Kachin State Youth Assembly ဥက္ကဋ္ဌ မဆိုင်းနူးပန်နှင့် တွေ့ဆုံခြင်း

“၉၀ ရာခိုင်နှုန်းလောက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ ခံရတဲ့ အကျဉ်းသူတွေ ဖြစ်တယ်”

Published on Sep 23, 2019
မြစ်ကြီးနား အကျဉ်းထောင်က လွတ်မြောက်လာပြီး နောက်တစ်ရက်တွင် ထောင်တွင်း အတွေ့အကြုံများ ရှင်းလင်းနေသည့် မဆိုင်းနူးပန်
မြစ်ကြီးနား အကျဉ်းထောင်က လွတ်မြောက်လာပြီး နောက်တစ်ရက်တွင် ထောင်တွင်း အတွေ့အကြုံများ ရှင်းလင်းနေသည့် မဆိုင်းနူးပန်

ရှေ့နေလည်းဖြစ်၊ Kachin State Youth Assembly ၏ ဥက္ကဋ္ဌလည်းဖြစ်သူ မဆိုင်းနူးပန်နှင့် အခြားကချင်လူငယ်ခေါင်းဆောင် ကိုပေါလုတို့သည် ယခုနှစ် ဇွန်လဆန်းပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပသည့် ကချင်စစ်ပွဲ ရှစ်နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအကြောင်း တေးသရုပ်ဖော် တင်ဆက်သည့်အတွက် စက်တင်ဘာလ အစောပိုင်းတွင် မြစ်ကြီးနားမြို့နယ်တရားရုံးက ၎င်းတို့နှစ်ဦးကို ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့သည်။

မဆိုင်းနူးပန်မှာ မြစ်ကြီးနားအကျဉ်းထောင်မှ ယခုလ ၁၆ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကိုပေါလုမှာ တရားခွင်တွင် တရားသူကြီးကို ကြိုးတစ်ဖက်ပြတ်နေသောချိန်ခွင် ပေးခဲ့ခြင်းကြောင့် တရားစီရင်ရေး ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို တမင်စော်ကားနှောင့်ယှက်မှု (ပုဒ်မ ၂၂၈) အရ ထောင်ဒဏ် သုံးလ ထပ်မံ ကျခံခဲ့ရသည်။

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် မဆိုင်းနူးပန်ကို Myanmar Now သတင်းဌာနက မြစ်ကြီးနားမြို့တွင် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပြီး ထောင်တွင်း အခြေအနေ၊ တရားစီရင်ရေး စနစ်၊ ထောင်ဒဏ် ကျခံနေရသူ ကိုပေါလုတို့၏ အခြေအနေများကို မေးမြန်းထားပြီး ထုတ်နုတ်ဖော်ပြလိုက်ပါသည်။

MYANMAR NOW ။   ။ ငြိမ်းစုစီနဲ့ တရားစွဲဆိုခံရတဲ့ အချိန်မှာ တရားရင်ဆိုင်ခဲ့ရတာကို ရှေ့နေတစ်ဦးရဲ့ အမြင်နဲ့ ဘယ်လိုမြင်ပါသလဲ။

မဆိုင်းနူးပန် ။  ။ မြို့နယ်တရားရုံးကနေ ပြည်ထောင်စုတရားရုံးထိ အကုန်လုံးပြင်ရမယ်။ လူရော၊ မူရောပြင်ရမယ်။ ကျွန်မကိုယ်တိုင်လည်း ရှေ့နေဖြစ်တဲ့အတွက်ကြောင့် လေ့လာတဲ့အခါမှာ အမှုအများပိုင်းက မတရားမှု၊ အကျင့်ပျက် ခြစားမှုတွေ၊ ဥပဒေတွေကို အလွဲသုံးစားမှု၊ အာဏာကို အလွဲသုံးစားမှုတွေ အများကြီး တွေ့နေရတယ်။ အာဏာကို အလွဲသုံးစားမှုဆိုတဲ့အခါမှာ ပုဒ်မ ၁၇ (မတရားသင်းဆက်သွယ်မှု) တို့၊ ကိုလွမ်းဇောင်းတို့ ဒေါ်နန်ပူတို့ အမှု (ပုဒ်မ ၅၀၀ - စစ်တပ်အသရေဖျက်မှု) ဆိုရင် ဒါ အာဏာအလွဲသုံးစားမှုတွေ ဖြစ်တယ်။ တရားစီရင်ရေးဆိုတာက ပြည်သူလူထုက အားကိုးရမယ့်နေရာ ဖြစ်တယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အားကိုးစရာနေရာ မဟုတ်ဘဲနဲ့ ယုံကြည်လို့ရမယ့်နေရာ မဟုတ်ဘဲနဲ့ ကိုးစားလို့ရမယ့်နေရာ မဟုတ်ဘဲနဲ့ ပြည်သူလူထုကို ပြောင်းပြန် အန္တရာယ်ပေးမယ့် စနစ်တစ်ခုလိုမျိုး ဖြစ်နေတာကို တွေ့ရတယ်။

MYANMAR NOW ။   ။ မြစ်ကြီးနား အကျဉ်းထောင်အတွင်းက ထောင်တွင်းအခြေအနေ ဘယ်လိုရှိပါသလဲ။

မဆိုင်းနူးပန် ။  ။ ကျွန်မအနေနဲ့ကတော့ နိုင်ငံရေးအမှုနဲ့ ဖြစ်တဲ့အခါကျတော့ သူတို့အနေနဲ့ တော်တော်လေး သတိထားရတဲ့ အပိုင်းတွေရှိတယ်။ ဒါပေမဲ့ ထောင်မှာရှိနေတဲ့ လူတွေက နှစ်များတဲ့လူတွေပေါ့နော်။ သူတို့ဆိုရင်တော့ တော်တော်လေး ဒီထောင်က ဝေယျာဝစ္စကစပြီး သန့်ရှင်းရေးကအစ လုပ်ပေးရတယ်။ တကယ်လို့ မလုပ်ခဲ့ဘူးဆိုရင် ထောင်ကအာဏာပိုင် ဝန်ထမ်းတွေက ပစ္စည်းတွေနဲ့ ပေါက်တာမျိုး ရှိတယ်။ ကျွန်မ ပထမဆုံးရောက်တဲ့ ညမှာ ဘေးက အမျိုးသမီးတစ်ယောက်က နားမကြားဘူး။ သူ့ရဲ့ နာမည်ခေါ်တဲ့အခါမှာ သူက မကြားတဲ့အတွက်ကြောင့် မထူးလိုက်ဘူး။အဲဒါကို စာရင်းစာ အုပ်အကြီးကြီးနဲ့ ပေါက်ပစ်လိုက်တဲ့ဟာမျိုး ရှိတယ်။ ကျွန်မတောင်မှ တော်တော်လန့်သွားတာ။ အပြင်မှာ မမြင်ဘူးဖူး။ တကယ်တန်း ဒီမှာဖြစ်နေတဲ့ အပိုင်းတွေ ရှိတယ်။

အိပ်တဲ့အခါမှာလည်း အချုပ်တို့ဆိုရင် ဝင်လာတာနဲ့ အိပ်ရာဝယ်ရတဲ့ဟာမျိုးပေါ့။ တကယ်လို့ ပိုက်ဆံမပေးနိုင်ဘူးဆိုရင် အိမ်သာမှာ သွားအိပ်ရတယ်။ အိမ်သာဆိုရင် ကျွန်မက ဒီဘက် ထိပ်သီးမှာ အိပ်တယ်။ အိမ်သာက ကျွန်မနဲ့ဆိုရင် ပေ ၇၀၊ ၈၀ လောက် ကွာတယ်။ အဲဒါတောင်မှ ကျွန်မဆိုရင် အနံ့မခံနိုင်ဘူး။ အနံ့က အရမ်းကို ပြင်းထန်တယ်။ လူက ၄၀၀ ကျော်ရဲ့ အနံ့နဲ့ဆိုတော့ လူအနံ့နဲ့ အိမ်သာအနံ့နဲ့ အဲဒီလောက်ဆိုးနေတာ အဲဒါကို ဘေးနားမှာ အိပ်ရတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့၊ လူတစ်ယောက်အနေနဲ့ ဘယ်လောက်ထိ ခံနိုင်ရည်ရှိမှာလဲ။

ကျွန်မမြင်တာက တကယ်တန်း အပြစ်ရှိလို့ ထောင်မှာဝင်ပြီး ခံစားနေရတယ်ဆိုရင် ကျွန်မ လက်သင့်ခံလို့ ရသေးတယ်။ အခုလေ့လာကြည့်တဲ့အခါမှာ ဘာအပြစ်တစ်ခုမှ မလုပ်ထားဘဲနဲ့ မကျူးလွန်ထားဘဲနဲ့ ထောင်မှာ ရောက်တဲ့လူတွေ အများကြီးရှိနေတယ်။ ဒါရဲ့လက်သည်က ဘယ်သူလဲဆိုရင် ရဲတွေဖြစ်နေတာကို တွေ့ရတယ်။ သူတို့ဘက်ကနေ တစ်လမှာ ဘယ်နှမှုရှိရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်း ရှိတယ်။ အဲဒီအချိန်ကျတော့ ဒီအမှုကို ပြည့်ဖို့အတွက် ဘာမှအပြစ်မရှိတဲ့လူတွေကို အသုံးချတဲ့အပိုင်းတွေ အများကြီးတွေ့ရတယ်။

အသုံးချတဲ့အခါမှာ တစ်နှစ်၊ နှစ်နှစ်လောက်ပဲ မဟုတ်ဘူး။ နှစ်က ဆယ်နဲ့ချီပြီးတော့မှ ရောက်နေရတယ်ဆိုတဲ့ဟာမှာ သူတို့ရဲ့ဘဝက အသက်တွေရှင်နေတယ်။ ဘဝတွေသေနေပြီးသား။ သူတို့ တကယ်တန်း ထွက်လာတဲ့အခါမှာ ဘာလုပ်စားလို့ရမလဲ။ နှစ်ရှည်နဲ့ နှစ်ပေါင်း ၂၀ ကျော်၊ ၁၀ နှစ်ကျော် အဲ့ဒီကနေ ပြန်ထွက်လာတဲ့အခါမှာ တကယ်တမ်း မြေပြင်အခြေအနေနဲ့ အရမ်းကွာခြားသွားတယ်။ သူတို့ဘက်ကနေ ဘယ်လိုမှ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး။

MYANMAR NOW ။   ။ အကျဉ်းသူတွေက ဘယ်လို ပြစ်မှု၊ ပြစ်ဒဏ်တွေများလဲ။ အသက်ငယ်ရွယ်တဲ့ အမျိုးသမီးတွေ ဘယ်လောက်တောင် များနေလဲ။

မဆိုင်းနူးပန် ။  ။ ၆၀ ရာခိုင်နှုန်းလောက်ရှိမယ်။ ၄၀ ရာခိုင်နှုန်းက အသက်ကြီးတဲ့ အမျိုးသမီးတွေ ဖြစ်မှာပေါ့။ အဲဒါကြောင့် ၆၀ ရာခိုင်နှုန်းလောက် ရှိမယ်။ အများပိုင်းကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးမှ ရောက်တယ်။ လူက ၄၅၄ ယောက်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးမှ ၃၈၀ ကျော်လောက် ရှိတယ်။ ၉၀ ရာခိုင်နှုန်းလောက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ ခံရတဲ့ အကျဉ်းသူတွေ ဖြစ်တယ်။

MYANMAR NOW ။   ။ ကချင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဘယ်နှဦးလောက် တရားစွဲဆိုခံထားရသလဲ။ ကိုပေါလုရဲ့အခြေအနေရော ဘယ်လိုရှိပါသလဲ။

မဆိုင်းနူးပန် ။  ။ ငြိမ်းစုစီ (ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေ) နဲ့ ပတ်သက်ပြီးတော့မှ ကိုပေါလုနဲ့ ကျွန်မနဲ့က ပထမဆုံးဖြစ်တယ်။ သူတို့ထောင်ဝါဒါတွေတောင်မှ ငြိမ်းစုစီ ဘာလဲဆိုတာတောင် မသိဘူး။ တော်တော်လေး အံ့ဩသွားတာပေါ့။ 'ငြိမ်းစုစီ ဘာအမှုလဲ' တဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရေးအမှု ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ပုဒ်မ ၁၉ ဖြစ်တယ်။ ရက်ပေါင်း ၁၅ ရက် ဖြစ်တယ်ဆိုတာကို သူတို့ကို ပြန်ရှင်းပြရတဲ့ အခြေအနေရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးမှ ကျွန်မတို့က ပထမဆုံးဖြစ်တယ်။ ကိုပေါလုရဲ့အခြေအနေက ကျွန်မကကျတော့ လူတွေကို စကားပြောလို့မရတာပဲ ရှိတယ်။ ဒါပေမဲ့ ဆယ်ပေပတ်လည် အခန်းထဲမှာ လွတ်လွတ်လပ်လပ်တော့ နေလို့ရတယ်ပေါ့နော်။ လူတော့တွေ့ရတယ်။

သူတို့ရဲ့အသံ ကြားရတယ်။ ဒီလောက်တော့ ခံသာတယ်ပေါ့။ ဒါပေမဲ့ ကိုပေါလုကတော့ တိုက်ပိတ်မှာ ရှိတယ်။ ဒီတိုက်တစ်ခုလုံးမှာ သူတစ်ယောက်ပဲရှိတယ်။ သူ့ကို ဝေယျာဝစ္စလုပ်ပေးဖို့ ဘာယာ(အကျဉ်းထောင်အာဏာပိုင်ကို ကူညီရသည့် အကျဉ်းသား) တစ်ယောက် ထားပေးတယ်။ ဒါပေမဲ့ အခန်းတော့ တူတူမထားဘူးပေါ့။ တစ်ခန်း တစ်ခန်းစီ ထားပေးတယ်။ လူတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကြာလာရင်တော့ ကျွန်မကတော့ စိုးရိမ်စရာ ဖြစ်မိတယ်။ ကိုလွဏ်းဇောင်းတို့ ဆိုရင်ကတော့ သုံးယောက်လောက် အတူနေလို့ရတယ်။ စကားပြောလို့ရတယ်။ စကားပြောဖော် ပြောဖက်ရှိတယ်။ လူကြည့်လို့ရတယ်ပေါ့နော်။ ကိုပေါလုကျတော့ တိုက်ပိတ်မှာ ညနေ ၅ နာရီဆိုရင် ပိတ်ပြီ၊ မနက် ၆ နာရီ၊ ၇ နာရီလောက်မှ ဖွင့်ပေးတာဆိုတော့ တစ်ညလုံး စာအုပ်တစ်အုပ်နဲ့ပဲဆိုတော့ သူရဲ့ ကျန်းမာရေးအခြေအနေကို တော်တော်လေးတော့ စိုးရိမ်မိပါတယ်။

MYANMAR NOW ။   ။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

မဆိုင်းနူးပန် ။  ။ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်နေတဲ့အချိန်မှာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုတော့ တားဆီးပိတ်ပင်တာမျိုး မလုပ်သင့်ဘူးလို့ ကျွန်မမြင်တယ်။ ပြည်သူလူထု အားလုံးကလည်း ဖိနှိပ်ချုပ်ခြယ်မှု အရမ်းများလာတဲ့အခါမှာ အန်ထွက်ချင်လာတဲ့ အပိုင်းတွေ ရှိလာတယ်။ ဒီလိုအန်ထွက်တဲ့အခါမှာလည်း ပရမ်းပတာမဟုတ်ဘဲနဲ့ အခုလိုမျိုး ကိုယ့်ရဲ့ သဘောထားဆန္ဒတွေကို ထုတ်ဖော်ပြောဆိုတဲ့အခါမှာ အစိုးရအနေနဲ့ နားလည်သဘောပေါက်ပြီးမှ ဒါက ဘယ်လိုဖြစ်သင့်တယ်ဆိုတာ သူတို့ဘက်ကနေ စဉ်းစားဆင်ခြင်ပြီး ဒါကို အကောင်းဆုံးလုပ်သွားနိုင်ရင်တော့ ကျွန်မအနေနဲ့ တော်တော်လေး ပြည်သူလူထုကြားမှာရယ် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကြားမှာရယ် တန်းတူညီမျှမှုကြားမှာရယ် အကုန်လုံးက သင့်တင့်လျောက်ပတ်တဲ့ တစ်ခုခု ဖြစ်သွားနိုင်လိမ့်မယ်လို့ ကျွန်မမြင်တယ်။

ဒါမှမဟုတ်ရင် တစ်ဦးနဲ့တစ်ဦး ထိခိုက်ရှနာဖြစ်တဲ့ ဖြစ်ရပ်တွေ ဖြစ်သွားနိုင်တယ်ပေါ့နော်။ အဲဒီအတွက်ကြောင့် ဒါတွေဟာ တော်တော်လေး သတိထားရမယ့် ထိရှလွယ်တဲ့ ပြဿနာတွေလို့ မြင်တယ်ပေါ့နော်။ နောက်ပြီးတော့ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ပတ်သက်ပြီးမှ လွတ်လပ်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဘယ်သူမှ ချုပ်ခြယ်တဲ့ဟာ မဟုတ်ဘဲနဲ့ ပြည်သူလူထုကို ဖိနှိပ်ချုပ်ခြယ်တဲ့ဟာ မဟုတ်ဘဲနဲ့ ပြည်သူလူထုရဲ့ အကောင်းဆုံး မျှော်လင့်ချက်ထားနိုင်တဲ့နေရာတစ်ခု ဖြစ်စေချင်ပါတယ်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading