွက် တင်ဒါအောင်ထားသည့် ကုမ္ပဏီများပေါင်းထားသော HSL Group JV Co., Ltd ကို ၂၀၁၄ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ခဲ့သည်။ HSL GROUP တွင် လက်ဝါးကုမ္ပဏီမှ ဦးခင်မောင်အေးနှင့် ဦးသင်းမောင်အေး၊ Silver Wave Trading မှ ဦးမင်းမင်းအောင်၊ ဘလေဇွန်မှ ဦးဟန်ကြည်တို့ ဒါရိုက်တာအဖြစ် ပြန်လည်ပါဝင်နေသည်ဟု DICA ဝက်ဘ်ဆိုက်တွင် တွေ့ရသည်။

ပုဂ္ဂလိကကုမ္ပဏီများက ဦးပိုင်အား ငှားရမ်းခ စတင်ပေးသွင်းရသည့် ရက်စွဲကို မသိရပါ။ ပုဂ္ဂလိကပိုင်အဖြစ် ဝယ်ယူစဉ်က ကျပ် ၉ ဘီလျံကျော် (ထိုစဉ်ကပေါက်ဈေးဖြင့် ဒေါ်လာ ၁၀ သန်းဝန်းကျင်) ဖြစ်သဖြင့် သုံးနှစ်၊ လေးနှစ်အတွင်း အရင်းကျေမည်ဟု တွက်ချက်ရရှိနိုင်သည်။

အထက်ပါအစီရင်ခံစာတွင်မူ အရင်းကျေကာလကို ၅ နှစ်နှင့် ၁၀ လ (တည်ဆောက်ပြုပြင်ကာလ နှစ်နှစ်အပါအဝင်) ဟု ဆိုထားသည်။ လက်ရှိဒေါ်လာပေါက်ဈေး ပျမ်းမျှ ကျပ် ၁၅၀၀ နှုန်းအရဆိုလျှင် ဦးပိုင်သည် ယခုအချိန်တွင် နှစ်ဆကျော် အမြတ်ရနေနိုင်ပြီဟု ယူဆရသည်။

ဟိုတယ်၊ ပုဂ္ဂလိက ဆေးရုံနှင့် ဈေးဝယ်စင်တာများ ဆောက်လုပ်ရန် လျာထားခဲ့သည်ဟု ဆိုသော်လည်း လက်ရှိအဆောက်အအုံတွင် တရုတ်စာတမ်းပါ ဆိုင်းဘုတ်များ ကပ်ထားသော Western Park ဆိုသည့် စားသောက်ဆိုင်နှင့် Polo Club (Asia) Residence အရောင်းပြခန်းများမှလွဲ၍ မည်သည့်စီမံကိန်းကိုမျှ ဆောင်ရွက်နေသည်ကို မတွေ့ရပေ။

အနက်ရောင်မှန်ချပ်များ တပ်ဆင်ထားပြီး တစ်ချိန်က အမျိုးသားစာကြည့်တိုက်ဟောင်းဖြစ်ခဲ့သော ခြောက်ထပ် အဆောက်အအုံဟောင်းကြီး၏ ထိပ်ပိုင်းမျက်နှာစာတွင် POLO CLUB (ASIA) Residence (Sales Gallery) စာတမ်းကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။

ဈေးမသေးသည့် ပိုလိုကလပ် စီမံကိန်း

တင်ဒါအောင်ကုမ္ပဏီများပူးပေါင်းထားသော HSL Group နှင့် စင်ကာပူအခြေစိုက် Golden Glory ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းကာ ၃၄ ထပ်မြင့်သည့် လူနေတာဝါနှစ်လုံးနှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တို့ ထည့်သွင်းတည်ဆောက်မည့် Polo Club Asia Hotel and Residence စီမံကိန်းကို တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်က မြန်မာတိုင်း(မ်) သတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိထားသည်။

Polo Club Asia Residence ၏ အင်တာနက်စာမျက်နှာတွင် ယခုတည်ဆောက်မည့် ရန်ကုန်မြို့၏ အမြင့်ဆုံးဖြစ်လာမည့် ကွန်ဒိုစီမံကိန်းပါ တာဝါ အဆောက်အအုံနှစ်လုံးကို အဆင့်သုံးဆင့် ခွဲကာ တည်ဆောက်သွားမှာဖြစ်ပြီး ဈေးဆိုင်ခန်းများ၊ လူနေတိုက်ခန်းများ၊ ဟိုတယ်များ၊ ဘဏ်များလည်း ပါဝင်မည်ဟု ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၁ ရက် နေ့စွဲဖြင့် ထုတ်သည့် The Global New Light of Myanmar သတင်းစာတွင် အဆိုပါ စီမံကိန်းအတွက် HLS Group ၏ ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ China State Construction Engineer Corporation ၏အရှေ့တောင်အာရှ အမှုဆောင်အရာရှိချုပ် မစ္စတာ Xu Xiaojin (ရှူရှောက်ကျင်) တို့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲကျင်းပခဲ့ပြီး ထိုအချိန်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေလည်း တက်ရောက်ခဲ့သည်ဟု သတင်းဖော်ပြထားသည်။

စီမံကိန်းတွင် ပါဝင်သည့် တာဝါနှစ်လုံးအနက် ပထမတစ်လုံးပါ အခန်းများကို ပြီးခဲ့သည့် နှစ်များက ရောင်းချခဲ့ပြီး ယခုအခါ အိမ်ရာရောင်းချမှုကို ခေတ္တရပ်ဆိုင်းထားကြောင်း၊ အခန်းအကျယ်အဝန်းမှာ ၇၉၄ စတုရန်းပေမှ ၂၆၂၄ စတုရန်းပေ အထိ ရှိပြီး အခန်းဈေးနှုန်းများမှာ ၁ စတုရန်းပေလျှင် ဒေါ်လာ ၃၀၀ မှ ၄၉၀ အထိ ရှိကြောင်း Myanmar Builders Guide ဝက်ဘ်ဆိုက်တွင် တွေ့ရသည်။

လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများအားလုံး ရပ်နားထားရသည့် အကြောင်းရင်းကို မသိရပေ။

polo_club_with_myint_swe_nml.jpg

အမျိုးသားစာကြည့်တိုက်ဟောင်းနေရာတွင် ပိုလိုကလပ်အမည်ရသည့် ရန်ကုန်၏အမြင့်မားဆုံးသော အထပ်မြင့်အိမ်ယာစီမံကိန်းအကောင်အထည်ဖော်ရန် ၂၀၁၄ ခုနှစ်က မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နားလည်မှုစာချွန်လွှာရေးထိုးရေးအခမ်းအနားကို ဆီဒိုးနားဟိုတယ်တွင် ကျင်းပရာ ထိုစဉ်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေတက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင် Global New Light of Myanmar က သတင်းဖော်ပြခဲ့သည်။ 

အဆိုပါနေရာတွင် အကောင်အထည်ဖော်မည့် စီးပွားဖြစ်စီမံကိန်းများအကြောင်း လက်ရှိအခြေအနေကို သိရှိနိုင်ရန် Myanmar Now က မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ စီမံခန့်ခွဲမှုမန်နေဂျာ ဦးမျိုးအောင် နှင့် တင်ဒါအောင်ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များကို တွေ့ဆုံမေးမြန်းခွင့်ရရန် လူကိုယ်တိုင်သွားရောက်၍ရော၊ စာပို့ခြင်းဖြင့်ပါ ကြိုးပမ်းခဲ့သော်လည်း ယခုဆောင်းပါးရေးချိန်အထိ မေးမြန်းခွင့် မရသေးပါ။

Polo Club Asia Residence စီမံကိန်းတွင် ပြည်တွင်း HSL Group နှင့် “အကျိုးတူ” ဆောက်လုပ်မည့် စင်ကာပူအခြေစိုက် Golden Glory ကုမ္ပဏီကို အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ခြင်း မရှိပေ။ ထို့ပြင် စီမံကိန်းတွင် ပါဝင်သည့် ပြည်တွင်းအခြေစိုက် HSL Group JV Co., Ltd မှ ဒါရိုက်တာ ဦးခင်မောင်အေးနှင့် Blazon Group ကုမ္ပဏီ ဒါရိုက်တာ ဦးဟန်စိန်တို့ထံ ဆက်သွယ်ရာတွင်လည်း ၎င်းတို့က မအားလပ်၍ဟုဆိုကာ ဖြေကြားခြင်း မရှိပေ။

ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူပိုင်နေရာများကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းခဲ့သည့် နေရာများအနက် အစိုးရအနေဖြင့် ပြန်လည် ရယူနိုင်သည့် နေရာများကို ရယူရန် အဆိုတစ်ခု ၂၀၁၆ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုခဲ့ဖူးသည်။

အစိုးရက ပြန်လည်ရယူမည့် အများပြည်သူပိုင်နေရာများတွင် အမျိုးသားစာကြည့်တိုက်ဟောင်း မြေနေရာ ပါဝင်ခြင်း မရှိပေ။ အဆိုတင်သွင်းသူ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ယခင်အစိုးရများလက်ထက် ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့သည့် နေရာများတွင် နှစ်ရှည်စာချုပ် ချုပ်ဆိုထားသည့် စီမံကိန်းနေရာများမှာမူ ပြန်လည်ရယူရန် မလွယ်ကူတော့ကြောင်း၊ ထို့ကြောင့် လက်ရှိအစိုးရလက်ထက်တွင် ယင်းဖြစ်ရပ်များ ထပ်မံ မဖြစ်ပွားရန် အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

အမျိုးသားစာကြည့်တိုက်အဆောက်အအုံကို ဦးပိုင်က ဝယ်ယူခဲ့ခြင်းသည် နာဂစ်မုန်တိုင်းဒဏ်ဖြင့် ပျက်စီးသွားခြင်းကြောင့်တော့ ဟုတ်ဟန်မတူပါ။ ရန်ကုန်တက္ကသိုလ် တက္ကသိုလ်များဗဟိုစာကြည့်တိုက် စာကြည့်တိုက်မှူးဟောင်း ဦးသော်ကောင်းကမူ အမျိုးသားစာကြည့်တိုက်သည် မုန်တိုင်းဒဏ်ကြောင့် အကြီးစားပျက်စီးသွားခြင်း မဟုတ်သဖြင့် အနည်းငယ် ပြန်လည်ပြင်ဆင်လျှင် စာကြည့်တိုက်အဖြစ် ဆက်လက်ထားရှိနိုင်ကြောင်း ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသဖြင့်ဟုဆိုကာ အမျိုးသားစာကြည့်တိုက်ကို တာမွေမြို့နယ်ရှိ ထိုနေရာမှ ရန်ကင်းမြို့နယ် လက်ရှိနေရာသို့ ထပ်မံပြောင်းရွှေ့ရန် အမိန့်ကျလာခဲ့ခြင်းဖြစ်သည်ဟု ဦးသော်ကောင်းက ပြောသည်။

“အဲဒီတုန်းက ပြောင်းကြရွှေ့ကြတော့ ပေပုရပိုက်တွေတောင် ပျက်စီးတယ်၊ ပျောက်တယ် ပြောကြတယ်။ ကျွန်တော်ကတော့ ဒီလိုပဲ ကြားတာပေါ့။ ပေ၊ ပုရပိုက်ဆိုတာ ဒီလို ဆာလာအိတ်နဲ့ထည့်ပြီး ရွှေ့လို့ရတဲ့ဟာမှ မဟုတ်ပဲ” ဟု ၎င်းက ပြောသည်။

Myanmar Now က မကြာသေးမီက ရန်ကင်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက် လက်ရှိနေရာသို့ သွားရောက်ခဲ့ရာ စာကြည့်တိုက်မှာ နေရာကျဉ်းပြီး အလင်းရောင် ကောင်းစွာမရကြောင်း တွေ့ခဲ့ရသည်။ စာကြည့်တိုက်သို့ လာရောက်သူ တစ်ရက်လျှင် ပျမ်းမျှ ငါးယောက်ခန့်၊ ပိတ်ရက်များတွင် ၁၀ ဦးခန့် လာရောက်ပြီး သုတေသနလုပ်နေသူများသာ လာရောက်ကြသည်ဟု စာကြည့်တိုက်ဝန်ထမ်းတစ်ဦးက ပြောပြသည်။

new_place-2_-_by_sai_zaw_1.jpg

ကုန်သည်လမ်းပေါ်ရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အအုံသစ် ပြင်ဆင်နေမှုမြင်ကွင်း (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

အမျိုးသားစာကြည့်တိုက်ကို ရန်ကုန်မြို့လယ်နှင့် နီးသည့်နေရာမှာ ထားရှိပေးရန် တောင်းဆိုမှုများကြောင့် ကုန်သည်လမ်း ယခင်မြန်မာ့ရေနံနှင့်ဓာတုရုံး အဆောက်အအုံဟောင်းတွင် ဖွင့်လှစ်ရန် သမ္မတဟောင်း ဦးထင်ကျော်လက်ထက်တွင် ခွင့်ပြုမိန့်ကျခဲ့သည်။

အမျိုးသားစာကြည့်တိုက်တွင် စာအုပ်၊ စာနယ်ဇင်း၊ ပေ၊ ပုရပိုက်နှင့် လက်ရေးစာပေါင်း ခြောက်သိန်းခွဲနီးပါး ရှိသည်ဟု မှတ်တမ်းများအရ သိရသည်။

ဝင်းနန္ဒာသည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

 

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading