နယ်စပ်မျဉ်းကလေးသာခြားသည်၊ သို့သော် အိမ်ကဝေးလွန်းလှသည်

ပြည်တွင်းတွင် အလုပ်အကိုင်အာမခံချက် နည်းပါးခြင်း၊ ၎င်းတို့၏ ကျွမ်းကျင်မှုများကို နေရပ်ပြန်သည့်အခါ အဆင်သင့် အသုံးမချနိုင်ခြင်း စသည်တို့ကြောင့် အိမ်နီးချင်းထိုင်းရောက် မြန်မာအလုပ်သမား အများစုသည် အိမ်ပြန်ချင်သည့်အိပ်မက်ကို မက်ရင်းနှင့်သာ ရွှေ့ပြောင်းသံသရာတွင် နစ်မြုပ်နေကြသည်။

Published on Sep 26, 2019
စမွတ်စခွန်ခရိုင်၊ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို စက်တင်ဘာလ ၁၂ ရက်က တွေ့ရစဉ်
စမွတ်စခွန်ခရိုင်၊ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို စက်တင်ဘာလ ၁၂ ရက်က တွေ့ရစဉ်

မဟာချိုင်၊ ထိုင်းနိုင်ငံ - ဆယ်ပေ ပတ်လည်ကျယ် အခန်းအပြင်သို့ ကိုအောင်မျိုးသိန်း မထွက်ရဲ။ အတူနေသည့် အစ်မဖြစ်သူက မနက်ပိုင်း အလုပ်မသွားခင် သူ့အတွက် စားစရာ ပြင်ဆင်ပေးသည်။ တစ်နေ့လုံး အခန်းထဲတွင် တစ်ယောက်တည်း အချိန်ကုန်ဆုံးရင်း နေ့မှန်းညမှန်းမသိ ဖြစ်နေခဲ့သည်။ အခန်းသို့ စရောက်သည့်နေ့မှစကာ ၂၅ ရက်ကြာသည်အထိ အခန်းအပြင်သို့ အမှိုက်ပစ်ရန် တစ်ခေါက်သာ ထွက်ဖူးသည်။

“ပုလိပ်ဖမ်းမှာ ကြောက်လို့ အောက်မဆင်းရဲ(ခဲ့)ဘူး” ဟု ၂၆ နှစ်အရွယ် ကိုအောင်မျိုးသိန်းက လွန်ခဲ့သော ကိုးနှစ် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် အထောက်အထားမဲ့ စရောက်စဉ်က အတွေ့အကြုံကို ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်အနီး စမွတ်စခွန်ခရိုင်ရှိ မဟာချိုင်တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ပြောပြသည်။

အသားဖြူဖြူနှင့် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိပြီး စွပ်ကျယ်ချိုင်းပြတ် အမည်းရောင် ဝတ်ဆင်ထားသည့် ကိုအောင်မျိုးသိန်း၏ ပုံပန်းသွင်ပြင်က အလုပ်ချိန် ၁၀ နာရီ ဆင်းထားသည့် စက်ရုံအလုပ်သမားတစ်ယောက်နှင့် မတူဘဲ တက်တက်ကြွကြွ ဖြစ်နေသည်။ ၎င်းသည် ထိုင်းနိုင်ငံသို့ စတင်ထွက်လာသည့် အချိန်က အများဆုံး လေး၊ ငါးနှစ်ခန့်သာဟု စိတ်ကူးခဲ့သော်လည်း ယခုအခါ ရှစ်နှစ် ကြာခဲ့ပြီ ဖြစ်သည်။

“အိမ်မှာက အလုပ်လုပ်ပြီးတော့ ပိုက်ဆံလည်း သိပ်မရဘူး။ ဒီမှာဆို အလုပ်လုပ်ရင် ပိုက်ဆံရတယ်၊ အိမ်ကိုလည်း ပို့နိုင်တယ်” ဟု တနင်္သာရီတိုင်း၊ ပုလောမြို့ဇာတိ ကိုအောင်မျိုးသိန်းက ဖြေသည်။

ကိုအောင်မျိုးသိန်းတို့ကဲ့သို့ အထောက်အထားမပါဘဲ ဝင်ရောက်လာခဲ့သည့် အလုပ်သမားပေါင်းများစွာ ရှိသည်။ တရားဝင် ခေါ်ယူသည့် အလုပ်သမားဦးရေ အကန့်အသတ်ရှိခြင်း၊ တရားဝင်စာရွက်စာတမ်းများကို စောင့်ဆိုင်းရခြင်းတို့ကြောင့် တရားမဝင်နည်းလမ်းများဖြင့် နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကာ ကြုံရာအလုပ် လုပ်ကိုင်နေရသူများ ရှိနေရသေးခြင်းဖြစ်သည်။

ထို့ပြင် စုဆောင်းလိုသည့် ငွေကြေးပမာဏ မရသေးခြင်းနှင့် ပြန်လည်အခြေချရန်လည်း ပြည်တွင်းတွင် အလုပ်အကိုင်အာမခံချက် နည်းပါးခြင်းတို့ကြောင့် သိန်းချီသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ဆယ်စုနှစ်တစ်ခုနီးပါး ကြာသည့်တိုင် နေရပ်နိုင်ငံတွင် ပြန်အခြေချရန် အခွင့်မသာသေးဘဲ ဖြစ်နေရသည်။

ရာဘာတောမှ ပင်လယ်ရေထွက်ကုန် စက်ရုံသို့

ကိုအောင်မျိုးသိန်းသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ၂၀၁၁ ခုနှစ်၊ သူ့အသက် ၁၈ နှစ်တွင် ထွက်လာခဲ့သည်။ တနင်္သာရီတိုင်းသည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်ရာ ဒေသဖြစ်ပြီး တနင်္သာရီတိုင်းရှိ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်သည် တစ်ဖက် ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်နေသည်ဟု မြန်မာနိုင်ငံအစိုးရ၏ သန်းခေါင်စာရင်း အချက်အလက်များအရ သိရသည်။

သူ၏ အစ်ကိုနှင့် အစ်မဖြစ်သူတို့ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်သည်ကို အားကျနေခဲ့သည်မှာ သူ့အသက် ၁၆ နှစ် ဆယ်တန်းစာမေးပွဲ ကျပြီးကတည်းက ဖြစ်သည်။ ပုလောမှ ကားဖြင့် သုံးနာရီခန့် သွားရသည့် ထားဝယ်မြို့ကိုပင် မရောက်ဖူးဘဲ အစ်ကိုနှင့် အစ်မကဲ့သို့ ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်မည်ဟု မိသားစုကို ပြောသည့်အခါ ၎င်း၏အစ်ကိုက သူ့ကို တားသည်။ သို့သော် ကိုအောင်မျိုးသိန်းက မိသားစုပိုင်ဆိုင်သော ၁၀ ဧကခန့်ရှိ ရော်ဘာခြံတွင်လည်း မလုပ်ချင်၊ ဆယ်တန်း ကျထားသည့်အတွက် ဝင်ငွေကောင်းသည့် အခြားအလုပ်အကိုင်အခွင့်အလမ်း ရရန်လည်း မဖြစ်နိုင်သည့်အတွက် ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်ရန်သာ ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင်နေသည့် ပွဲစားတစ်ဦးနှင့် ချိတ်ဆက်ပြီး ၎င်းကို ထိုင်းဘတ် ၆,၀၀၀ (ထိုစဉ်က ကျပ် ၂၀၀,၀၀၀ ခန့်) ပေးကာ စမွတ်စခွန်သို့ ရောက်အောင်လာခဲ့သည်။ စမွတ်စခွန်တွင် နေရောင်မထိဘဲ ၂၅ ရက် အခန်းအောင်းပြီးသည့်အခါ ပင်လယ်ရေထွက်ကုန် တင်ပို့သည့် Thai Union စက်ရုံတွင် အစ်မဖြစ်သူ၏ အချိတ်အဆက်နှင့် အလုပ်လျှောက်ဖြစ်ခဲ့သည်။ ထိုအလုပ်ရပြီး သုံးလအကြာတွင် အလုပ်ရှင်၏ ထောက်ခံမှုဖြင့် ‘ဘတ်ကတ်’ ဟု ခေါ်ကြသည့် တရားဝင်အလုပ်သမားကတ် ရခဲ့သည်။

နောက်ပိုင်းနှစ်များတွင် ခရမ်းရောင် ယာယီပတ်စ်ပို့နှင့် အနီရောင် ပုံမှန်ပတ်စ်ပို့စသည့် သက်သေခံ အထောက်အထားများကို မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ မူဝါဒအပြောင်းအလဲများအောက်တွင် အဆင့်ဆင့် ရယူကိုင်ဆောင်ခဲ့ရသည်ဟု ကိုအောင်မျိုးသိန်းက ပြောသည်။

မဟာချိုင်တွင် စက်ရုံအလုပ်ရုံပေါင်း ၆,၀၀၀ ရှိပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား လေးသိန်းခန့် နေထိုင်သည်ဟု စမွတ်စခွန်တွင် အခြေစိုက်သည့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ၏ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောသည်။

နံနက်နှင့် ညနေခင်းအချိန်များတွင် အလုပ်တက်၊ အလုပ်ဆင်း ကူးလူးသွားလာနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကြိတ်ကြိတ်တိုး တွေ့ရသည်။ နိုင်ငံ ဆင်းရဲမွဲတေမှု၊ ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးမှုတို့က ကိုအောင်မျိုးသိန်းတို့လို လူငယ်များကို ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ရန် တွန်းပို့သည့် အဓိကအကြောင်းတရားများ ဖြစ်သည်။

စသွားစဉ်က ကာလတို

မြန်မာအစိုးရ၏ ၂၀၁၄ လူဦးရေသန်းခေါင်စာရင်း အချက်အလက်များအရ ပြည်ပရောက် မြန်မာနိုင်ငံသား ဦးရေသည် ၄ ဒသမ ၂၅ သန်း ရှိပြီး နိုင်ငံ၏ အလုပ်လုပ်နိုင်သော လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့် ရှိသည်။ မြန်မာနိုင်ငံမှ ပြည်ပရွှေ့ပြောင်းသွားလာ သူများသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ၁ ဒသမ ၄ သန်းကျော်နှင့် အများဆုံးဖြစ်ပြီး မလေးရှားနှင့် တရုတ်နိုင်ငံတို့တွင် သုံးသိန်းကျော်နှင့် ၉၀,၀၀၀ ကျော်စီ အသီးသီး ရှိနေကြသည် ဟု အဆိုပါသန်းခေါင်စာရင်းက ဆိုသည်။

ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့ (IOM) ကမူ ၂၀၁၆ ခုနှစ်အထိ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းသွားလာသူ ဦးရေမှာ သုံးသန်းခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်းသည်။ သို့သော်လည်း ထိုင်းနိုင်ငံတွင် အမှန်တကယ် နေထိုင်အလုပ်လုပ်နေသည့် မြန်မာဦးရေမှာ လေးသန်းဝန်းကျင်အထိ ရှိနိုင်သည်ဟု MWRN က ခန့်မှန်းသည်။

ရွှေ့ပြောင်းသွားလာသူ အားလုံး၏ ၃၄ ရာခိုင်နှုန်းသည် ပြည်ပတွင် ငါးနှစ်ကျော် နေထိုင်နေကြသူများ ဖြစ်သည်ဟုလည်း ၂၀၁၄ လူဦးရေသန်းခေါင်စာရင်းအရ သိရသည်။ သို့သော် သူတို့အားလုံးသည် ငါးနှစ်ကျော် ကာလအထိ လုပ်ကိုင်နေထိုင်ရန် မလာမီက စိတ်ကူးခဲ့ကြသူများတော့ ဟုတ်ဟန်မတူပါ။

Myanmar Now က တွေ့ဆုံမေးမြန်းခဲ့သူတို့ကတော့ စုဆောင်းလိုသည့် ငွေကြေးပမာဏ မရသေးခြင်း၊ ပြည်တွင်းတွင် ပြန်လည်အခြေချရန် အလုပ်အကိုင်အာမခံချက် နည်းပါးခြင်း၊ ၎င်းတို့၏ ကျွမ်းကျင်မှုများကို နေရပ်ပြန်သည့်အခါ အသုံးမချနိုင်ခြင်း စသည့် အကြောင်းအရင်းများကြောင့် နေရပ်တွင် ပြန်လည် အခြေမချဖြစ်ကြသေးကြောင်း ပြောသည်။

နေရပ်ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ ဆိုက်ရောက်နိုင်ငံတွင် ရရှိခဲ့သည့် ကျွမ်းကျင်မှုများကို ဆန်းစစ်ပြီး အသိအမှတ်ပြုပေးနိုင်ပါက ပြည်တွင်းတွင်ပင် သင့်တင့်သော လစာနှင့် ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် ၎င်းတို့အတွက် ပိုမိုလွယ်ကူချောမွေ့စေနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ နည်းပညာဆိုင်ရာ အကြံပေးအရာရှိ ဂျက်ကီ ပေါလော့ခ် (Jackie Pollock) က Myanmar Now ကို အီးမေးနှင့် ပြောသည်။

ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန် ချဉ်းကပ်မှုအမျိုးမျိုး ရှိသည့်အနက် အစိုးရများ၏ အခန်းကဏ္ဍအနေဖြင့် လုပ်သားခန့်အပ်ရေး နားလည်မှုစာချုပ်များ ချုပ်ဆိုသည့်အခါ အလုပ်လုပ်ခွင့် သက်တမ်းကုန်ပြီး နေရပ်ပြန်မည့် လုပ်သားများအတွက် အလုပ်ရှင်များက ထောက်ခံချက်ကဲ့သို့သော အလုပ်လုပ်ကိုင်မှု တရားဝင်လက်မှတ်များ ထုတ်ပေးရန်ဟူသည့် အချက်ကို ထည့်သွင်းနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

အလုပ်သမား တရားမဝင် ပို့ဆောင်မှုရှိနေဆဲ

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချုပ် (MoU) အရ လာရောက်သည့် မြန်မာလုပ်သားအရေအတွက်မှာ ရှစ်သိန်းကျော် ရှိပြီး CoI ခေါ် သက်သေခံကတ်ပြား ကိုင်ဆောင်သူ တစ်သန်းကျော် ရှိသည်ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အလုပ်သမားသံအရာရှိက စက်တင်ဘာလ ၁၃ ရက်နေ့တွင် ၎င်း၏ရုံးခန်း၌ ပြောသည်။

နှစ်နိုင်ငံ နားလည်မှုစာချုပ်နှင့်အညီ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်လျှင် ခေါ်ဆိုသည့် အလုပ်သမားဦးရေ အကန့်အသတ်ရှိခြင်း၊ တရားဝင်စာရွက်စာတမ်းများကို စောင့်ဆိုင်းရခြင်းတို့ကြောင့် တရားမဝင်နည်းလမ်းများနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကာ ကြုံရာအလုပ် လုပ်ကိုင်နေသူများ၊ နယ်ဘက်မှ ဥပဒေနားမလည်သူများကို တရားဝင်ပတ်စ်ပို့နှင့် ဗီဇာအတု လုပ်ကာ အလုပ်သမားများ တရားမဝင် ပို့ဆောင်နေသည့် ပွဲစားများ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံလုံးတွင် ရှိနေသေးသည်ဟု MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်က ဆိုသည်။

“(နယ်စပ်ဖြတ်သန်းသွားလာခွင့်) Border Pass နဲ့ တရားဝင် အလည်ဆိုပြီး ခေါ်လိုက်တယ်။ ဒီထိုင်းဘက်ရောက်မှ ပွဲစားကားတွေနဲ့ ကားပေါ်တင်ပြီး ဘန်ကောက်တို့၊ ကန်ချနဘူရီတို့ မဟာချိုင်တို့ဆီ ပို့လိုက်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ရန် ကြိုးစားခဲ့သူများတွင် အသက် ၂၉ နှစ်အရွယ် ကိုညီမင်းစိုးလည်း ပါဝင်သည်။ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ဇာတိ ၎င်းသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် တူဖြစ်သူ၏ အဆက်အသွယ်ဖြင့် ၂၀၁၆ ခုနှစ်တွင် နယ်စပ်မြို့ မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ကူးရန် ကြိုးစားခဲ့သည်။ ပွဲစား၏ အလိမ်အညာ ခံရသဖြင့် အဆင်မပြေဘဲ မြဝတီတွင် သုံးလခန့် သောင်တင်နေခဲ့ပြီး ငွေ ၁၅ သိန်း အကြွေးတင်ခဲ့သည်။

“ရွာကလူတွေက ‘ထိုင်းပြန်ကြီး’ ဆိုပြီး လှောင်တာ မကျေနပ်လို့ ထိုင်းကို ရောက်အောင်တော့ သွားဖြစ်အောင် သွားမယ်ဆိုပြီး တေးထားခဲ့တယ်” ဟု ညီမင်းစိုးက ပြောပြသည်။ ၂၀၁၇ ခုနှစ် မတ်လတွင် အလုပ်ခေါ်စာဖြင့် ထိုင်းနိုင်ငံ၌ တရားဝင် အလုပ်လုပ်ရန် သွားရောက်ခဲ့ပြီး ငါးသေတ္တာစက်ရုံတစ်ရုံတွင် အလုပ်ဝင်ခဲ့သည်။ တင်ခဲ့သည့် အကြွေး ၁၅ သိန်းကို တစ်နှစ်အကြာမှသာ အကျေဆပ်နိုင်ခဲ့သည်ဟု ဆိုသည်။

ပြောင်းလဲသွားသည့် အခက်အခဲများ

ထိုင်းအစိုးရက နိုင်ငံတွင်း လာရောက်အလုပ်လုပ်နေသော အလုပ်သမားများအတွက် ယာယီအလုပ်လုပ်ခွင့် ကတ်များကို ၂၀၀၃ ခုနှစ်တွင် စတင်ပြုလုပ်ပေးခဲ့ပြီး ယင်းမတိုင်မီကာလများက မြန်မာရွှေ့ပြောင်းအလုပ်သမား အမြောက်အမြားသည် အထောက်အထားမဲ့များ ဖြစ်ခဲ့ကြောင်း MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်က ဆိုသည်။

“အရင်တုန်းက ထိုင်းနိုင်ငံမှာ ရောက်လာခဲ့တဲ့ အလုပ်သမားများအားလုံး ကျွန်တော်အပါအဝင် အားလုံး တရားမဝင် အလုပ်သမားတွေချည်းပဲ” ဟု စက်တင်ဘာလ ၈ ရက်က မဟာချိုင်ရှိ MWRN ရုံးခန်း၌ ပြောသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်လုပ်သူ နိုင်ငံခြားသားများအတွက် အရေးအကြီးဆုံး အထောက်အထားများမှာ နိုင်ငံကူးလက်မှတ်စာအုပ်၊ ပြည်ဝင်ခွင့်ဗီဇာအပြင် အလုပ်လုပ်ခွင့် (work permit) ဖြစ်သည်။ ထိုင်းနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာရရှိပြီး ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ပြည်နယ် သို့မဟုတ် ဘန်ကောက်ရှိ အလုပ်အကိုင်ရှာဖွေရေးရုံးတွင် အလုပ်လုပ်ခွင့် (work permit) စာအုပ် လျှောက်ထားရန် လိုအပ်သည်။ အလုပ်လုပ်ခွင့်သည် နှစ်နှစ်သက်တမ်းရှိပြီး သက်တမ်းတိုးလျှောက်ထားပါက နှစ်နှစ် ထပ်မံခွင့်ပြုပေးသည်။

တရားဝင်အလုပ်လုပ်ခွင့် အထောက်အထားမရှိဘဲ အလုပ်လုပ်နေသည့် နိုင်ငံခြားသားများကို ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ကြေးချမှတ်နိုင်ပြီး မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်သည်ဟု ထိုင်းဥပဒေက ပြဋ္ဌာန်းထားသည်။ နိုင်ငံခြားသားများကို တရားမဝင် အလုပ်ခန့်ထားသော အလုပ်ရှင်များကို အလုပ်သမားတစ်ဦးအတွက် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ချမှတ်နိုင်သလို တစ်ကြိမ်ထက်ပို ကျူးလွန်သည့် အလုပ်ရှင်များသည် ထောင်ဒဏ် တစ်နှစ်အထိ ရင်ဆိုင်ရနိုင်ပြီး သုံးနှစ်အတွင်း နိုင်ငံခြားသားအလုပ်သမား ခန့်အပ်ခွင့် မရှိဟုလည်း သိရသည်။

၂၀၀၈ ခုနှစ် ဧပြီ ၉ ရက်တွင် ထိုင်းနိုင်ငံသား လေးဦးက မြန်မာနိုင်ငံသား အယောက် ၁၂ဝ ကို ထိုင်းနိုင်ငံ ရနောင်းမြို့မှ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ဒေသသို့ အအေးခန်းကွန်တိန်နာဖြင့် တရားမဝင်ပို့ဆောင်ရာ လမ်းတွင် ကွန်တိန်နာ၏ အအေးပေးစက် ပျက်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၄ ဦး အသက်ရှူကျပ် သေဆုံးခဲ့သည်မှာ ထိုင်းသို့ အလုပ်သွားလုပ်ရန် ခိုးဝင်ရသည့် မြန်မာတို့၏ ဇာတ်နာစရာအဖြစ်အပျက်တစ်ခု ဖြစ်သည်။

ထိုအဖြစ်မျိုးမကြုံရဘဲ ထိုင်းအထိရောက်ပြီး အလုပ်ရလျှင်တောင်မှ အထောက်အထားမဲ့ အလုပ်သမားများသည် အလုပ်ရှင်က မတရားပြုပါက ဥပဒေအရ မတောင်းဆိုနိုင်သဖြင့် လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်း၊ ဆိုးရွားစွာ ဆက်ဆံခံရခြင်းတို့ ကြုံတွေ့ရနိုင်ခြေ ပိုများကြောင်း၊ ယင်းကဲ့သို့သော အမှုကိစ္စများ ဖြစ်သည့်အခါ အများအားဖြင့် တရားမျှတမှု မရဘဲ ပြီးဆုံးသွားတတ်ကြောင်းလည်း ဦးအောင်ကျော်က ဆိုသည်။

အထူးသဖြင့် ကမ်းလွန်ပင်လယ် ငါးဖမ်းလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း စသည်တို့တွင် အလုပ်သမားများကို အလုပ်ချိန် ပိုမိုခိုင်းစေခြင်း၊ နှိပ်စက်ခြင်း၊ လူသတ်ခြင်း၊ ရိုက်နှက်ခြင်း၊ လူကုန်ကူးခြင်းတို့ကို ထိုင်းရဲများ၊ အစိုးရအရာရှိများ၊ အလုပ်ရှင်များကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့ကြကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများ၏ မှတ်တမ်းများအရ သိရသည်။

ထို့အပြင် လက်သည်မမိသည့် လူသတ်မှုများတွင် ခုခံနိုင်စွမ်းနည်းပါးသော ရွှေ့ပြောင်းအလုပ်သမားများသည် ဓားစာခံ ဖြစ်ရတတ်သည်။ ထိုင်းရဲများက မြန်မာလုပ်သားများကို တရားခံအစားထိုးသည့် အလေ့အထများလည်း ရှိသည်။

၂၀၁၅ ခုနှစ်က ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့တွင် ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာလုပ်သားလေးဦးကို အပြစ်ရှိသည်ဟုဆိုကာ ထောင်ဒဏ်နှင့်ငွေဒဏ်များ ချမှတ်ခဲ့ရာတွင် အယူခံအဆင့်ဆင့် တင်သွင်းခဲ့သည့်နောက် လေးဦးလုံးသည် လူသတ်မှုတွင် အပြစ်မရှိဟု အထက်တရားရုံးက ပြီးခဲ့သည့်ဇွန်လက ဆုံးဖြတ်ခဲ့သည်။ ဖမ်းဆီးမေးမြန်းစဉ်က ထိုင်းရဲများသည် အာဏာအလွဲသုံးစားလုပ်ကာ ရိုက်နှက်နှိပ်စက်ပြီး အဓမ္မ ဝန်ခံခိုင်းခြင်း၊ မဝန်ခံပါက မိသားစုဝင်များကို ဖမ်းဆီးသတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်များက ပြန်ဖွင့်ပြောပြသည်။

နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့် ထိုင်းအစိုးရက အလုပ်သမားဥပဒေများ ပြုပြင်ပြောင်းလဲပြီးသည့် နောက်ပိုင်းတွင် အလုပ်သမားအခွင့်အရေး အခြေအနေ တိုးတက်လာသည်ဟု သုံးသပ်နိုင်ကြောင်း၊ သို့သော်လည်း မဟာချိုင်ရှိ အလတ်နှင့်အသေးစားစက်ရုံများနှင့် ထိုင်း-မြန်မာနယ်စပ်ဒေသများတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် အနိမ့်ဆုံး လုပ်အားခ မရရှိသည့် ပြဿနာကို တွေ့ကြုံနေရသေးကြောင်း ဦးအောင်ကျော်က ဆက်လက်ရှင်းပြသည်။

ထိုင်းနိုင်ငံ၏ အနည်းဆုံး တစ်ရက်လုပ်အားခသည် ၃၀၈ ဘတ် မှ ဘတ် ၃၃၀ (ကျပ် ၁၅,၀၀၀ မှ ၁၆,၅၀၀) အထိ ရှိပြီး ခရိုင်အလိုက် ထိုင်းအစိုးရက အသီးသီး သတ်မှတ်ထားသည်။ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေသည် ဥပေဒအရ တိုးတက်လာသော်လည်း လက်တွေ့လုပ်ငန်းခွင်တွင် ဥပဒေကို လေးစားလိုက်နာမှု နည်းနေသေးကြောင်း ၎င်းက ပြောသည်။

“မဲဆောက်လို နယ်စပ်မှာ (ဘတ်) ၁၂၀ ဝန်းကျင်ပဲ ရသေးတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိ ဦးရဲရန်အောင်ကလည်း လုပ်ခမရသည့် ပြဿနာသည် မြန်မာအစိုးရ ကိုယ်စားပြု ဖြေရှင်းပေးရသည့် အလုပ်သမား ကိစ္စရပ်များအနက် အကြီးမားဆုံး ခေါင်းခဲစရာ ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

“ပြောင်းလဲလာတဲ့ စီးပွားရေးအခြေအနေ၊ လုပ်ငန်းအခြေအနေပေါ် မူတည်ပြီးတော့ အံချော်သွားတာမျိုးတွေ ရှိတယ်။ အဲဒါတွေကို တတ်နိုင်သမျှ မူဝါဒနဲ့အညီ ဖြစ်အောင် ပြန်တည့်ပေးပါတယ်” ဟု ဦးရဲရန်အောင်က ဆိုသည်။

လက်ရှိတွင် ရွှေ့ပြောင်းအလုပ်သမားများက အလုပ်သမားသံအရာရှိရုံးသို့ အကူအညီတောင်းလာသည့် ကိစ္စရပ်အများစုမှာ အလုပ်ပြောင်းလိုသည့် အခြေအနေများ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေအရကလည်း အလုပ်တစ်နေရာကနေ တစ်နေရာ ပြောင်းဖို့ဆိုတာ တော်တော်ကြီးကို ခက်ခဲပါတယ်။ မူရင်းအလုပ်ရှင်က ခွင့်ပြုဦးမှ၊ အလုပ်ရှင်က အလုပ်ပြောင်းလိပ်စာ ပေးတော့မှသာ ပြောင်းခွင့်ရတာ” ဟု ဦးရဲရန်အောင်က ပြောသည်။

အလုပ်ပြောင်းမည်ဆိုပါက အလုပ်အကိုင်အမျိုးအစား တူညီသော အလုပ်များသာ ပြောင်းနိုင်ပြီး အလုပ်ရှင်ဟောင်းမှ အလုပ်ရှင်အသစ်သို့ အလုပ်လွှဲပြောင်းခြင်းပုံစံကို ၁၅ ရက်အတွင်း လက်မှတ်ရေးထိုးပေးရမည်ဟု ထိုင်းနိုင်ငံ၏ဥပဒေက ဆိုသည်။

အလုပ်သမားသံအရာရှိရုံးသို့ အကူအညီတောင်းလာသည့် ဖုန်းခေါ်ဆိုမှုများသည် ည ၁၁ နာရီခန့်အထိ ပျမ်းမျှ ငါးမိနစ်တစ်ကြိမ် နီးပါးရှိသည်ဟု ၎င်းက ဆိုသည်။

ဖြေရှင်းပေးစရာ ပြဿနာများ မရှိတော့သည်အထိ မြန်မာလုပ်သားများအားလုံး အဆင်ပြေပြေ ဖြစ်မည့်နေ့ကို မျှော်လင့်မိကြောင်း ဦးရဲရန်အောင်က ပြောသည်။

“ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဒီပြဿနာတွေ ထပ်ပြီး မကြားချင်တော့ဘူး” ဟု ၎င်းက ဆိုသည်။

ဆော်လမွန်ငါးတို့အိမ်ပြန်ချိန်

၂၀၁၅ ခုနှစ်မှစကာ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ပြည်ပမှ လွှဲငွေသည် နှစ်စဉ် ကန်ဒေါ်လာ နှစ် ဘီလျံကျော် ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ သို့သော်လည်း နိုင်ငံမှ လုပ်သားအင်အား ယိုစီးမှုကို ဂရုပြုပြီး ရွှေ့ပြောင်းလုပ်သားများ နေရပ်တွင် ပြန်လည်အခြေချနိုင်ကာ တိုင်းပြည်တည်ဆောက်မှုတွင် ပါဝင်လာနိုင်စေရေးကိုလည်း အစိုးရက ဆောင်ရွက်သင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားရေး လေ့လာသူများက မှတ်ချက်ပြုသည်။

တစ်ဘက်တွင် ပြည်တွင်းရှိ အရွယ်ရောက် လုပ်သားများအတွက်ပင် အလုပ်အကိုင်အခွင့်အလမ်း လုံလောက်စွာ ဖန်တီးပေးနိုင်ရန် မဖြစ်နိုင်သေးသည့် လက်ရှိမြန်မာနိုင်ငံ၏ အနေအထားမျိုးတွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ ပြန်လာရန်မှာ မလွယ်ကူသေးဟု MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်က သုံးသပ်သည်။

၂၀၂၁ ခုနှစ်အထိ ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့် ရရှိထားသူ ကိုညီမင်းစိုးက “(သက်တမ်းကုန်ရင်) ပြန်အခြေချဖြစ်၊ မဖြစ်တော့ ပြောလို့မရသေးဘူး။ ... ဒီမှာက ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုတော့ ငွေကြေးအရ လွတ်လပ်တယ်၊ ကိုယ်အမှားလုပ်မိရင်လည်း ကိုယ့်ဘာသာ ခံပဲ” ဟု Myanmar Now ကို ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သား အများစုရှိသည့် မဟာချိုင်တွင်ပင် နေထိုင်သည့်အတွက် စိတ်လုံခြုံမှုနှင့် နွေးထွေးမှု အထိုက်အလျောက် ရှိသော်လည်း “ကိုယ့်အိမ်ကတော့ အလုံခြုံဆုံးပဲ” ဟုလည်း ၎င်းက ဆိုသည်။

ကိုအောင်မျိုးသိန်းကမူ အလုပ်လုပ်ခွင့် သက်တမ်းကုန်မည့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြန်လည်အခြေချနိုင်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်နိုင်ရန် ငွေအရင်းအနှီး စုဆောင်းနေသည်ဟု ဆိုသည်။ နေရပ်တွင် အလုပ်အကိုင်တစ်ခု အတည်တကျ လုပ်နိုင်ရန် လိုအပ်သည့် ငွေကြေးပမာဏ မစုမိသေး၍ ရှစ်နှစ်ကြာသည့်တိုင် မြန်မာနိုင်ငံတွင် ပြန်လည်အခြေမချ ဖြစ်သေးကြောင်းပြောသည်။

“အဲဒါရဖို့ ဘယ်နှနှစ် ထပ်ကြာဦးမလဲတော့ မသိဘူး” ဟု ၎င်းက အသံတိုးတိုးဖြင့် ပြောသည်။

(Myanmar Now ၏အကြီးတန်းသတင်းထောက် တင်ထက်ပိုင်က စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်၍ ရေးသားထားပါသည်။)

ရွှေ့ပြောင်းသွားလာနေထိုင်သူများနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက အောက်ပါ ဝက်ဘ်ဆိုက်များနှင့် Facebook စာမျက်နှာများတွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

  • ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်

https://www.facebook.com/mwrnorg/

  • ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (မြန်မာ) (IOM Myanmar)

https://myanmar.iom.int/

  • အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (မြန်မာ) (ILO Myanmar)

https://www.facebook.com/ILOMyanmar/

  • မဲခေါင်ဒေသရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ကွန်ရက်

http://www.mekongmigration.org/  
https://www.facebook.com/mekongmigrationnetwork/

  • အနာဂတ်အလင်းတန်းဆုံမှတ် (Future Light Center)

https://www.facebook.com/futurelightcenter/

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading