သတင်း

ပုဒ်မ ၅၉(စ) ပါ ကန့်သတ်ချက်ကို ဝန်ကြီးနှင့်ဝန်ကြီးချုပ်အရည်အချင်းမှာပါ ထည့်သွင်းရန် တပ်အဆိုပြု

လက်ရှိ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၏ အရည်အချင်း သတ်မှတ်ချက်များတွင် ဒီမိုကရေစီအင်အားစုများက ပယ်ဖျက်ချင်နေသော ပုဒ်မ ၅၉(စ) ပါ ကန့်သတ်ချက်ကိုပါ ထပ်ဖြည့်မည့် အဆိုပြုချက်ပါဝင်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ယနေ့ အင်္ဂါနေ့တွင် အသိပေးတင်ပြလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅ ‘အုပ်ချုပ်ရေးကဏ္ဍ’ တွင်ပါဝင်သည့် ပြည်ထောင်စု ဝန်ကြီးများနှင့်ဆိုင်သော ပုဒ်မ ၂၃၂ (က)၊ တိုင်း/ပြည်နယ် ဝန်ကြီးချုပ်များနှင့် သက်ဆိုင်သော ပုဒ်မ ၂၆၁ (က) တို့တွင် ပုဒ်မ ၅၉ (စ) ပါ သတ်မှတ်ချက်ဖြစ်သည့် မိမိကိုယ်တိုင်၊ အိမ်ထောင်ဖက်၊ သားသမီး၊ သမက်နှင့်ချွေးမတို့သည် နိုင်ငံခြားသားမဖြစ်ရဆိုသည့် ကန့်သတ်ချက်ကိုပါ ထပ်မံဖြည့်စွက်ရန် တပ်က အဆိုပြုခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် အဆိုပါဥပဒေကြမ်းကို တပ်မတော်က ပြည်ထောင်စုလွှတ်တော် နာယကထံ စက်တင်ဘာလ ၁၀ ရက် နေ့စွဲဖြင့် ပေးပို့လိုက်ခြင်းဖြစ်သည်။

ထိုသို့ပြင်ဆင်လိုခြင်းမှာ အစိုးရအဖွဲ့အကြီးအကဲများ နိုင်ငံခြားဆက်စပ်မှု၊ လွှမ်းမိုးမှုမရှိစေရန်၊ ပြည်ပနိုင်ငံများမှ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်ခြင်းမပြုနိုင်စေရန် ရည်ရွယ်ကြောင်း ယင်းစာတွင် ဖော်ပြထားသည်။

ပုဒ်မ ၅၉ (စ) သည် နိုင်ငံတော်သမ္မတနှင့်ဆိုင်သော အရည်အချင်းကန့်သတ်ချက်ဖြစ်ပြီး ၎င်းကန့်သတ်ချက်ကြောင့် လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတမဖြစ်ခဲ့ရပေ။

လက်ရှိတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်း သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်၏ အရည်အချင်းများတွင် အသက် ၄၀ နှင့် ၃၅ အသီးသီးပြည့်ပြီးသူ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်ထိုက်သူ၊ လွှတ်တော်ကိုယ်စားလှယ်မဖြစ်ထိုက်သော ကန့်သတ်ချက်နှင့် မငြိစွန်းသူ၊ နိုင်ငံအပေါ်သစ္စာရှိသူဟု လေးချက် ပြဋ္ဌာန်းထားရာ သမ္မတကိုကန့်သတ်သော အထက်ပါ ၅၉ (စ) အချက်ကိုပါ ငါးချက်မြောက်အဖြစ် တပ်မတော်သား အစုအဖွဲ့က ထပ်မံဖြည့်စွက်လိုခြင်းဖြစ်သည်။

အဆိုပါဥပဒေကြမ်းကို ဦးဆောင်တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်ကို မေးမြန်းရာတွင်ရည်ရွယ်ချက်တွေပါတဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေထားပြီးဖြစ်ပါတယ်ဟု လွှတ်တော်ပြီးသည့်နောက် မီဒီယာကို ပြောသည်။

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တစ်ဦးကမူ တပ်မတော်၏ ယခုအဆိုပြုချက်သည် ပုဂ္ဂိုလ်ရေးဆန်နေမည်လားဟု စဉ်းစားစရာဖြစ်နေကြောင်း ပြောသည်။

“ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုများ ရည်ရွယ်တဲ့ ကန့်သတ်ချက်များဖြစ်နေမလား အများကြီး စဉ်းစားစရာရှိပါတယ်။ ကော်မတီအနေနဲ့ ပြန်ပြီးသုံးသပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု

အ‌ခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကလည်း သတင်းထောက်များကို ပြောသည်။

လက်ရှိတွင် ဒေါက်တာမြတ်ဉာဏစိုးပါဝင်သည့် ၄၅ ဦးပါ ကော်မတီကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေသစ်ကို မူကြမ်းရေးဆွဲလျက်ရှိသည်။

ဗိုလ်မှူးချုပ်မောင်မောင်အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး လက်မှတ်ရေးထိုး တင်သွင်းထားသည့် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်မည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်အတွင်း မဆွေးနွေးမီ အသေးစိတ်လေ့လာ စိစစ်မည်ဖြစ်ကြောင်း နာယက ဦးတီခွန်မြတ်က ယနေ့နံနက်တွင် လွှတ်တော်သို့ အသိပေးသည်။

ထိုသို့ စိစစ်နိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အားလုံးပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း ‌လေ့လာစိစစ်ရေးပူးပေါင်းကော်မတီသို့ ယနေ့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ဦးတီခွန်မြတ်က ပြောသည်။

တပ်မတော်၏ဥပဒေကြမ်းသည် အခြေခံဥပဒေပြင်ဆင်ရေး လုပ်ထုံးလုပ်နည်းများအရ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်း ကျော်ရမည်ဖြစ်သဖြင့် ဒီချုပ်ကြီးစိုးသော လွှတ်တော်ကို ဖြတ်သန်းနိုင်ရန် ဖြစ်နိုင်ခြေနည်းသည်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကာ ခြေဥပြင်ဆင်ရေး ဥပဒေကြမ်းကို နှစ်ကြိမ်တိုင် တင်သွင်းခဲ့ဖူးပြီး ပထမအကြိမ်တွင် ကျောင်းကုန်းအမတ် ဦးသိန်းထွန်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်တွင် မိတ္ထီလာအမတ် ဒေါက်တာမောင်သင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။

သို့‌သော် ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်အတွင်း၌သာ ထည့်သွင်းဆောင်ရွက်ရန် မဲခွဲဆုံးဖြတ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်သော အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက အချက်ပေါင်း ၃၇၀၀ ကျော် ပါရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာကို လွှတ်တော်တွင် တင်သွင်းအတည်ပြုထားပြီး ဥပဒေကြမ်းရေးဆွဲရန် ပြင်ဆင်လျက်ရှိသည်။

ထိုကော်မတီကို NLD ကိုယ်စားလှယ် ၁၈ ဦး၊ တပ်ကိုယ်စားလှယ် ရှစ်ဦး၊ လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း အနိုင်ရ အင်အားကြီးပါတီ၏ သဘောထားသာ လွှမ်းမိုးနေ၍ဟုဆိုကာ ပြီးခဲ့သည့်ရက်ပိုင်းက ကော်မတီဝင် သုံးဦး နုတ်ထွက်စာ တင်သွားခဲ့သည်။

Show More

Related Articles

Back to top button