တပ်၏စစ်ဆင်ရေးများတွင် ရဲတပ်ဖွဲ့က အကူအညီပေးနေသည်ဆိုသည့် AA ဘက်က စွပ်စွဲချက်ကို ရခိုင်ပြည်နယ်ရဲမှူးကြီးက မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။
တပ်နှင့် ပူးပေါင်းစစ်ဆင်ရေးများတွင် မပါဝင်ရန် ရဲတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော် AA က သတိပေးလိုက်ပြီး လိုက်နာခြင်းမရှိပါက စစ်ရေးအရ တုန့်ပြန်သွားမည်ဟုလည်း ခြိမ်းခြောက်လိုက်သည်။
“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား(ထပ်မံ) သတိပေးခြင်း” ဟု ခေါင်းစဉ်တပ်ပြီး ဩဂုတ်လ ၁၂ ရက်စွဲဖြင့် AA က ယင်းကဲ့သို့ ထုတ်ပြန် သတိပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တပ်မတော်၏ လက်နက် နှင့် တပ်အပြောင်းအရွှေ့များတွင် ရဲကားများ အသုံးပြုခြင်း၊ စစ်သားများက ရဲဝတ်စုံများဝတ်ကာ သွားလာနေခြင်း၊ ရွာသားများအား ဖမ်းဆီးနှိပ်စက်ပြီး ပိုင်ဆိုင်မှုများအား ယူဆောင်နေကြောင်းလည်း AA က စွပ်စွဲထားသည်။
ရဲစခန်းများအတွင်း လက်နက်ကြီးများအခြေစိုက်ကာ ပစ်ကူများပေးခြင်း၊ တပ်မတော်၏ ထောက်ပို့စခန်းများအဖြစ် ရဲစခန်းများကို အသုံးပြုခွင့်ပေးခြင်း၊ ရခိုင်ပြည်သူများကို ဖမ်းဆီး၊ နှိပ်စက်ခြင်းများကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က လုပ်ဆောင်နေကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။
“ ရဲအလုပ်ကို ရဲမလုပ်ဘဲနဲ့ ဆက်လက်ပြီး ပြည်သူတွေကို ဖိနှိပ်အနိုင်ကျင့်၊ မတရားသတ်ဖြတ်မှုတွေမှာ သူတို့ပါဝင်ပတ်သက်နေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့လည်း မလွှဲမရှောင်သာ အရေးယူဆောင်ရွက်မှုတွေ လုပ်ရမဲ့အပိုင်းတွေရှိတယ် ” ဟု ခိုင်သုခက ပြောသည်။
ရခိုင်ပြည်နယ်တွင် လုံခြုံရေးရဲ၊ နယ်ခြားစောင့်ရဲ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များရှိပြီး ၎င်းတို့နယ်မြေရဲတပ်ဖွဲ့ဝင်များတွင် လက်နက်ကြီးပစ်ကူစခန်းများမရှိသလို တပ်မတော်သားများက ရဲတပ်ဖွဲ့ဝတ်စုံများဝတ်ကာ တိုက်ခိုက်နေခြင်းလည်းမရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက Myanmar Now ကို ပြောသည်။


“ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ရဲအလုပ်ရဲလုပ်နေတာပဲ။ နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ စောင့်ရှောက်တာပဲ။ တရားမဝင်တဲ့အဖွဲ့အစည်းတွေကိုလည်း အရေးယူတာတွေ တရားစွဲဆိုတာတွေ ပေါ်ပေါက်လာရင်တော့ လုပ်ရမှာပဲ ” ဟု ရဲမှူးကြီးကြည်လင်းက ပြောသည်။
ထို့အပြင် ဖမ်းဆီးအရေးယူမှုများနှင့်ပတ်သက်ပြီး တဖက်သက်စွပ်စွဲခြင်း၊ မတရားဖမ်းဆီးခြင်းများ မရှိရလေအောင် သေချာစိစစ်ပြီး လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို သတိပေးသည့်စာတစ်စောင်ကို AA က ကျန်ခဲ့သည့် ဖေဖေါ်ဝါရီလ ၈ ရက်နေ့က တစ်ကြိမ် ထုတ်ပြန်ခဲ့ဖူးသည်။
ရဲတပ်ဖွဲ့ဝင်များကို ပထမဆုံးတိုက်ခိုက်မှုအဖြစ် ယခုနှစ်အစ ဇန်နဝါရီ ၄ ရက်နေ့(လွတ်လပ်ရေးနေ့)တွင် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်း ၄ ခုဖြစ်သည့် ကျောင်းတောင်၊ ခထီးလှ၊ ငမြင်းဘော်နှင့် ဂုတ်ပီစသည့် စခန်းများကို AA က ဝင်ရောက်တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ကို တပ်မတော်နှင့် ခပ်ကင်းကင်းနေရန် သတိပေးခဲ့သည်။
ထို့နောက် မတ်လထဲတွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်း၊ ဧပြီလတွင် မြောက်ဦးမြို့နယ် ရဲတပ်ရင်း(၃၁)တို့ကို့ တိုက်ခိုက်ပြီး တိုက်ခိုက်မှုတိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။ နောက်ဆုံးအကြိမ်အဖြစ် ဇူလိုင်လ ၂၆ ရက်နေ့က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရဲစခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














