"မွတ်စလင်အမျိုးသမီးတွေ ဆုံးရှုံးမှု အရမ်းကို များနေပြီ" (အင်တာဗျူး)

မကြာသေးခင်က ရန်ကုန်မြို့တွင် တွေ့ရသော မြန်မာနိုင်ငံ မွတ်စလင်အမျိုးသမီးများအဖွဲ့ ခေါင်းဆောင် ဒေါ်ဗေဒါရီ (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)
မကြာသေးခင်က ရန်ကုန်မြို့တွင် တွေ့ရသော မြန်မာနိုင်ငံ မွတ်စလင်အမျိုးသမီးများအဖွဲ့ ခေါင်းဆောင် ဒေါ်ဗေဒါရီ (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)

မွတ်စလင်အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်ဗေဒါရီသည် တက္ကသိုလ်ကထိက ရာထူးမှ အငြိမ်းစားယူပြီးနောက် နိုင်ငံခြား တက္ကသိုလ်များ၊ ပြည်တွင်းရှိနိုင်ငံတကာကျောင်းများတွင်လည်း ပို့ချသင်ကြားပေးခဲ့သူ ဖြစ်သည်။

၂ဝ၁ဝ တွင် “မြန်မာနိုင်ငံ မွတ်စလင်အမျိုးသမီးများအဖွဲ့” ကို ခေတ်ပညာတတ် မွတ်စလင် လူငယ်များနှင့် အတူ စတင် တည်ထောင်ခဲ့ပြီးနောက် စာသင်နေသည့်ဆရာမ တစ်ဦးဘဝမှ အရပ်ဖက်လူမှုအဖွဲ့အစည်း (CSOs) အသိုင်းအဝိုင်းသို့ အချိန်ပြည့်လုပ်ဆောင်သူတစ်ဦးအဖြစ် ကူးပြောင်းခဲ့သည်။

ထို့နောက် ဒေသတချို့တွင် လူငယ်ဦးဆောင်မှု သင်တန်းများ ၊ ငြိမ်းချမ်း ရေးဆိုင်ရာသင်တန်းများ ၊ ဘာသာ ပေါင်းစုံ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေး သင်တန်း များနှင့် အမျိုးသား အမျိုးသမီးကြား တန်းတူညီမျှရေး၊ ခွဲခြားဆက်ဆံမှု လျော့နည်းပပျောက်ရေးဆိုင်ရာ လူငယ် သင်တန်းများစွာ ပြုလုပ်ခဲ့သည်။

ဒေါ်ဗေဒါရီသည် မြန်မာနိုင်ငံ မွတ်စလင်အမျိုးသမီးများအဖွဲ့၊ မေငြိမ်းချမ်း အဖွဲ့၏ ဥက္ကဌ တစ်ဦး တာဝန်ထမ်းဆောင်နေပြီး အမျိုးသမီးများ၊ အထူးသဖြင့် လူနည်းစု မွတ်စလင်အမျိုးသမီး များ၏ အခွင့်အရေး၊ ဘဝတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်အကြံပေးနေသည့်် ပညာရှင်တစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံရှိ မွတ်စလင်အမျိုးသမီးများ၏ အိမ်ထောင်ရေးဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ Myanmar Now က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်၊ မင်္ဂလာတောင်ညွန်မြို့နယ် ရှိ ၄င်း၏ နေအိမ်သို့ သွားရောက်ပြီး တွေ့ဆုံမေးမြန်းခဲ့သည်။

မေး- မြန်မာနိုင်ငံမှာ မွတ်စလင်အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အိမ်ထောင်ရေးဆိုင်ရာ အခက်အခဲတွေမှာ အများဆုံးက ဘာတွေလဲ။

ဖြေ- မွတ်စလင်အမျိုးသမီးတွေရဲ့အိမ်ထောင်ရေး ပြဿနာတွေကို တိုင်ပင်ဆွေးနွေးတဲ့အတွက် ဖြေရှင်းပေး ခဲ့ရတာတွေ ရှိတယ်။ အများစု ကြုံနေရတဲ့ ပြဿနာကတော့ မိန်းကလေးတွေကို လွယ်လွယ်လေးနဲ့ သုံး “တွလားက်”(ခင်ပွန်း၏ ဆန္ဒအရကွာရှင်းခြင်း) တစ်ခါတည်းပေးပြီးတော့ ချန်ခဲ့တဲ့ ပြဿနာပဲ။

တစ်ထိုင်တည်း သုံးတွလားက်ပေးခြင်းကို မိန်းကလေးတွေဘက်က “မပိုင်ဘူး” လို့ပြောတဲ့ ဖတ္တာဝါ (ဓမ္မဆရာ များ၏ မှန်ကန်ကြောင်း ထောက်ခံချက်) တွေ ပြနိုင်ရဲ့သားနဲ့ အစိုးရအသိ အမှတ်ပြုထားတဲ့ မွတ်စလင်အဖွဲ့ အစည်း နှစ်ခုလောက်က ထုတ်ပေးတဲ့ ဓမ္မသတ်မှူးတွေရဲ့“ပိုင်ပါတယ်” ဆိုတဲ့ ဖတ္တာဝါကို ရည်ညွှန်းပြီး ယောက်ျားလေးဘက်က တုန့်ပြန်ကွာရှင်းတာတွေ ကြုံနေရတယ်။ ကျွန်မတို့ မွတ်စလင် အသိုင်းအဝိုင်းထဲမှာကိုပဲ ကွဲပြားမှုတွေ ရှိနေတယ်။ “တွလားက်” ဆိုတဲ့ ဘာသာတရားက ပြဋ္ဌာန်းထားသော၊ ပြောထားသော အချက်ကို အမျိုးသားတွေက သုံးတယ်။ ဒါပေမယ့် တလွဲ သုံးနေတာမျိုး ကြုံနေရတယ်။

မေး- ဘယ်လို တစ်လွဲသုံးတာလဲ။ မှတ်တမ်းတွေရှိလား။

ဖြေ - အိမ်ထောင်တစ်ခု အလွယ်တကူပြိုကွဲရင် စဉ်းစားစရာ နောက်ဆက်တွဲတွေ အများကြီးရှိတာ အလ္လာရှင်မြတ် သိတယ်။ ဒါကြောင့် အိမ်ထောင်တခု တည်ထောင်ဖို့ အတွက် မလွယ်ကူတဲ့ စည်းတွေ ဘောင်တွေနဲ့ ချည်နှောင်ထားသလို ကွာတဲ့ အခါမှာ လည်း စည်းတွေဘောင် တွေနဲ့ ကွာရှင်းရပါမယ်။ ဘဝနှစ်ခု ပေါင်းစပ်တဲ့ လက်ထပ်တဲ့အချိန်မှာ နှစ်ဦးနှစ်ဖက် အသံကို ကြားတဲ့သက်သေ လိုသလို၊ ကွာရှင်းတဲ့ အခါမှာလည်း နှစ်ဖက်စလုံးရဲ့သက်သေ လိုပါတယ်။ ဘယ်အရာကိုမှ သက်သေမထူဘဲ လုပ်လို့ မရပါဘူး။

ဒီခေတ် မိန်းကလေးတွေက လှတာတွေ၊ လိုချင်စရာတွေပေါပါတယ်။ ယောက်ျားလေးတွေက အာရုံကျသွား၊ ငြိသွားတာနဲ့ပဲ ပထမတစ်ယောက်ကို အဝတ်စုတ်ပစ်သလို တိခနဲ ပစ်လိုက်လို့ မရပါဘူး။ ဖန်ဆင်းရှင်က ဒီလို ဒုက္ခမျိုးကို ဘယ်တော့မှ ခွင့်မပြုထားပါဘူး။ တကယ့်ကို ကျွန်မတို့ လိုက်နာရမယ့် ကျမ်းတော်မြတ် ကုရ်အာန်ထဲမှာ အဲဒီလိုအလွယ်တကူ ကွာလို့ရတယ်လို့ မဖော်ပြထားဘူး။ ဒါကြောင့် ဒေါသနဲ့ပြောလိုက်လို့ အိမ်ထောင် တစ်ခုကို တစ်ခါတည်း ပြတ်သွားလောက်အောင် အစ္စလာမ်က မညွှန်းဆိုထားပါဘူး။

အလွယ်တကူ ကွာရှင်းခံရခြင်းက အယူအဆမှားလို့ မသိဘဲ လက်ခံထားရတဲ့ အမျိုးသမီးတွေ အများကြီးပါ။ နောက်တခုကတော့ ‘ငါက တိုင်လိုက်ရင် ငါ့ဆီ ငါ့ယောက်ျား ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူး’ ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ဥပဒေအကာအကွယ် ယူဖို့ တွန့်ဆုတ်ကြရင်း နောက်မိန်းမကို လက်ထပ်သွားတာကို ထိုင်ကြည့်နေရတဲ့ အမျိုးသမီးတွေ အများစုပါပဲ။

လူသိမှာ စိုးရိမ်တဲ့ မိဘဆွေမျိုးအသိုင်းအဝိုင်းကြောင့် ဖုံးကွယ်နေထိုင်နေကြရတဲ့ အမျိုးသမီးတွေ၊ ပညာရေး အခြေခံ နည်းပါးတဲ့ အသိုင်းအဝိုင်းတွေက အသက်ငယ်ငယ်အရွယ် အမျိုးသမီးတွေက အိမ်ထောင်ရှိ အမျိုးသားတွေရဲ့လူလွတ်လို့ လိမ်လည်တောင်းရမ်း လက်ထပ်ခံရပြီး ဘဝပျက်သွားတာတွေ နဲ့ မခံနိုင်လွန်းလို့ ရှေ့ထွက်လာပေမယ့် တရားစရိတ် မတတ်နိုင်လို့ မိသားစု ပြိုကွဲခံလိုက်ရတဲ့ အမျိုးသမီးတွေနဲ့ အစစအရာရာ ဆုံးရှုံးနေကြတယ်။

ဒါတွေက ကိုယ်တိုင်မြင်ခဲ့ရသလို ကူညီညှိုနှိုင်းတိုင်ပင်ပေးခဲ့တယ်။ ရှေ့နေတွေဆီ ကိုယ်တိုင်လိုက်ပို့ခဲ့ရတာတွေလည်း ရှိတယ်။ ကျွန်မတို့က ထောက်ပံ့မှု ရရှိတာ နည်းပြီး ကိုယ်ထူကိုယ်ထ လုပ်ဆောင်ရတာများတဲ့ အဖွဲ့ အစည်း ဖြစ်တာကြောင့် အချက်အလက် ကိန်းဂဏာန်း အတိအကျကို စာရင်းပြုစုထားနိုင်မှု မရှိပါဘူး။ ဒါပေမယ့် မွတ်စလင်အမျိုးသမီးတွေ ဆုံးရှုံးမှု အရမ်းကို များနေပြီ။

ပြီးတော့ ဒီဆုံးရှုံးမှုက မိန်းကလေးတစ်ယောက်တည်း ခံရတာမဟုတ်ပါဘူး။ လူ့အသိုင်းအဝိုင်း တစ်ခုလုံးပါ ဆုံးရှုံးနစ်နာမှုရှိနေတာပါ။

မေး - လူ့အသိုင်းအဝိုင်းတစ်ခုလုံး ဆုံးရှုံးနစ်နာတယ်လို့ ဆရာမက ဘာကြောင့် အခိုင်အမာပြောနိုင်တာလဲ။

ဖြေ- တစ်လင်တစ်မယား စနစ်ကို ဦးစားပေးတဲ့၊ အပျိုစင်ကို တန်ဖိုးထားတဲ့ မြန်မာ့လူမှုနယ်ပယ်မှာ နေထိုင်ကြတာကြောင့် မွတ်စလင်မိန်းကလေးတွေက အိမ်ထောင်တစ်ခု တည်ထောင် ကြရာမှာ ဖိအားတွေ ပိုရှိပါတယ်။ တူနှစ်ကိုယ်အိမ်ထောင်တစ်ခု ဘယ်လို ပုံစံတည်ထောင်မလဲ ဆိုတာ နှစ်ယောက်စလုံးမှာ လူမှုရေးဆိုင်ရာ ကတိကဝတ် တွေရှိတယ်။ ပြီးတော့ အမျိုးသမီး တွေက အိမ်ထောင်ကျပြီးသွားရင် ဘဝကို ပုံအပ်လိုက်ကြတာများတယ်။ အဲဒီလိုအချိန်ကျမှ ယောက်ျားလုပ်သူက “နင်နေခဲ့တော့၊ ငါမပေါင်းနိုင်တော့ဘူး” ဆိုပြီး ကွာရှင်းခံရရင် စိတ်ပိုင်း ဆိုင်ရာလည်း ထိခိုက်တယ်။ ယောက်ျားတစ်ယောက်ကို ထိန်းမထားနိုင်ဘူး၊ “သူ့ယောက်ျားသူ့ကို ပစ်သွားတယ်” ဆိုပြီး ပတ်ဝန်းကျင်မှာလည်း အရှက်ရတဲ့ဒဏ်ကို ခံစားရတယ်။ သူခံစားရတဲ့ ဒဏ်ကို သူ့သားသမီးတွေ ခံစားရပါတယ်။

သူ့သားသမီးတွေ ခံစားရတဲ့ဒဏ်ရဲ့အကျိုးဆက်က စာသင်ခန်းတွေအထိ ရောက်တယ်။ မိသားစုပုံမှန်မဟုတ်တဲ့ ကလေးတစ်ယောက်က ဘယ်လိုပုံစံပြုမှုတတ်တယ်ဆိုတာကို ဆရာမ တစ်ယောက်အနေနဲ့ ကောင်းကောင်း သိတယ်။ ကလေးတစ်ယောက်ကို မိဘနှစ်ယောက်က လက်ပြပြီး ကျောင်းကားပေါ် တင်ပေးလိုက်တာနဲ့ အိမ်မှာ အရှုပ်အထွေးတွေကို အမေလုပ်သူက ငိုပြီးကျန်ခဲ့တာကို မြင်ခဲ့ရတဲ့ ကလေးတစ်ယောက် ကျောင်းလာရတဲ့ ခံစားမှုက လုံးဝကွဲပြားပါတယ်။

မိဘ အိမ်ထောင်ရေးအဆင်မပြေတာကို မြင်တွေ့ ခံစားရတဲ့ ကလေးတစ်ယောက်ရဲ့ဘဝက အင်မတန်ကို ထိခိုက်ပါတယ်။ ဒီကလေးရဲ့အပြုအမူက ကျောင်းကို ရောက်လာပြီးဆိုရင် အဲဒါ society (လူ့အသိုင်းအဝိုင်း) တစ်ခုလုံးကိုပါ ထိခိုက်တော့မှာပါ။

မွတ်စလင်အမျိုးသမီးတွေအနေနဲ့ နောက်အိမ်ထောင်ပြုဖို့၊ ပြေလည်ဖို့ဆိုတာ ခက်ခဲပါတယ်။ နောက်အိမ်ထောင် ထူထောင်လိုက်ရင်လည်း ရိုက်ခတ်မှုတွေဆိုတာ လာတာပဲ၊ အများကြီး အနှောင့်အယှက်တွေရှိတယ်။

ဒါကြောင့် ပညာတော်သော၊ ဗလငါးတန်ပြည့်စုံသော ကလေးတွေနဲ့ ပတ်ဝန်ကျင်းကို တည်ဆောက်ဖို့ဆိုရင် Broken Famaily (ပြိုကွဲနေသော မိသားစု) နည်းအောင် လုပ်ရမယ်။ ဒါကြောင့် broken family တစ်ခုဖြစ်အောင် အားမပေးပါနဲ့။ ညှိပေးကြပါ။

မေး - မွတ်စလင်အိမ်ထောင်ရေးတစ်ခုမှာ ဒီလိုဆုံးရှုံးနစ်နာမှုတွေက ဘာတွေကြောင့် ဖြစ်နေတာလဲ။ ကိုးကွယ်တဲ့ ဘာသာတရားကြောင့်များလား။

ဖြေ- ဘာသာတရားက အဲလိုမဟုတ်ပါဘူး။ ဘာသာတရားကိုအသုံးပြုတဲ့ ပုဂ္ဂိုလ်တွေက ပုံဖျက်တာကို ခံနေရ တယ်။ ဘာသာတရားကို လွဲမှားစွာ ဘာသာပြန်တာကြောင့် ကိုယ်တိုင်သိနား လည်မှု လွဲတယ်၊ အဲဒါကို ပြန်ပြီးတော့ မျှဝေမိတဲ့အခါမှာ လွဲမှားတဲ့ သတင်းအချက်အလက်တွေ ပေးသလို ဖြစ်နေတယ်။ ကျွန်မတို့ရဲ့ အိမ်ထောင်တစ်ခုမှာ စည်းနှောင်မှုအား သုံးခုရှိ ပါတယ်။

တစ်ခုကတော့ ဘာသာရေးအရ မဖြစ်မနေ “နေကာရ်” ဆိုတဲ့ လက်ထပ်စာချုပ်တစ်ခုကို အစ္စလာမ်ဘာသာအရ လုပ်တဲ့အခါမှာ စနစ်တကျ ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်း စည်းနှောင်မှု ပြည့်စုံမှ လက်ထပ်မှု ပြီးမြောက်တယ်။ အဲလိုစည်းနှောင်မှုတွေ လုပ်ထားပြီးတော့မှ ရုတ်တရက် မပေါင်းနိုင်တော့တဲ့အခါမှာ တစ်ဦးတည်း ဆုံးဖြတ်ခွင့်မရှိဘူး။ မိန်းကလေးဘက်က ကွာရှင်းခွင့်တောင်းခံရင်လည်း သက်သေတွေနဲ့ အကြောင်းပြချက်တွေက ခိုင်လုံရပါမယ်။

နောက်တစ်ခုကတော့ နိုင်ငံတော်က မိသားစုအနေနဲ့ အသိအမှတ်ပြုလိုက်တဲ့ စည်းနှောင်းမှုပါ။ အိမ်ထောင်တစ်ခုဖြစ်သွားပြီ၊ ကလေးရပြီဆိုရင် “မွေးစားရင်း”ဆိုတာ ထည့်ရပြီ၊ အိမ်ထောင်စုဇယားဆိုတဲ့အရာကို ဖြည့်ရပါပြီ၊ ဒါက ကိုယ်နေတဲ့ နိုင်ငံရဲ့စည်းနှောင်မှုပါ။

နောက်ဆုံး တတိယတစ်ခုကတော့ ဘယ်သူ့မှ အလွယ်တကူ မမြင်နိုင်တဲ့ နှလုံးသားချင်းစည်းနှောင်မှုပါ။ ကုရ်အာန်ထဲမှာ ‘နေကာရ် ဖတ်ပြီးရင် အမျိုးသမီးနဲ့ အမျိုးသားကြားမှာ ချစ်ခြင်းမေတ္တာကို ငါထည့်ပေးတော်မူတယ်’ လို့ ပါတဲ့အတွက် လင်ရယ်၊ မယားရယ်လို့ သတ်မှတ်လိုက်တာနဲ့ “ချစ်ခြင်းမေတ္တာ”က အလိုလို ဖြစ်တည်ပါတယ်။ သန်းခေါင်စာရင်းတို့ လက်ထပ်စာချုပ်တို့ဆိုတာ ဒေါသအလျောက် ဆွဲဖြဲလိုက်လို့၊ ဖျက်ဆီးလိုက်လို့ ရတယ်။ နှလုံးသားချင်း စည်းနှောင်မှုကိုတော့ အလွယ်တကူ ‘ဆွဲဖြဲ’ လိုက်လို့မရပါဘူး။

အိမ်ထောင်တစ်ခုမှာ ဒေါသအလျောက် မကျေနပ်ချက်အရ ရုတ်တရက် လူဆိုတာ ဦးနှောက်ကို မသုံးနိုင်ခဲ့လို့ ပြောထွက်တာတွေ ရှိနိုင်ပေမယ့် အချိန်လေး တစ်ခုခြားတာနဲ့ ဦးနှောက်ကို ပြန်သုံးတော့တယ်။ ဒေါသပြေရင် ဆွေမျိုးအသိုင်းအဝိုင်း၊ သိက္ခာ၊ ချစ်ခြင်း မေတ္တာ၊ ကလေး ရှိရင် မိသားစုတွယ်တာမှု ဆိုတာတွေကို ပြန်ပြီးတော့ စဉ်းစားကြပါတယ်။

ဒီလောက်တောင် ခိုင်ခိုင်မာမာ ချည်နှောင်ထားတဲ့ အရာတွေကို နောက်ဆက်တွဲ အကျိုးဆက်တွေ မစဉ်းစားလိုက်မိဘဲ မဆင်မခြင်နဲ့ ဒေါသအလျောက် “တွလားက်”ဆိုတဲ့ စကားသုံးခွန်းကို ပြောလိုက်တာနဲ့ စက္ကန့်ပိုင်း အတွင်းမှာ ဒီစည်းနှောင်မှုတွေက ပြတ်နိုင်သလား၊ မဖြစ်နိုင်ဘူး။ ဘယ်လို့မှ မဖြစ်နိုင်တဲ့ အရာပါ။

ဒါပြင် ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ကွာရှင်းမယ်ဆိုရင် စဉ်းစားနိုင်အောင် အချိန်ကာလဆိုတာ “လိုတယ်” လို့ အတိအလင်းပြဋ္ဌာန်းထားတယ်။

မေး - ဘာသာရေးကြောင့် အိမ်ထောင်တွေ အလွယ်တကူ ကွဲနေတာ မဟုတ်ဘူးဆိုရင် ဘာကြောင့်ဆိုတာ သေချာရှင်းပြပေးနိုင်ပါလား။

ဖြေ - ဒီမေးခွန်းကို ဖြေရင် ကျွန်မအသိုင်းအဝိုင်းက ကျွန်မကို ဝိုင်းဝန်းပြစ်တင်ကြမယ်ဆိုတာ သိပေမယ့် မေးလာတဲ့အတွက် ကျွန်မဖြေမယ်။

ယောက်ျားဘက်က ရင်ထဲက ပြတ်တာမဟုတ်ဘဲနဲ့ ဒေါသအလျောက် အလွယ်တကူ “တွလားက်”ပေးတာကို ပိုင်ပါတယ်လို့ ကြားက ထောက်ခံလိုက်တဲ့၊ ဆုံးဖြတ်ချက်ပေးလိုက်တဲ့ အဖွဲ့တွေ ရှိနေခြင်းကြောင့်လည်း အိမ်ထောင်ပြိုကွဲမှုတွေ ဖြစ်နေတယ်။ အဲလိုဆုံးဖြတ်ခံထားရတော့ ဘာသာရေးအရလို့ ထင်ပြီးတော့ အပြစ်ဖြစ်မှာ စိုးတာကြောင့် ရှေ့လည်း ဆက်မတိုးရဲဘူး။ ဒီနေရာမှာ ဒေါသအလျောက်ပေးလိုက်တဲ့ “တွလားက်” ဆိုတာ အပေါ် “အထမြောက်”ပါတယ်လို့ ဖသတ္တာဝါ (ဓမ္မသတ်ဆရာတွေပေးတဲ့ မှန်ကန်ကြောင်း ထောက်ခံချက်) ပေးတဲ့ ဆရာသခင်တွေမှာလည်း တာဝန်ရှိပါတယ်။

ဓမ္မဆရာတွေအနေနဲ့ အမျိုးသားတစ်ယောက်က သုံးတွလာက်းပေးတယ်လို့ လာပြောတာနဲ့ အဲဒီ အမျိုးသား မလိမ်တတ်၊ မညာတတ်ဘူးလို့ လက်ခံလိုက်တာလား။ မိန်းကလေးဘက်ကော ခေါ်မေး၊ စုံစမ်းမှုတွေ လုပ်ပါသလား။ လင်နဲ့မယား လျှာနဲ့သွားလို ဖြစ်တဲ့ အဖြစ်အပျက်တွေ ၊ စည်းနှောင်နေတဲ့ အချက်တွေကို ထည့်တွက်ကြပါသလား။ အဲလိုတွေ မစဉ်းစားဘဲ ထုတ်ပေးလိုက်တဲ့ “ဖတ္တာဝါ” ဆိုတဲ့ စာရွက်တစ်ရွက်ဆိုရင် မိန်းမတစ်ယောက်ရဲ့ဘဝကို သတ်လိုက်တာနဲ့ အတူတူပါဘဲ။ ဘာကြောင့်လဲဆိုတော့ အလွယ်တကူ ကွဲချင်နေတဲ့ ယောက်ျားလေး တွေက ဘာသာရေးကို အကြောင်းပြပြီး ဒီထောက်ခံချက် ယူမယ် ဆိုတာတွေ ဖြစ်လာမယ်။ ဒါက မိန်းကလေးတွေကို ဖျက်ဆီးတာ၊ လူမှုအသိုင်းအဝိုင်းကို ပြဿနာတွေ များအောင် လုပ်နေတာလို့ ကျွန်မ ပြောချင်တယ်။

စိတ်မထိန်းနိုင်လို့ တွလားက် ပေးလိုက်မိပေမယ့် ပြန်ပေါင်းချင်လို့ ဒုက္ခရောက်နေတဲ့ လင်မယားတွေလည်း ကျွန်မကြုံဖူးပါတယ်။ ဒီလို အချိန်နည်းနည်းခြားလို့ ဒေါသငြိမ်းပြီး နှစ်ဖက်စလုံးက ပြန်ပေါင်းချင်တဲ့အချိန်၊ လင်မယား အချင်းချင်း ပြေလည် ပြီး မိသားစုတစ်ခု ပြန်တည်ဆောက်ချင်တဲ့ သူတွေအတွက် “ပိုင်ပါတယ်”လို့ ပေးလိုက်တဲ့ ဆရာသခင် တွေ၊ ဆရာကြီးတွေရဲ့ဖတ္တာဝါက နှောင့်ယှက်လိုက်သလိုဘဲ။

ဒါကြောင့် ဒေါသအလျောက်ပေးတာက အပြီးအပိုင်းကွဲတာမဟုတ်ဘူးလို့ တရားနည်းလမ်းတကျ ညွှန်ပေးတဲ့ ဆရာအရှင်များဆီ ရောက်သွားရင် မိသားစုတွေလည်း ဒီလိုဒုက္ခခံစားရမှာ မဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိမ်ထောင်စုတစ်ခုကို ဆက်တည်ဆောက်သွားလို့ရမယ်။ လင်ဖြစ်ခဲ့၊ မယားဖြစ်ခဲ့တဲ့ လူနှစ်ယောက် ပြန်ပေါင်းစည်းနိုင်တယ် ဆိုတာ မင်္ဂလာတစ်ပါးပဲ။
ကျွန်မတို့ အစ္စလာမ်ဘာသာမှာ ကောင်းသောနည်းနဲ့ အိမ်ထောင်တစ်ခုကို ပြုပေးခြင်းက “ဗလီ”တစ်လုံးဆောက် တဲ့ ကုသိုလ်နဲ့ ညီမျှတယ်ဆိုတဲ့ အဆိုအမိန့် ရှိပါတယ်။ အဲဒီလိုပဲ ချစ်ချစ်ခင်ခင် စုစည်းနေတဲ့ လူနှစ်ယောက်ကို သွေးထိုး၊ သံသယဖြစ်အောင်၊ ကွဲအောင်လုပ်တာကတော့ အင်မတန်ကို အပြစ်ကြီးပါတယ်။

ဒါကြောင့်ပတ်ဝန်းကျင်မှာ အိမ်ထောင်ပြိုကွဲ ပျက်စီးသွားတာတွေက နမူနာကောင်းတွေမဟုတ်ဘူး၊ နမူနာဆိုးတွေ ပေးနေတာဆိုတာ ဆရာသခင်တွေ အနေနဲ့ ဟောပြောလမ်းညွှန်ပေးကြ ပါ။ အဲဒီလိုနမူနာဆိုးတွေ ဖြစ်သွားအောင် ဦးမဆောင်ပေးကြပါနဲ့လို့ တရားဟောဆရာတွေ၊ အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံချင်တယ်။

နောက်ပြီး တစ်ထိုင်တည်း သုံးတွလားက်ပေးတာက လွဲမှားနေတဲ့ အယူအဆဆိုတာကို သိရဲ့သားနဲ့ အမုန်းမခံနိုင်လို့ ပါးစပ်ပိတ်၊ ခေါင်းရှောင်နေတဲ့ သူတွေဆီမှာလည်း တာဝန်ရှိပါတယ်။
လွဲမှားနေတာကို တာဆီးဖို့ မရပ်တည်ပေးဘဲ လုပ်ခွင့်ပြုထားရင် တချိန်ချိန်မှာ အဲဒီအယူအမှား တွေက ကိုယ့်သမီး၊ ကိုယ့်မြေးမဆီ အလှည့်ရောက်လာရင် ဘယ်လိုခံစားကြမလဲ။

မေး - ဥပဒေတွေနဲ့ တားဆီးဖို့ လိုနေပြီလား။

ဖြေ - အိမ်ထောင်တစ်ခု ပြိုကွဲတယ်ဆိုတာ မိန်းကလေးပဲ အရှက်ရတာမဟုတ်ပါဘူး၊ အိမ်ထောင်တစ်ခုကို တည်မြဲအောင် မထိန်းသိမ်းနိုင်တဲ့ ယောက်ျားလေးအတွက်လည်း ရှက်စရာဆိုတာ သိရပါမယ်။

နိုင်ငံအခြေအနေအရတော့ ဥပဒေနဲ့ တားမြစ်တဲ့ အဆင့်တော့ မသွားနိုင်လောက်သေးဘူး။ အစ္စလာမ် ဘာသာကို နားလည်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်လောက်က ဒီလိုအခက်အခဲတွေ ကြုံနေ ရတယ်၊ မြန်မာနိုင်ငံမှာ ရှိတဲ့ လူ့အရင်းအမြစ်တွေ ထိခိုက်နေတယ်ဆိုတဲ့ ရှုထောင့်မျိုးကို တင်ပြပေးနိုင်ရင် ကောင်းပေမယ့် မဖြစ်နိုင်သေးဘူး၊ ဖြစ်နိုင်တာ ကတော့ အိမ်ထောင်တစ်ခုပြုရင် အစ္စလာမ်နည်းအရ စာချုပ်ချုပ်သလို၊ တရားရုံးကိုသွားပြီးတော့ ဥပဒေအရလည်း လုပ်ဆောင်ပါ။ အဲဒီလိုပဲ ကွာရှင်းတဲ့အခါကျရင်လည်း မိသားစုထဲမှာပဲ တိုးတိုးလုပ်၊ အစိုးရ အသိအမှတ်ပြုတဲ့ မူဆလင်အဖွဲ့ တွေက ထုတ်ပေးတဲ့ စာနဲ့ပဲ မပြီးဘဲ၊ တရားရုံးမှာရှိသေးတဲ့ နည်းလမ်းကိုလည်း သွားပါ။ အဲလိုလုပ်ခြင်းအားဖြင့် အစ္စလာမ်ဘာသာ အရ တွလားက်ပေးလိုက်လို့ ပေါင်းခွင့်မရှိတော့ရင်တောင် မြန်မာ့ဥပဒေအရ လက်ထပ်ထားရင် ပေါင်းသင်းခွင့်ရှိတဲ့နည်းလမ်း၊ ဥပဒေအရ တောင်းဆိုပိုင်ခွင့်တွေကို မိန်းကလေးက သွားနိုင်ပါလိမ့်မယ်လို့ ယူဆတယ်။ နည်းလမ်းနှစ်မျိုးစလုံးက ကွာလို့ရပြီဆိုမှ ဒီအိမ်ထောင် ပြိုကွဲတော့မယ်။

နောက်တခုကတော့ မိဘတိုင်း၊ သတို့သား၊ သတို့သမီးတိုင်းကလည်း ဘာသာရေးမှာ ရှိတဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် လေ့လာထားရမယ်။ လက်ထပ်မှုတစ်ခု၊ မိသားစုတစ်ခုကို တည်ထောင်တော့မယ်ဆိုရင် ဘယ်လို စိတ်နေ စိတ်ထားနဲ့ လုပ်မလဲဆိုတာကို ကုရ်အာန်ထဲမှာ အတိအကျပါတယ်။ အဲဒါကို သိအောင် ကြိုတင်ပြီး တော့ သွန်သင်၊ ပြောပြပေးရမယ်။ ဒါပေမယ့် ဘာသာတရားရဲ့အခြေခံအထိ သွားမလေ့လာနိုင်တဲ့သူတွေ လက်လှမ်း မမီသူတွေလည်းရှိတော့ တကယ့်ဘာသာတရား အစစ်အမှန်ကို လက်လှမ်းမီတဲ့သူတွေက ကူညီပြော ပြပေးရမယ်။

ဒါ့အပြင် နေကာရ်(လက်ထပ်ခြင်း)ကို တန်ဖိုးထားဖို့၊ လင်မယားကွဲတာရဲ့အကျိုးဆက်အပြစ်တွေကို ဘာသာရေးစာ သင်ကြားပေးနေတဲ့ ဆရာတွေ၊ ဗလီမှာ တရားဟောနေတဲ့ ဆရာတွေ၊ အကြီးအကဲ လုပ်နေသူတွေက ကျွန်မတို့ ဘာသာဝင်တွေ အများဆုံးစုစည်းတဲ့ သောကြာနေ့ဝတ်ပြုခြင်း၊ ဘာသာရေး ကျောင်းတွေနဲ့ ဘာသာရေးစာပေ၊ စာစောင်တွေကနေတဆင့် အသိပညာပေးရပါမယ်။ အပြင်ပတ်ဝန်းကျင်မှာ သာယာတဲ့ မိသားစုတစ်ခုကို ထူထောင်တဲ့ နည်းလမ်းတွေ ပေးရပါမယ်။ ဘာသာရေးမှာ ပေးထားတဲ့ နည်းလမ်းတွေ၊ နမူနာတွေ အခိုင်အမာရှိပါတယ်။ ဒါတွေကို ပြောပေးရပါမယ်။

ယောက်ျားလေးကလည်း လက်ထပ်ချင်တဲ့ မိန်းကလေးကို ရွေးချယ်တောင်းရမ်းခွင့်ရှိသလို၊ မိန်းကလေးဘက်ကလည်း လက်တွဲမယ့်သူကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးရမယ်။ သူတို့ နှစ်ဦးကို လက်မထပ်ခင် မှာ တွေ့ခွင့်ပေးရမယ်။ ညှိုနှိုင်းခွင့်၊ တွေ့ခွင့်၊ လေ့လာခွင့် ပေးကိုပေးရမယ်။

နောက်ဆုံးအရေးကြီးဆုံးတခုကတော့ အမျိုးသမီးဆိုတာ အသုံးချခံ တစ်ခုမဟုတ်ဘူး၊ ချစ်စရာလည်းကောင်းသလို၊ တန်ဖိုးထားစရာလည်း ရှိတယ်ဆိုတာကို ယောက်ျားတွေ လေးစားတဲ့ ဆရာသခင်တွေက သင်ကြားပေးရမယ်။ ဒါမှ အမျိုးသမီးကို တန်ဖိုးထားတတ်လာမှ ကိုယ့်အမေ၊ အစ်မ၊ ညီမ၊ မိန်းမနဲ့ ကိုယ့်သမီး၊ ချွေးမတွေကိုလည်း တန်ဖိုးထားတတ်လာမယ်။
အလ္လာက၊ အစ္စလာမ်ဘာသာက ကျွန်မတို့ကို အခွင့်အရေး အပြည့်ပေးထားတယ်။ ဒါပေမယ့် အလ္လာနဲ့ ကျွန်မတို့အကြားမှာ အယူသည်းမှုတွေနဲ့ စုစည်းနေတဲ့ ယောက်ျားတစ်လွှာ ခံနေတယ်။ ဒါကို ထိုးဖောက်ဖို့က ဒီအလွှာထဲက အယူမသည်းတဲ့၊ ဘာသာတရားကို သေချာနားလည်တဲ့ အမျိုးသားတွေ အကူအညီ အမှန်တကယ် လိုအပ်ပါတယ်။ အစ္စလာမ်ဘာသာကို အစ္စလာမ်အတိုင်းပဲ ကျင့်ဝတ်တွေကို ချပြပါ။ မပြုမပြင်၊ မချဲ့ကား ကြပါနဲ့။ လူဖြစ်လာရင် ယုံကြည်ရာဘာသာတရားဆိုတာ ရှိကြပါတယ်။ ဘာသာတရားကို ကိုယ်တိုင် လေ့လာဆန်း စစ်ပါ။ ဒါမှ ဘာသာတရားကို တလွဲအသုံးချနေတဲ့ လူတွေရဲ့မှိုင်းမမိမှာပါ။

ဝင်းနန္ဒာသည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

 

ထိုက်နန္ဒာဝင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက် ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading