အင်တာနက်ပေါ် မှာ လုံခြုံမှုရှိရှိ ဘယ်လိုဆက်သွယ်ကြမလဲ

ဆိုရှယ်မီဒီယာတွေသုံးပြီး အွန်လိုင်းပေါ်မှာ နေ့စဉ်ပြောဆိုနေကြတဲ့ အကြောင်းအရာတွေဟာ လုံခြုံမှုရှိပါသလား။ သင်ပြောခဲ့တဲ့ လူသိမခံချင်တဲ့ သင့်အကြောင်းတွေကို တိတ်တဆိတ်သိနိုင်တဲ့သူတွေ ရှိနေပါတယ်။

Published on Aug 14, 2019
မြန်မာနိုင်ငံတွင် လူသုံးများသည့် Viber ဖြင့် မိတ်ဆွေများအား ဆက်သွယ်နေသောသူတစ်ဦး။
မြန်မာနိုင်ငံတွင် လူသုံးများသည့် Viber ဖြင့် မိတ်ဆွေများအား ဆက်သွယ်နေသောသူတစ်ဦး။

ကျနော်တို့ တဦးနဲ့တဦး စကားပြောကြတယ်ဆိုတာ တကယ်တော့ ပုဂ္ဂိုလ်ရေး (Private) ဖြစ်ပါတယ်။ ခံစားမှုတွေ၊ မိသားစုအရေးတွေဆီကနေ နောက်ဆုံး စီးပွားရေး၊ နိုင်ငံရေးအထိ၊ တကိုယ်စာအရေးကနေ နိုင်ငံရေးလျှို့ဝှက်ချက်တွေအထိ စကားပြောကြပါတယ်။

အပြင်မှာ လူချင်းတွေ့ နှစ်ကိုယ်ကြားပြောသလိုပဲ ဒီနေ့ ဒီဂျစ်တယ်ခေတ်မှာ စကားပြော၊ စာပို့လို့ရတဲ့ အပလီကေးရှင်း (App - application) တွေကနေတဆင့် ပြောနေကြပါပြီ။ တကယ်တော့ ဒီဂျစ်တယ် စကားပြော၊ စာပို့ App တွေထဲမှာ ပြောပြီဆိုကတည်းက အရင်ဆုံး သတိချပ်သင့်တာက ဒီပြောစကားတွေကို သိနေတာဟာ ကျနော်တို့ချည်းပဲ မဟုတ်တော့ဘူးဆိုတာပါပဲ။

သင့်အကြောင်းကို သူတို့သိချင် သိလို့ရသည်

ဒီနေ့ခေတ်မှာ ဘယ် ဆိုရှယ်မီဒီယာကို သုံးသုံး ဖုန်းနံပါတ်တခု မဖြစ်မနေ လိုအပ်ပါတယ်။ (နောက်ပိုင်းတော့ E-Sim လို့ခေါ်တဲ့ Electronic Sim တွေပေါ်လာရင် ဒီထဲက တချို့ပြဿနာတွေ ပြေလည်သွားမလားတော့ ကံသေကံမ မပြောတတ်ပါ) ကျနော်တို့ အသုံးပြုထားတဲ့ ဖုန်းနံပါတ်တွေကို ထုတ်လုပ်တဲ့ ဆက်သွယ်ရေး (MPT, Telenor, Ooredoo, MyTel) စတဲ့ ကုမ္ပဏီ (Telecom Provider) တွေဟာ ကျနော်တို့သုံးနေတဲ့ သူတို့ရဲ့နံပါတ်နဲ့ တခုခု စလုပ်ပြီဆိုကတည်းက သိနိုင်ပါတယ်၊ သိလို့ရပါတယ်။

တခြားအကြောင်းအရာတွေထက် စကားပြော၊ စာပို့တဲ့ App တွေအကြောင်းပဲ အဓိကထားပြောကြရအောင်ပါ။ တချို့က "Messenger" လို့ပြောလိုက်တာနဲ့ Facebook Messenger ကိုပဲ ထင်ကြပါတယ်၊ မြင်ကြပါတယ်။ တကယ်တော့ စကားပြော၊ စာပို့လို့ရတဲ့ App မှန်သမျှဟာ Messenger App ပါပဲ။ Viber, Line, WhatsApp, Telegram, Signal တို့အားလုံးဟာလည်း Facebook Messenger နည်းတူ Messaging App တွေပါပဲ။ တနည်းဆိုရရင် Instant Messaging system (IM - system) သုံးထားတဲ့ App တွေပါပဲ။

ဒီ IM system နဲ့တည်ဆောက်ထားတဲ့ App တွေဟာ ကျနော်တို့ တဦးချင်းပြောနေတဲ့ စကားတွေကို အရင်ဆုံး "Restore" လုပ်ပြီး၊ သိမ်းဆည်းထားပါတယ်။ တဖက်လူမမြင်ခင် သိမ်းဆည်းထားသလို မြင်ပြီးသွားတဲ့အချိန်၊ နောက်ဆုံး ပြောခဲ့သမျှတွေကို ဖျက်ပစ်လိုက်ရင်တောင် ဖုန်းကုမ္ပဏီ (Telecom Provider) တွေနဲ့ ဒီ App ကုမ္ပဏီ (Internet Provider) တွေဟာ ကျနော်တို့ပြောခဲ့တာတွေ "အားလုံးကို သိနိုင်" ပါတယ်။ နောက်ဆုံး အစိုးရ၊ တရားရေး စတာတွေက ကျနော်တို့ ပြောခဲ့တာတွေကို (ဖျက်ပစ်လိုက်ရင်တောင်မှ) နည်းပညာအရ ပြန်ရှာဖွေ ကြည့်ချင်တယ်ဆိုရင် အလွယ်တကူပဲ ကြည့်နိုင်ပါတယ်။ (တကယ်ကို သူတို့ သိနိုင်ပါတယ်)။

ကျနော်တို့ လက်ရှိသုံးနေတဲ့ စာပို့၊ စကားပြော Messaging App တွေရဲ့ ၉၉ ဒသမ ၉၈ ရာခိုင်နှုန်းသော App တွေမှာ Instant Messaging system (IM - system) ဖြစ်တဲ့အတွက် ဒီလိုကြည့်နိုင်တာပဲဖြစ်ပါတယ်။ ဒီစနစ်ကို ရှောင်နိုင်တဲ့ တခုတည်းသောနည်းလမ်းကို ပြောပါဆိုရင် End-to-End Encryption စနစ်ပါဝင်တဲ့ စာပို့၊ စကားပြော App ကို အသုံးပြုဖို့ပါပဲ။

"End-to-End Encryption ဆိုတာ ဘာလဲ...?"

အတိုကောက် E2EE လို့ခေါ်တဲ့ End-to-End Encryption ဆိုတာ တကယ်တော့ ပို့သူနဲ့ လက်ခံရရှိသူ နှစ်ဦးတည်းကပဲ မြင်နိုင်၊ သိနိုင်တဲ့ စနစ်ပါပဲ။ ကြားခံဖုန်းကုမ္ပဏီ (Telecom Provider) တွေအပြင် App ကုမ္ပဏီ၊ အင်တာနက်ကုမ္ပဏီ (Internet Provider) တွေကလည်း ဝင်ကြည့်လို့မရပါဘူး။ ဒီအတွက် ပေးပို့သူနဲ့ လက်ခံသူသာ သိသင့်တဲ့ကိစ္စတွေကို အစိုးရနဲ့ တခြား ကြားခံအဖွဲ့အစည်းတွေက အသုံးပြုလို့ မရတော့သလို အာဏာသုံးပြီး ရှာဖွေဖို့လည်း မလွယ်တော့ပါဘူး။

Viber and FB Messenger

မြန်မာနိုင်ငံမှာ အများစုသုံးကြတဲ့ စာပို့၊ စကားပြောတဲ့ App တွေကို ကျနော် လေ့လာမိသလောက် Facebook Messenger နဲ့ Viber ပါပဲ။ Viber ဟာ အစ္စရေးမှာ အခြေတည်ပြီး လူဇင်ဘတ်နိုင်ငံကနေ ထိန်းချုပ်တဲ့ ဂျပန် မာတီမီဒီယာကုမ္ပဏီတခု ဖြစ်ပါတယ်။ Viber ရုံးခွဲတွေဟာ အရှေ့တောင်အာရှက စင်္ကာပူလိုနိုင်ငံမျိုးတွေအပါအဝင်၊ နယ်သာလန်၊ ရုရှား၊ စပိန်၊ ဂျပန်၊ ယူကေ၊ အမေရိကန်နိုင်ငံတွေမှာ ရှိသလို အစ္စရေးမှာလည်း ရှိပါတယ်။ ဒါကြောင့် အစ္စရေးနဲ့ နိုင်ငံရေးအရ အဆင်မပြေတဲ့ နိုင်ငံတွေ၊ ရုရှားနဲ့ အဆင်မပြေတဲ့ နိုင်ငံတွေဟာ Viber ကို ရှောင်လေ့ရှိကြပါတယ်။

Viber ဟာ မြန်မာနိုင်ငံမှာ မြို့နေလူတန်းစားတွေလည်း သုံးကြသလို၊ ကျေးလက်နေလူထု အသုံးအများဆုံး App တွေထဲကတခုပါ။ E2EE စနစ်ပါဝင်ပါတယ်။ ဒါပေမယ့် ပြောပလောက်တဲ့အထိ လုံခြုံနေတာတော့ မဟုတ်ပါဘူး။ ဒီနေ့မှာ Viber ကို တနည်းအားဖြင့် စောင့်ကြည့်လို့ရတဲ့ Fonemonitor လို့ App မျိုးတွေ ပေါ်နေပြီဖြစ်သလို Viber မှာ ဘယ်သူနဲ့ ဖုန်းပြောနေသလဲ၊ ဘယ်သူနဲ့ ဘာတွေပြောနေသလဲအထိ တခြား App တခုကိုသုံးပြီး ကြည့်လို့ရပါတယ်။ စောင့်ကြည့်လို့ရပါတယ်။ ဒါပေမယ့် တယောက်ယောက်က ကိုယ့် Viber ကို ဒီလိုစောင့်ကြည့်နေတယ်ဆိုတာကို အသုံးပြုသူအနေနဲ့ မသိနိုင်ပါဘူး။

နောက်ထပ် Viber ရဲ့ စိတ်အနှောင့်အယှက်အဖြစ်ရဆုံးကိစ္စက ကိုယ့်ဖုန်းနံပါတ်ကို သိတဲ့ ဘယ်သူမဆို ကိုယ့်ကို Direct Message အနေနဲ့ ဆက်သွယ်နိုင်ပြီး ဒီလူနဲ့ စကားပြောချင်သလား၊ မပြောချင်ဘူးလား စသဖြင့် ကြားခံ (Filtering System) တောင် မပါဝင်တဲ့ App ပါ။ ပြီးတော့ ဘယ်သူမဆို မသိနိုင်တဲ့ Group (ဂရု) ပေါင်းများစွာထဲကို ကိုယ့်ဖုန်းနံပါတ်ကို ထည့်နိုင်ပြီး ဒီ Group ထဲကို ဝင်ချင်သလား၊ မဝင်ချင်ဘူးလားဆိုတာလည်း ဒီ App က ကြိုတင်အသိပေးခြင်း မရှိပါဘူး။ ကိုယ့်နံပါတ်က အလိုလျောက်ဝင်နေပြီး အချက်ပေးချက် (Notification) တွေ ဝင်လာတော့မှ ဂရုတခုထဲ ရောက်နေပြီဆိုတာ သိရတယ်။

ဒီလိုပဲ ကိုယ့်ရဲ့ဖုန်းနံပါတ် ထည့်လိုက်ရုံနဲ့ ကိုယ့်ကိုယ်ရေးအချက်အလက် အတော်များများကို တခြားလူတယောက်က ဝင်ကြည့်နိုင်ပါတယ်။ ဖုန်းနံပါတ် တခုသိရုံနဲ့ ကိုယ့်အချက်အလက်အားလုံးကို အများပြည်သူ (Public) ကို ချပြပေးလိုက်ရတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဖုန်းပြော၊ ဗီဒီယိုကောခေါ်၊ အလှူဖိတ်၊ မင်္ဂလာဆောင် ဖိတ်စာပို့၊ ဟက်ပီးဘတ်ဒေးလှမ်းလုပ်တာလောက်ပဲ ကောင်းပါတယ်။ ခုနောက်ပိုင်း သတင်းဌာနတချို့နဲ့ ဆယ်လီဗြစ်တီ တချို့က Viber မှာ Public Account တွေ ဖွင့်ထားကြပြီး ဒီကနေလည်း သတင်းတွေ ဖတ်နိုင်သလို ဆယ်လီ တွေရဲ့ လုပ်ကိုင်မှုတွေကို ကြည့်နိုင်တာတော့ ရှိပါတယ်။ ဒါပေမယ့် ဒီလောက်ပဲ ကောင်းပါတယ်။ ဟုတ်ပါတယ်၊ တကယ် ဒီလောက်ပဲ ကောင်းပါတယ်။

အများဆုံးအသုံးပြုတဲ့အထဲက နောက်တခုက Facebook Messenger ပါ။ အရင်က သိပ်ပြီး ဂရုမပြုခဲ့ကြပေမယ့် ခုနောက်ပိုင်း တော်တော်များများ သတိထားမိလာကြတာကတော့ FB Messenger ထဲပြောသမျှ ကိုယ့် Newsfeed မှာ ကြော်ငြာတွေ တက်လာတယ်ဆိုတာပါပဲ။ ဒါဟာ တိုက်ဆိုင်မှုလည်း မဟုတ်သလို ကံ၊ ကံ၏အကျိုးလည်း မဟုတ်ပါဘူး။ Facebook ဟာ ကျနော်တို့ ပြောသမျှတွေကို 'Restore' လုပ်နေပြီး ဒီကနေတဆင့် အွန်လိုင်းအရောင်းအဝယ်ကုမ္ပဏီကြီးတွေကို ဒီအချက်အလက်တွေကို ရောင်းပြီး အဲ့ဒီကုမ္ပဏီတွေက ကျနော်တို့ကို ပြန်ဈေးရောင်းနေတာ ဖြစ်ပါတယ်။

Facebook အကြောင်းပြောရရင် ကုန်နိုင်မယ် မထင်ပါဘူး။ ဒါပေမဲ့ စဉ်းစားကြည့်ပါ။ ကျနော်တို့ ပြောနေတာတွေကို သူတို့က ဈေးရောင်းဖို့အတွက် မဟုတ်ဘဲ တခြားရည်ရွယ်ချက် တစုံတရာအတွက် အသုံးပြုလိုက်မယ်ဆိုရင်ရော... အများကြီး မစဉ်းစားစေလိုပါဘူး။ အမေရိကန်နိုင်ငံမှာ ဒေါ်နယ် ထရမ့် သမ္မတဖြစ်သွားရတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ FB က အချက်အလက်တွေကို အသုံးချပြီး မဲပေးသူတွေကို ဆွဲဆောင်၊ ဖြားယောင်းဖို့အတွက် အသုံးပြုခဲ့တာဟာ တခုအပါအဝင်ပါပဲ။ ဟုတ်ပါတယ်၊ ကျနော်တို့ နေ့စဉ် ပြောနေသမျှ စကားတွေကို အဲ့ဒီလောက်ထိ အသုံးပြုလို့ရပါတယ်။ အသုံးလည်း ပြုနေကြပါတယ်။

FB Messenger ရဲ့ နောက်ထပ် အကြီးမားဆုံး အားနည်းချက်ကတော့ Personal Facebook Profile ရဲ့ Password ကို ရသွားရင် ခင်ဗျားရဲ့ Messenger ကိုလည်း ဖွင့်လို့ရသွားပြီဆိုတာပါပဲ။ တချို့က ပြောကြပါလိမ့်မယ် "ဟုတ်တယ်လေ ရမှာပေါ့၊ သူတို့က တခုတည်းပဲ မဟုတ်လားလို့" ဟုတ်ပါတယ်။ ဒါကြောင့် ပိုကြောက်စရာကောင်းတာပါ။ FB Messenger ကလွဲရင် တခြား Messenger အများစုဟာ စာပို့၊ စကားပြော သီးသန့် Messenger တွေဖြစ်သလို၊ အကောင့်တခု၊ Password တခုတည်းနဲ့ အဆင်ပြေပါတယ်။ FB Messenger ကတော့ Facebook နဲ့ ဆက်နေတဲ့အတွက် Password ခဲတလုံးနဲ့ ငှက်နှစ်ကောင် ပစ်နိုင်တာပါပဲ။

တချို့က "ငါတို့က နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပြောနေတာမှ မဟုတ်တာ၊ ဘာ အရေးကြီး အချက်အလက်တွေမှလည်း ပြောမနေဘူး။ ဒါကြောင့် ဒီကိစ္စတွေ ဂရုစိုက်စရာမလိုဘူး" လို့ ဆိုကြတယ်။ ဒါဆို ကိုယ့် Facebook ကို တခြားတယောက်က ဝင်ရောက်နိုင်သွားရင်ရော၊ တနည်း Hack ခံလိုက်ရရင်ရော။ ကိုယ့် ကိုယ်ရေးကိုယ်တာကိစ္စတွေကို တခြားတယောက်ယောက် သိသွားရင်ရော။ ဒါ သိပ်ကြောက်စရာ ကောင်းပါတယ်။

လူတွေဟာ FB Messenger ကို ဘာကြောင့် စွဲလမ်းရသလဲဆိုရင် IM - system သုံးထားတဲ့ Messaging App တွေထဲမှာ သုံးတဲ့သူကို အဓိက ဆွဲဆောင်နိုင်တဲ့ UI (User Interface) လို့ ခေါ်တဲ့ သုံးစွဲသူမြင်ရတဲ့ အမြင်က အရမ်းကောင်းသလို၊ UE (User Experience) လို့ခေါ်တဲ့ အလွန်အင်မတန် သုံးရလွယ်ကူတဲ့အတွက်ပါပဲ။ စတစ်ကာတွေ၊ အီမိုဂျီတွေ စုံလင်သလို၊ ခုဆိုရင် Dark Mode လည်း ပြောင်းလို့ရနေပြီဆိုတော့ တော်တော်များများက ပသာဒဖြစ်တဲ့အတွက် ကြိုက်ကြပါတယ်။

ဒါပေမဲ့ FB Messenger ဟာ Viber ထက်ကို အလွန်အင်မတန်ဆိုးရွားပြီးတော့ ကျနော်တို့ ပြောသမျှ အသံရော၊ စာရော၊ နောက်ဆုံး စာရိုက်ပုံအကျင့်၊ သုံးစွဲနေကျ စတစ်ကာကိုရော မှတ်သားသိမ်းဆည်းထားတဲ့အတွက် ကိုယ့်လုံခြုံရေးအတွက် သတိထားလိုတဲ့လူတွေအတွက် ဖုန်းပြော၊ ဗီဒီယိုခေါ်၊ စာရိုက်တာတွေ လုံးဝမလုပ်သင့်ပါဘူး။ FB Messenger ဟာ Messaging App တွေထဲမှာ လုံခြုံမှုအနည်းဆုံးနဲ့ ထိခိုက်မှုအဖြစ်နိုင်ဆုံး App ပါပဲ။ အဲ... နည်းနည်းလေး သုံးချင်ပါသေးတယ်ဆိုရင်တော့ဖြင့် အလှူဖိတ်၊ မင်္ဂလာဆောင် ဖိတ်စာပို့၊ ဟက်ပီးဘတ်ဒေးလှမ်းလုပ်တာလောက်ပဲ ကောင်းပါတယ် ဆိုတဲ့အကြောင်း ပြောပါရစေ။

WhatsApp ရဲ့ လားရာ

ကဲ...လာပါပြီ ကျနော်တို့ရဲ့ မင်းသားကြီး။ ၂၀၁၆ လောက်ထိ ဘယ် Messaging App မှ E2EE စနစ် (ပေးပို့သူနဲ့ လက်ခံသူသာ မြင်ရ၊ သိရတဲ့ စနစ်) ကို မသုံးကြသေးပါဘူး။ နောက်ပိုင်းမှာတော့ "ကျနော်တို့ကတော့ E2EE စနစ်ကို လုံးဝအသုံးပြုထားပါတယ်" ဆိုပြီး ဈေးကွက်ထဲ မော်ကြွားပြီး ဝင်လာတာကတော့ WhatsApp ပါပဲ။ WhatsApp ဟာ အမေရိကန်ထုတ်ကုန် တခုဖြစ်ပြီး အရမ်းအောင်မြင်လာတဲ့နောက် ၂၀၁၄ မှာ Facebook က ဝယ်ယူသိမ်းပိုက်ခဲ့ပါတယ်။

WhatsApp ဟာ ဥရောပနိုင်ငံအချို့နဲ့ အမေရိကမှာ အသုံးအများဆုံး App တခုပဲဖြစ်ပါတယ်။ E2EE စနစ်ဟာ သူ့ဆီမှာ အလိုလျောက်ပါဝင်တာကြောင့် ယုံကြည်စိတ်ချစွာ သုံးခဲ့ကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ စင်္ကာပူဟာ WhatsApp အသုံးအများဆုံး နိုင်ငံတခုဖြစ်ပြီး အင်ဒိုနီးရှားနဲ့ မလေးရှားက ဒုတိယနေရာမှာ ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ WhatsApp အသုံးပြုသူ ၁ ဘီလီယံခွဲ (သန်း ၁၅၀၀) ထိ ရောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာလည်း ၂၀၁၈ အစပိုင်းလောက်မှာ WhatsApp ကို စပြီး အသုံးပြုလာခဲ့ကြပါတယ်။ 

WhatsApp ဟာ သူ့ရဲ့လုံခြုံရေးစနစ်ကြောင့် နာမည်ကြီးခဲ့တာဟာ ဒီနှစ် အစောပိုင်းမှာ သံသယစာရင်းထဲ ပါဝင်လာခဲ့ပါတယ်။ ဒီနှစ် မေလ ပထမပတ်လောက်မှာ အစ္စရေးနည်းပညာကုမ္ပဏီတခုရဲ့ iPhone အသုံးပြုသူတွေရော၊ Android အသုံးပြုသူတွေရောပါ ဒုက္ခရောက်စေတဲ့ spyware တခု ထွက်ပေါ်လာခဲ့ပါတယ်။ ဒီ spyware ဟာ ဖုန်းရဲ့ ကင်မရာ၊ မိုက်ခရိုဖုန်းတွေကို သုံးနိုင်သလို ဖုန်းမျက်နှာပြင်ပေါ်မှာ အလုပ်လုပ်နေတဲ့အရာမှန်သမျှကိုလည်း မှတ်တမ်းရယူနိုင်ပါတယ်။ ထပ်ပြီး ဒီ spyware ဟာ ခုနကပြောတဲ့ WhatsApp လို App မျိုးရဲ့ E2EE စနစ်ကိုပါ ဖောက်ထွင်းဝင်ရောက်နိုင်တယ်ဆိုတာပါပဲ။ မေလအတွင်းမှာ WhatsApp ကို Facebook ကုမ္ပဏီက အသည်းအသန် အဖတ်ဆည်ခဲ့ရပါတယ်။ အသုံးပြုသူတော်တော်များများလည်း ထိတ်လန့်ခဲ့ကြပါတယ်။

E2EE နှင့် လျှို့ဝှက်စခန်းပြောခန်း

လုံခြုံရေးကို ဦးစားပေးမယ်ဆိုရင်တော့ E2EE စနစ်သုံးထားပြီး လျှို့ဝှက်စကားပြောခန်း (Secret Chat) ပါဝင်တဲ့ App ကိုရွေးချယ်သင့်ပါတယ်။ Secret Conversation ဆိုတာ ကိုယ်ပို့လိုက်တဲ့စာ၊ ဓာတ်ပုံ၊ ဗွီဒီယိုကို လက်ခံရရှိသူရော၊ ကိုယ်တိုင်ပါမြင်ရတဲ့အချိန် အကန့်အသတ်ကို ထိန်းချုပ်နိုင်တဲ့စနစ်ပါပဲ။ Facebook Messenger ဟာ ဒီနှစ်၊ နှစ်လယ်လောက်မှာ Secret Conversation ဆိုတာကို အစပြုခဲ့ပြီး E2EE စနစ်ကို ထောက်ပံ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သိပ်အသုံးမတွင်ကျယ်သလို Facebook Messenger ရဲ့ အရင်က နာမည်ဆိုးကြောင့် ဒီ Secret Conversation ဟာ ဘယ်လောက်ထိ လုံခြုံမှုရှိနိုင်သလဲဆိုတာတော့ အာမ မခံနိုင်ပါဘူး။ Viber ဟာလည်း Secret Chat ကို နောက်ပိုင်းမှာ မိတ်ဆက်ခဲ့ပေမယ့် သူ့ရဲ့ အလွယ်တကူဝင်ရောက်နိုင်တဲ့ စနစ်ကြောင့် အတော်များများက သိပ်အသုံးပြုလေ့မရှိကြပါဘူး။

WhatsApp ဟာ E2EE ပါဝင်ပေမယ့် လျှို့ဝှက်စကားပြောစခန်း "Secret Chat" တော့ ပါဝင်ခြင်း မရှိပါဘူး။ Viber ဟာလည်း ထိုနည်း၎င်းပါပဲ။ Secret Chat မပါဝင်တဲ့ တခြား App နောက်တခုကတော့ LINE ပါပဲ။ ကိုရီးယားအခြေစိုက် LINE ကုမ္ပဏီဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက အသုံးအများဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စီးပွားရေးအရအုပ်စုတူရာသာ အသုံးများပြီး သိပ်ရေပန်းမစားပါဘူး။

ဒါဆိုရင် ဘာတွေသုံးမလဲ

Wire၊ Wickr၊ Telegram၊ Signal တို့ဟာ မြန်မာလူထုနဲ့သိပ်မရင်းနှီးတဲ့ App တွေဖြစ်ပါလိမ့်မယ်။ ကိုယ်ပို့တဲ့စာတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေအတွက် လုံခြုံရေးကို အထူးအလေးထားကြသူတွေကတော့ သိပြီးဖြစ်ပါလိမ့်မယ်။ မြန်မာလူထုအတွက်ကတော့ ဒီ App တွေဟာ သိပ်ကြီးကျယ်လွန်းတယ်လို့ ဆိုခဲ့ကြပေမဲ့ ခုချိန်မှာတော့ လိုအပ်နေပြီလို့ ထင်ပါတယ်။ Facebook ဖောက်ထွင်းခံရ၊ Viber ကိုဖောက်ထွင်းခံရတာတွေဟာ နေ့စဉ်ရက်ဆက် မကြားချင်ဆုံးကိစ္စတွေပါပဲ။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ဆုံးရှုံးနေရသလို နာမည်ကြီးတချို့ဆိုရင်လည်း သူတို့အတွင်းရေးတွေ ပေါက်ကြားကုန်ပါတယ်။

အပေါ်က App သုံးခုထဲမှာ Signal ကတော့ လုံခြုံရေးအကောင်းဆုံး App တခုပါပဲ။ ကမ္ဘာကျော် ကွန်ပျူတာသမား အက်ဒွပ် စနိုဒင်ကတောင် 'လန်းတယ်' လို့ ပြောခံထားရတဲ့ App ပါပဲ။ Telegram နဲ့ Wickr တို့မှာ စကားပြောလို့ရတဲ့ နည်းလမ်း နှစ်ခုရှိပြီး သာမန်ရိုးရိုးပဲ ပြောမလား၊ Secret Chat နဲ့ပြောမလားဆိုပြီး ရှိပါတယ်။ E2EE စနစ်သုံးပြီး ပေးပို့သူရော၊ လက်ခံရရှိသူပါ မြင်ရပြီး ပျောက်သွားစေနိုင်တဲ့ Secret Chat (or) Secret Conversation ကတော့ အကောင်းဆုံးပါပဲ။ Signal မှာတော့ သူ မူရင်းအနေနဲ့မှာကို ပို့လိုက်တဲ့ စာတွေ၊ ပုံတွေ ပျောက်သွားစေမလား၊ အမြဲတမ်းရှိနေမလားဆိုတာကို ခလုပ်တခုကို နှိပ်လိုက်ရုံနဲ့ရပါတယ်။ အပေါ်မှာပြောသလို နှစ်ခုထဲကတခု ရွေးချယ်စရာမလိုပါဘူး။

ဒါပေမဲ့ Signal နဲ့ Wickr ဟာ လုံခြုံရေးအတွက် အသုံးပြုတာဖြစ်လို့ နှစ်လိုဖွယ်ရာတွေတော့ မပါဝင်ပါဘူး။ ဥပမာ - စကားပြော App တိုင်းမှာပါဝင်တဲ့ နောက်ခံ Background ပြောင်းလဲတာကို Signal မှာ လုပ်လို့မရသလို၊ သူ့ကိုယ်ပိုင် စတစ်ကာတွေလည်း ထုတ်လုပ်မထားတဲ့အတွက် မျက်စိပသာဒ မဖြစ်ပါဘူး။ အင်မတန်ရိုးရှင်းလွန်းတဲ့ App ဖြစ်တဲ့အတွက် လုံခြုံရေးကို ဦးစားပေးသူတွေ အဓိက အသုံးပြုကြတာပါ။

Telegram ကတော့ စကားပြောခန်းအတွက် ရွေးချယ်စရာ နှစ်ခုပေးထားပြီး Secret Chat ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ လုံခြုံရေးအတွက် ကောင်းသလို နောက်ခံ Background ကို ကိုယ့်စိတ်ကြိုက် ပြောင်းလဲ အသုံးပြုနိုင်ပြီး သူတို့ကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ စတစ်ကာတွေကြောင့်လည်း နှစ်လိုဖွယ်ရာ App တခု ဖြစ်ပါတယ်။ ဒါ့ပြင် ကိုယ့်ဓာတ်ပုံ၊ ဗွီဒီယိုနဲ့ အသံဖိုင်တွေကိုလည်း Cloud Store တခုအနေနဲ့ သိမ်းဆည်းနိုင်ပါသေးတယ်။

ချုပ်ရရင် စာပို့၊ စကားပြော App တွေကို သုံးမျိုး ခွဲခြားထားနိုင်ပါတယ်။ (၁) လူမှုရေးနဲ့ အပျော်အပါးကိစ္စတွေအတွက်ဖြစ်ပြီး လုံးဝမလုံခြုံတာ တခု (ဒီထဲမှာ Facebook Messenger, LINE, Viber, Instagram Chat တို့ ပါဝင်မှာဖြစ်ပြီး)၊ နံပါတ် (၂) လုံခြုံရေးကောင်းပြီး ရွေးချယ်စရာတွေလည်းရှိတာမျိုး (ဒီထဲမှာ Telegram, Whatsapp, Wire တို့ပါဝင်ပါမယ်)။ နောက်ဆုံး လုံခြုံရေးတခုပဲ အဓိက ဦးစားပေးအနေနဲ့ (Wickr နဲ့ Signal) တို့ပါပဲ။

နိုင်ငံအသီးသီးမှာ လူတွေအကြိုက်လိုက်ပြီး သုံးကြတဲ့ App တွေလည်း မတူကြပါဘူး။ ဒီအတွက် တချို့သော App တွေ (ဥပမာ KakaoTalk, Cyber Dust, Threema နဲ့ Cyphr) အကြောင်းတော့ ထည့်သွင်းမဆွေးနွေးတော့ပါဘူး။

စကားမစပ် ဒီဆောင်းပါးမှာ WeChat အကြောင်းတော့ ထည့် မဆွေးနွေးပါလားလို့ မေးကြပါလိမ့်မယ်။ WeChat ဟာ တရုတ်အစိုးရနဲ့ ဖက်စပ်ကုမ္ပဏီတခုဖြစ်ပြီး တရုတ်အစိုးရအနေနဲ့ WeChat အသုံးပြုသူ ဘယ်သူမဆိုရဲ့ အကောင့်ထဲ ကြိုက်သလိုဝင်ကြည့်နိုင်သလို ခြယ်လှယ်နိုင်တဲ့အတွက် အကျယ့်တဝံ့ ထည့်မပြောတာဖြစ်ပါကြောင်း။

လုံခြုံစိတ်ချစွာ အချက်အလက်ဖလှယ်ပြီး သတင်းစကားပါးနိုင်ကြပါစေ။

မြတ်ကျော်သူသည် Myanmar Now သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading