ဦးဝီရသူတွင် ပိုင်ဆိုင်မှုမရှိ၍ ဝရမ်းကပ်နိုင်ခြင်း မရှိဟုဆို

မစိုးရိမ်တိုက်သစ် နာယက ဆရာတော်ကြီးက ဦးဝီရသူပိုင်ဆိုင်သည်မှာ သင်္ကန်းသုံးထည်နှင့်သပိတ်တစ်လုံးသာရှိကြောင်း၊ ကားများနှင့်အခြားဝတ္ထုပစ္စည်းတို့မှာ လှူဒါန်းထားသည့် သံဃိကပစ္စည်းများသာဖြစ်ကြောင်း မိန့်ဆိုကာ ဝရမ်းကပ်ခြင်းကို ငြင်းဆိုခဲ့ကြောင်း ဝရမ်းကပ်ရန် လိုက်ပါသွားသူကဆိုသည်။

Published on Aug 12, 2019

ထွက်ပြေးတိမ်းရှောင်နေသည့်  ဦးဝီရသူ တရားရုံးသို့လာရောက်စေရန် ၎င်းပိုင်ဆိုင်သော ရွေ့ပြောင်းနိုင်သည့် ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ဝရမ်းစွဲကပ်ရန် တရားရုံးက အမိန့်ချမှတ်လိုက်သော်လည်း ဦးဝီရသူတွင်ပိုင်ဆိုင်မှုမရှိ၍ ဝရမ်းကပ်နိုင်ခြင်း မရှိခဲ့ကြောင်း ဝရမ်းကပ်ရန်သွားရောက်သူများက ပြောဆိုသည်။

ဦးဝီရသူပိုင်ပစ္စည်းများကို ဝရမ်းစွဲကပ်ရန် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ဩဂုတ်လ ၉ ရက်နေ့က အမိန့်ထုတ်ခြင်းကို ဆောင်ရွက်ရန်အတွက် မန္တလေးမြို့ တိုင်းသံဃာ့နာယကအဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့နယ်အကွက်မှူး၊ အမှတ်(၇)ရဲစခန်းမှ ရဲအရာရှိတို့က ၎င်းနေထိုင်ခဲ့သည့် မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ကျောင်းသို့  ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက သွားရောက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ သွားရောက်၍ ဝရမ်းစွဲကပ်ခွင့်ပြုရန် လျှောက်ထားရာတွင် မစိုးရိမ်တိုက်သစ် နာယက ဆရာတော်ကြီးက ဦးဝီရသူပိုင်ဆိုင်သည်မှာ သင်္ကန်းသုံးထည်နှင့်သပိတ်တစ်လုံးသာရှိကြောင်း၊ ကားများနှင့်အခြားဝတ္ထုပစ္စည်းတို့မှာ လှူဒါန်းထားသည့် သံဃိကပစ္စည်းများသာဖြစ်ကြောင်း မိန့်ဆိုကာ ဝရမ်းကပ်ခြင်းကို ငြင်းဆိုခဲ့သည်ဟု ဝရမ်းကပ်ရန် လိုက်ပါသွားသည့် စိန်ပန်းရပ်ကွက် အကွက်မှူးဦးဌေးကျော်ကပြောသည်။

"ပိုင်ဆိုင်မှုက သပိတ်တစ်လုံးနဲ့ သင်္ကန်းသုံးထည်ပဲရှိတယ်။ ကားကလည်း အလှူရှင်ကလှူထားတာ၊ သူ့ပစ္စည်းမဟုတ်ဘူး၊ တကယ်လို့ကျောင်းကထွက်ရင်တောင် သူယူလို့မရဘူး၊ သူ့ပစ္စည်းမဟုတ်ဘူး၊ သံဃိကပစ္စည်းတွေလို့ နာယက ဆရာတော်ကြီးက မိန့်လိုက်တယ်ဟု ၎င်းကပြောသည်။

ဝရမ်းမကပ်နိုင်ခဲ့ခြင်းကြောင့် ဦးဝီရသူတွင် ပိုင်ဆိုင်မှုတစ်စုံတစ်ရာ မရှိကြောင်း ယနေ့ နံနက်တွင် ထောက်ခံစာပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး၊ သံဃာ့နာယကအဖွဲ့ ဥက္ကဌဆရာတော် ဘဒ္ဒန္နဝိစိတ္တဘိဝံသအား Myanmar Now ကဖုန်းဆက်မေးမြန်းရာ ဟုတ်မှန်ကြောင်း ဆရာတော်ကအတည်ပြု မိန့်ကြားသည်။

"ဝရမ်းကပ်ဖို့လျှောက်တာက မြို့နယ်သံဃာ့နာယကကို၊ တိုင်းသာသနာရေးက ကပ်ဖို့ပါသွားတာ၊ တိုင်းသာသနာရေး ညွှန်ကြားရေးမှူး လိုက်သွားတယ်ထင်တယ် ဟု ဆရာတော်ကမိန့်သည်။

အဆိုပါ ဝရမ်းကိစ္စနှင့်ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး၊ အမှတ်(၇)ရဲစခန်းမှူးတို့အား ဖုန်းဆက်မေးရာ ဝရမ်းဆောင်ရွက်ရမည့် တာဝန်မှာ ၎င်းတို့မဟုတ်ကြောင်း၊ ကျောင်းသို့လျှောက်ထားရာတွင် ၎င်းတို့ပါမသွားသည့်အတွက် အခြေအနေကို မပြောနိုင်ကြောင်းသာ ပြန်လည်ဖြေကြားသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူကို တရားရုံးသို့ နောက်ဆုံးထား လာရောက်ရန် ကြေညာချက်ထုတ်ပြန်ပြီး ဖြစ်သော်လည်း လာရောက်အဖမ်းခံခြင်းမရှိသဖြင့် ၎င်းပိုင်ပစ္စည်းများကို ဝရမ်းကပ်ရန် အနောက်ပိုင်းခရိုင်တရားရုံးက ဩဂုတ်လ ၉ ရက်နေ့တွင် အမိန့် ချမှတ်လိုက်သည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူ တရားရုံးသို့ လာရောက်စေရန် ၎င်းပိုင်ဆိုင်သော ရွေ့ပြောင်းနိုင်သည့် ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ဝရမ်းစွဲကပ်ရန် အမိန့်ထုတ်ခြင်း ဖြစ်ကြောင်း တွဲဖက်ခရိုင်တရားသူကြီး ဦးကျော်ကျော်က ဆိုသည်။

ဦးဝီရသူကို နောက်ထပ် ၁ လ ထပ်မံစောင့်ဆိုင်းမည်ဖြစ်ပြီး ရုံးချိန်းကို စက်တင်ဘာလ ၉ ရက်သို့ ပြန်လည် ချိန်းဆိုထားသည်။

ဦးဝီရသူကို အမြင့်ဆုံးထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်သော နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-ကဖြင့် အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

မေလ ၅ ရက်က မဟာဗန္ဓုလပန်းခြံကားပါကင်နေရာတွင် ဦးဝီရသူသည် အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို စော်ကားဆဲဆိုခြင်း၊ အစိုးရကို မလေးစားအောင်၊ မေတ္တာပျက်အောင် ပြောဆိုခြင်းတို့ လုပ်ဆောင်သည်ဆိုကာ အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက သမ္မတရုံးနှင့် တိုင်းအစိုးရတို့၏ ညွှန်ကြားချက်ဖြင့် မေလ ၂၈ ရက်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးစန်းမင်း၏ ဦးတိုက်လျှောက်ထားချက်တွင် ဦးဝီရသူ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့ ဟောပြောချက်များလည်း သက်သေအဖြစ် ပါဝင်သည်။

ယင်းမြိတ်မြို့ဟောပြောချက်တွင် နိုင်ငံခြားသားနဲ့ တွေ့ရင် ဖင်က ရမ်းချင်သေးတယ်။ ဒေါက်မြင့်ဖိနပ် တစ်ခွပ်ခွပ်နဲ့ လျောက်ချင်သေးတယ်။ ဒီလောက် သရမ်းချင်တဲ့ဟာကို သမ္မတ တင်ချင်သေးတယ်ဟုလည်းကောင်း၊ ကော်မရှင်ဖွဲ့လည်း ပြင်ပကကောင်တွေပဲ။ အကြံပေးလည်း ပြည်ပက ကောင်တွေပဲ။ အတူအိပ်လည်း ။ ဒါကြီးကိုပဲ သမ္မတ ဖြစ်စေချင်သေးတယ်။ ဒါကြီး သမ္မတဖြစ်မယ်ဆို ကျုပ်တို့ နိုင်ငံနဲ့ပြည်သူတစ်ရပ်လုံး ကုန်းသာ ပေးလိုက်ကြတော့စသည့် ပြောဆိုမှုများ ပါဝင်သည်။

သို့သော် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူမှာ တရားရင်ဆိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ - က ဖြင့် ဇွန်လ ၁၈ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံး၌ မျက်ကွယ်ကြားနာစစ်ဆေးမှု စတင်ပြုလုပ်ခဲ့သည်။

ယင်းမျက်ကွယ်ကြားနာစစ်ဆေးမှုတွင် တရားလို ဦးစန်းမင်းက သက်သေခံ ငါးခု တင်သွင်းခဲ့ပြီး ရဲနှင့် သာသနာရေးဦးစီးဌာနမှ ပုဂ္ဂိုလ်များအပါအဝင် တရားလိုပြသက်သေ ကိုးဦးလည်း တင်သွင်းခဲ့ရာ ယင်းသက်သေများကို တရားရုံးက လက်ခံခဲ့သည်။

ဦးဝီရသူ၏မျက်ကွယ်တွင် တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးခဲ့ရာတွင် ဇူလိုင်လ ၉ ရက် ရုံးချိန်း၌ တရားလိုပြသက်သေ ၉ ဦးအနက် ကျန်ရှိသူများကို စစ်ဆေးပြီးနောက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈အရ အမိန့်ကြေညာချက် ထုတ်လိုက်သည်။

ယင်းအမိန့်အရ ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူကို ရက်ပေါင်း ၃၀ အတွင်း လာရောက်အဖမ်းခံ ဖြေရှင်းရန် တရားရုံးကြေညာချက်များကို မန္တလေး မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်တွင်းရှိ ဓမ္မသဟာယကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးရုံးတို့တွင် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်က ကပ်ထားခဲ့သည်။

အဆိုပါအမိန့်ကြော်ငြာစာတွင် ဦးဝီရသူသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-ကနှင့် ငြိစွန်းသည်ဟု တရားရုံးက စစ်ဆေးပေါ်ပေါက်သဖြင့် တရားရုံးသို့ ဩဂုတ်လ ၉ ရက်နေ့ နောက်ဆုံးထား လာရောက်ရန် ပါရှိသည်။

သို့သော် လာရောက်အဖမ်းခံ ဖြေရှင်းခြင်းမရှိသဖြင့် သတ်မှတ်ရက်ရောက်သည့် ဩဂုတ်လ ၉ ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံးက ဦးဝီရသူပိုင်ပစ္စည်းများကို ဝရမ်းစွဲကပ်ရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ခင်နှင်းဝေသည် Myanmar Now သတင်းဌာန၏ မန္တလေးအခြေစိုက် သတင်းထောက်ဖြစ်သည်။
 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading