အကောင်အထည်မဖော်၊ အရှုံးပေါ်သည့် လုပ်ငန်းများကြောင့် ဘဏ္ဍာငွေနစ်နာမှုကို အစီရင်ခံစာမီးမောင်းထိုးပြ

နစ်နာမှုအများဆုံးမှာ သူများတကာထက် အတိုးနှုန်းသိသိသာသာမြင့်မားသည့် တရုတ်ချေးငွေဖြင့် အကောင်အထည်ဖော်ခဲ့သည့် လုပ်ငန်းများဖြစ်ပြီး လက်တွေ့တွင် တွက်ချေမကိုက်သည့် စီမံကိန်းများဖြစ်သော်လည်း အတိုးနှုန်းမြင့်မြင့်မားမားဖြင့် အကြွေးပြန်ဆပ်နေရသည်ဟု ငွေစာရင်းပူးပေါင်းကော်မတီက ဆိုသည်။

Published on Aug 13, 2019

ပြည်ပချေးငွေ အထူးသဖြင့် အတိုးနှုန်းမြင့်မားသည့် တရုတ်ချေးငွေဖြင့် အကောင်အထည်ဖော်သည့် ဝန်ကြီးဌာနလုပ်ငန်းအချို့ ရည်မှန်းချက်အတိုင်း ဖြစ်မလာသဖြင့် တိုင်းပြည်ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာနေရသည်ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံထံမှရယူသည့် ချေးငွေများမှာ အတိုးနှုန်း ၂ ဒသမ ၅ မှ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရပြီး အခြားသောနိုင်ငံနှင့် အဖွဲ့အစည်းများမှ ချေးငွေများထက် အတိုးနှုန်းမြင့်မားသော ချေးငွေများဖြစ်ကြောင်း၊ တရုတ်နိုင်ငံပိုင် သွင်းကုန်ထုတ်ကုန်ဘဏ် (EXIM Bank of China) ထံမှ ချေးငွေအများဆုံး ရယူထားသော ဝန်ကြီးဌာနများမှာ ပြည်ထဲရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုနှင့် စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာနတို့ ဖြစ်သည်ဟု ဩဂုတ် ၇ ရက်နေ့ထုတ် ထိုအစီရင်ခံစာက ဆိုသည်။

အကြွေးမဆပ်သည့် ကုမ္ပဏီများ

ရေအားလျှပ်စစ်စီမံကိန်းနှစ်ခုအတွက် နိုင်ငံတော်က အဆိုပါ တရုတ်ဘဏ်ထံမှ ကြိုတင်စိုက်ထုတ် ချေးပေးသော်လည်း B.O.T လုပ်ကိုင်ခွင့်ရ ပုဂ္ဂလိကကုမ္ပဏီ နှစ်ခုဘက်က ပေးသွင်းရမည့် ကြွေးကျန်များရှိနေခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာန မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က အကောင်အထည်ဖော်မည့် ကော့စတစ်ဆိုဒါ စက်ရုံစီမံကိန်းမှာ တွက်ချေမကိုက်သဖြင့် ရပ်နားလိုက်ရသည့်အတွက် အရင်းနှင့်အတိုးကို ပြည်သူ့ဘဏ္ဍာမှ ပြန်ဆပ်ခဲ့ရခြင်းတို့ကို အစီရင်ခံစာတွင် ထောက်ပြထားသည်။

သံတောင်ကြီးနှင့် တောင်ငူမြို့နယ်အစပ်ရှိ သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းအတွက် ရွှေစွမ်းအင်ကုမ္ပဏီက အတိုးနှင့်အရင်းပေါင်း ဒေါ်လာ ၇ ဒသမ ၈ သန်း၊ ကယားပြည်နယ်ရှိ ဘီလူးချောင်း (၃) စီမံကိန်းအတွက် အနာဂါတ်စွမ်းအင်ကုမ္ပဏီက ၁၀ ရာခိုင်နှုန်း ချက်ချင်းရှင်းရမည့်ငွေ ဒေါ်လာ ၁ ဒသမ ၀၅၆ သန်း ရှိနေသည်။ အရင်းနှင့်အတိုးပြန်ပေးဆပ်ရန် ရွှေစွမ်းအင်ကုမ္ပဏီအား လျှပ်စစ်ဝန်ကြီးဌာနက ၁၀ ကြိမ်၊ ဗဟိုဘဏ်က ခြောက်ကြိမ် အကြောင်းကြားထားသည်ဟု ဖော်ပြပါရှိသည်။

ဖွတ်မရဓားမဆုံး ဖြစ်ရတဲ့ ဦးပိုင်စီမံကိန်း

ထို့ပြင် အထည်အလိပ်နှင့်ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ ဆပ်ပြာနှင့်ဆပ်ပြာမှုန့် လုပ်ငန်းများအတွက် ဓာတုကုန်ပစ္စည်းများ ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ် သထုံမြို့နယ်အတွင်း မြေ ၆၇၈ ဧကပေါ်တွင် အကောင်အထည်ဖော်မည့် ကော့စတစ်ဆိုဒါ စက်ရုံစီမံကိန်း(သထုံ) အတွက် ကာကွယ်ရေးဝန်ကြီးဌာန မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ချေးယူခဲ့သည့် ယွမ် သန်း ၆၉၀ အနက် ပထမအရစ် ယွမ် ၂၇၆ သန်း (ဒေါ်လာ သန်း ၄၀) မှာလည်း ထိုလုပ်ငန်း အကောင်အထည်မဖော်ဖြစ်သဖြင့် စက်ပစ္စည်းထုတ်လုပ်ပေးရန် ပေးချေထားငွေအများစု ဆုံးရှုံးခဲ့ရသည်။

ချေးငွေပထမအရစ်အဖြစ် ရရှိသည့် ယွမ် ၂၇၆ သန်း (အမေရိကန်ဒေါ်လာ သန်း ၄၀) ကို အဆိုပါစက်ရုံတွင်သုံးမည့် စက်ပစ္စည်းများ ထုတ်လုပ်ပေးရန် တရုတ်ကုမ္ပဏီ NORINCO (နိုရင်ကို) အား ကနဦး ပေးချေခဲ့ရကြောင်း၊ ထိုတရုတ်ချေးငွေအပြင် အခြေခံအဆောက်အအုံ လိုအပ်ချက်များအတွက် ၂၀၁၄-၁၅ မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ် ၁၇ ဒသမ ၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်) အထိ ရယူသုံးစွဲထားခဲ့သော်လည်း “စီမံကိန်းမှာ အကောင်အထည်မဖော်နိုင်ဘဲ ရင်းနှီးမြှုပ်နှံထားငွေများ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါတယ်” ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးခင်မောင်သန်းက လွှတ်တော်ကို ပြောသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ဦးပိုင်က စက်မှုဝန်ကြီးဌာနလက်ထဲသို့ ထိုလုပ်ငန်းကို လွှဲပြောင်းပေးခဲ့ပြီး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်နိုင်ရေး ကျန်ချေးငွေ ယွမ် ၄၁၄ သန်းကို ရယူရန် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ‘ကြွေးမြီရငွေ’ တွင် လျာထားခဲ့သော်လည်း စီမံကိန်း တွက်ခြေမကိုက်သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ထိုနှစ်မှာပင် စီမံကိန်းကို ရပ်ဆိုင်းကာ စက်မှုနယ်မြေ(သထုံ) စီမံကိန်းအဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ရယူပြီးသားချေးငွေအတွက် အတိုးအရင်းပေါင်း ယွမ် ၂၈၉ ဒသမ ၀၅၃ သန်း (ကန်ဒေါ်လာ ၄၁ သန်း) ကို ၂၀၁၈ ခုနှစ် မတ်လတွင် နိုင်ငံတော်ဘဏ္ဍာထဲမှ ပြန်လည်ပေးချေခဲ့ရကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

စီမံကိန်းကို ရပ်ဆိုင်းလိုက်သော်လည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီလည်းဖြစ်သည့် ‘နိုရင်ကို’ ကုမ္ပဏီအား စက်ပစ္စည်းထုတ်လုပ်ပေးရန် ပေးချေထားသည့် ဒေါ်လာ သန်း ၄၀ ကိုမူ အကုန်ပြန်မရနိုင်တော့ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

“နိုရင်ကို က စက်ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါမှာ သူတို့ သုံးထားတဲ့ စရိတ်တွေရှိတယ်။ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ပြန်လည် ဖျက်စီးရတဲ့ စရိတ်တွေရှိတယ်။ အဲဒါတွေအားလုံးက (ဒေါ်လာ) ၂၉ သန်းလောက် ကုန်တယ်။ ကျွန်တော်တို့ က (ဒေါ်လာ) ၁၀ သန်းကျော်လောက် ပြန်ရတာပေါ့” ဟု ၎င်းက Myanmar Now ကို ပြောသည်။

တစ်နှစ် ရက် ၃၆၀ နဲ့တွက်တဲ့မြီရှင်

ထို့ပြင် စက်မှုဝန်ကြီးဌာနအောက်ရှိ အကြီးစားစက်ရုံ ၁၁ ရုံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် တရုတ်ထံမှ ယွမ် ၆ သန်းနှင့် ကန်ဒေါ်လာ ၂ ဒသမ ၉ သန်းတို့ ချေးယူခဲ့ရာ ချေးငွေ စယူသည်မှ စ၍ Management fees commitment fee များ တွက်ချက်တောင်းခံခြင်း၊ အရင်းပေးဆပ်ချိန် မရောက်မီအထိ ချေးငွေအပေါ် အတိုးပေးနေရခြင်း၊ တစ်နှစ်လျှင် ရက် ၃၆၀ နှုန်းဖြင့် တွက်ချက်တောင်းခြင်း၊ ငွေလဲနှုန်းမြင့်တက်မှုကြောင့် အတိုးပေးရငွေများလာခြင်းတို့ ကြုံခဲ့ရပြီး တွက်ချေမကိုက်ဖြစ်ကာ စက်ရုံများရပ်ဆိုင်းလိုက်ရသော်လည်း ချေးငွေများအတွက် အတိုးဆက်ပေးနေရခြင်းတို့ကိုလည်း အစီရင်ခံစာက ထောက်ပြထားသည်။

ဗဟိုအသင်းကြီးအမြတ်ထွက်တဲ့ သမချေးငွေ

ထို့ပြင် ဦးကျော်ဆန်း သမဝါယမဝန်ကြီးတာဝန်ယူစဉ်က EXIM ဘဏ်ထံမှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးယူခဲ့သည့် ဒေါ်လာသန်း ၄၀၀ ကို သမဝါယမအသင်းသား တောင်သူများအား ၁၈ ရာခိုင်နှုန်းဖြင့် ပြန်ချေးခဲ့ပြီး အတိုးနှုန်းနှစ်ခုကွာဟချက်မှ ဗဟိုသမဝါယမအသင်းက အကျိုးကျေးဇူးခံစားခဲ့ရကြောင်း၊ ထိုချေးငွေများအနက် ကျပ် ၂ ဒသမ ၅၈၈ ဘီလျံကို မန္တလေးတိုင်း ရမည်းသင်းမြို့နယ် သမဝါယမဦးစီးအရာရှိက အလွဲသုံးစားလုပ်ခဲ့ကြောင်းလည်း ပါဝင်သည်။

မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီပမာဏ စုစုပေါင်းမှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၂ ဘီလျံ (ကျပ် ၁၅ ဒသမ ၃ ထရီလျံ) ထိ ရှိလာခဲ့ပြီး ၎င်း၏ထက်ဝက်ခန့်မှာ တရုတ်ထံမှ မြင့်မားသောအတိုးနှုန်းဖြင့် ချေးထားရသည့် ချေးငွေများဖြစ်သည်ဟု ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီခံစာအရ သိရသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြည်ထောင်စုလွှတ်တော်ကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ပကြွေးမြီ စုစုပေါင်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာကြောင်း ၎င်းက ပြောကြားသွားခဲ့သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading