အမြင်နှင့်အကြားအာရုံ ချွတ်ယွင်းနေသည့် အသက် ၉၀ အရွယ် ထိုအဘွားအိုသည် တိုက်ပွဲများကြောင့် ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့ပြီး ကိုးရက်အကြာတွင် မိသားစုလက်ထဲပြန်ရောက်မှ သေဆုံးခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဇူလိုင်လလယ်ပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကျေးရွာအတွင်း ပိတ်မိကာ ကျန်ရစ်ခဲ့သည့် မျက်မမြင် နားမကြား အဘွားအိုတစ်ဦး အာဟာရပြတ် သေဆုံးခဲ့ကြောင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ တောင်ဘက် ၁၂ မိုင်အကွာရှိ သျှစ်သျှားတောင်ကျေးရွာ မှ အသက် ၉၀ အရွယ် ဒေါ်မအောင်ဖြူ ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၇ ရက်အထိ တစ်ဦးတည်းကျန်ခဲ့ရာမှ အာဟာရ ပြတ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၃ မှစပြီး အဆိုပါကျေးရွာအုပ်စုတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ရွာသားအများစု ထွက်ပြေးသွားကြပြီး မသန်စွမ်းနှင့် သက်ကြီးရွယ်အို ၁၂ ဦး ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ဇူလိုင်လ ၂၉ ရက်နေ့တွင် သွားရောက် ကယ်ထုတ်သော်လည်း ဒေါ်မအောင်ဖြူကို မတွေ့ခဲ့ဘဲ ၁၁ ဦးသာ ကယ်ထုတ်နိုင်ခဲ့သည်။
“ICRC က ကယ်တဲ့နေ့မှာ သူ့ကိုရှာမတွေ့ခဲ့ဘူး အဲ့ဒါနဲ့ကျန်ခဲ့တာ။ အဲဒီနေ့ကတည်းကနေ မနေ့ကထိဆိုတော့ သူဘာသွားစားလို့ရမလဲ။ မျက်စိကလည်း မကောင်း နားလည်းမကြားဘူး။ မနေ့ကတော့ တပ်မတော်စစ်ကြောင်းက သူ့မိသားစုကို ပြန်အပ်တယ်လို့ ကြားတယ်။ သူ့အိမ်မှာပြန်တွေ့တာမဟုတ်ဘူး တခြားအိမ်တစ်အိမ်ရဲ့အိမ်အောက်မှာ တွေ့တာတဲ့” ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က Myanmar Now ကို ယနေ့ ပြောသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ကျန်ရှိသူများကို ဝင်ရောက်ကယ်ဆယ်ရာမှ ကျန်ရှိခဲ့ခြင်းဖြစ်သည်ဟု ICRC မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အားလုံးပေါင်း ၁၂ ယောက် ကျန်ခဲ့တာခင်ဗျ။ ဒါပေမဲ့ ရှိတဲ့ ၁၁ ယောက်ကိုပဲ ခေါ်ပြီးတော့ လာခဲ့တယ်ပေါ့။ အချိန်လည်းသိပ်မရဘူး နယ်မြေလည်းမလုံခြုံဘူး၊ နင်းမိုင်းတွေလည်းရှိတော့ ကျွန်တော်တို့ရှာမတွေ့ခဲ့ဘူး။ မနေ့က မိသားစုလက်ထဲရောက်မှ အသက်ထွက်တာလို့ ပြောတယ်” ဟု အဆိုပါတာဝန်ရှိသူက Myanmar Now ကို ပြောသည်။


ဇူလိုင်လ ၁၃ ရက်နေ့မှစကာ ဘူးသီးတောင်မြို့နယ် နရုံတောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေအိမ်လေးလုံး မီးလောင်ခဲ့ရာ အနီးရှိ သျှစ်သျှားတောင်၊ စံကိုးထောင်၊ ဥယျာဉ်သာကျေးရွာများမှ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ အရေအတွက်မှာ ဆက်လက်မြင့်တက်နေပြီး စစ်ရှောင်အရေအတွက် ၅၅,၀၀၀ ကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ ဇူလိုင် ၃၀ ရက်နေ့အထိ အချက်အလက်များအရ သိရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












