ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်နှင့် ကိုခန့်မင်းထက်တို့က ငြိမ်းစုစီပုဒ်မ ၁၉ ကို ဆန့်ကျင်သည့်အနေဖြင့် ထောင်ကျခံခြင်းဖြစ်ပြီး ထောင်ကထွက်လာမှသာ ငွေပေးဆောင်မည်ဖြစ်ကြောင်း ဆိုသည်။
ဆဲဗင်းဇူလိုင် (7 July) အထိမ်းအမှတ် လမ်းလျှောက်ချီတက်ရာတွင် ဦးဆောင်သူ လေးဦးကို တရားစွဲဆိုထားမှုတွင် ငွေဒဏ်မဆောင်သူ နှစ်ဦးကို ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် ကမာရွတ်မြို့နယ်တရားရုံးက ယနေ့ အမိန့်ချလိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့တွင် ပြည်လမ်း စိုက်ပျိုးရေးမှတ်တိုင်မှ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံနေရာ (သမဂ္ဂ မြက်ခင်းပြင်) သို့ 7 July အထိမ်းအမှတ် ချီတက်လမ်းလျှောက်ခဲ့သူများမှ ဦးဆောင်သူကျောင်းသား ခြောက်ဦးကို ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ ဖြင့် ဇူလိုင်လ ၁၈ ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကိုဝေယံဖြိုးမိုးနှင့် ကိုသူရလင်းတို့မှာ တရားရင်ဆိုင်ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားရင်ဆိုင်သည့် လေးဦးကိုသာ အမိန်ချမှတ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ လေးဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ပေးဆောင်ရန် တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သော်လည်း ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်နှင့် ကိုခန့်မင်းထက်တို့က ဒဏ်ငွေဆောင်ခြင်းမရှိ၍ ထောင်ဒဏ် ၁၅ ရက် ကျခံရန် တရားသူကြီးက အမိန့်ချလိုက်သည်။


သို့သော် ၎င်းတို့ကို ငွေဒဏ်အစား ထောင်ဒဏ်ချမှတ်ခြင်း မဟုတ်ဘဲ ငွေပေးဆောင်ခြင်း မရှိသည့်အတွက် ထောင်ဒဏ်ချမှတ်ခြင်းသာဖြစ်ပြီး ထောင်ကထွက်လာပါကလည်း ဒဏ်ငွေကြွေးကျန်ကို တရားရုံးသို့ ပေးသွင်းရဦးမည်ဖြစ်ကြောင်း တရားသူကြီးက ရှင်းပြခဲ့သည်။
ယင်းကြောင့်ဒဏ်ငွေကို တရားရုံးသို့ မပေးသွင်းမချင်း ကြွေးကျန်အဖြစ် ရှိနေမည်ဖြစ်သည်။


ကျန် နှစ်ဦးဖြစ်သည့် ကိုစိုင်းသုဝဏ်နှင့် မအိသီရိကျော်တို့က ဒဏ်ငွေများ ပေးဆောင်ခဲ့ကြပြီး ကျောင်းကိစ္စများရှိနေ၍ ဒဏ်ငွေပေးဆောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
ဒဏ်ငွေမဆောင်ဘဲ ထောင်ဒဏ်ကျခံသူဖြစ်သည့် ကိုမင်းသွေးသစ်က ငြိမ်းစုစီပုဒ်မ ၁၉ ကို ဆန့်ကျင်သည့်အနေဖြင့် ထောင်ကျခံခြင်းဖြစ်ကြောင်း တရားသူကြီးကို ဖြေရှင်းချက်ပေးခဲ့ပြီး ထောင်ကထွက်လာပါက ဒဏ်ငွေကြွေးကျန်ကို တရားရုံးသို့ လာရောက်ပေးဆောင်ပါမည်ဟု တရားခွင်၌ ပြောဆိုသည်။
ဗကသအဖွဲ့ချုပ်အနေဖြင့် 7 July အထိမ်းအမှတ် ကျင်းပရာတွင် ငြိမ်းစုစီဥပဒေအရ ရဲစခန်းသို့ အကြောင်းမကြားခဲ့ခြင်းမှာ လူတိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိခြင်းကြောင့် ဖြစ်ကြောင်း တရားရုံးတွင် ချေပထားသည်။
ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံနေရာ (သမဂ္ဂမြက်ခင်းပြင်)ကို ဗကသများအဖွဲ့ချုပ်က စိုက်ပျိုးရေးမှတ်တိုင်မှ လမ်းလျှောက်ချီတက်ခဲ့ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အင်းယားကန်ဘောင်မှ ချီတက်ခဲ့ကြခြင်းဖြစ်သည်။
အင်းယားကန်ဘောင်မှ လမ်းလျှောက်ချီတက်ခဲ့သည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုမင်းဟန်ထက်နှင့် ကိုဇင်မင်းဖြိုးတို့ နှစ်ဦးကိုလည်း လှိုင်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ဩဂုတ်လ ၂၀ ရက်တွင် ထောင်ဒဏ် ခုနစ်ရက် ချမှတ်ခဲ့သည်။
သို့သော် ၎င်းတို့သည် အာမခံမယူဘဲ အင်းစိန်ထောင်မှ အချုပ်ဖြင့် တစ်လ ကြာ တရားရင်ဆိုင်ခဲ့ပြီး ထောင်ဒဏ် ခုနစ်ရက် အမိန့်ချရာတွင် ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရသဖြင့် ဩဂုတ်လ ၂၀ ရက်တွင်ပင် လွတ်မြောက်ခဲ့သည်။
ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ မှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ယင်းပြစ်မှုကိုပင် နောက်တစ်ကြိမ် ထပ်မံကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ဆန္ဒပြကျောင်းသားများကို ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏာသိမ်းစစ်အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့ပြီး ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အအုံကိုလည်း ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒိုင်းနမိုက်ဖြင့် ဖြိုချပစ်ခဲ့သဖြင့် ရာနှင့်ချီသော ကျောင်းသားများ သေဆုံးခဲ့သည်။ အဆိုပါအကြမ်းဖက်မှုမှာ ယခုနှစ်တွင် ၅၇ နှစ် ပြည့်ပြီဖြစ်သည်။
တက္ကသိုလ်ကျောင်းသားအများအပြား သေဆုံးခဲ့ရသည့် ယင်းဖြစ်ရပ်ကို 7 July အဖြစ် သတ်မှတ်ပြီး ယနေ့တိုင် ကျင်းပခဲ့ကြသည်။
(အမှားပြင်ဆင်ချက်။ မူလက ဒဏ်ငွေမဆောင်ဘဲ ထောင်ဒဏ်ကျခံရန် ဆုံးဖြတ်ခဲ့သူများထဲတွင် ကိုစိုင်းသုဝဏ်ပါသည်ဟုလည်းကောင်း၊ ကိုစိုင်းသုဝဏ်သည် 'အပြာရဲ့အနီသံချပ်အဖွဲ့' တွင် ပါသည်ဟု လည်းကောင်း မှားယွင်းဖော်ပြခဲ့ပါသည်။ ထောင်ဒဏ်ကိုရွေးခဲ့သူ နှစ်ဦးမှာ ကိုမင်းသွေးသစ်နှင့် ကိုခန့်မင်းထက် တို့ဖြစ်သလို ကိုစိုင်းသုဝဏ်သည်လည်း 'အပြာရဲ့အနီ' သံချပ်အဖွဲ့ဝင်မဟုတ်ဟု ပြင်ဆင်ထားပါသည်။)
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












