“ကျွန်တော့်အမြင်တော့ အခု တပ်မတော်ဘက်ကနေ တကယ်ပဲပြောင်းလဲချင်ပြီလို့ ယူဆပါတယ်”

KBC ဥက္ကဌ ပြောပြသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခြင်း

Published on Sep 13, 2019
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌ ဒေါက်တာခလန်ဆမ်ဆွန်တို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံကြစဉ် (ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌ ဒေါက်တာခလန်ဆမ်ဆွန်တို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံကြစဉ် (ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် အိမ်ဖြူတော်တွင် ဇူလိုင်လအတွင်းက တွေ့ဆုံခဲ့သည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်အား အရေးယူပေးရန် တပ်မတော်က ဩဂုတ် ၂၆ ရက်က မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။

ကချင်များအကြား သြဇာကြီးလှသည့် ဒေါက်တာခလန်ဆမ်ဆွန်က မြန်မာနိုင်ငံရှိ ခရစ်ယာန်များအား မြန်မာစစ်အစိုးရက ညှဉ်းပန်းနှိပ်စက်နေကြောင်း သမ္မတ ထရမ့်ထံ ထုတ်ဖော်ပြောဆိုခဲ့သည်ကို တပ်ဘက်က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

သို့သော် တိုင်ကြားချက်ကို သုံးရက်အကြာတွင် တပ်ဘက်က ပြန်ရုတ်သိမ်းခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ယမန်နေ့က မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

နှစ်နာရီနီးပါး ကြာမြင့်ခဲ့သည့် ဆွေးနွေးပွဲအတွင်း ဗိုလ်ချုပ်မှူးကြီး နှင့် KBC ဥက္ကဋ္ဌ တို့အကြား ဘာသာရေးလွတ်လပ်ခွင့်၊ ပြည်တွင်းစစ်အဆုံးသတ်ရေး၊ စစ်ဘေးရှောင်များအရေး ဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံမှုအတွင်း ဆွေးနွေးချက်အချို့ကို သိရှိနိုင်ရန် Myanmar Now မှ ဒေါက်တာ ခလန်ဆမ်ဆွန် ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်များအနက်မှ အချို့ကို ကောက်နှုတ် တင်ပြလိုက်ပါသည်။

Myanamr Now ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ခဲ့တယ်ဆိုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆရာတော်တို့ ပြောခဲ့တာတွေကို ပြန်ပြောဖြစ်ကြသေးလား။

ဖြေ။ ဗိုလ်ချုပ်မှူးကြီးကတော့ ကျွန်တော် ထရမ့်နဲ့ ပြောခဲ့တာတွေကို အစဉ်တစိုက် နားထောင်နေတယ်လို့ ပြောပါတယ်။ ဒါကြောင့်မို့လို့ တရားစွဲဖို့ သူကညွှန်ကြားတာပေါ့နော်။ ဒါပေမဲ့ နောက်ဆုံးသူ့ဟာသူ ပြန်ပြီးတော့မှ ရုပ်သိမ်းတာဖြစ်ပါတယ်။ တခြားကြားထဲမှာ ဘာပြောခဲ့သလဲဆိုတာတွေတော့ ထပ်မေးတာမရှိပါဘူး။

ကျွန်တော့်ဘက်ကတော့ ဖြည့်စွက်ပြီးပြောခဲ့တာတော့ ရှိတာပေါ့။ ကျွန်တော်အဲဒီလို ပြောခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော် မြန်မာပြည် ပြန်ရောက်ရင် ကျွန်တော့်အတွက် စိုးရိမ်စရာတွေ ရှိလာနိုင်တဲ့အတွက်ကြောင့်မို့လို့ (ကန်)ဒုသမ္မတရုံးကနေ ကျွန်တော့်ကို နိုင်ငံရေးခိုလှုံခွင့် ပေးတာပေါ့။ ဒါပေမဲ့ ကျွန်တော်ကပြောခဲ့တယ်။ ကျွန်တော် မြန်မာပြည်ကိုချစ်တယ်လို့။ ကျွန်တော် မြန်မာပြည်ကို ပြန်သွားရမယ်။ ကြာကြာလည်းမနေဘူး၊ ခိုလှုံခွင့်လည်းမယူဘူး။ ကျွန်တော်အပြုသဘောနဲ့ ပြောတယ်။ ကျွန်တော်မုန်းတီးလို့ ပြောတာမဟုတ်ဘူး ဆိုတဲ့အကြောင်းတွေ ပြောပြပြီးမှ တရားရားရုံးမှာ ရင်ဆိုင်ရရင်လည်း ရင်ဆိုင်ဖို့ ကျွန်တော်လာခြင်းဖြစ်တယ်လို့ ပြောခဲ့တဲ့အကြောင်းကို ဗိုလ်ချုပ်မှူးကြီးကိုလည်း ကျွန်တော်ပြောပြပါတယ်။ တော်တော်များများ ပြောဖြစ်ပါတယ်။

Myanamr Now ။ ဆရာတော်ကနေတဆင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို ဗိုလ်ချုပ်မှူးကြီးက ပြောစေချင်တာမျိုးရှိလား။

ဖြေ။ ဗိုလ်ချုပ်မှူးကြီးက အဲဒါမျိုးပါးလိုက်တာတော့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ပြောတာရှိတယ်။ ဒီလို အမှုရုပ်သိမ်းပေးတဲ့အတွက်ကြောင့်မိုလို့ နိုင်ငံတကာနဲ့ ကမ္ဘာ့ခရစ်ယာန်အသင်းတော်ကောင်စီ၊ အသင်းတော်တွေ၊ ခရစ်ယာန်တွေက ကြိုဆိုတဲ့အကြောင်း၊ တပ်မတော်ရဲ့ ပြောင်းလဲမှုတစ်ခုကို မြင်တဲ့တွေ့တဲ့ အကြောင်းအရာတွေ ရှိတယ်ဆိုတာတော့ ကျွန်တော်ပြောခဲ့တယ်။

Myanamr Now ။ အမှုရုပ်သိမ်းပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးက ဘာပြောလဲခဗျ။

ဖြေ။ အဲဒါက သူ့ရဲ့အစီအစဉ်ပေါ့။ သူ့ဆုံးဖြတ်ချက်မှာ နိုင်ငံတကာရဲ့ဖိအားတွေလည်း မရှိပါဘူး။ သူ့အလိုအလျှောက်ပေါ့။ သူလည်း ဒီလိုတရားစွဲတာကတော့ မသင့်တော်ဘူးဆိုပြီး ဆုံးဖြတ်လိုက်လို့ သူရုပ်သိမ်းခိုင်းတယ်လို့ ပြောပါတယ်။

Myanamr Now ။ ဘာသာရေး လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေပြောဖြစ်ကြသေးလဲ။

ဖြေ။ ‘ဘာသာရေးနဲ့ပတ်သက်လို့တော့ ခွဲခြားလိုတဲ့စိတ် ကျွန်တော့်ဆီမှာ မရှိပါဘူး’ လို့ သူက ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဘာသာရေးလွတ်လပ်မှုပိုင်းမှာ အဓိပ္ပါယ်ဖွင့်ဆိုတာတွေ ကွဲလွဲနိုင်တယ်ဆိုတာတွေ ဖေါ်ပြပါတယ်။

သာသနာပိုင်မြေတွေကို အရင်တုန်းကအစိုးရတွေ သိမ်းတာ၊ အဲဒါ တပ်နဲ့တော့မဆိုင်ပါဘူး။ ဒါပေမဲ့ သိမ်းခဲ့တာတွေ ရှိခဲ့တာပေါ့။ ဒါတွေအပေါ်မှာပြောတာ ဖြစ်ပါတယ်ဆိုတာကို ကျွန်တော်လည်း ရှင်းပြခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ တက်ကတည်းက အဲဒါမျိုးတွေရှိခဲ့တဲ့အပေါ်မှာ အစွဲအလမ်းရှိလို့ပြောတာလည်း ဖြစ်ပါတယ်ဆိုတာကို ကျွန်တော် ရှင်းပြတာပေါ့။

နောက် တိုက်ပွဲမှာ ဘုရားကျောင်းတွေ ပျက်စီးသွားတာတို့တော့ ရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့ တမင်သက်သက် အဲဒါမျိုး တပ်မတော်ကနေ လုပ်တာဆိုရင် ထိရောက်စွာ အရေးယူမယ်လို့လည်း သူက ပြောပါတယ်။

Myanamr Now ။ စစ်ရှောင်တွေအရေးရော ပြောဖြစ်ကြသေးလား။

ဖြေ။ ပြောပါတယ်။ အဲဒါတော့အဓိကပေါ့။ ဗိုလ်ချုပ်မှူးကြီးရဲ့ ၂၀၂၀ ငြိမ်းချမ်းရေးပန်းတိုင်ကတော့ ကျွန်တော်တို့ ကချင်နဲ့တော့ စစ်ရှောင်တွေ စောလျှင်စွာ ပြန်နိုင်ရေးကတော့ အဓိကဖြစ်တယ်ဆိုတာ ကျွန်တော်ပြောတယ်။ အဲဒီလိုပြန်နိုင်ဖို့ကလည်း ဒီဘက်ကနည်းနည်းပြန်လိုက်၊ ဟိုဘက်ကနည်းနည်းပြန်လိုက်ဆိုတာမျိုး မဟုတ်ဘဲနဲ့ Bilateral (နှစ်ဘက်အပစ်ရပ်စာချုပ်) ထိုးပြီးမှ အားလုံးပြန်နိုင်ရေးကိုလုပ်ရင်တော့ အမြန်ဆုံးငြိမ်းချမ်းနိုင်တဲ့ ခြေလှမ်းလို့ တင်ပြခဲ့ပါတယ်။

Myanamr Now ။ တပ်ဘက်ကရော စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် အစီအစဉ်တွေ ရှိနေပြီလား။

ဖြေ။ သူတို့ကတော့ နေရပ်အမြန်ပြန်ရေးကိုပဲ ပြောတယ်။ နေရပ်ပြန်ရေးက တပ်ပိုင်းကိစ္စတွေလည်း ဆွေးနွေးရဖို့ အများကြီးရှိတယ်လေ။ ဆိုတော့ အဲဒီအပိုင်းကိုလည်း သူတို့က စဉ်းစားပေးဖို့ လိုတာပေါ့။ ကျွန်တော်ကပြောတာပေါ့ ဒီလိုမျိုး ကျွန်တော်ရဲ့အမှုကို ရုပ်သိမ်းပေးတယ်ဆိုတာ တပ်မတော်ရဲ့အဓိကပြောင်းလဲမှုလို့ ကမ္ဘာ့က သိမြင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ဆက်လက်ပြီးလည်း ငြိမ်းချမ်းရေးအတွက် တပ်မတော်က အကိုကြီးအနေနဲ့ လျှော့ဖို့ သည်းခံဖို့တော့ လိုတယ်ဆိုတာတော့ ကျွန်တော် တင်ပြခဲ့ပါတယ်။

ကျိုင်းတုံမှာလုပ်မဲ့ ဆွေးနွေးပွဲမှာလည်း တပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်ဆိုတော့ အဖြေကောင်းတစ်ခုခုတော့ ထွက်လာနိုင်ပါတယ်။ (စက်တင်ဘာ ၁၇ တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ၌ အစိုးရနှင့်တပ်ကိုယ်စားလှယ်များ၊ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA၊ ရခိုင် လက်နက်ကိုင်တပ်ဖွဲ့ AA၊ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA၊ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် ဆွေနွေးကြမည်)

Myanamr Now ။ ဆွေးနွေးကြတဲ့အခါ ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်လား၊ ဆက်ဆံရေးအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ ရင်းရင်းနှီးနှီးဆက်ဆံပါတယ်။ ကျွန်တော်ကလည်း ပွင့်ပွင့်လင်းလင်းပါပဲ။ မျိုသိပ်ထားတာတွေဘာတွေ မရှိပါဘူး။ ကျွန်တော်လည်း ပွင့်ပွင့်လင်းလင်းနဲ့ ငြိမ်းချမ်းရေးကို နှစ်ကြာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမြန်အဆုံးသတ်ဖို့ လိုတယ်ဆိုတာမျိုးတွေကို ရင်းရင်းနှီးနှီးပဲ ပြောခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ တပ်မတော်ပိုင်းကနေ သည်းခံခြင်းတော့ များများလိုတာပေါ့။ သူ့ဘက်ကိုယ့်ဘက် အလျှော့အတင်းတော့ ရှိဖို့လိုတယ်ဆိုတာတွေလည်း ကျွန်တော် ထည့်ပြောခဲ့ပါတယ်။

Myanamr Now ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့သဘောထားကိုရော ပြောပြသေးလား။

ဖြေ။ သူကတော့ တပ်မတော်မူ ချက်ကို ပြောပါတယ်။ တပ်မတော်မူ ချက်ဆိုတာမှာလည်း သူက တစ်ဘက်စွန်းရောက်တဲ့သူ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါကြောင့်မို့လို့ ညှိနှိုင်းလို့ရတယ်လို့လည်း ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် အစီအစဉ်တွေ ချပြတာမျိုးတော့ မရှိပါဘူး။ အဓိကကတော့ IDPs (စစ်ရှောင်) တွေ နေရပ်ပြန်နိုင်ရေးကတော့ လုပ်နိုင်ပြီဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအရေးအတွက်ပေါ့ တဆင့်တက်နိုင်တဲ့ ခြေလှမ်းဖြစ်မှာပါ။ ကျွန်တော်တို့လည်း အဲဒီလိုပဲ ခံယူပါတယ်။

Myanamr Now ။ မနေ့က တွေ့ဆုံမှုအရ ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထားတွေအပေါ် ဘယ်လိုမြင်လဲခဗျ။

ဖြေ။ ကျွန်တော့်အမြင်တော့ အခု တပ်မတော်ဘက်ကနေ တကယ်ပဲပြောင်းလဲချင်ပြီလို့ ယူဆပါတယ်။ တကယ်ပဲ လှိုက်လှိုက်လဲလဲနဲ့ ငြိမ်းချမ်းရေးကို ဖေါ်ညွှန်းနေတာပေါ့။ ဆိုတော့ ကျွန်တော့်အမြင်ကတော့ သူက တကယ်ပဲ လိုလိုလားလား ပြောနေတယ်ဆိုတာတော့ စိတ်ထဲမှာ ခံစားမိပါတယ်။

ငြိမ်းချမ်းရေးဖေါ်ဆောင်တဲ့နေရာမှာ ကိုယ်ဘက်ချည်းပဲလိုချင်တာကို ဖေါ်ဆောင်ဖို့ဆိုရင် ငြိမ်းချမ်းရေးတော့ မဖြစ်နိုင်ဘူးလေနှစ်ဘက်ညှိနှိုင်းရမယ်။ နှစ်ဘက်လုံးကလည်း လျှော့ဖို့လိုတာပေါ့။ ကျွန်တော်တို့ ကချင်ဘက်ကဆိုရင် KIA ကလည်း လျှော့ဖို့လိုသလို အခြားလက်နက်ကိုင်တိုင်းရင်းသားတွေဘက်ကလည်း ကိုယ့်ဘက်ကလျှော့ဖို့ လိုတယ်။ အထူးသဖြင့်တော့ တပ်မတော်က အကိုကြီးဆိုတဲ့အတိုင်း သူကပိုပြီး လျှော့ရမှာပေါ့။ အဲဒါဆိုရင် ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးက လွယ်တယ်လို့ထင်တာပဲ ကျွန်တော့်အမြင်ပါ။ ဒါပေမဲ့ နှစ်ဘက်လုံးက ခက်အောင်ပြန်လုပ်နေသလိုပဲ နေရာရွေးတဲ့ကိစ္စတွေ၊ ရက်ရွေးတဲ့ကိစ္စတွေမှာပဲ ကြန့်ကြာနေတာကတော့ဗျာ ဝမ်းနည်းစရာပဲ။

Myanamr Now ။ ဗိုလ်ချုပ်မှူးကြီးက သူပေးထားတဲ့ကတိအတိုင်း ၂၀၂၀ မှာ ငြိမ်းချမ်းရေးယူပေးမယ်ဆိုတာကို ဘယ်လိုထင်လဲ။ သူ တကယ်လုပ်နိုင်မယ် ထင်လား။

ဖြေ။ ကျွန်တော်ပြောပါတယ်။ ကျွန်တော်တို့ပြည်နယ်တွေ ကိစ္စတွေလည်း ပြည်ထောင်စုကနေခွဲထွက်ဖို့ ဘယ်သူမှ ထောက်ခံတဲ့သူ မရှိဘူးဆိုတဲ့ အကြောင်းတွေ။ တိုင်းရင်းသားတွေကလည်း ပြည်ထောင်စုကနေခွဲထွက်ဖို့ ပြောနေတာ မဟုတ်ပါဘူးဆိုတဲ့ အကြောင်းတွေ။ အဲဒါကြောင့်မို့ ကျွန်တော့်အမြင်တော့ တကယ်ပဲ ဗိုလ်ချုပ်မှူးကြီးက လိုလိုလားလားနဲ့ တပ်မတော်ကနေ ညှိနှိုင်းပြီးမှ ပြည်သူနဲ့ လက်တွဲသွားမယ်ဆိုရင်၊ ပြည်သူရဲ့ ယုံကြည်မှုကို ရရှိသွားမယ်ဆိုရင်တော့ အများကြီးဖြစ်နိုင်ပါတယ်။

Myanamr Now ။ ဖြည့်စွက်ပြီး ပြောကြားချင်တာများ ရှိသေးလားခဗျ။

ဖြေ။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ အမုန်းအာဃာတတွေက တော်တော်အမြစ်စွဲနေပြီ။ တစ်ယောက်အပေါ်တစ်ယောက် ထင်မြင်ယူဆပြီးမှ စွပ်စွဲမှုတွေက ပိုများတယ်။ အဲဒါတွေကိုလည်း နားလည်မှုရှိအောင် တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံတာမျိုး များများတော့ လိုအပ်မယ် ထင်တယ်။ ခေါင်းဆောင်ပိုင်းလည်း ခေါင်းဆောင်ပိုင်းအလျှောက်လုပ်ပြီးမှ အောက်ပိုင်းကို မသိတဲ့ကိစ္စတွေလည်း အများကြီးရှိတယ်။ ထို့နည်းတူ အောက်ပိုင်းက၊ အခြေခံပိုင်းက လူတွေလည်း တကယ့်အခြေအနေမှန်ကို ဟိုးအပေါ်ရောက်အောင် မတင်ပြတာတွေလည်း အများကြီးရှိတယ်။ ဒီကြားထဲမှာ မြန်မာပြည်ရဲ့ အကျင့်ပျက်ခြစားမှုက စိုးရိမ်အမှတ်ထက်တောင် ကျော်လွန်နေတာပေါ့နော်။ ဒါက တော်လှန်ရေးကောင်စီ ခေတ်ကတည်းက ဆိုးကျိုးတွေပေါ့။ ဆိုတော့ အခုလို ပွင့်လင်းမြင်သာစွာနဲ့ ပြုပြင်ပြောင်းလည်းရေး မေတ္တာအခြေခံပြီးမှ၊ ကျွန်တော်တို့ပြောချင်တာကို တည့်ပြောပြီးမှ ဆွေးနွေးသွားမယ့်လမ်းပေါ်မှာ ရောက်ရင်တော့ ဖြစ်နိုင်ပါတယ်ဆိုတာကို ဖြည့်စွက်ပြောချင်ပါတယ်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading