ဇေကမ္ဘာဂိတ်ပိတ်သည့်အရေး ဖြေရှင်းရန် အထက်ညွှန်ကြားချက်စောင့်နေ

အောင်မင်္ဂလာအဝေးပြေးဝင်းအနီး ဆိုးရွားသည့် ယာဉ်ကြောကျပ်တည်းမှုများကို ဖြစ်စေသည်အထိ ဇေကမ္ဘာကုမ္ပဏီက လမ်းများပိတ်ဆို့လိုက်ခြင်းအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေအရ အရေးယူခွင့်ရှိကြောင်း မြို့နယ်စည်ပင်သာယာဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေက ပြောသည်။

Published on Sep 9, 2019

သြဂုတ်လကုန်မှ စတင်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့သည့် ရန်ကုန်မြို့စွန် အောင်မင်္ဂလာအဝေးပြေးအနီး ဇေကမ္ဘာဝင်းအတွင်းရှိ မင်္ဂလာဒုံဥယျာဉ် အိမ်ရာဂိတ်ပေါက်အချို့ ပြန်ပွင့်နိုင်ရေးအတွက် ဒေသဆိုင်ရာ အစိုးရအရာရှိများနှင့် လွှတ်တော်အမတ်များက ကြိုးစားလျက်ရှိသည်။

အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးခင်ရွှေ တည်ထောင်ထားသည့် ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံဥယျာဉ်မြို့တော် နှင့် ရန်ကုန်စက်မှုဇုန်အတွင်းရှိ ဗိုလ်တေဇလမ်း (A1) ထိပ်ဂိတ် နှင့် ညောင်ရမ်းလမ်းထိပ်ဂိတ်များကို ပိတ်ထားခဲ့သည်။

အဆိုပါဂိတ်ပေါက်များသည် လူဦးရေ ၇၀,၀၀၀ နီးပါး နေထိုင်သည့် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် နှင့် ရန်ကုန်မြို့၏ အချက်အချာလမ်းမကြီးတစ်ခု ဖြစ်သည့် အမှတ် (၃) လမ်းမကြီးတို့ကို ဆက်သွယ်ပေးထားသည့် လမ်းမများပေါ်တွင် တည်ရှိပြီး ရွှေပေါက်ကံမြို့သစ်အတွက် အဓိကကျသည့် ဝင်ထွက်ပေါက်များလည်း ဖြစ်သည်။

ဗိုလ်တေဇလမ်း (A1) ထိပ်ဂိတ်ကို လုံးဝပိတ်ထားပြီး ညောင်ရမ်းဂိတ်ကိုမူ နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲအထိ နှင့် မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၅ နာရီခွဲ အထိသာ ဇေကမ္ဘာကုမ္ပဏီက အချိန်အကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးတော့ကြောင်း မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေက ပြောသည်။

ယင်းဂိတ်များ ပိတ်လိုက်သည့်အတွက် အောင်မင်္ဂလာအဝေးပြေးရှေ့ အမှတ် (၃) လမ်းမကြီးပေါ် ကားများ စုပြုံရောက်ရှိသွားပြီး အဝေးပြေးနှင့် မြောက်ဥက္ကလာ ခြောက်ကွေ့မှတ်တိုင်အကြား ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွား ကြုံနေရကြောင်း မြောက်ဥက္ကလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်က ပြောသည်။

၀င်ထွက်ခွင့် ပိတ်ထားသည့် ဂိတ်ပေါက်များဆီသို့ ပြီးခဲ့သည့် သောကြာနေ့က Myanmar Now သတင်းထောက်က သွားရောက်ကြည့်ရှုရာ သံစည်ပိုင်းများ၊ စစ်ဆေးရေးဂိတ်များတွင် အသုံးပြုသည့် သံဂိတ်များဖြင့် လမ်းများကို ပိတ်ဆို့ထားပြီး မင်္ဂလာဒုံဥယျာဉ်မြို့တော် နှင့် ရန်ကုန်စက်မှုဇုန် ဝင်ထွက်ခွင့်ပါသည့် ယာဉ်များသာ သွားလာခွင့်ပြုမည်ဟု ဆိုင်းဘုတ်များ ကပ်ထားသည်။

“ပိတ်လိုက်တဲ့ဂိတ်တွေက မြောက်ဥက္ကလာ၊ ရွှေပေါက္ကံတို့ ဘက်ကို သွားတဲ့ ကုန်ကားတွေ အဓိကသုံးကြတာ။ အခုက ကုန်ကားတွေအကုန် အမှတ် (၃) လမ်းမကနေ ပတ်သွားနေရတာ။ ပတ်သွားရတာက နာရီဝက်လောက် ပိုကြာတာဆိုပေမဲ့ ကားတွေအကုန် ဒီလမ်းပေါ်မှာဆိုတော့ ပိတ်ဆို့သွားတာပေါ့” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

မြို့နယ်စည်ပင်နှင့် အထွေထွေအုပ်ချုပ်ရေးမှူးတို့ထံ စာပို့တိုင်ကြားခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်သော မြတ်ကေသီကုမ္ပဏီ မန်နေဂျာ ဦးပြည့်ဖြိုးအောင်က နိုင်ငံတော်နှင့် ဇေကမ္ဘာကုမ္ပဏီတို့အကြား ချုပ်ဆိုထားသော စာချုပ်နှင့်ပတ်သက်၍ မသိသော်လည်း ကုန်စည်စီးဆင်းရေးအတွက် တံခါးပေါက်များ ဖွင့်ပေးရန် တောင်းဆိုသည်။

“ပိတ်ထားတဲ့လမ်းက ကျွန်တော်တို့ကုန်ကားတွေ သီလဝါကို ထွက်တဲ့အပေါက်က ဒီတစ်ပေါက်ပဲရှိတာ။ ဒီအပေါက် ပိတ်ထားတော့ သီလဝါကိုထွက်တဲ့ ကျွန်တော်တို့ကုန်ကားတွေ ဘယ်လိုလုပ်မှာလဲ။ ကွန်တိန်နာတွေက သွားလို့မရတာကတစ်ကြောင်း၊ Boxကားတွေသွားတဲ့ လမ်းကြောင်းကို သူတို့က ပိတ်ဆို့ထားတာကတစ်ကြောင်း၊ ကျွန်တော်တို့ကုန်တွေက ဘယ်လိုလုပ်မှာလဲ” ဟု ဦးပြည့်ဖြိုးအောင်က ပြောသည်။

ဇေကမ္ဘာဝန်းအတွင်းရှိ ကုမ္ပဏီများက လုံခြုံရေးအတွက် တစ်နှစ်လျှင် ၃၅သိန်း ပေးဆောင်ထားရကြောင်း၊ ယခုအခါ လုံခြုံရေးအကြောင်းပြ ပိတ်ဆို့လိုက်သောကြောင့် ၎င်းတို့ပေးဆောင်ထားရသော ငွေကြေးသည် ဘာအတွက်လဲဟု ဦးပြည့်ဖြိုးအောင်က မေးခွန်းထုတ်သည်။

“သူတို့က ညညဆို မျက်ရည်ကျတယ်။ ကျွန်တော်တို့က ညညဆို ရင်တွေပူနေတာ။ ကုန်တွေက အချိန်မီသွားရမှာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးကျော်လွင်က လမ်းများပိတ်လိုက်ရခြင်းသည် လုံခြုံရေးကြောင့် ဖြစ်သည်ဟု ပြောသည်။

“ကျွန်တော်တို့ဝင်းကြီးက သာလာယံဇရပ်လို ဖြစ်နေတာ။ ဝင်းကြီးက တအားကျယ်တဲ့အခါမှာ အပေါက်တွေကလည်း များတော့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေကြတာ။ ဖြတ်လမ်းလို ဥဒဟို ဝင်ထွက်နေတဲ့အခါကျတော့ ကျွန်တော်တို့ဝန်းထဲမှာ လုံခြုံရေးအရ အားနည်းချက်တွေဖြစ်နေတာ။ အဲဒါကြောင့် ဒီလို ကန့်သတ်လိုက်ရတာပါ” ဟု ပြောသည်။

ရွှေပေါက်ကံစက်မှုဇုန်များတွင် အထည်ချုပ်စက်ရုံဝန်ထမ်းများ အိမ်ပြန်ချိန် ဆွဲကြိုးဖြတ်လုခံရခြင်း၊ ဖုန်း၊ ပိုက်ဆံအိတ်အပါအဝင် ဆိုင်ကယ်နှင့် မိုက်ကြေးခွဲ ပိုက်ဆံတောင်းသည့်အထိ လုံခြုံရေးအားနည်းနေကြောင်း၊ ကုမ္ပဏီရှိ လုံခြုံရေးများအနေဖြင့် ဧက ၁၆၀၀ ခန့်ရှိသည့် ဝင်းကြီးကို စောင့်ကြပ်ရန် လိုအပ်ချက်အခက်အခဲ ရှိနေသေးကြောင်း ဦးကျော်လွင်က ပြောသည်။

သို့သော် ဇေကမ္ဘာဝင်းအတွင်းမှ အပေါက်များကို လုံးဝပိတ်ပစ်ခြင်းမဟုတ်ဘဲ ဇုန်ထဲမှ ကားများအတွက် ဝင်ထွက်ခွင့် ကတ်အစိမ်း လုပ်ပေးထားသလို ပြင်ပကားများအတွက် ယာယီကတ်အနီရောင် ထုတ်ပေးထားကြောင်း၊ ယင်းသို့လုပ်ဆောင်မည့်အခြေအနေကိုလည်း စည်ပင်ကိုလည်း တစ်လကြိုတင် အကြောင်းကြားခဲ့ကြောင်း ၎င်းက ပြောသည်။

“ပြင်ပက ကားတွေ စည်းနဲ့ကမ်းနဲ့ ဝင်ထွက်တဲ့ စနစ်တစ်ခု အောင်မြင်သွားရင် ဇုန်ထဲက ကားတွေလို အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ပါတယ်” ဟု ဦးကျော်လွင်က ပြောသည်။

အထက်အမိန့်ကို စောင့်နေပါတယ်

ရန်ကုန်မြို့တွင်း ခရီးတင်ကားများ၊ အောင်မင်္ဂလာအဝေးပြေးမှ နိုင်ငံအနှံ့သို့သွားမည့်သူများ နှင့် ကုန်တင်ကားများ လမ်းမထက် နာရီနှင့်ချီ ပိတ်ဆို့ စောင့်ဆိုင်းနေကြရသည့် အဆိုပါယာဉ်ကြောပိတ်ဆို့မှုကို ဒေသဆိုင်ရာ အစိုးရအရာရှိများက မရှင်းနိုင်ဘဲ အထက်ကို တင်ပြထားသည်ဟု ဆိုကြသည်။

မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ယင်းအဖြစ်အပျက်ကို ခရိုင်မှတဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ အကြောင်းကြားထားသည်ဟု ပြောသည်။

“ကျွန်တော်တို့က‌ မြေပြင်အခြေအနေကို အထက်ကို တင်ပြတာပဲရှိသေးတယ်။ ညွှန်ကြားချက်တွေတော့ မရသေးဘူး” ဟု ၎င်းက ပြောသည်။

ဂိတ်ပေါက်များကို ပြန်ဖွင့်ပေးရန် စက်မှုဇုန်အတွင်းရှိ ကုမ္ပဏီ ၁၃ ခုထံမှ တောင်းဆိုစာများ လက်ခံရခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ်စည်ပင်ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေက ပြောသည်။

“လွန်ခဲ့တဲ့ တစ်ပတ်က သူတို့ကုမ္ပဏီကို ဂိတ်တွေဖွင့်ပေးဖို့ မေတ္တာရပ်ခံစာ ပို့သေးတယ်။ ဥက္ကဋ္ဌကြီး (ဦးခင်ရွှေ) ဆီကို တင်ပြပေးမယ်ဆိုပြီး ဒီနေ့အထိ မဖွင့်ဘူး။ အခုဆိုရင် အချိန်နဲ့ ညောင်ရမ်းဂိတ်ကို ဖွင့်တယ်။ နောက်ပြီးတော့ ဝင်ထွက်ခွင့် ဂိတ်တွေကို တစ်ကတ် ကျပ် ၁၅၀၀ နဲ့ ထုတ်ပေးနေတယ်။ သက်တမ်းက ခြောက်လလို့ ပြောတယ်။ ဒါကို ကုမ္ပဏီတွေက စာပို့ကြလို့ လမ်းတံတားဌာနမှူးဆီ စာပို့ထားတယ်” ဟု ၎င်းက သောကြာနေ့က ပြောသည်။

အဆိုပါဂိတ်များကို မပိတ်မီက မြို့တော်ဝန်ထံသို့ လမ်းပြုပြင်မည့်အကြောင်း စာပို့အကြောင်းကြားခဲ့သည်ဟု ၎င်းက ပြောပြသည်။ လမ်းပြင်မည်ဟု အကြောင်းပြပိတ်ထားသော ဇေကမ္ဘာဝင်းအတွင်းရှိ လမ်းများ ပျက်ဆီးမှုမရှိကြောင်း၊ အပေါက်ဖြစ်နေသည့် လမ်းပိုင်းများကိုလည်း ပြန်လည်ဖာထေးသည်ကို တွေ့ရှိရကြောင်း ဒေါ်ကြည်ကြည်ဝေက ပြောသည်။

“ဒီနေရာက ကုမ္ပဏီဘက်က ပိုင်တယ်ဆိုပေမယ့် စည်ပင်သာယာကော်မတီက စီမံခန့်ခွဲခွင့်ရှိတယ်။ ဒါကို ညစ်ညမ်းအောင် လုပ်တာ၊ ပိတ်ဆို့တာ၊ လမ်းကို ပိုင်းဖြတ်ပစ်တယ်ဆိုရင် စည်ပင်ဥပဒေအရ အရေးယူလို့ ရပါတယ်။ လောလောဆယ် ကျွန်မတို့က လမ်းတံတားဌာနမှူးဆီက အမိန့်ကို စောင့်နေပါတယ်” ဟု ၎င်းက ပြောသည်။

ဇေကမ္ဘာကုမ္ပဏီက လမ်းများပိတ်ဆို့လိုက်ခြင်းအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေ ပုဒ်မ ၃၁၅ ပုဒ်မခွဲ (ဇ)အရ အရေးယူခွင့်ရှိကြောင်း ဒေါ်ကြည်ကြည်ဝေက ပြောသည်။

ယင်းဥပဒေ ပုဒ်မ ၃၁၅ ပုဒ်မခွဲ (ဇ)တွင် မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်းများ၊ စင်္ကြံများ၊ တံတားများနှင့် လမ်းတံတားဆိုင်ရာ အတားအဆီးများကို ဖယ်ရှားခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်ဆို့ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြိုဖျက်ခြင်း၊ ပိုင်းဖြတ်ခြင်း၊ ညစ်ညမ်းစေခြင်း မပြုရဟု တားမြစ်ထားသည်။ ဖောက်ဖျက်ပါက ငွေဒဏ် ကျပ်တစ်သိန်းမှ ငါးသိန်းအထိ ချမှတ်နိုင်သည်။

လွှတ်တော်ထဲရောက်ဂိတ်ပေါက်

ဇေကမ္ဘာဝင်းအတွင်းရှိ ဂိတ်ပေါက်ပြဿနာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်လွှတ်တော်ထဲ ရောက်ခဲ့ပြီး မေးခွန်းထုတ်ခံခဲ့ရဖူးသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ရန်ကုန်လွှတ်တော်အစည်းအဝေးတွင် မြောက်ဥက္ကလာပအမတ် ဦးဇော်လွင်က “ရွှေပေါက်ကံ မြို့သစ်ရပ်ကွက်၏ အဓိက ဝင်/ထွက်ပေါက်များ ဖြစ်သော ဗိုလ်တေဇလမ်း (A1) ထိပ်ဂိတ်၊ မင်္ဂလာဒုံဥယျာဉ်အိမ်ရာဂိတ်၊ အိုးအိမ်ဂိတ်နှင့် ညောင်ရမ်းလမ်းထိပ်ဂိတ်များတွင် ကားဖြတ်သန်းခ ငွေကြေးကောက်ခံနေမှုကို စစ်ဆေးတားမြစ်ရန် ရှိ၊ မရှိ” သိလိုကြောင်း မြို့တော်ဝန်ထံ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

“ယာဉ်တစ်စီးကို အနည်းဆုံး (ကျပ်) ၂၀၀ နဲ့ ၅၀၀ ကြား ကောက်တယ်။ ဘောင်ချာစာရွက်လည်း မပေးဘူး။ စည်းကမ်းမဲ့ ကောက်နေတာ” ဟု ဦးဇော်လွင်၏ လွှတ်တော်တွင်းပြောကြားချက်ကို The Voice သတင်းစာက ကိုးကားပြီး ရေးသားခဲ့သည်။

မော်တော်ယာဉ်ဖြတ်သန်းခ ကောက်နေသည့် ဇေကမ္ဘာကုမ္ပဏီ၏လုပ်ရပ်ကို ကုမ္ပဏီဥက္ကဋ္ဌထံ သတိပေးတားမြစ်စာ ပို့ထားပြီးဖြစ်၍ မလိုက်နာပါက စည်ပင်သာယာဥပဒေဖြင့် တရားစွဲမည်ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ကတိပေးခဲ့သည်။

“ဇေကမ္ဘာဝင်းက ယာဉ်ဖြတ်သန်းခ ကောက်ခံမှုက လွဲချော်နေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကပဲ နို့တစ်စာ ထုတ်ပေးပြီးပါပြီ။ နို့တစ်ရဲ့ပြန်ကြားစာကို စောင့်နေပါတယ်။ ပြန်ကြားစာလာလို့ ဆက်ပြီးကောက်မယ်ဆိုရင် စည်ပင်ဥပဒေနဲ့အညီ တရားစွဲပါမယ်” ဟု မြို့တော်ဝန်ပြောစကားကို ကိုးကားပြီး The Voice က ရေးသားခဲ့သည်။

၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၃၁၄) အရ အခွန်အခများ စည်းကြပ်ကောက်ခံခြင်းဆိုင်ရာ တားမြစ်ချက် ပုဒ်မခွဲ (က) တွင် မည်သူမျှ ကော်မတီက တာဝန်ပေးအပ်ခြင်းမရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း တရားမဝင် စည်ပင်သာယာဆိုင်ရာ အခွန်၊ အခများ ‌ကောက်ခံခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။ မလိုက်နာပါက ‘ငွေဒဏ်ကျပ် တစ်သိန်းမှ ငါးသိန်း အထိဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်’ ဟု ပြဋ္ဌာန်းထားသည်။

သို့သော် လွှတ်တော်တွင်း ဆွေးနွေးပြီး လေးရက်အကြာ ၂၀၁၉ ဖေဖော်ဝါရီ ၂၂ တွင် ဇေကမ္ဘာဘက်က ၎င်းတို့ဂိတ်များ မပိတ်ထားကြောင်း ငြင်းချက်ထုတ်ခဲ့သည်။

‘အထူးကြေငြာချက်’ ဟု Facebook မှတဆင့် ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ရွှေပေါက်ကံ အိမ်ရာဂိတ် မှ ရန်ကုန်စက်မှုဇုန်သို့ ဖြတ်သန်းသွားနိုင်သော ဂိတ်တစ်ခုသာ ခေတ္တ လမ်းလွှဲ ပိတ်ထားခြင်းသာဖြစ်ပြီး အခြားဂိတ်များကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားသည်ဟု ရေးသားထားသည်။

ပိတ်ထားသည့် ဂိတ်ကလည်း စက်မှုဇုန်ကြားလမ်းဖြစ်ခြင်း၊ အဓိက ဝင်ထွက်လမ်းမကြီးများတွင် ယာဉ်များ ပိုမိုဖြတ်သန်းလာသဖြင့် ဥယျာဉ်မြို့တော်နှင့် ရန်ကုန်စက်မှုဇုန်အတွင်း နေထိုင်ကြသော ပြည်သူများ စိတ်အနှောင့်အယှက် မဖြစ်စေရန်နှင့် လုံခြုံမှု ပိုမိုရရှိရန်အတွက်ဟု ဆိုသည်။

ဂိတ်အားလုံးပိတ်ထားသယောင် ရေးသူများနှင့် သတင်းဌာနများကို တရားစွဲမည်ဟုလည်း ထိုစဉ်က ထုတ်ပြန်ချက်က ဆိုသည်။

ရန်ကုန်လွှတ်တော်တွင်း ဆွေးနွေးပြီး ခြောက်လအကြာတွင် အသစ်တဖန် ပြန်ဖြစ်လာခဲ့သည့် ဇေကမ္ဘာဂိတ်ပေါက်များအရေး ဖြေရှင်းပေးရန် လွှတ်တော်အမတ်များက အစိုးရနှင့်စည်ပင်ထံ တိုင်ကြားရန် ပြင်ဆင်နေကြသည်။

လမ်းတံတား၊ စည်ပင်နှင့် တိုင်းဒေသကြီးအစိုးရတို့ထံ စာတင်ထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ စနေနေ့က မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးတွင် ကျင်းပသည့် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်ဟု မင်္ဂလာဒုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ဆိုသည်။

ရန်ကုန်တိုင်းလွှတ်တော်တွင်း မေးခွန်းထုတ်ခဲ့ဖူးသည့် မြောက်ဥက္ကလာပမဲဆန္ဒနယ် လွှတ်တော်အမတ် ဦးဇော်လွင်ကလည်း နောက်တစ်ကြိမ် ထပ်မံ အရေးဆိုမည်ဟု ဆိုသည်။ ဒီတစ်ကြိမ်တွင်တော့ လူပြောင်းတိုင်တော့မည်ဟု သူကဆိုသည်။

“ဝန်ကြီး (စည်ပင်ဝန်ကြီး/ရန်ကုန်မြို့တော်ဝန်) ကိုပြောတာ မရတော့ ဝန်ကြီးချုပ်ပဲ တိုက်ရိုက်ပြောတော့မယ်” ဟု ဦးဇော်လွင်က ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading