ပြည်သူတွေသာ အစဉ်အလာမပြတ် မြေဇာပင်ဖြစ်ရတဲ့ ရှမ်းမြောက်တိုက်ပွဲများ

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဟုခေါ်သော လက်နက်ကိုင်သုံးဖွဲ့နှင့် ဖြစ်သည့် တိုက်ပွဲများကြောင့် လူ့အသက်များနှင့် စီးပွားရေးကုန်သွယ်မှုတို့မှာ အပြင်းထန်ဆုံး ထိခိုက်ခံခဲ့ရရာ အနှစ်ချုပ်လျှင် ပြည်သူများသာ ကံဆိုးသူမောင်ရှင်များ ဖြစ်တော့သည်။

Published on Aug 27, 2019
Published on Aug 27, 2019

လားရှိုးမြို့အထွက်ရှိ လူစည်ကားလေ့ရှိသည့် နည်းပညာတက္ကသိုလ်တွင် ကျောင်းသားနှစ်ဦးခန့်သာ လမ်းလျှောက်နေသည်။ လက်နက်ကိုင်တပ်များ မီးရှို့ဖျက်ဆီးသွားသည့် ဓာတ်ဆီဆိုင်ကို လူတချို့က အလျင်စလို ပြင်ဆင်နေကြသည်။ တွဲကားနှင့် ကုန်ကားများ ဥဒဟို ဖြတ်သန်းမြဲဖြစ်သည့် လားရှိုး-ကွတ်ခိုင် ပြည်ထောင်စုလမ်းမကြီးမှာ တစ်စပြင်အလား။

ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်များထဲ တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာ့ပြည်တွင်းစစ်၏ မပြီးဆုံးနိုင်သေးသော အနိဋ္ဌာရုံများမှာ လွန်ခဲ့သော ၁၂ ရက်က တစ်ကျော့ပြန် စတင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တပ်မတော်တို့အကြား ထိတွေ့တိုက်ပွဲများကြောင့် တရုတ်-မြန်မာစီးပွားရေး ပင်မလမ်းကြောင်းကြီးအထိပါ ကူးစက်ခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့တွင် မြောက်ပိုင်းသုံးဖွဲ့ဖြစ်သည့် တအာင်းပလောင်အဖွဲ့ (TNLA)၊ ကိုးကန့် (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပြင်ဦးလွင်၊ နောင်ချိုမြို့နယ်များရှိ နေရာငါးနေရာကို တစ်ပြိုင်နက် အလစ်အငိုက် ဝင်တိုက်ခဲ့သည့်ဖြစ်စဉ်အပြီး တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

ဤလမ်းကြောင်း၊ ဤဒေသတွင် တိုက်ပွဲဆိုသည်မှာ မဆန်းသောအရာဖြစ်သော်လည်း ယခု နောက်ဆုံး တိုက်ပွဲများကမူ ကိုးနှစ်အတွင်း အပြင်းထန်ဆုံးနှင့် ကုန်သွယ်ရေးလမ်းကြောင်းကို အထိခိုက်ဆုံး ဖြစ်သည်။ တိုက်ပွဲများကြောင့် မူဆယ်-လားရှိုးလမ်းပိုင်း ပြတ်တောက်နေသည်မှာ ၁၀ ရက်ကျော်လာပြီဖြစ်ပြီး ကုန်ကားအများစုမှာ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ပိတ်မိနေခဲ့သည်။

နမ့်ခမ်း-မူဆယ် နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဋ္ဌ ဦးဝင်းအောင်ခန့် က ကျွန်တော် ကြုံဖူးသမျှ ဒီတစ်ကြိမ် အကြာဆုံးပဲ၊ ကြာလာလေလေ အထိနာလေလေပေါ့” ဟု မူဆယ်မြို့ရှိ ၎င်း၏ရုံးခန်း၌ Myanmar Now နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ပုံမှန်တစ်ရက်လျှင် ကုန်စည်စီးဆင်းမှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင် ရှိခဲ့သည့် နယ်စပ်ကုန်သွယ်ရေးမှာ လမ်းပိတ်ထားသည့်နေ့မှစ၍ တစ်ရက်လျှင် ဒေါ်လာ တစ်သန်းနီးပါးသာ ရှိတော့သည်ဟု ၎င်းက ပြောသည်။

“ဖြတ်သန်းသွားလာလို့လည်း မရဘူး။ ပြီးတော့ ကုန်သွယ်မှုလည်း လုံးဝလုပ်လို့မရဘူး။ ပုပ်သိုးလွယ်တဲ့ ပစ္စည်းတွေ ဥပမာ ကဏန်း၊ ငရှဉ့်ဆိုရင် လုံးဝပျက်စီးသွားပြီ။ နောက် (တရုတ်)ဘက်ကနေ သွားတဲ့အထဲမှာ သစ်သီးတွေလည်းရှိတယ်။ ဒါတွေလည်း မန္တလေးရောက်ရင် ပျက်စီးမယ့်အလားအလာ အများကြီးရှိတယ်။ နောက်ပြီးတော့ အရေးပေါ်ကိစ္စတွေမှာ လူနာတွေ သွားသယ်တာတွေဘာတွေလည်း လုပ်လို့မရဘူး” ဟု ဦးဝင်းအောင်ခန့်က ပြောသည်။

 

ဒီတစ်ကြိမ် အကြာဆုံးပဲ၊ ကြာလာလေလေ အထိနာလေလေ...

 

မတည်ငြိမ်မှုများကြောင့် ထိခိုက်နစ်နာရသမျှထဲတွင် ကုန်သည်များ၊ ကားသမားများ၊ အခြေခံ အလုပ်သမားများသာမက အဖိုးတန်လူ့အသက်များ ဆုံးရှုံးမှုကတော့ အဆိုးဆုံး ဖြစ်သည်။

လက်ရှိအချိန်ထိ မြောက်ပိုင်းအဖွဲ့နှင့် တပ်မတော်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တပ်မတော်ဘက်မှ ဩဂုတ် ၁၅ ရက်က ရဲတပ်ဖွဲ့ဝင်သုံးဦး၊ တပ်မတော်သား ကိုးဦးတို့ ကျဆုံးခဲ့ပြီး ဩဂုတ် ၁၇ ရက်က နမ့်ဖက်ကာတွင် မေတ္တာရှင်လူမှုကူညီရေးအသင်းက သင်္ဂြိုဟ်ခဲ့သည့် တပ်မတော်ဘက်မှကျဆုံးသူ ခြောက်ဦး ရှိခဲ့သည်။

ထို့ပြင် ဩဂုတ် ၁၅ ရက်နေ့ တိုက်ခိုက်မှုတွင် အရပ်သားနှစ်ဦးလည်း တိုက်ခိုက်ခံရကာ သေဆုံးခဲ့သည်။ ထို့နောက် လားရှိုးမြို့နယ် မိုင်းယန်းတွင် ပြည်သူ့စစ်အဖွဲ့ဝင် အမျိုးသားတစ်ဦးနှင့် ဇနီးဖြစ်သူတို့ ပစ်သတ်ခံရမှု ဖြစ်ခဲ့သလို ကွတ်ခိုင်တွင် လက်နက်ကြီးထိမှန်၍ တစ်ဦးနှင့် လားရှိုး ကုန်းဆာတွင် တစ်ဦး သေဆုံးခဲ့သည်။

Myanmar Now က စုံစမ်းရသမျှ ယခုအထိ အရပ်သားများထဲမှ သေဆုံးသူစုစုပေါင်း ကိုးဦးအထိ ရှိခဲ့ပြီဖြစ်သည်။ တိုက်ခိုက်နေကြသည့် မည်သည့်ဘက်ကမျှ အရပ်သားသေဆုံးစာရင်းကို မပြောကြပါ။

တိုက်ပွဲတွေ ဘယ်နေရာမှာ ဖြစ်နေသလဲ

ဩဂုတ် ၁၂ ရက်တွင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ရာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များလှုပ်ရှားရာ မြန်မာပြည်မြောက်ပိုင်းနှင့် AA လှုပ်ရှားရာ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပေးရန်နှင့် မရပ်ပါက နောက်ဆက်တွဲဆိုးကျိုးများကို တပ်မတော်က တာဝန်ယူရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့နောက် သုံးရက်အကြာတွင် ပြင်ဦးလွင်၊ နောင်ချို၊ ဂုတ်တွင်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် မြောက်ပိုင်းတပ်ဖွဲ့ဝင်များနှင့် တပ်မတော်တို့ ထိတွေ့မှုများမှာ လားရှိုးမှတဆင့် သိန္နီ၊ ကွတ်ခိုင်မြို့များဆီသို့ ရွေ့သွားခဲ့သည်။ ကွတ်ခိုင်အလွန် နမ့်ဖက်ကာ၊ နမ့်ဖက်လွန်နေရာများမှာ TNLA တို့ အဓိက ခြေကုပ်ယူထားသည့် ဒေသများဖြစ်ပြီး ပလောင်တိုင်းရင်းသား အများစုနေထိုင်ရာ ဒေသလည်း ဖြစ်သည်။

Myanmar Now က စစ်ဘေးရှောင်နေသည့် ပလောင်မိသားစု ၂၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ရာ ၉၀ ရာခိုင်နှုန်းကျော်က TNLA တွင် တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် မိသားစုဝင် သို့မဟုတ် ဆွေမျိုး အနည်းဆုံး တစ်ဦးစီ ရှိပါသည်ဟု ပြန်ဖြေသည်။ တွေ့ဆုံမေးမြန်းခဲ့သူများမှာ ခိုလုံ၊ လွယ်ပြေစုစည်း၊ ကောင်းဝိုင်း၊ တာ့ရော် ပတ်ဝန်းကျင် ကျေးရွာများမှ စစ်ရှောင်ဒုက္ခသည်များ ဖြစ်သည်။

၎င်းတို့၏ မိသားစုဝင်နှင့် ဆွေးများရင်းချာများ ပါဝင်နေသည့် တအာင်းတပ်နှင့် မြန်မာတပ်မတော်တို့ ဖြစ်နေသည့် တိုက်ပွဲများကြောင့် ၎င်းတို့ကိုယ်တိုင် စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ခုနစ်မြို့နယ်မှ စစ်ဘေးရှောင် ဦးရေမှာ စုစုပေါင်း ၇၀၀၀ ထိ ရှိလာခဲ့ပြီဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ရက် အကြာဆုံး လမ်းပိတ်ဆို့မှု

တဖက်တွင်လည်း ဖြတ်သန်းသွားလာရန် မလုံခြုံသည့်အတွက် မူဆယ်အသွား ကွတ်ခိုင်မြို့အထွက် တိုးဂိတ်တွင် တပ်မတော်နှင့် ဒေသခံပြည်သူ့စစ်တို့ ပူးပေါင်း၍ လမ်းပိတ်ထားခဲ့သလို ကိုးကန့်တပ် (MNDAA) ဦးစီးပြီး မြောက်ပိုင်းတပ်ဖွဲ့က လားရှိုးအသွား မူဆယ်အထွက် ခိုမုံးရွာတွင် ပိတ်ဆို့ထားသည့်အတွက် မန္တလေး-မူဆယ် သွား ပြည်ထောင်စုလမ်းမကြီး ပြတ်တောက်နေသည်မှာ ၁၀ ရက်အထိ ကြာမြင့်သွားပြီဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာက တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် တရုတ်နယ်စပ် မုံးကိုးတိုက်ပွဲကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ခေတ္တပြတ်တောက်ခဲ့သော်လည်း နှစ်ရက်သာ ကြာမြင့်ခဲ့သည်။

ယခုအကြိမ်တွင် တွဲကားနှင့် ကုန်တင်ကားကြီးများမှာ ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်း လုံးဝမရှိတော့ပေ။ ကုန်တင်ကားကြီးများအစား ကားငယ်များဖြင့်သာ ကုန်များခွဲသယ်ကာ ကွတ်ခိုင်မှ တာမိုးညဲကို ဖြတ်သန်းပြီး မူဆယ်သို့ ကွေ့ဝိုက်၍ သွားနေကြသည်။

ပုံမှန်အားဖြင့် ကွတ်ခိုင်မှ မူဆယ်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်းသွားပါက ၂ နာရီခွဲဝန်းကျင်ခန့်သာ မောင်းနှင်ရသော်လည်း တာမိုးညဲမှ သွားလျှင် အနည်းဆုံး ၃ နာရီခွဲထိ ကြာမြင့်သည်။

သို့သော် ဩဂုတ် ၂၃ ရက်က ရရှိသည့် သတင်းများအရ တာမိုးညဲမြို့အလွန် တနိုင်းကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဆက်ကြေးကောက်ခံမှုများ ရှိခဲ့သည်။ ကားတစီးလျှင် ကျပ် ၅၀,၀၀၀ ကျပ် ပေးဆောင်ရသည်ဟု တာမိုးညဲဒေသခံများက ဆိုသည်။

ဆက်ကြေးကောက်သည်ဟုဆိုသည့် တနိုင်းရွာဝန်းကျင်တွင် မြန်မာတပ်မတော်ကိုသာ တွေ့ရှိရပြီး KIA တပ်ဖွဲ့ဝင်များကိုမူ မတွေ့ရချေ။ ဒေသခံများကမူ ၂၃ ရက် တစ်ရက်တည်းသာ ဆက်ကြေးကောက်ခံခဲ့သည်ဟု ဆိုသည်။

Myanmar Now အနေဖြင့် ကွတ်ခိုင်မှ တာမိုးညဲလမ်းမှ တစ်ဆင့် ပြည်သူ့စစ်များ ကြီးစိုးထားသည့် လုံထန်၊ တနိုင်း၊ နမ့်အွမ်ဒေသများကို ဖြတ်ကာ မူဆယ်၊ ထိုမှတဆင့် ဩဂုတ် ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ ကောင်းဝိုင်းရွာ တည်ရှိသည့် နမ့်ခမ်းမြို့ထိ ရောက်ရှိခဲ့သည်။

ဖြတ်သန်းခဲ့ရာ ကွတ်ခိုင်မြို့နယ် လုံထန်သည် ဇွန်လပိုင်းက မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကျပ်ငွေတန်ဖိုး ၁၆ ဘီလျံခန့်ကို ဖမ်းဆီးရမိခဲ့သည့် နေရာလည်း ဖြစ်သည်။

ဩဂုတ်လ ၁၅ ရက်နေ့ တိုက်ခိုက်မှုသည် မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့သည့်အပေါ် မြောက်ပိုင်းသုံးဖွဲ့က မကျေနပ်၍ ပြန်လည်လက်တုံ့ပြန်ခြင်းဟု တပ်မတော်ကဆိုသော်လည်း မြောက်ပိုင်းသုံးဖွဲ့ကမူ ထိုအချက်ကို ပယ်ချထားပြီး တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ခိုက်ရသည်ဟု ဆိုသည်။

တရုတ်အစိုးရ ကြားဝင်မှု

ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက

“လက်နက်ကိုင်ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူသေကြေဒဏ်ရာရရှိစေခြင်းသည် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်သဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊  တရုတ်နိုင်ငံသည် နယ်စပ်ဒေသ၏ တည်ငြိမ်ငြိမ်းချမ်းမှုကို အလွန် အလေးထားပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အစဉ်တစိုက် ထောက်ခံကြောင်း၊ မြောက်ပိုင်းဒေသ၏ အပစ်အခတ်ရပ်စဲရေးအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်လိုကြောင်း” ပြောသွားခဲ့သည်။

ထို့နောက် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် တရုတ်အစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံမှုရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ထိုတွေ့ဆုံပွဲ၏ရလဒ်ကို မေးသည့်အခါ TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်က “အကျိုးအကြောင်း မသိရ” ဟုသာ ပြန်ဖြေသည်။

သို့သော်လည်း အဆိုပါ တွေ့ဆုံမှုနောက်ပိုင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ပြည်ထောင်စုလမ်းမကြီးမှာလည်း ဆက်လက်ပိတ်ဆို့ထားဆဲပင်ဖြစ်သည်။

ရွှေပြည်တော်မျှော်တိုင်းဝေးလား

လူထုက ရွေးကောက်တင်မြှောက်လိုက်သည့် အရပ်သားအစိုးရလက်ထက် ပြည်တွင်းစစ်မီး ငြိမ်းနိုင်ကောင်း၏ဆိုသော မျှော်လင့်ထားချက်များ ယခုအထိ အကောင်အထည်ပေါ်လာဖွယ် မရှိသေးပါ။ ယခုဖြစ်နေသည့် လက်နက်ကိုင်သုံးဖွဲ့အပါအဝင် အဓိကလက်နက်ကိုင်အဖွဲ့အများအပြားကမူ အစိုးရနှင့်တပ်မတော်တို့က ချပြသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) လမ်းကြောင်းထဲသို့ ပါဝင်ရန် ငြင်းဆန်နေဆဲဖြစ်သည်။

တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော်က ဩဂုတ်လ ၂၃ ရက်နေ့တွင် နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရာ အပစ်အခတ်ရပ်စဲရေးအတွက် လမ်းစဝေးနေဆဲ ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။

ထိုရှင်းလင်းပွဲတွင် မြောက်ပိုင်းသုံးဖွဲ့ကို “အကြမ်းဖက်သမားများ” ဟု အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သုံးနှုန်းသွားပြီး ပြင်ဦးလွင်နှင့်နောင်ချိုဒေသ တိုက်ခိုက်ခံရမှုများအားလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ထို့ပြင် “ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမလား။ တပ်မတော်အနေနဲ့ ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား။ အသင့်ပဲ” ဟု

ယင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက သတင်းထောက်များမှတစ်ဆင့် မြောက်ပိုင်းသုံးဖွဲ့ထံ သတင်းစကား ပါးလိုက်သည်။

ပြင်ဦးလွင်နှင့် နောင်ချိုတို့ရှိ တပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်မခံရခင် တစ်ရက်အလို ဩဂုတ်လ ၁၄ ရက်နေ့ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တိုးတက်မှုရှိအောင် လုပ်ကြရန် တိုက်တွန်းထားကြောင်း၊ ယခုလကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည့် တပ်မတော်၏ အပစ်ခတ်ရပ်စဲမှုကာလ သက်တမ်းတိုးရေး၊ မတိုးရေးမှာ လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်ပေါ်တွင် မူတည်ကြောင်း တပ်မတော်က ဆိုသည်။

“ဆွေးနွေးတာ၊ မဆွေးနွေးတာ၊ လာတာမလာတာကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးလိုချင်တယ် မလိုချင်ဘူး အပေါ်မှာ မူတည်ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

မြတ်ကျော်သူသည် Myanmar Now သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ဖြစ်သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading