သပိတ်မှောက်အလုပ်သမားများ၏ တောင်းဆိုချက် ၁၃ ချက်အနက် လက်ထောက်မန်နေဂျာကို အလုပ်ထုတ်ပေးရန်နှင့် လုပ်ငန်းကျွမ်းကျင်ကြေး တစ်နှစ်လျှင် ကျပ် ၃၀,၀၀၀ တိုးပေးရန်တို့မှာ အလုပ်ရှင်နှင့် သပိတ်မှောက်အလုပ်သမားများအကြား ညှိနှိုင်းရန် ခက်ခဲနေခြင်းဖြစ်သည်။
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ MCE (Myanmar Consumer Enterprise) ဆပ်ပြာ စက်ရုံ အလုပ်သမား ၁၀၀ ခန့် ပါဝင်သည့် အလုပ်သမားသပိတ်မှာ အလုပ်ရှင်နှင့် အလုပ်သမားကြား ပြေလည်မှု မရရှိသေးသဖြင့် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို ခံယူသွားမည်ဟု ယင်းစက်ရုံ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မျိုးမြတ်က ပြောသည်။
သပိတ်မှောက် အလုပ်သမားများနှင့် လုပ်ငန်းရှင်တို့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ဩဂုတ်လအတွင်းက သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တောင်းဆိုချက် ၁၁ ချက်ကို သဘောတူညီနိုင်ခဲ့သော်လည်း ကျန်သည့် အချက် နှစ်ချက်မှာ ပြေလည်အောင် မညှိနှိုင်းနိုင်သေးသဖြင့် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို ခံယူရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းက Myanmar Now ကို ပြောသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားများကို အလေးအပင်မခိုင်းခြင်း မလုပ်ရန်၊ လက်ထောက်မန်နေဂျာ အမျိုးသမီးကို အလုပ်မှ ထုတ်ပယ်ပေးရန်၊ လုပ်ငန်းကျွမ်းကျင်ကြေး တစ်နှစ်လျှင် ကျပ် ၃၀,၀၀၀ နှစ်စဉ် တိုးမြှင့်ပေးရန်၊ အလုပ်သမားများကို ခွဲခြားဆက်ဆံခြင်းမပြုရန်၊ အလုပ်သမားများ၏ လုပ်ခ၊လစာများမှ ဒဏ်ကြေးငွေများကို အလုပ်သမား သမဂ္ဂရန်ပုံငွေအဖြစ် ပြန်လည်အသုံးပြုရန် အပါအဝင် အချက် ၁၃ ချက်ကို သပိတ်မှောက်အလုပ်သမားများက တောင်းဆိုကြခြင်းဖြစ်သည်။
သပိတ်မှောက်အလုပ်သမားများ၏ တောင်းဆိုချက် ၁၃ ချက်အနက် လက်ထောက်မန်နေဂျာကို အလုပ်ထုတ်ပေးရန်နှင့် လုပ်ငန်းကျွမ်းကျင်ကြေး တစ်နှစ်လျှင် ကျပ် ၃၀,၀၀၀ တိုးပေးရန်တို့မှာ အလုပ်ရှင်နှင့် သပိတ်မှောက်အလုပ်သမားများအကြား ညှိနှိုင်းရန် ခက်ခဲနေခြင်းဖြစ်သည်။


အလုပ်ရှင်နှင့် သပိတ်မှောက်အလုပ်သမားများကြား ညှိနှိုင်းပြေလည်ခဲ့သည့် အချက် ၁၁ ချက်မှာ ဥပဒေကပေးအပ်ထားသည့် အခွင့်အရေးဖြစ်သည့်အတွက် မဖြစ်မနေ လုပ်ဆောင်ပေးရမည့် အချက်များသာ ဖြစ်သည်ဟု MEC ဆပ်ပြာစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မအိဇင်ဖြိုးက ပြောသည်။
အလုပ်သမားများ၏ လုပ်ငန်းတာဝန်ပေါ်တွင် မူတည်ပြီး အမြင့်ဆုံးလစာ သတ်မှတ်ထားကြောင်း သပိတ်မှောက်အလုပ်သမားများ၏ တောင်းဆိုချက်အတိုင်းသာ ကျွမ်းကျင်ကြေးကို တိုးမြှင့်ပေးရပါက လုပ်သက် ၁၀ နှစ်ရှိသူ အလုပ်သမားမှာ ကျွမ်းကျင်ကြေး ကျပ် ၃ သိန်းထိ ဖြစ်သွားမည်ဖြစ်ကြောင်း မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်မျိုးမြတ်က ဆိုသည်။
“ကြာရင် သူတို့ရဲ့ လစာတွေက ညွှန်ချုပ်တွေရဲ့ လစာထက် ပိုများလာမယ်။ လုံးဝ သဟဇာတမဖြစ်တဲ့ တောင်းဆိုမှုတစ်ခုပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ အဲဒီ နှစ်ချက်ကြောင့် ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ကို ခံယူမယ်ဆိုပြီး ဖြစ်သွားတာပါ” ဟု ၎င်းက ပြောသည်။
ဩဂုတ်လ ၂၂ ရက်နေ့က စတင်ခဲ့သည့် MCE ဆပ်ပြာစက်ရုံ၏ သပိတ်မှောက်အလုပ်သမားများက ၁၆ ရက်တိုင်အောင် စက်ရုံ၏ ဝင်ပေါက်၊ ထွက်ပေါက်များကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပြီးနောက် ယနေ့ မနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်း စက်မှုဇုန်အတွင်း ချီတက် ဆန္ဒပြခဲ့ကြသည်။
သပိတ်မှောက်အလုပ်သမားများက MCE (ရိန်းဘိုး) ဆပ်ပြာစက်ရုံ အလုပ်သမားသပိတ် အမြန်ဆုံးဖြေရှင်းပေးရေး၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက အလုပ်သမား သပိတ်များကို လျစ်လျူရှု ပစ်ပယ်မထားရေး၊ အလုပ်သမားသမဂ္ဂများကို ဖိနှိပ်မှုများ ရပ်တန့်ရေး စသည့် တောင်းဆိုချက်များကို ဟစ်အော် တောင်းဆိုခဲ့ကြသည်။
ဒဂုံဆိပ်ကမ်း စက်မှုဇုန်အတွင်းရှိ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် အလုပ်သမားများက ဝန်းရံပြီး MCE ဆပ်ပြာစက်ရုံ အလုပ်သမားသမဂ္ဂက ဦးဆောင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
MCE ဆပ်ပြာစက်ရုံ၏ အလုပ်ရှင်ကိုယ်စားလှယ် ဦးထွဋ်မြတ်ရှိန်က စက်ရုံဝင်ပေါက်၊ ထွက်ပေါက်များကို ပိတ်ဆို့ဆန္ဒပြသည့် သပိတ်မှောက်အလုပ်သမားများကို စက်ရုံ၏ ကုန်ထုတ်စွမ်းအားကို ထိခိုက်နစ်နာစေသဖြင့် အရေးယူပေးရန် ခုံသမာဓိကောင်စီအဖွဲ့ထံ စက်တင်ဘာလ ၃ ရက်နေ့စွဲဖြင့် တောင်းဆိုလွှာတင်ထားသည်ဟု ပြောသည်။
MEC ဆပ်ပြာစက်ရုံကို ၂၀၁၀ ပြည့်နှစ်တွင် စတည်ထောင်ခဲ့ခြင်းဖြစ်ပြီး "Rainbow" အမှတ်တံဆိပ် ဆပ်ပြာခရင်မ်နှင့် ဆပ်ပြာမှုန့်၊ "Bubble" အမှတ်တံဆိပ် ရေးချိုးဆပ်ပြာ တို့အပါအဝင် ဆပ်ပြာနှင့် ဆပ်ပြာမှုန့်များကို ထုတ်လုပ်ဖြန့်ဖြူးနေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
ခုံသမာဓိကောင်စီမှာ အလုပ်သမားရေးရာ အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက ဖြေရှင်းရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့တွင် ဝန်ကြီးဌာနမှ ရွေးချယ်သူ ငါးဦး၊ အလုပ်ရှင်အဖွဲ့အစည်းများက ရွေးချယ်သူ ငါးဦး နှင့် အလုပ်သမားအဖွဲ့အစည်းများက ရွေးချယ်သူ ငါးဦး ပါဝင်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














