မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ Facebook ကတော့ ၂၀၂၀မှာ ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအတွက် အခုကတည်းက ပြင်ဆင်နေပြီလို့ ပြောဆိုသလို မြန်မာဝန်ထမ်းတွေလည်း ခန့်ထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - Dado Ruvic / Reuters

အမေရိကန် အိမ်ခြံမြေဘီလျံနာကြီး ဒေါ်နယ်ထရန့်ကို သမ္မတဖြစ်သွားစေတယ်လို့ စွပ်စွဲကြတဲ့ ရုရှားအစိုးရရဲ့ ရွေးကောက်ပွဲအတွင်း ပါဝင်ပတ်သက်မှုဟာ Facebook က စတင်ခဲ့တာပါ။ အဲ့ဒီနောက်ဆက်တွဲအနေနဲ့ Cambridge Analytica လို့ခေါ်တဲ့ အဖွဲ့ကို အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရောင်းချခဲ့မှုနဲ့ ပတ်သက်ပြီး Facebook ဟာ ကမ္ဘာလုံးအတိုင်းအတာအရ အကြီးအကျယ်ထိုးနှက်မှုတွေ ခံခဲ့ရပါသေးတယ်။

အဲ့ဒီနောက် Facebook ကုမ္ပဏီကြီး ပြိုလဲသွားတော့မလားဆိုပြီးတောင် မီဒီယာတွေက ရေးကြ၊ သားကြနဲ့ ပွတ်လောညံသွားပါတယ်။ ဒါပေမဲ့ ဒီနေ့အထိတော့ Facebookက ပန်းပန်လျက်ပါပဲ။

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုပြင်နေတဲ့ Facebook

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ Facebook က ဘာတွေလုပ်နေသလဲဆိုတာ ရန်ကုန်၊ ပြည်လမ်းပေါ်မှာရှိတဲ့ နိုဗိုတယ်ဟိုတယ်မှာ သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်အခြေစိုက် မီဒီယာတချို့နဲ့ တွေ့ပြီး ရှင်းလင်းခဲ့ပါတယ်။

ဒီပွဲကို အရှေ့တောင်အာရှဒေသ၊ အများပြည်သူဆိုင်ရာ မူဝါဒချမှတ်ရေးအဖွဲ့ ဒါရိုက်တာ Rafael Frankel က ဦးဆောင်ပြီး ဝန်ထမ်းအချို့နဲ့အတူ Facebook ရဲ့အများပြည်သူဆိုင်ရာ မူဝါဒချမှတ်ရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာဝန်ထမ်း နှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

“အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲတုန်းကလို ကိစ္စမျိုးတွေကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မြောက်လာစေရေး ဆက်လုပ်သွားမှာပါ” လို့

Facebook မဟာဗျုဟာမြောက် တုံ့ပြန်ဖြေရှင်းရေးအဖွဲ့၊ အရှေ့တောင်အာရှရေးရာ ဒေသတွင်း Program Manager ဖြစ်သူ Sarah Oh က ပြောပါတယ်။

ပုံမှန်အားဖြင့် Facebook အနေနဲ့ နိုင်ငံတနိုင်ငံရဲ့ရွေးကောက်ပွဲအတွက် တနှစ်ကျော်ကြာကတည်းက အချိန်ယူပြီး ပြင်ဆင်တာမျိုး လုပ်လေ့လုပ်ထ မရှိပါဘူး။ ဒါပေမဲ့ ၂၀၂၀မှာ ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအတွက်တော့ အခုကတည်းက ပြင်ဆင်နေပြီလို့ တွေ့ဆုံပွဲမှာ ပြောပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရပါဘူး။

မြန်မာနိုင်ငံမှာ အများအားဖြင့် ရွေးကောက်ပွဲတခု နီးလာပြီဆိုတာနဲ့ Facebook မှာ ပေါ်လာတတ်တာက Instant Articles လို့ခေါ်တဲ့ ပုံမှန်သတင်းဌာနက သတင်းတွေလို Websiteပေါ်ကို သွားစရာမလိုဘဲ အလွယ်တကူဖတ်နိုင်တဲ့ သတင်းPage တွေ အများကြီးပေါ်လာတာပါပဲ။ ဒီ Instant Articles တွေဟာ အစပိုင်းမှာ လူကြိုက်များနိုင်တဲ့ ရယ်စရာ၊ ဟာသ၊ နာမည်ကြီးဗီဒီယိုတွေ တင်ပြီး Like စုရာကနေ ရွေးကောက်ပွဲကာလမှာ သတင်းမှား သတင်းတုတွေကို ဖြန့်လေ့ရှိပါတယ်။

Instant Articles ဟာ များများဖတ်လေလေ Facebook ရော၊ ဒါကို စတင်ထုတ်လုပ်သူရော ပိုက်ဆံရပါတယ်။ သတင်းတုတွေကို Page မှာ Boost လုပ်ပြီး Instant Articles နဲ့ ဖတ်စေပါတယ်။ Facebook အနေနဲ့ ဒါဟာ သတင်းတုလား အစစ်လားဆိုတာလည်း မခွဲခြားနိုင်ပါဘူး။ ဒါ့အပြင် ဒီ Instant Articles သုံးနေတဲ့ Page တွေဟာ ကိုယ်ပိုင်သတင်းဌာနတွေ မဟုတ်ဘဲ အဓိက မီဒီယာကြီးတွေဆီက သတင်းတွေကို ခိုးသုံးနေကြတာပါ။

“Instant Articles ပဲဆိုဆို ဘယ်လိုဖြစ်ဖြစ်ပေါ့လေ၊ Facebook စံနှုန်းတွေကို ချိုးဖောက်တယ်ဆိုရင်တော့ ဒါကို ဖယ်ရှားပစ်ပါတယ်” လို့ ဒါရိုက်တာ Frankel က ဆိုပါတယ်။

ဒါပေမဲ့ ဒီသတင်းခိုးသုံးတဲ့ Instant Articles သုံး Page တွေဟာ တကယ့်သတင်းဌာနကြီးတွေရဲ့ သတင်းတွေကို ခိုးထားတယ်၊ ကူးထားတယ်ဆိုတာကို Facebook က မသိနိုင်သလို၊ သတင်းခန်းတွေကို ဖြတ်ပြီး ရေးသားထားတဲ့အတွက် ဒီသတင်းတွေဟာ Facebook စံနှုန်းတွေကိုလည်း မချိုးဖောက်နိုင်ပါဘူး။ ဒီအတွက် ကျေနပ်လောက်တဲ့ အဖြေမျိုးကို Facebook က မပေးနိုင်ခဲ့ပါဘူး။

မြန်မာဝန်ထမ်း ၁၀၀ ကျော် ခန့်ထား

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ Facebook ရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေအကြောင်းပြောကြတာမှာ ကုမ္ပဏီအနေနဲ့ မြန်မာဝန်ထမ်းတွေ ဘယ်လောက်များများ ခန့်ထားသလဲဆိုတာကလည်း တောက်လျှောက် မေးခွန်းထုတ်ကြတဲ့ အကြောင်းအရာပါပဲ။

လွန်ခဲ့တဲ့ နှစ်တွေက Facebook အနေနဲ့  မြန်မာစကားပြော၊ မြန်မာစာတတ်တဲ့ မြန်မာနိုင်ငံသားစစ်စစ်တွေ ခန့်အပ်မှုနဲ့ပတ်သက်ပြီး တရားဝင်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ သိရသလောက် မြန်မာစာတတ်တဲ့ နိုင်ငံခြားသားဝန်ထမ်းတွေသာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ခုတော့ “မြန်မာဘာသာစကားနဲ့ ရေးသားထားတဲ့ အကြောင်းအရာတိုင်းကို စစ်ဆေးပေးနိုင်တဲ့ စစ်ဆေးသူအယောက် ၁၀၀ ကျော်ရှိနေပါပြီ” လို့ အများပြည်သူဆိုင်ရာ မူဝါဒချမှတ်ရေးအဖွဲ့ ဒါရိုက်တာ Rafael Frankel က ဆိုပါတယ်။

Frankel ရဲ့အဆိုအရ ဒီမြန်မာဝန်ထမ်းတွေဟာ Facebook ရဲ့ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများ (Community Standards) တွေကို ကြေညက်နေပြီး မြန်မာဘာသာစကားနဲ့ တင်သမျှ ဒီစံနှုန်းတွေနဲ့ ညီ၊ မညီ စစ်ဆေးနေနိုင်ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် Facebook ရဲ့ ဝန်ထမ်းတွေလည်းမဟုတ်၊ ခေါ်ယူငှားရမ်းထားတဲ့အဖွဲ့တွေလည်း မဟုတ်ဘဲ အခြားအဖွဲ့ (Third Party) တွေနဲ့ သတင်းတုတွေ၊ သတင်းမှားတွေကို အတည်ပြုတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

၁ နာရီကျော်ကြာတဲ့ တွေ့ဆုံရှင်းလင်းမှုမှာ ၁၀ ကြိမ်ထက်မနည်း ပြောသွားတဲ့စကားက

“ဘယ်သတင်းမှားတယ်၊ ဘယ်သတင်းကတော့မှန်တယ်ဆိုတာ Facebook အနေနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ အားလုံးကို စံနှုန်း (Community Standards) ကို ချိုးဖောက်ခြင်း၊ မချိုးဖောက်ခြင်းပေါ်မှာပဲ မူတည်ပြီးဆုံးဖြတ်တာပါပဲ” လို့ ဒါရိုက်တာ Frankel ကဆိုပါတယ်။

တပ်မတော်ရဲ့ Facebook အကောင့်များ

မြန်မာနိုင်ငံမှာတော့ ၂၀၁၆ နဲ့ ၂၀၁၇ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အရေးအခင်းတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်း၊ ပြည်ပမှ လူမှုအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံအရေး လှုပ်ရှားကြသူတို့ရဲ့ ဝေဖန်ထောက်ပြမှုတွေကြောင့် မြန်မာတပ်မတော်ရဲ့ အကောင့်တွေကို Facebook က ပိတ်ပစ်ခဲ့ပါတယ်။

ဒီနောက်ပိုင်း တပ်မတော်ထောက်ခံသူအများစုနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေဟာ ရုရှားထုတ် VK ဆီကို အုံနဲ့ကျင်းနဲ့ ရောက်သွားခဲ့ပါသေးတယ်။

လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို အလေးထားတယ်ဆိုတဲ့ အမေရိကန်နိုင်ငံ၊ ဆီလီကွန်ဗယ်လီထဲက Facebook ဟာ မြန်မာနိုင်ငံမှာတော့ အမုန်းစကားဖြန့်သူတွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေကြောင့် ၂၀၁၅ ရွေးကောက်ပွဲ ပြီးချိန်ကတည်းက နာမည်ပျက် ရှိနေခဲ့တာပါ။ ရွေးကောက်ပွဲကာလတွေမှာ သတင်းတုတွေ၊ မဟုတ်မမှန်သတင်းတွေနဲ့ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေဟာ မြန်မာ့ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ ကြီးစိုးခဲ့ပါတယ်။

အရင်က တပ်မတော်နဲ့ပတ်သက်လို့ နာမည်ကြီး Facebook စာမျက်နှာတွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စာမျက်နှာအပါအဝင် အခြား တပ်မတော်ကိုထောက်ခံတဲ့ အကောင့်တွေဖြစ်တဲ့ မောင်မောင်အောင်တို့လို Follower များတဲ့ စာမျက်နှာတွေ၊ လူပုဂ္ဂိုလ်အကောင့်တွေကို Facebook က ဖယ်ရှားခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်လေ တို့လို တပ်နဲ့ပတ်သက်တဲ့ လက်ကျန်အကောင့်တွေ ရှိပါသေးတယ်။

“သူတို့ ဘာတွေတင်ထားသလဲဆိုတာ ကျွန်တော်တို့ စစ်ဆေးကြည့်ဖို့ လိုပါသေးတယ်။ ပြန်စစ်ပါမယ်” လို့ အဲ့ဒီအကောင့်တွေနဲ့ ပတ်သက်လို့ သူတို့ လုပ်မယ့် အစီအစဉ်ကို ဒါရိုက်တာ Frankel က ပြောဆိုပါတယ်။

Facebook ကို အသုံးချမယ့် နိုင်ငံရေးသမားတွေ

“Facebook ရဲ့ စံနှုန်းတွေ၊ သက်ဆိုင်ရာက ချမှတ်ထားတဲ့ ဥပဒေတွေအရ လျော်ညီတယ်ဆိုရင် Facebook မှာ လူမှုရေးကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေနဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တာတွေကို ကြော်ငြာထည့်နိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်လာလို့ရှိရင်တော့ ရွေးကောက်ပွဲနဲ့ဆိုင်တာတွေ၊ နိုင်ငံရေးနဲ့ပတ်သက်တာတွေကို Facebook က တားမြစ်နိုင်ပါသေးတယ်” လို့ သူ့ရဲ့ ကြော်ငြာမူဝါဒ အမှတ်စဉ် ၁၀ မှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ Facebook ကိုအသုံးပြုပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ ကြော်ငြာတွေ ခဏခဏတွေ့ရသလို စည်ပင်ရွေးကောက်ပွဲကာလကလည်း Facebook ပေါ်မှာ Boost လုပ်ပြီး မဲဆွယ်ခဲ့ကြပါတယ်။ 

ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ရဲ့ ရွေးကောက်ပွဲအသုံးစရိတ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို ပြန်လည် တင်ပြကြရမှာဖြစ်ပါတယ်။

Facebook ပေါ်မှာ Boost လုပ်ပြီး နိုင်ငံရေးကြော်ငြာအတွက် အသုံးပြုတဲ့ ငွေတွေဟာ ဒီအတိုင်းဆိုရင် ရွေးကောက်ပွဲအသုံးစရိတ်ထဲ ပါမလာဘဲ လွတ်နေမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ Facebook မှာ တိကျတဲ့ မူဝါဒ မရှိပါဘူး။ တွေ့ဆုံစဉ်ပြောကြားရာမှာလည်း ဝေဝါးတဲ့ အဖြေများကိုသာ ရခဲ့ပါတယ်။

အမုန်းစကား နဲ့ Facebook ရဲ့ AI

အမုန်းစကားဖြန့်ဝေမှုတွေဟာ Facebook ရဲ့ လူမှုကွန်ရက်စံနှုန်းတွေကို ချိုးဖောက်လာပြီဆိုတာနဲ့ Facebook ရဲ့ ဉာဏ်ရည်တု (Artificial Intelligence) က သိမှာဖြစ်ပြီး ဒီကနေတဆင့် Facebook ရဲ့ ဝန်ထမ်းတွေဆီ ရောက်လာပြီး ပယ်ဖျက်ခြင်း၊ ဖျက်သိမ်းခြင်းတို့ကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ထဲမှာ အမုန်းစကားနဲ့ပတ်သက်လို့ သူ့ရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ချိုးဖောက်တယ်လို့ ယူဆပြီး Facebook က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အကြောင်းအရာပေါင်း ၁၂၀,၀၀၀ ကျော် ဖယ်ရှားခဲ့ပြီး ရာခိုင်နှုန်း ထက်ဝက်ကျော်ဟာ အသုံးပြုသူတွေမတိုင်ကြားမီ Facebook က အရင် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

သူ့ရဲ့ ဉာဏ်ရည်တုနည်းပညာဟာ ဘယ်လောက်ပဲ ကောင်းကောင်း အမုန်းစကားဖြန့်ဝေမှုတွေ၊ သတင်းမှားတွေ၊ သတင်းတုတွေကို တွေ့ရင်တော့ အသုံးပြုသူတွေအနေနဲ့ ‘Report’ လုပ်ပေးဖို့တော့ လိုတယ်လို့ Facebook က ဆိုပါတယ်။

မဟာဗျုဟာမြောက် တုံ့ပြန်ဖြေရှင်းရေးအဖွဲ့ရဲ့ အရှေ့တောင်အာရှ ဒေသတွင်းပရိုဂရမ် မန်နေဂျာ Sarah Oh က “Report လုပ်တာနဲ့ပတ်သက်ရင် မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ တော်တော်လေး အားနည်းတာ တွေ့ရပါတယ်” လို့ ဆိုပါတယ်။

ပြဿနာတခုကတော့ အမုန်းစကား ဖြန့်နေသူတွေ၊ သတင်းတုတွေကို ရည်ရွယ်ချက်ရှိရှိ တင်နေသူတွေကို သိပြီး ‘Report’ လုပ်ကြပေမယ့် Facebook ပေါ်က ပျက်မသွားသေးသလို ပိုပြီးတော့တောင် Like လုပ်သူ၊ Share သူတွေ များလာနေတယ်ဆိုတဲ့အချက်ပါပဲ။

ဥပမာ တလောက မြန်မာ Facebook သုံးသူတွေကြားထဲ ပွတ်လောညံသွားတဲ့ တယ်လီကွန်းကုမ္ပဏီ Ooredoo ဟာ အရှုံးပေါ်လို့ ဖျက်သိမ်းတော့မယ်ဆိုတဲ့ သတင်းကို Smart Life for Myanmar ဆိုတဲ့ Page တခုက တင်ခဲ့ပါတယ်။ အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ Telenor ကုမ္ပဏီကို ဘာသာရေးနဲ့တွဲဖက် ရေးသားပြီးလည်း Myanmar Knowledge ဆိုတဲ့ Page က သတင်းတု ဖြန်ခဲ့ပါတယ်။

သတင်းမှားဖြစ်ကြောင်း တယ်လီကွန်းကုမ္ပဏီက ထုတ်ပြန်ခဲ့သလို Facebook သုံးသူတွေကလည်း သတင်းတုဖြစ်ကြောင်း မျှဝေကြ၊ ဝိုင်းပြီး Report လုပ်ခဲ့ကြပါတယ်။ နောက်တခုက ဒီသတင်းမှားကို အဲ့ဒီ Page က Boost လို့ခေါ်တဲ့ Facebook ကို ပိုက်ဆံပေးပြီး Sponsored အနေနဲ့ လူအများကြီးဆီကို ရောက်စေခဲ့တာပါပဲ။ ဒီနေရာမှာ Facebook ကို ပိုက်ဆံပေးလိုက်ခြင်းအားဖြင့် သတင်းမှားခြင်း၊ မှန်ခြင်းဆိုတာ အရေးမကြီးတော့ဘဲ လူအများကြီးဆီကို အချိန်တိုအတွင်း ရောက်သွားစေနိုင်တယ် ဆိုတာပါပဲ။

Facebook အသုံးပြုသူတွေက အဲ့ဒီ Page တွေကို Report လုပ်ကြပေမယ့် ကျမသွားခဲ့ပါဘူး။ ခုချိန်ထိ ဆက်ပြီးရှိနေသေးသလို အခြားအရာများကိုလည်း ဆက်ပြီး Boost လုပ်နေပါသေးတယ်။

ဒီလိုကိစ္စမျိုးဟာ မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြား သိပ်ဆန်းကြယ်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ မကြာခဏဆိုသလို ဖြစ်လေ့ဖြစ်ထရှိပြီး ရိုက်ခတ်မှုလည်း ပြင်းထန်ပါတယ်။ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှုတွေဟာလည်း ဒီလိုမျိုး Facebook ပေါ်ကနေ စတတ်ပြီး Report လုပ်ကြပေမယ့်လည်း လွယ်လွယ်ကူကူ ပယ်ဖျက်ပေးလေ့မရှိပါဘူး။ ဒီနေရာမှာ Facebook အသုံးပြုကြသူ မြန်မာတွေကြား ရေပန်းစားတာက Follower များတဲ့လူကို Report လုပ်မယ့်လူဦးရေလည်း များဖို့လိုတယ်ဆိုတာပါ။

ဒါရိုက်တာ Rafael Frankel ကတော့ Report လုပ်ဖို့အတွက် “တကယ်တော့ တယောက်ပဲ လိုပါတယ်” လို့ ပြောပါတယ်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading