ထိုင်းရဲတို့၏ငရဲစခန်းရောက်မြန်မာလုပ်သားများ

လူသတ်မှုဖြစ်ချိန်တွင် အလုပ်လုပ်နေကြောင်း CCTV အထောက်အထားပြသနိုင်ခဲ့သော်လည်း ထိုင်းရဲတို့က နှိပ်စက်ညှဉ်းပန်းပြီး လူသတ်တရားခံအဖြစ်အတင်းအကျပ်ဝန်ခံခိုင်းခဲ့ကြောင်း မြန်မာလုပ်သားများကဆိုသည်

Published on Sep 25, 2019
ထိုင်းရဲတို့က မြန်မာလုပ်သားများအား ၂၀၁၅ တွင်ဖမ်းဆီးပြီး လူသတ်မှုကို သရုပ်ပြခိုင်းစဉ် (ဓာတ်ပုံ - ထူးချစ်)
ထိုင်းရဲတို့က မြန်မာလုပ်သားများအား ၂၀၁၅ တွင်ဖမ်းဆီးပြီး လူသတ်မှုကို သရုပ်ပြခိုင်းစဉ် (ဓာတ်ပုံ - ထူးချစ်)

ထိုင်းနိုင်ငံရနောင်းမြို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် ၁၇ နှစ်အရွယ် ထိုင်းကျောင်းသူလေး၏ ရုပ်အလောင်းကို ၂၀၁၅ စက်တင်ဘာ ၂၈ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် မရိုးနိုင်သည့် ဇာတ်လမ်းတစ်ပုဒ် အစပြုခဲ့ပြန်သည်။

ထိုင်းကျောင်းသူ အသတ်ခံရပြီး တစ်လနီးပါးကြာအောင် လက်သည်တရားခံ မမိသည့်နောက် ထိုင်းရဲများ၏ အာရုံက မြန်မာလုပ်သားများဘက်လှည့်လာခဲ့ပြီး မရိုးနိုင်သည့် တရားခံရှာဖွေရေးဇာတ်လမ်းတစ်ပုဒ် တင်ဆက်ခဲ့သည်။

ရနောင်းသည် မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးမှ ကော့သောင်းမြို့ နှင့် ကပ်လျှက်ဖြစ်ပြီး မြန်မာပြည်မှ တရား၀င်အလုပ်သမားများရော၊ တရားမ၀င်အလုပ်သမားများပါ ထောင်နှင့်ချီ နေထိုင်သည့် ငါးဖမ်းဆိပ်ကမ်းမြို့ ဖြစ်သည်။ ထိုင်းရဲတို့က မြန်မာလုပ်သားများကို ခပ်မြန်မြန် ဖမ်းဆီးလိုက်သည်။

လူသတ်မှုဖြစ်ပြီး တစ်လခန့်အကြာ ၂၀၁၅ အောက်တိုဘာ ၂ဝတွင် ရနောင်းမှ မိုင် ၆၀ ခန့်ဝေးသည့် ဆိပ်ကမ်းမြို့ တစ်ခုတွင် ထိုစဉ်က အသက် ၁၅ နှစ်သာ ရှိသေးသည့် မြန်မာငါးဖမ်းလုပ်သား ကိုမိုးဇင်အောင် နှင့် နောက်တစ်ဦးအား ထိုင်းရဲက ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် ထိုင်းရဲက ကိုမိုးဇင်အောင်အား ထိန်းသိမ်းထားပြီး သူနှင့်အတူ ဖမ်းခံရသူအား ပြန်လွှတ်ပေးခဲ့သည်။

သူတို့က(ထိုင်းရဲတွေ)မေးတယ် ‘ဒီကလေးမလေးကို ဘာလို့သွားသတ်တာလဲ’ တဲ့။ ကျွန်တော်ကလည်းဘယ်ကလေးမလေးလဲ ကျွန်တော်မသိဘူး’ လို့ ပြောတော့ ရိုက်တယ်။ နောက်တော့ ကျွန်တော့်ခေါင်းကို အိတ်နဲ့စွပ်ပြီး ခေါ်သွားတယ်ဟု ၎င်း ကြုံတွေ့ရသည့် အခြေအနေကို စက်တင်ဘာ ၂၃ က ရန်ကုန်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့နောက် အမှောင်ခန်းအတွင်း ပိတ်ထားခဲ့ပြီး လက်ထိပ်နောက်ပြန်ခတ်ကာ ထိုင်းရဲများက ရိုက်နှက် ဝန်ခံခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“နောက်ဆုံးမင်းဝန်မခံရင် မင်းမိသားစုကို ဖမ်းမယ်’ ပြောလို့ ကျွန်တော် ဝန်ခံလိုက်တယ်ဟု ကိုမိုးဇင်အောင် ပြောသည်။ ထို့နောက် ကိုမိုးဇင်အောင် ၏အခြားသူငယ်ချင်း သုံးဦးအားလည်း ထိုင်းရဲတို့က ဆက်ဖမ်းပြန်သည်။

ကျွန်တော်နဲ့အတူ အလုပ်လုပ်တဲ့ သူငယ်ချင်းနာမည်တွေ ထပ်မေးတယ်။ နောက်ရက်ကျတော့ သူတို့ပါ အဖမ်းခံရတယ်ဆိုတာ သိတယ်” ဟု ကိုမိုးဇင်အောင်က ဆိုသည်။

ထိုင်းရဲတို့သည် ၂၀၁၅ အောက်တိုဘာ ၂၃ တွင် ကိုစိန်ဂတုံး( ၂၀နှစ် ) နှင့် ကိုကျော်စိုးဝင်း (၁၄နှစ်) တို့ကို ထပ်မံဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်အကြာ အောက်တိုဘာ ၂၄ တွင် ကိုဝေလင်း ( ၂၁ နှစ်) ကို ဖမ်းပြန်သည်။

“သူတို့လာဖမ်းတော့ ကျွန်တော်က ပင်လယ်ထဲမှာ။ကျော်စိုးဝင်း အပေါ်တက်လာ’ ဆိုပြီး လက်ထိပ်ခတ်ပြီး သင်္ဘောပေါ်ခေါ်တင်သွားတယ်။မင်းအမှန်အတိုင်းမပြောဘူးလား မပြောရင် ဒီမှာပဲ သေနတ်နဲ့ပစ်သတ်ပြီး ရေထဲပစ်ချလိုက်မယ်’ လို့ ပြောတယ်” ဟု ယခုအချိန်တွင် ၁၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ကိုကျော်စိုးဝင်းက သူ၏အဖြစ်အပျက်ကို ပြန်ပြောင်းပြောသည်။

ကိုကျော်စိုးဝင်းသည် ထိုင်းကို ငယ်စဉ်ကတည်းက ရောက်ရှိနေသူဖြစ်ပြီး ထိုင်းကျောင်းစတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။ ထို့နောက် ငါးရွေးသည့်အလုပ် လုပ်ကိုင်သည့် မိခင်အား မကြည့်ရက်၍ ကျောင်းထွက်ကာ ထိုင်းငါးဖမ်းလှေများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ထိုင်းရဲက ကိုမိုးဇင်အောင်လိုပင် ကိုကျော်စိုးဝင်းအား အမှောင်ခန်းတွင်း ပိတ်ပြီး စစ်ဆေးခဲ့သည်ဟုဆိုသည်။ ကိုကျော်စိုးဝင်းသည် ဖမ်းဆီးခံရစဉ်က အသက် ၁၄ နှစ်အရွယ်သာ ရှိသေးပြီး ထိုင်းရဲများ၏ နှိပ်စက် မေးမြန်းမှုကို နှစ်ရက်တိတိ နေ့ရောညပါ ခံစားခဲ့ရကြောင်း သူက ပြောသည်။

“ဆံပင်ဆွဲပြီး လည်မျိုထိုးတယ် တစ်ညလုံးမေးတယ် မိုးလင်းထိပဲ။ ကျွန်တော်က မဟုတ်တော့ ဝန်မခံဘူး။ မင်းမပြောရင် မင်းမိဘတွေကို ဖမ်းပြီး သတ်ပစ်မယ်ပြောတယ်…….ကျွန်တော့်မှာက အမေပဲရှိတာ…. ကိုယ့်မိဘလည်း မနာကျင်စေချင်တော့ ကျွန်တော်ဝန်ခံလိုက်တယ်ဟု ကိုကျော်စိုးဝင်းက Myanmar Now ကို ပြန်လည်ပြောပြသည်။

မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ကာ ဝန်ခံခိုင်းပြီးသည့်အခါ ထိုင်းရဲတပ်ဖွဲ့သည် ၎င်းတို့လေးဦးကို အခင်းဖြစ်နေရာတွင် သေဆုံးသွားသည့် ကျောင်းသူအား သတ်ခဲ့သည့်သရုပ်ဖော်ပုံကို ပြုလုပ်ရန် ထပ်မံခိုင်းစေခဲ့သည်ဟု ဆိုသည်။

ကျွန်တော့်ကို မျက်စိပိတ်ပြီး ခွေးနဲ့ကိုက်ခိုင်းတယ်။ အဲ့ဒီလို မေးတဲ့အချိန်က ၁၅ မိနစ်လောက်ကြာတယ်။ တစ်ကယ့်ငရဲခန်းပဲ။ အခံစားရဆုံးကတော့ ကျွန်တော့် အဖေ၊ အမေနဲ့ ညီမလေးကို ကျွန်တော်ဝန်မခံရင် ဖမ်းမယ်ဆိုတာပဲ။ အဖေ၊ အမေနဲ့ ညီအစ်ကိုမောင်နှမလေးတွေကို ကျွန်တော်နဲ့အလဲမခံနိုင်ဘူး။ဟု ယခုအချိန်တွင် အသက် ၂၄ နှစ်အရွယ် ကိုစိန်ဂတုံးက ပြောသည်။

၎င်းတို့လေးဦးလုံးမှာ တရားရုံးတက်ရသည့် အကြိမ်တိုင်းတွင် အဆိုပါ ထိုင်းကျောင်းသူသေဆုံးမှုနှင့်ပတ်သက်ပြီး ဝန်မခံခဲ့ဟု ဆိုသည်။

မြန်မာလုပ်သားလေးဦးလုံးသည် လူသတ်မှုဖြစ်ပွားနေချိန်တွင် လုပ်ငန်းခွင်ထဲတွင် ရှိနေကြောင်းလည်း သက်သေပြနိုင်ခဲ့သည်ဟု ထိုင်းရှေ့နေများကောင်စီမှ ရှေ့နေ ရက်စဒါ မနူရက်စဒါ (Ratsada Manooratasada) သတင်းထောက်များအား ပြောသည်။

အဓိကကတော့ ဒီကလေးတွေရဲ့ လုပ်ငန်းရှင်ကလည်း အမှုဖြစ်တဲ့အချိန်မှာ ကောင်လေးတွေက သူ့လုပ်ငန်းခွင်မှာပဲ အလုပ်လုပ်နေတယ်။ CCTVအထောက်အထားနဲ့ တရားရုံးမှာ သွားရောက်ထွက်ဆိုပေးခဲ့တယ်” ဟု ထိုင်းရှေ့နေက ဆိုသည်။

သို့သော် ၂၀၁၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ၎င်းတို့လေးဦးကို ပြစ်မှုထင်ရှားသည်ဟု ဆိုကာ အမြင့်ဆုံးထောင်ဒဏ် ရှစ်နှစ်မှ အနိမ့်ဆုံးထောင်ဒဏ် နှစ်နှစ်အပြင် ငွေဒဏ်အပါ အသီးသီးကို ထိုင်းတရားရုံးက ချမှတ်ခဲ့သည်။

လေးဦးတွင် ကိုမိုးဇင်အောင်နှင့် ကိုကျော်စိုးဝင်းမှာ ဖမ်းဆီးခံရချိန်တွင် အသက်မပြည့်သေးတာကြောင့် ထိုင်းနိုင်ငံ၏လူငယ်ထောင်တွင် ထောင်ဒဏ် လေးနှစ် နှင့် နှစ်နှစ် အသီးသီးကျခံခဲ့ရသည်။ ထိုင်းနိုင်ငံ၏ဥပဒေအရ အသက် ၁၈ နှစ်ပြည့်လျှင် ပြန်လည်လွတ်မြောက်သည့်အတွက် ထောင်တွင်း သုံးနှစ်နီးပါး နေထိုင်ကာ ၎င်းတို့ နှစ်ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့သည်။

ကိုစိန်ဂတုံး နှင့် ကိုဝေလင်းကတော့ ထောင်ဒဏ် ရှစ်နှစ် နှင့် ခြောက်နှစ် ချမှတ်ခဲ့ရသည်။ သူတို့နှစ်ဦးသည် ထောင်အတွင်း၌ သုံးနှစ်နှင့် ကိုးလကြာ နေထိုင်ခဲ့ရပြီး ၂၀၁၉ ဇွန် ၂၉ တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဒီတစ်ကြိမ်လွတ်မြောက်မှုနှင့်အတူ ၎င်းတို့လေးဦးလုံး လူသတ်မှုတွင် အပြစ်မရှိဟု ထိုင်းခရိုင်တရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့ပြီးနောက် အပြီးသတ်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

(လူသတ်မှုဖြစ်နေချိန် သူတို့အလုပ်ထဲမှာဆိုတဲ့ CCTV မှတ်တမ်းကြောင့်) အယူခံတင်တဲ့အခါ တရားရုံးက ရဲတင်ပြတဲ့ဟာတွေက ယုံကြည်စိတ်ချလို့မရဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့လွတ်တာဟု ထိုင်းရှေ့နေများကောင်စီ မှ ရှေ့နေ ရက်စဒါ မနူရက်စဒါ ကပြောသည်။

လက်ရှိတွင် ဖမ်းဆီးထောင်ချခံခဲ့ရသော မြန်မာလုပ်သား ကိုမိုးဇင်အောင်၏မိခင်မှ ထိုင်းရဲတပ်ဖွဲ့အား အာဏာအလွဲသုံးစားလုပ်မှုဖြင့် ပြန်အမှုဖွင့်ထားသည်။

မွေးရပ်မြေတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံသို့သွားရောက်ပြီး အသက်မွေးဝမ်းကျောင်းခဲ့သော်လည်း ကံမကောင်းအကြောင်းမလှစွာ ထိုင်းရဲတို့၏ မရိုးနိုင်သည့် ဇာတ်လမ်းထဲမှ ဇာတ်ကောင်တစ်ဦး ဖြစ်ခဲ့ရသည့် ကိုစိန်ဂတုံးကတော့ ကျွန်တော် ထိုင်းကို ဘယ်တော့မှ ပြန်မသွားတော့ဘူးဟု သူ၏အနာဂတ်အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ဝင်းနန္ဒာသည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading