မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချနေသည့် နိုင်ငံ ၇ နိုင်ငံရှိဟု ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ထုတ်ပြန်

အစီရင်ခံစာတွင် တပ်မတော်ကို စစ်လက်နက်နှင့် အခြားစက်ပစ္စည်းများရောင်းချမှု၊ လွှဲပြောင်းမှုနှင့် ထောက်ပံ့မှုတို့ ပြုလုပ်ခဲ့သော နိုင်ငံများနှင့်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်၊ မြန်မာနိုင်ငံအား လက်နက်တင်ပို့ရောင်းချမှုကို တရားဝင်ပိတ်ဆို့ရန်၊ ယန္တရားတစ်ခုပြဋ္ဌာန်းပြီး ယင်းပိတ်ဆို့မှုကို လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်ရန် အစရှိသဖြင့် ကုလသမဂ္ဂကို တိုက်တွန်းထားသည်။

Published on Aug 6, 2019

၂၀၁၆ ခုနှစ်မှစတင်ပြီး တပ်မတော်ကို စစ်လက်နက်ရောင်းချသည့် နိုင်ငံပေါင်း ၇ နိုင်ငံမှ ကုမ္ပဏီပေါင်း အနည်းဆုံး ၁၄ ခုရှိနေပြီး အဆိုပါလက်နက်များထဲတွင် တိုက်လေယာဉ်များ၊ သံချပ်ကာယာဉ်များ၊ စစ်သင်္ဘောများ၊ ဒုံးများနှင့် ဒုံးလွှတ်အမြှောက်များလည်း ပါဝင်သည်ဟု ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

မြန်မာ့တပ်မတော်အား လက်နက်ရောင်းချထားသည့် နိုင်ငံများတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီ ၅ ခုအထိ အများဆုံးပါဝင်နေပြီး တရုတ်အစိုးရပိုင် စစ်လက်နက်လုပ်ငန်းဖြစ်သည့် China North Industries Corporation (NORINCO) လည်း ပါဝင်သည်ဟု ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်သော တပ်မတော်၏ ပင်မစီးပွားရေးလုပ်ငန်းများ အစီရင်ခံစာတွင် ဖော်ပြထားသည်။

NORINCO မှာ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် အကျိုးတူပူးပေါင်းကာ လက်ပံတောင်းတောင်တွင် ကြေးနီထုတ်လုပ်နေသည့် ဝမ်ပေါင်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီလည်းဖြစ်သည်။

ရုရှအစိုးရပိုင် Irkutsk Corporation မှာလည်း အဆိုပါစာရင်းတွင် ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံကို စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်သည့် Su 30 အမျိုးအစားတိုက်လေယာဉ် ၆ စီးကို ရောင်းချပေးရန် နှစ်နိုင်ငံအကြား အမေရိကန်ဒေါ်လာ ၂၀၄ သန်းခန့် တန်ဖိုးရှိသည့် သဘောတူစာချုပ်တစ်ခုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ချုပ်ဆိုခဲ့ကြောင်း ယင်းအစီရင်ခံစာ၏ စာမျက်နှာ ၁၀၉ တွင် ဖော်ပြထားသည်။

ယင်းအပြင် အိန္ဒိယ၊ မြောက်ကိုရီးယား၊ ယူကရိန်း၊ အစ္စရေး၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံများမှ ကုမ္ပဏီများလည်း မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချသည့် ကုမ္ပဏီများစာရင်းတွင် ဖော်ပြခြင်းခံထားရသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က တပ်မတော်၏စီးပွားရေး အဆက်အသွယ်များကို ဖော်ထုတ်ကာ ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ရောင်းချမှုများကို ပိတ်ဆို့ရန် ဩဂုတ် ၅ ရက်နေ့ ရက်စွဲဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပြီး အဆိုပါအစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါအစီရင်ခံစာတွင် တပ်မတော်ကို စစ်လက်နက်နှင့် အခြားစက်ပစ္စည်းများရောင်းချမှု၊ လွှဲပြောင်းမှုနှင့် ထောက်ပံ့မှုတို့ ပြုလုပ်ခဲ့သော နိုင်ငံများနှင့်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်၊ မြန်မာနိုင်ငံအား လက်နက်တင်ပို့ရောင်းချမှုကို တရားဝင်ပိတ်ဆို့ရန်၊ ယန္တရားတစ်ခုပြဋ္ဌာန်းပြီး ယင်းပိတ်ဆို့မှုကို လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်ရန် အစရှိသဖြင့် ကုလသမဂ္ဂကို တိုက်တွန်းထားသည်။

ကျွန်တော်တို့အနေနဲ့ လက်နက်ရောင်းချမှုပိတ်ပင်ဖို့ တောင်းဆိုသလို လူတစ်ဦးချင်းအနေနဲ့ကိုလည်း ဆိုပါတော့ ဦးပိုင်တို့၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့၊ သူတို့ရဲ့လက်ခွဲလုပ်ငန်းတွေတို့နဲ့ အလုပ်သဘောအရ မဆက်ဆံဖို့၊ အဲဒီလုပ်ငန်းတွေက ထုတ်လုပ်၊ ရောင်းချ၊ တင်ပို့တဲ့ ကျောက်စိမ်းတို့ ပတ္တမြားတို့ကို မဝယ်ဖို့ တောင်းဆိုနေပါတယ်

ဟု ယင်းအစီရင်ခံစာ နှင့်ပတ်သက်၍ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဦးဆောင်သူ အင်ဒိုနီးရှားနိုင်ငံမှ ရှေ့နေချုပ်ဟောင်း မစ္စတာ မာဇူကီး ဒါရူစမန်း (Marzuki Darusman) က Myanmar Nowကို ဖြေဆိုသည်။

တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ  ရိုဟင်ဂျာ ခုနစ်သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အင်အားသုံးကာ နှင်ထုတ်ခြင်းအပါအဝင် ရှမ်း၊ ကချင်စသည့် ပြည်နယ်များမှ ဒေသခံအရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ဆောင်ရွက်ခဲ့သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ကုလအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီအရင်ခံစာပါ အချက်အလက်များသည် တစ်ဖက်သတ်ဆန်ပြီး သမာသမတ်ကျမှုမရှိကြောင်း တုံ့ပြန်ပြောဆိုသည်။

ယင်းအစီအရင်ခံစာကြောင့် တပ်မတော်က စစ်လက်နက်ပစ္စည်းများဝယ်ယူရန် ချုပ်ဆိုထားသည့် စာချုပ်များ ပျက်ပြယ်သွားနိုင်လားဟု မေးမြန်းရာတွင် ကျွန်တော်တို့တော့ အဲဒီလိုမမြင်ပါဘူးဗျ လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီးတော့  ကျွန်တော်တို့နိုင်ငံအနေနဲ့က မိမိကိုယ်ပိုင် လက်နက်ခဲယမ်းတွေကို ထုတ်လုပ်နိုင်တဲ့ အနေအထားလည်းရှိပါပြီ ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံကို အိန္ဒိယက တစ်ပတ်ရစ် ရေငုပ်သင်္ဘောတစ်စင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၃၀ ရက်နေ့က အိန္ဒိယနိုင်ငံအခြေစိုက် မီဒီယာတစ်ခုက ဖေါ်ပြခဲ့ပြီးနောက် အဆိုပါသတင်း မှန်ကန်ကြောင်း တပ်မတော်က အတည်ပြုပေးခဲ့သည်။ အဆိုပါ ရေငုပ်သင်္ဘောအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အိန္ဒိယကုမ္ပဏီ Hindustan Shipyard Limited (HSL) က လုပ်ဆောင်ပေးနေသည်။

တပ်မတော်အား စစ်လက်နက်ရောင်းချခွင့်ကို အမေရိကန်ပြည်ထောင်စုနှင့် နီးကပ်သည့်ဆက်ဆံရေးရှိသည့် အနောက်နိုင်ငံအများစုက ပိတ်ပင်ကန့်သတ်ထားသော်လည်း ရုရှား၊ တရုတ်နှင့် အန္ဒိယတို့က ဆက်လက်ရောင်းချနေဆဲဖြစ်သည်။

သို့သော် မြန်မာ့တပ်မတော်ကို အပေါ့စားတိုက်ရေယာဉ်များ ရောင်းချပေးခဲ့ဖူးသည့် အစ္စရေးနိုင်ငံက ၎င်းတို့၏ စစ်လက်နက်ပြပွဲကို တက်ရောက်မည့် မြန်မာ့တပ်မတော်အရာရှိများကို ပြည်ဝင်ခွင့်ဗီဇာပေးရန် ဇူလိုင်လအတွင်းက ငြင်းဆန်ခဲ့သည်။

ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် အစ္စရေးစစ်လက်နက်ပြပွဲတစ်ခုကို နိုင်ငံတကာ၏ စစ်လက်နက်ရောင်းချခွင့် ပိတ်ပင်ခြင်းခံရသည့် မြန်မာနိုင်ငံမှ တပ်မတော်အရာရှိတချို့ တက်ရောက်လာခြင်းအား နိုင်ငံတကာမှဝေဖန်မှု မြင့်တက်လာပြီးနောက် ယခုကဲ့သို့ ပြည်ဝင်ခွင့်ဗီဇာပေးရန် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချခဲ့သည့် နိုင်ငံများနှင့် ကုမ္ပဏီများ-

တရုတ်

  • Aviation Industry Corporation of China(AVIC)
  • China Aerospace Science and Industry Corporation(CASIC)
  • China Aerospace Science and Technology Corp(CASC)
  • China National Aero-Technology Import & Export Corporation (CATIC)
  • China North Industries Corporation (NORINCO)

မြောက်ကိုရီးယား

  • Kores Mining Development Trading Corporation (KOMID)

အိန္ဒိယ

  • Bharat Dynamics Limited
  • Hindustan Aeronautics Limited

အစ္စရေး

  • Tar Ideal Concepts

ဖိလစ်ပိုင်

  • Armscar International

ရုရှ

  • Irkutsk Corporation, United Aircraft Corporation (UAC)
  • Rostec

စင်ကာပူ

  • Excellence Metal Casting
  • STE Global Trading

ယူကရိန်း

  • Malyeshev Plant
  • Ukrspetsexport and Ukroboronprom

ကိုးကား - ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်သော တပ်မတော်၏ ပင်မစီးပွားရေးလုပ်ငန်းများ အစီရင်ခံစာ

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading