ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ရေးသားချက်များတွင် တပ်မတော်အပေါ် ကောင်းစေလိုသော စေတနာ မတွေ့ရဟု တရားသူကြီးသုံးသပ်

ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရသော်လည်း ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုသည့်အပြင် လျှော့ရက်များကိုပါ ထည့်တွက်ပါက ဦးမင်းထင်ကိုကိုကြီးမှာ လပိုင်းအတွင်း ပြန်လွတ်လာဖွယ်ရှိသည်။

လူမှုကွန်ရက်တွင် တပ်မတော်နှင့် ပတ်သက်သော ရေးသားချက်များနှင့် ပတ်သက်ပြီး တပ်မတော်၏တရားစွဲခြင်း ခံထားရသည့် ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်တရားသူကြီးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ကျခံစေရန် ယနေ့ အမိန့်ချမှတ်လိုက်သည်။

လူ့အခွင့်အရေး မှတ်တမ်းရုပ်ရှင်ကားများဖြင့် လူသိများသည့် အသက် ၅၇ နှစ်အရွယ် ဦးမင်းထင်ကိုကိုကြီးကို တပ်မတော်က အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိအပြင် ငွေဒဏ်လည်းချမှတ်နိုင်သော ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်မြို့နယ်တရားရုံးတွင် ယခုနှစ် ဧပြီလက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၅ဝ၅ (က) သည် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် အကြံနှင့် ရေးသားဖြန့်ချိမှု ဖြစ်သည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးမှာ စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်နေရာယူထားမှုနှင့်ပတ်သက်ပြီး ၎င်း၏ Facebook စာမျက်နှာပေါ်မှတစ်ဆင့် ကန့်ကွက်ရေးသားနေသူလည်း ဖြစ်သည်။

Ko Ko Gyi အမည်ဖြင့် ဖွင့်လှစ်ထားသော Facebook အသုံးပြုမှတ်တမ်းတွင် ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ မတ်လ ၂၂ ရက်အတွင်း တပ်မတော်နှင့်ပတ်သက်၍ ရေးသားပြောဆိုမှုများကြောင့် ၎င်းကို စစ်တပ်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သူ၏ရေးသားမှုများတွင် ‘ဟြောင့် (ဟေ့ကောင်) တိုင်းပြည်က မင်းတို့ စစ်အာဏာရူးတစ်သိုက်၊ မင်းတို့ ဖွတ်သူခိုးတစ်သိုက်၊ မင်းတို့လက်ပါးစေ မဘသတစ်သိုက်ကြောင့် ပျက်သွားပြီ’ ဟု ရေးသားထားသောအချက်လည်း ပါသည်။

"နွားသို့ မေတ္တာစာ" ခေါင်းစဉ်ဖြင့် ရေးသားထားသော "အစကတည်းက အခြေခံဥပဒေက မင်းတို့နဲ့ မဆိုင်ဘူးနွားရဲ့၊ မင်းတို့ ရေးရမှာ မဟုတ်ဘူးနွားရဲ့၊ မင်းတို့နဲ့ မဆိုင်တဲ့ လွှတ်တော်ထဲ မင်းတို့ရောက်နေခဲ့တာ နွားရဲ့၊ မင်းတို့မျက်နှာ ပြန်ကြည့်လိုက်စမ်း၊ တစ်နိုင်ငံလုံးက ဝိုင်းထွေးထားတဲ့ တံတွေးတွေမှ ရွှဲလို့ စိုလို့" ဟု ရေးသားထားသည့်အချက်လည်း ပါဝင်ခဲ့သည်။

ယင်းအပြင် "ဒေါ်စိန်အေးဟာ လူလိမ် သူခိုး လူသတ်သမားတွေ မွေးထုတ်ပေးနေတဲ့ မိခင်ကြီးပါ”၊ “သူ့ဟာသူတောင် ရွာလည်နေတာ မြန်မာနိုင်ငံကို ဘယ်လိုလုပ်ပြီး အကာအကွယ်ပေးနိုင်မှာလဲ မြန်မာနိုင်ငံသားတွေ ကံဆိုးလိုက်တာဗျာ ဒေါ်စိန်အေးသားကြီးတွေ အရည်အချင်းမဲ့သမျှ တစ်နိုင်ငံလုံး ခါးစည်းခံပေတော့”၊ “တံတွေးခွက်ထဲမှာ ဒေါ်စိန်အေးသားကိုထားခဲ့” စသည့် ရေးသားချက်များလည်း ပါဝင်သည်။

ထိုသို့ ရေးသားချက်များနှင့်ပတ်သက်ပြီး ဦးမင်းထင်ကိုကိုကြီးက ၎င်း ရေးသားခဲ့ခြင်းဖြစ်ကြောင်း ရုံးတော်၌ ဝန်ခံခဲ့ပြီး တပ်မတော်အပေါ် ကောင်းစေလိုသော စေတနာ၊ ဆန္ဒ၊ ရည်ရွယ်ချက်များဖြင့် ရေးသားခဲ့ခြင်းသာ ဖြစ်သည်ဟု ခုခံချေပခဲ့သည်။

ယနေ့ တရားသူကြီး၏ သုံးသပ်ချက်များတွင် ဦးမင်းထင်ကိုကိုကြီးမှာ တပ်မတော်အပေါ် နွား၊ ခွေး စသည့် တိရစ္ဆာန်များနှင့် ခိုင်းနှိုင်းပြီး ရိုင်းစိုင်းသော အသုံးအနှုန်းများဖြင့် လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ချိခဲ့ကြောင်း ၎င်းဘက်က ခုခံချေပသကဲ့သို့ တပ်မတော်အပေါ် ကောင်းစေလိုသော စေတနာ၊ ဆန္ဒ၊ ရည်ရွယ်ချက်များဖြင့် ရေးသားပါသည်ဟု သက်သေထင်ရှား တင်ပြနိုင်ခြင်းမရှိကြောင်း ပါရှိသည်။

ထို့ပြင် ကဗျာဆရာ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ တစ်ယောက်ဖြစ်သည့် ဦးမင်းထင်ကိုကိုကြီးအနေဖြင့် ၎င်း၏ရေးသားချက်များသည် တစ်ဖက်သား မည်သို့ စိတ်ခံစားမှု ရှိမည်ကို သိလျက်နှင့် တမင်ရည်ရွယ်ဖော်ပြသည်မှာ ထင်ရှားကြောင်း တရားသူကြီးက သုံးသပ်သည်။

ဦးမင်းထင်ကိုကိုကြီးအနေဖြင့် တရားလိုက တိုင်တန်းသည့်အတိုင်း တပ်မတော်သားများအား တာဝန်ဝတ္တရား ပျက်ကွက်စေလိုခြင်း၊ မလေးစားစေလိုခြင်း စသည်တို့ ဖြစ်စေချင်သည်မှာ ထင်ရှားကြောင်း တရားသူကြီးက ဆိုသည်။

ဦးမင်းထင်ကိုကိုကြီး၏ တပ်မတော်အပေါ် ဝေဖန်ရေးသားချက်များသည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်စေရန် ရည်ရွယ်ချက် ပါဝင်အောင် ရေးသားခြင်း မရှိကြောင်း သုံးသပ်၍ အင်းစိန်မြို့နယ်တရားရုံးက ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ဦးမင်းထင်ကိုကိုကြီးမှာ ဆေးမှတ်တမ်းအရ၊ ရုံးရှေ့အပြုအမူများအရ ကျန်းမာရေး မကောင်းသည်မှာ ထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ် ချမှတ်ပြီး ချုပ်ရက် ထုတ်နုတ်ခံစားခွင့် ရှိကြောင်း အမိန့်ချမှတ်ခဲ့သည်။

“မစိုးရိမ်ပါနဲ့ ကျွန်တော် ပြန်ထွက်လာမှာပါ။ အရေးကြီးတာက အခြေခံဥပဒေ ပြင်ဆင်ရေး။ ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့အတူ မျက်ခြည်မပျက် အားလုံး ညီညီညွတ်ညွတ် ဆက်လက်ချီတက်ကြပါလို့ ပြောချင်ပါတယ်” ဟု

ဦးမင်းထင်ကိုကိုကြီးက အမိန့်ချခံရပြီး အင်းစိန်ထောင်ပို့မည့် အချုပ်ကားပေါ်သို့ မတက်ခင်တွင် မီဒီယာများသို့ ဖြေကြားခဲ့သည်။

ယခုအမိန့်အတွက် အယူခံဝင်မဝင်ကို မသိရသေးပါ။

မင်းထင်ကိုကိုကြီးသည် သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေး စသည့် မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်သူဖြစ်ပြီး လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူလည်း ဖြစ်သည်။

၎င်း၏ မှတ်တမ်းရှပ်ရှင်များအနက် 'အင်းသီး' နှင့် ရခိုင်ပြည်နယ်မှ ဂတ်စ်ပိုက်လိုင်းများအကြောင်း မှတ်တမ်းရုပ်ရှင်မှာ လူကြိုက်များ ထင်ရှားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading