သတင်း

ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများပြန်ဖြစ်ပွားနေ၍ စစ်ရှောင် ၅၀၀၀ ခန့်ထပ်တိုး

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသောကြောင့် စစ်ဘေးရှောင် အရေအတွက် ၅,၀၀၀ ခန့် ထပ်မံတိုးမြင့်လာကြောင်း စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏ ယနေ့ထုတ်ပြန်ချက်အရ သိရှိရသည်။

ဩဂုတ် ၁၈ ရက်နေ့ ညနေပိုင်းအထိ ကောက်ယူထားသည့် စာရင်းများအရ ရခိုင်မြောက်ပိုင်း မြို့နယ် ၈ မြို့နယ်တွင် စစ်ရှောင်အရေအတွက် ၆၀,၀၀၀ ကျော် ရှိသည်ဟု စစ်ရှောင်များအရေး ကူညီမှုများလုပ်နေသည့် REC က ယနေ့ ထုတ်ပြန်သည်။

REC မှ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ဇူလိုင် ၃၀ ရက်စာရင်းတွင် စစ်ရှောင်အရေအတွက် ၅၅,၇၉၇ သာ ရှိပြီး ယခုတစ်ကြိမ်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ရက်သတ္တသုံးပတ်တာအတွင်း စစ်ရှောင်အရေအတွက် ၅၀၀၀ ခန့် တိုးမြင့်လာခြင်းဖြစ်သည်။

ဩဂုတ် ၁၈ ရက်နေ့က ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မြေပုံမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများလည်းရှိကြောင်း AA အဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မနက် ၁၁ နာရီခွဲခန့်က ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်ကျေးရွာအုပ်စု၊ ဂေါင်းတိုက်ကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ တောင်ကုန်းများတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂေါင်းတိုက်ရွာနှင့် ဆင်သေပြင်ရွာမှာ ရွာသားတချို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေက ပြောသည်။

“ တချို့ရွာတွေက အရင်တိုက်ပွဲတွေကတည်းက လူတွေတစ်ယောက်မှ မရှိတော့ဘူး၊ အခု ကျန်တဲ့သူတွေလည်း ထွက်ပြေးကြပြီ ” ဟု ၎င်းက ပြောသည်။

စံဂိုးတောင်ကျေးရွာအုပ်စုတွင် ဥယျာဉ်သာ၊ နွားရုံတောင်၊ သျှစ်သျှားတောင်၊ စံဂိုးတောင်စသည့် ရခိုင်ရွာများနှင့် ဂေါင်းတိုက်၊ ဆင်သေပြင်စသည့် ဒေသခံ မွတ်စလင်ရွာများရှိပြီး တိုက်ပွဲများကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေကြကြောင်း ၎င်းက ရှင်းပြသည်။

ဩဂုတ် ၁၈ ရက်နေ့က မြေပုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသလို ရသေ့တောင်မြို့နယ် အမျက်တောင်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

မိုင်းဆွဲခံရသည့် တပ်မတော်စစ်ကြောင်းက အမျက်တောင်ရွာအတွင်း ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ပြီး နာရီအနည်းငယ်အကြာတွင် ပြန်လည်ထွက်ခွာသွားသည်ဟု သိရကြောင်း အမျက်တောင်ရွာသား ဦးစံထွန်းဦးက ပြောသည်။

လွန်ခဲ့သည့် ၂ လခန့်က အမျက်တောင်ရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသားအားလုံးနီးပါးမှာ အနီးအနားကျေးရွာများသို့ တိမ်းရှောင်နေကြောင်း စစ်ဘေးတိမ်းရှောင်နေသည့် ဦးစံထွန်းဦးက ပြောသည်။

“မနက်ပိုင်းမှာပဲ ရွာဘက်က မိုင်းပေါက်တဲ့အသံ ကြားရတယ်၊ ပြီးတော့ သေနတ်ပစ်သံတွေလည်း ကြားရတယ်” ဟု ဦးစံထွန်းဦးက ပြောသည်။

ရသေ့တောင်မြို့၏ မြောက်ဘက် ၁၃ မိုင်ခန့်အကွာတွင်ရှိသည့် အမျက်တောင်ရွာသည် အိမ်ခြေ ၁၈၀ ခန့်နှင့် လူဦးရေ ၁၀၀၀ ကျော်ရှိပြီး တိုက်ပွဲများကြောင့် ရွာသားအားလုံးနီးပါးမှာ တိမ်းရှောင်နေကာ ရွာစောင့်အဖြစ် လူဦးရေ ၃၀ ခန့်သာ ရွာထဲတွင် ကျန်နေခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ယမန်နေ့က အမျက်တောင်ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရသော်လည်း ထိခိုက်ဒဏ်ရာရမှုမရှိကြောင်းနှင့် မိုင်းဆွဲမှုအပြီး အနီးအနားဝန်းကျင်များကို နယ်မြေရှင်းလင်းရေးများ လုပ်နေကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကို ပြောသည်။

Show More

Related Articles

Back to top button