ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နုတ်ထွက်ခဲ့သည့် ဦးစိန်ဝင်းနှင့်တွေ့ဆုံခြင်း

ပူးပေါင်းကော်မတီထဲမှာ ဒီပုံစံအတိုင်း လက်ညှိုးထောင်မဲပေးတဲ့စနစ်ကို ဆက်သုံးရင် တိုင်းရင်းသားတွေက ဘာတစ်ခုမှကို ပြင်နိုင်မှာမဟုတ်ဘူး။ 

— ဦးစိန်ဝင်း (မအူပင်မဲဆန္ဒနယ်)

Published on Sep 3, 2019
ဦးစိန်ဝင်းလွှတ်တော်အတွင်းဆွေးနွေးနေစဉ် (ဓာတ်ပုံ -  Sein Win Facebook)
ဦးစိန်ဝင်းလွှတ်တော်အတွင်းဆွေးနွေးနေစဉ် (ဓာတ်ပုံ - Sein Win Facebook)

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ၄၅ ဦးပါ ပူးပေါင်းကော်မတီက နိုင်ငံရေးပါတီများအကြံပြုထားသည့် အချက်ပေါင်း ၃၇၆၆ ချက်ပါရှိသော ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာကို လွှတ်တော်တွင် တင်သွင်းအတည်ပြုထားပြီး ဥပဒေကြမ်းရေးဆွဲရန် ပြင်ဆင်လျက်ရှိသည်။ သို့သော် ယမန်နေ့က ပူးပေါင်းကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မအူပင်မြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ဝင်းသည် ကော်မတီမှနုတ်ထွက်ကြောင်း ရုတ်တရက်ကြေညာခဲ့သည်။ သူက ကော်မတီအတွင်း ကွဲလွဲမှုများအပေါ် မဲခွဲပါက လျှို့ဝှက်မဲစနစ်မသုံးဘဲ လက်ညှိုးထောင်ခိုင်းခြင်းကြောင့် မျှတမှုမရှိဟုဆိုကာ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

ဦးစိန်ဝင်းသည် ၂၀၁၂ ကြားဖြတ်ရေးကောက်ပွဲ နှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများတွင် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သည့်နှစ်နှစ်က NLD နှင့်လမ်းခွဲခဲ့ကာ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီကို ထူထောင်ခဲ့သူဖြစ်သည်။ ပူးပေါင်းကော်မတီမှ နုတ်ထွက်ရသည့်အကြောင်းအရင်း နှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးပွဲများအတွင်း သဘောထားကွဲလွဲနေမှုများကို Myanmar Now သတင်းထောက် ဉာဏ်လှိုင်လင်းက  ဦးစိန်ဝင်းကို နေပြည်တော်တွင် စက်တင်ဘာ ၂ ရက်က ဆက်သွယ်မေးမြန်းထားပါသည်။

Myanmar Now - ပူးပေါင်းကော်မတီကနေ ဘာကြောင့် နုတ်ထွက်တာလဲ။

ဦးစိန်ဝင်း - ဒီကနေ့ နုတ်ထွက်စာတင်ရတဲ့ အဓိကအကြောင်းကတော့ သုံးချက်ပါ။ ဥပဒေမူကြမ်းပေါင်းချုပ်ကနေ အားလုံးသဘောတူတဲ့ ဥပဒေမူကြမ်းတစ်ခုရဖို့ ဩဂုတ်လ ၂၉ ရက်မှာ ဆွေးနွေးအတည်ပြုတော့ လက်ညှိုးထောင်ပြီးမဲပေးတဲ့စနစ်ကို မလုပ်ပါနဲ့။ လျှို့ဝှက်မဲပေးတဲ့စနစ်ကို လုပ်ပါ။ ဒါမှ ပူးပေါင်းကော်မတီဝင် ၄၅ ဦးစလုံးက ဘယ်သူ့မျက်နှာမှမကြည့်ဘဲနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးလုပ်ပေးနိုင်မယ့် အနေအထားရှိပါတယ်၊ အဲဒီလို တင်ပြတယ်။ ဖန်တီးပေးဖို့ နှစ်ကြိမ်တိတိ တောင်းဆိုတယ်။ အခြားတိုင်းရင်းသားပါတီက နှစ်ဦး သုံးဦးက ထောက်ခံတယ်။ သို့သော် အကြောင်းအမျိုးမျိုးပြပြီး ငြင်းပယ်ခံရတယ်။ အဲဒီတစ်ချက်ကို ဘဝင်မကျဘူး။

နောက်တစ်ချက်က ပူးပေါင်းကော်မတီဖွဲ့စဉ်က အမိန့်စာမှာ ဦးတည်ချက် ငါးရပ်နဲ့ ဆောင်ရွက်ဖို့ပါတယ်။ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ ကိုက်ညီဖို့၊ ရှေ့နောက်ဥပဒေတွေနဲ့ ညီညွတ်ဖို့၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ဖို့၊ အစရှိသဖြင့်ပါတယ်။ ဒါကြောင့် လျှို့ဝှက်မဲစနစ်နဲ့မလုပ်ရင် ဦးတည်ချက် ငါးရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူး။

နောက်တစ်ခုကတော့ လက်ညှိုးထောင်သဘောထားယူတဲ့စနစ်က ဥပဒေကြမ်းစရေးတဲ့ ဩဂုတ် ၂၉ ရက် ပူးပေါင်းကော်မတီ အစည်းအဝေးပြီးတဲ့အခါမှာ ဘာဖြစ်လဲဆိုတော့ ပါတီကြီးတစ်ခု (ကော်မတီအတွင်း လူအများစုဖြစ်သည့် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) က အဆိုပြုထားတဲ့ဟာတွေ အားလုံးပဲ အနိုင်ရ တာ တွေ့ရတယ်။ ပါတီငယ်လေးတွေဖြစ်တဲ့ တိုင်းရင်းသားတွေတင်တဲ့အဆိုအပါအဝင် တခြားအဆို ဘာတစ်ခုမှ အောင်မြင်တာမရှိဘူး။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ဒီဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ပါတီတစ်ခုရဲ့ စိတ်ကြိုက်ရေးဆွဲတာမျိုးပဲ ဖြစ်လာနိုင်တော့မယ်။ တိုင်းရင်းသားတွေနဲ့ မျက်နှာပျက်ရမယ်။ ဒါကြောင့် အနိုင်ကျင့်တယ်လို့ ယူဆတဲ့အတွက်၊ အနိုင်ကျင့်တဲ့ပုံစံကိုလည်း မကြည့်ချင်တော့တဲ့အတွက် နုတ်ထွက်တာပါ။ ဒီဖြစ်ပေါ်လာနိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက်တွေရဲ့ အမှား၊ အားနည်းချက်တွေက ကျွန်တော့်အတွက် သမိုင်းတရားခံ အဖြစ်မခံနိုင်ပါဘူး။

Myanmar Now - မဲပေးတဲ့စနစ်ပြောင်းပေးပါလို့ အန်ကယ်တောင်းဆိုတော့ ပူးပေါင်းကော်မတီတာဝန်ရှိသူတွေက ဘာပြန်ပြောလဲ။

ဦးစိန်ဝင်း - သူတို့ပြောတာက ပူးပေါင်းကော်မတီဟာ ပါတီအလိုက်ရွေးချယ်ထားတာဖြစ်တယ်။ ပါတီရဲ့လမ်းညွှန်ချက်နဲ့ ပါတီဝင်တွေက ဆောင်ရွက်ရတာဖြစ်တဲ့အတွက် လက်ညှိုးထောင်တဲ့စနစ်ကိုပဲ သွားမယ်။ ဒါပါတီရဲ့မူဝါဒအတိုင်း အကောင်အထည်ဖော်ရမှာဖြစ်တယ်လို့ ရှင်းလင်းတယ်လေ။ တော်တော်ဝမ်းနည်းစရာ ကောင်းတယ်။

Myanmar Now - ပါတီဆိုတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ရည်ညွှန်းတာလား။

ဦးစိန်ဝင်း - ဒါပေါ့။ ဒါပေါ့။

Myanmar Now - ပူးပေါင်းကော်မတီအတွင်းမှာ မဲပေးတဲ့စနစ်ကို အန်ကယ့်အပြင် တခြားကန့်ကွက်သူတွေရော ရှိပါသေးလား။

ဦးစိန်ဝင်း - ရှိတယ်။ အဲဒီလိုမလုပ်ဖို့ တိုင်းရင်းသားတွေထဲက နှစ်ဦး၊ သုံးဦး ထပြောတယ်။ ဒါပေမဲ့ သူတို့(ပူးပေါင်းကော်မတီ တာဝန်ရှိသူ) က ခုနပြောတဲ့စကားလိုပဲ ပြန်ပြောတယ်။ 

Myanmar Now - လက်ညှိုးထောင်မဲပေးမယ်ဆိုရင် ပူးပေါင်းကော်မတီထဲမှာ အများစုဖြစ်တဲ့ NLD ပါတီက လူတွေဆီက ကွဲပြားခြားနားတဲ့ ဆုံးဖြတ်ချက်တွေ မရနိုင်ဘူး။ လျှို့ဝှက်မဲပေးစနစ်ဆိုရင် NLD ပါတီဝင်တွေ ကိုယ်တိုင်က လွတ်လပ်စွာ ဆန္ဒပြုခွင့်ရမယ်။ အဲဒါကို ဆိုလိုချင်တာလား။ နုတ်ထွက်ဖို့ အကြောင်းတစ်ရပ်လို့ အန်ကယ် ပြောခဲ့တဲ့ မဲပေးစနစ်အပေါ် သဘောထားကို တိတိကျကျ သိချင်တာပါ။

ဦးစိန်ဝင်း - ဟုတ်တာပေါ့။ သူတို့သဘောဆန္ဒအပြင် အမှန်တရားကို ပိုမိုရွေးချယ်နိုင်ဖို့ သူတို့မှာ အခွင့်အရေး ရသွားတာပေါ့။

Myanmar Now - ဩဂုတ် ၂၉ ရက် ပူးပေါင်းကော်မတီအစည်းအဝေးမှာ ဘာတွေများ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသလဲ။

ဦးစိန်ဝင်း - အခန်း ၁ (နိုင်ငံတော်အခြေခံမူများ) ပြီးသွားပြီ။

Myanmar Now - ဒီကနေ့ ထပ်လုပ်တဲ့ ပူးပေါင်းကော်မတီအစည်းအဝေးကို အန်ကယ်မတက်တော့ဘူးပေါ့။ နုတ်ထွက်စာ တင်တော့ရော ကော်မတီတာဝန်ရှိသူတွေက ဘာပြောလဲ။

ဦးစိန်ဝင်း - ဟုတ်တယ်။ ဒီနေ့ကစပြီးမတက်တော့ဘူး။ နုတ်ထွက်တဲ့အပေါ်မှာတော့ ကော်မတီတာဝန်ရှိသူတွေက ဘာမှမပြောသေးပါဘူး။

Myanmar Now​​​​​​​ - တိုင်းရင်းသားတွေနဲ့ မျက်နှာပျက်ရမယ့် အခြေခံဥပဒေပြင်ဆင်ရေးဖြစ်လာမယ်လို့လည်း အန်အယ်ပြောခဲ့တော့ ဥပဒေကြမ်းအတွက် ပထမဆုံးအကြိမ် ပူးပေါင်းကော်မတီအစည်းအဝေး၊ ဖွဲ့စည်းပုံပါ အခန်း (၁) ဆွေးနွေးဆုံးဖြတ်ချက်တွေအပေါ် ဘယ်လိုဘဝင်မကျစရာမျိုးတွေ တွေ့ရပါသလဲ။ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်မှာ ဘယ်အချက်တွေက စိုးရိမ်စရာရှိခဲ့လို့ပါလဲ။

ဦးစိန်ဝင်း - ဥပမာ။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားမယ်ဆိုရင် အခန်း (၁) ထဲက ပုဒ်မတစ်ခုဖြစ်တဲ့ 'တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို ဦးဆောင်တဲ့အခန်းကဏ္ဍက အစဉ်တစ်စိုက် ဆောင်ရွက်မည်' ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးပေါ့။ ကျွန်တော်အပါအဝင် တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေက ပယ်ဖျက်ချင်တယ်လေ။ NLD ပါတီကြီးကကျတော့ တပ်မတော်ဟာ နိုင်ငံရေးထဲမှာ ပါဝင်ခွင့်ရှိတယ်ဆိုတာမျိုး ရေးထားတယ်။ အဲဒီတော့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားမယ်ဆိုပြီး နဂိုဦးတည်ချက်အတိုင်းဖြစ်အောင် လုပ်တာမျိုး မဟုတ်ဘူးလေ။

Myanmar Now​​​​​​​ - ဥပဒေကြမ်းရေးနေတဲ့ ပူးပေါင်းကော်မတီအစည်းအဝေးတွေမှာ အခြေခံဥပဒေပြင်ဆင်တဲ့အခါ ၂၅ ရာခိုင်နှုန်းသော မဲပေးခွင့်ကို ရယူထားတဲ့ တပ်မတော်ရဲ့ ပါဝင်ဆောင်ရွက်မှု အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဦးစိန်ဝင်း - တပ်မတော်ကတော့ စောင့်ကြည့်နေတယ်။ ဘာမှကို ထူးထူးခြားခြား ဆောင်ရွက်တာမရှိဘူး။ မဲလည်းမပေးဘူး။ ကြားနေတယ်။ နားထောင်ရုံနဲ့၊ အပေါ်ကြောလေးတွေ ထိန်းပေးရုံ၊ အကြံပြုရုံပဲ လုပ်တယ်။ ပါဝင်ဆွေးနွေးမှု တက်တက်ကြွကြွ မလုပ်ဘူး။ စောင့်ကြည့်နေတဲ့သဘော။ ဘယ်သူက ဘယ်လိုလဲဆိုတာကို လေ့လာဆန်းစစ်၊ ခွဲခြမ်းစိတ်ဖြာနေတဲ့ သဘောမျိုးပေါ့။

Myanmar Now​​​​​​​ - အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ႔ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေကရော။

ဦးစိန်ဝင်း - သူတို့လည်း အဲဒီအတိုင်းပဲ။

Myanmar Now​​​​​​​ - တိုင်းရင်းသားပါတီတွေရဲ့ ပါဝင်ဆောင်ရွက်မှုအခြေအနေကရော ခင်ဗျ။

ဦးစိန်ဝင်း - တိုင်းရင်းသားတွေကတော့ အကုန်လုံးခံနေရတော့တာပေါ့။ ပူးပေါင်းကော်မတီထဲမှာ တိုင်းရင်းသားအားလုံးပေါင်းမှ ၁၄ ဦးပဲပါတယ်။ ၁၄ မဲပဲ ရှိတယ်ပေါ့။ ပြီးတော့ မွန်က တစ်မျိုး ပြင်ချင်တယ်၊ ရခိုင်က တစ်မျိုး ပြင်ချင်တယ်၊ ရှမ်းက တစ်မျိုး ပြင်ချင်တယ်ဆိုတော့ဗျာ။ ကျွန်တော်က တိုင်းရင်းသားတွေကို မကြည့်ရက်တော့လို့ပါ။ တော်ပြီ၊ အချိန်ကုန်ပြီး ဘာမှ အကျိုးရှိမှာမဟုတ်ဘူး။ ကျွန်တော် ပါပါမပါပါ ပါတီကြီး (NLD)ရဲ့ ဆောင်ရွက်ချက်အတိုင်းပဲ ဖြစ်သွားမှာပဲ၊ ပါလည်း အကြောင်းမထူးတော့ဘူးလို့ ဆုံးဖြတ်လိုက်တာ။

Myanmar Now​​​​​​​ - ဘယ်လိုပဲဖြစ်ဖြစ် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းတစ်ခုကတော့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဖို့ တက်လာနိုင်တာပေါ့နော်။ ဒါဆို လက်ရှိအခြေခံဥပဒေပြင်ဆင်နိုင်ရေး အလားအလာကို ဘယ်လို သုံးသပ်နိုင်ပါသလဲ။

ဦးစိန်ဝင်း - ဥပဒေကြမ်းကတော့ ပြည်ထောင်စုလွှတ်တော်ကို ရောက်လာမှာပဲ။ သို့သော် အခြေခံဥပဒေပြင်ဖို့ ပူးပေါင်းကော်မတီဖွဲ့ခဲ့တဲ့ ရည်မှန်းချက်နဲ့ တိုင်းတာရင်တော့ အားနည်းမှုတွေရှိမှာပေါ့။ တိုင်းရင်းသားတွေဖြစ်ချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့သက်ဆိုင်တဲ့ ကိစ္စမျိုးတွေမှာပေါ့။ ဒါက ဖြစ်လာနိုင်တဲ့ အနေအထားပေါ့။

ဒါပေမဲ့ တချို့ သုံးသပ်သလိုပေါ့။ လက်ရှိအခြေခံဥပဒေ အခန်း (၁၂) (ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း) အတိုင်းဆိုရင် ဘယ်လိုမှဖြစ်မလာနိုင်ဘူးလို့ ပြောကြတာပေါ့လေ။ တစ်ဖက်မှာလည်း အခန်း (၁၂) အတိုင်းလုပ်ပါလို့ အကြပ်ကိုင်နေတဲ့ သူတွေလည်း ရှိနေတယ်လေ။ ဒါဆိုရင်တော့ ဘယ်လိုမှ ပြင်မရဘူး။ ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ NLD က အခန်း (၁၂) ကို ကျော်လွှားနိုင်ခြေရှိလို့ အခြေခံဥပဒေပြင်ဖို့ လုပ်တာပေါ့။ ဘယ်လိုကျော်မလဲ၊ ဘယ်လိုနည်းလမ်းနဲ့လဲတော့ ကျွန်တော် တိတိကျကျ မပြောနိုင်ဘူးပေါ့။ 

(ပြဋ္ဌာန်းချက်တစ်ခုပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော်၌ ၇၅ ရာခိုင်နှုန်းကျော်သော ထောက်ခံမဲလိုအပ်ဟု လက်ရှိအခြေခံဥပဒေက သတ်မှတ်ထားသည်။)

Myanmar Now​​​​​​​ - ဒါဆိုရင် အာဏာရပါတီ NLD ကြွေးကြော်ထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာ ရာနှုန်းပြည့် မဟုတ်ရင်တောင် တစ်နည်းနည်းနဲ့ ဖြစ်လာနိုင်တယ်လို့ အန်ကယ် သုံးသပ်ထားတာလား။

ဦးစိန်ဝင်း - အဲဒါကတော့ တပ်မတော်က အခုလိုကြားနေမယ်၊ ပြည်ထောင်စုလွှတ်တော်နဲ့ လိုက်လျောညီထွေစွာ ပူးပေါင်းဆောင်ရွက်တယ်ဆိုရင်တော့ စံချိန်၊ စံညွှန်းမမီတောင်မှ တပ်မတော်သဘောကျနိုင်တဲ့ အချက်တွေပါတဲ့ ဖွဲ့စည်းပုံအသစ်တစ်ခုတော့ ရလာနိုင်တာပေါ့။

Myanmar Now​​​​​​​ - အခု NLD ဦးဆောင်ပြီး  ပူးပေါင်းကော်မတီကတစ်ဆင့် ရေးဆွဲနေတဲ့ ခြေဥပြင်ရေး ဥပဒေမူကြမ်းမှာ တပ်မတော်သဘောတူညီနိုင်မယ့် အချက်တွေကတော့ ပြင်သွားနိုင်မယ့်အလားအလာ ရှိတယ်လို့ ဆိုလိုတာလား။ ပထမ အန်ကယ်ပြောခဲ့သလိုပေါ့၊ နိုင်ငံရေးနဲ့ တပ်မတော်အခန်းကဏ္ဍအပေါ် စကားသုံးကိုပဲ ပြင်ဖို့ အတည်ပြုလိုက်တာမျိုးပေါ့။

ဦးစိန်ဝင်း - ဟုတ်တယ်။ ခုနပြောသလိုပဲ။ တိုင်းရင်းသားတွေက နိုင်ငံရေးကနေ တပ်မတော်ကို လုံးဝဖယ်စေချင်တာ။ ဒီပြဋ္ဌာန်းချက်ကို ပယ်ဖျက်ချင်တာလေ။ NLD ဦးဆောင်တဲ့ ပူးပေါင်းကော်မတီက မဖယ်ရှားပစ်လိုက်ဘူးလေ။ ဒါလည်း ကျွန်တော်ကတော့ အပြစ်မတင်ပါဘူး။ လက်ရှိအခြေအနေအရ တပ်မတော်နဲ့ အပေးအယူလုပ်ပြီး သွားချင်လည်းသွားပေါ့။ NLD က အင်အားကြီးပါတီလေ။ ဒါပေမယ့် တိုင်းရင်းသားဆန္ဒတော့ တချို့တလေလေးတွေ ပါလာဖို့လိုတယ်လေ။ ဒါပေမဲ့ ပူးပေါင်းကော်မတီထဲမှာ ဒီပုံစံအတိုင်း လက်ညှိုးထောင်မဲပေးတဲ့စနစ်ကို ဆက်သုံးရင် တိုင်းရင်းသားတွေက ဘာတစ်ခုမှကို ပြင်နိုင်မှာမဟုတ်ဘူး။

Myanmar Now​​​​​​​ - ဒါဆိုရင် NLD က တပ်မတော်သဘောတူနိုင်မယ့် ဟာတွေကိုပဲ ပြင်ဖို့ ဦးတည်နေတယ်လို့ ဆိုလိုတာလား။

ဦးစိန်ဝင်း - အဲဒီလိုသုံးသပ်လို့ရပါတယ်။ ထင်ရတာပေါ့။ အခုကတော့ အခန်း (၁) နဲ့ ပတ်သက်တာပဲလုပ်ရသေးတာ ဆိုတော့လေ။ နောက် ကျန်တဲ့အခန်းတွေကို စောင့်ကြည့်ရင် ပိုပြီး ထင်ထင်ရှားရှား သိနိုင်မှာပေါ့။

Myanmar Now​​​​​​​ - အန်ကယ်က NLD ပါတီကနေ အမတ်ဖြစ်လာသူ၊ အခုတော့ ပါတီက နုတ်ထွက်ထားခဲ့ပြီပေါ့။  ဆိုတော့ အခုလို ပူးပေါင်းကော်မတီကနေ ထပ်ထွက်တာဟာ NLDကို အကြပ်အတည်းဖြစ်အောင်လုပ်တာ သက်သက်လို့ ဝေဖန်မှုအချို့ကိုလည်း ကြားနေရပါတယ်။ ဘာပြောချင်လဲ။

ဦးစိန်ဝင်း - ကျွန်တော်သည် ပြည်သူနဲ့ နိုင်ငံတော်အတွက် အမှန်တရားအတွက် အလုပ်လုပ်နေတာပါ။ အမှန်တရားအပေါ်အခြေခံပြီးတော့ အခုနုတ်ထွက်တာပါ။ ဦးတည်ချက်ကို ပြောထားပြီး အဲဒီအတိုင်းပဲ လုပ်ချင်ပါတယ်။ မလုပ်နိုင်ရင် မလုပ်နဲ့။ အပြည့်အဝအကောင်အထည်ဖော်နိုင်တာကိုပဲ လုပ်ချင်တာပါ။ ဦးတည်ချက်ကတစ်မျိုး လုပ်တော့ တစ်မျိုးတော့ ကျွန်တော် မလုပ်တတ်လို့ပါ။ အဲဒီတော့ ပူးပေါင်းကော်မတီအစည်းအဝေးတွေမှာ ကျွန်တော်က ငြိမ်ငြိမ်ထိုင်နေမှာမှမဟုတ်တာ။ ပြောမှာကိုး။ ဒါဆိုရင် NLD အတွက် အဟန့်အတားတွေ ဖြစ်လာနိုင်တာကြောင့်လည်း ပါပါတယ်။ အဲဒါကြောင့် သူတို့သွားတဲ့လှေကို ကိုယ်မစီးချင်လို့ အသာလေးထွက်လိုက်တယ်။ သူတို့ဆက်သွားပါစေဆိုပြီးတော့ပါ။ NLD ကထွက်ပြီး အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီကို ထောင်တဲ့အခါမှာလည်း နောက်မှာ လက်မည်းလည်းမရှိပါဘူး။ လက်နီလည်းမရှိပါဘူး။ စိုက်ပျိုးရေးပညာရှင် တစ်ယောက်အနေနဲ့ ဆင်းရဲနေတဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝကို ကူညီနိုင်ဖို့ ရှိစုမဲ့စုလေးနဲ့ ထူထောင်ထားတာပါ။ အခက်အခဲအများကြီးရှိပါတယ်။ ††

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading