သတင်း

ပြည်ခိုင်ဖြိုး၏ ခြေဥပြင်ဆင်ရေး ဥပဒေကြမ်း ၄၅ ဦးကော်မတီ လုပ်ငန်းစဉ်ထဲထည့်ရန် ပူးပေါင်းကော်မတီ မှတ်ချက်ပြု

ပြည်ခိုင်ဖြိုးပါတီက တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်း ကော်မတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းရေးဆွဲသည့် လုပ်ငန်းစဉ်တွင် ထည့်သွင်းရန် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မှတ်ချက်ပြုခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ မိတ္ထီလာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းအပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၄၅ဦးက ဒုတိယအကြိမ် အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ယခုနှစ် မတ်လ ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် လက်မှတ်ရေးထိုးတင်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် မေလ ၂၉ ရက်နေ့  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယကက တင်ပြခဲ့ပြီး ထိုဥပဒေကြမ်းကို လေ့လာစိစစ်၍ အစီရင်ခံစာတင်ပြရန် လွှတ်တော်နှစ်ရပ်မှ  ဥပဒေကြမ်းကော်မတီဝင်များ ပါဝင်သည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။

ထိုကော်မတီက ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရန် တာဝန်ပေးအပ်ခဲ့ပြီး သတ်မှတ်ရက်ဖြစ်သည့် ယနေ့ မနက်ပိုင်းတွင် ပူးပေါင်းကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်သည်။

လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက ဒေါက်တာမောင်သင်း တင်သွင်းသည့် ဒုတိယအကြိမ် ဖွဲ့စည်းပုံ ပြင်ဆင်သည့် ဥပဒေကြမ်းမှာ ပြည်ခိုင်ဖြိုးပါတီက ယခုနှစ်အတွင်း ဒုတိယအကြိမ်ထပ်မံ တင်သွင်းသည့် ဥပဒေကြမ်းဖြစ်ပြီး  ပြည်ခိုင်ဖြိုးပါတီ၏ ကျောင်းကုန်းလွှတ်တော် အမတ် ဦးသိန်းထွန်းကလည်း ယခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အလားတူ ဥပဒေကြမ်းမျိုး ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းခဲ့ဖူးကြောင်း ပြောသည်။

သို့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်သည့် လုပ်ငန်းစဉ် နှစ်ရပ် အပြိုင်တင်သွင်းလာသည့် အခါ သီးခြားဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ဖော်ပြထားခြင်းမရှိသည့်အတွက် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူပြီး ၄၅ ဦးကော်မတီက ရေးဆွဲနေသည့် အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်အတွင်း ထည့်သွင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ယခု ဒေါက်တာမောင်သင်း တင်သွင်းလာသည့် ဥပဒေမူကြမ်းကိုလည်း  ပြည်ခိုင်ဖြိုးပါတီ ကျောင်းကုန်းလွှတ်တော် အမတ် ဦးသိန်းထွန်းတင်သွင်းခဲ့စဉ်က ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည့်အတိုင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဆက်လက် ဆောင်ရွက်မည့် ဥပဒေမူကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် တစ်ပေါင်းတည်း ထည့်သွင်း စိစစ်ဆောင်ရွက်သင့်ကြောင်း ၎င်းကပြောသည်။

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပူးပေါင်းကော်မတီ၏အစီရင်ခံစာကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ လာမည့် တနင်္လာနေ့ (၁၉ ဩဂုတ်လ) နောက်ဆုံးထားကာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းရန် ကြေညာထားသည်။

Show More

Related Articles

Back to top button