တပ်ချုပ်၏ သမီးနှင့်ချွေးမတို့ ထူထောင်သော အနုပညာကုမ္ပဏီများ အချိန်တိုအတွင်း ထိပ်တန်းရောက်လာ

မကြာသေးမီနှစ်နှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိသားစုဝင်များသည် ရုပ်ရှင်နှင့် ဖျော်ဖြေရေးကုမ္ပဏီများကို ထူထောင်ခဲ့ပြီး၊ ထိုကုမ္ပဏီများသည် ယခုအချိန်တွင် အနုပညာအသိုင်းအဝိုင်းတွင် ကောင်းစွာ ဩဇာညောင်းနေပြီဖြစ်သည်။

Published on Aug 1, 2019
Published on Aug 1, 2019
7th Sense ရုပ်ရှင်ထုတ်လုပ်ရေး၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်ခင်သီရိသက်မွန်ကို ဇူလိုင်လ ၂ ရက်နေ့က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် အနုပညာလှုပ်ရှားမှုအသိပေးခြင်း အခမ်းအနားတွင် တွေ့ရပုံ (Credit- 7th Sense Creation Facebook Page)
7th Sense ရုပ်ရှင်ထုတ်လုပ်ရေး၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်ခင်သီရိသက်မွန်ကို ဇူလိုင်လ ၂ ရက်နေ့က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် အနုပညာလှုပ်ရှားမှုအသိပေးခြင်း အခမ်းအနားတွင် တွေ့ရပုံ (Credit- 7th Sense Creation Facebook Page)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးနှင့်ချွေးမတို့သည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ရုပ်ရှင်အနုပညာဖျော်ဖြေရေးကုမ္ပဏီများကို တည်ထောင်ခဲ့ကြပြီး အချိန်တိုအတွင်းမှာပင် ခြေလှမ်းသွက်ကာ အနုပညာအသိုင်းအဝိုင်းတွင် ငွေကြေးဖောဖောသီသီ သုံးစွဲနိုင်သည့် ကုမ္ပဏီများ ဖြစ်လာသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သမီး မခင်သီရိသက်မွန်သည် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်သည့် Seventh Sense Company Limited နှင့် ဗိုလ်ချုပ်မှူးကြီး၏ချွေးမ မမျိုးရတနာထိုက်မှာ ရုပ်သံဇာတ်လမ်းတွဲနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲ စသည်တို့ကို တင်ဆက်နေသည့် “စတယ်လာဆဲဗင်း” (Stellar Seven Entertainment Company Limited) အမည်ရ ဖျော်ဖြေရေးကုမ္ပဏီတို့ကို အသီးသီး တည်ထောင်ထားကြသည်။

အသက် ၃၇ နှစ်စီ ရှိကြသည့် ထိုအမျိုးသမီးနှစ်ဦးသည် ၎င်းတို့၏ကုမ္ပဏီများအား ၂၀၁၇ ခုနှစ်တွင် မှတ်ပုံတင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီများသည် ရုပ်ရှင်နှင့်အနုပညာဖျော်ဖြေရေး ကဏ္ဍအတွင်း ခန့်မှန်းခြေ နှစ်စဉ် ကျပ်သိန်းပေါင်း သောင်းချီကာ ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ မခင်သီရိသက်မွန်နှင့် မမျိုးရတနာထိုက်တို့ကို Myanmar Now အနေဖြင့် တွေ့ဆုံမေးမြန်းခွင့် မရခဲ့ဘဲ 7th Sense ၏ ဒါရိုက်တာအဖွဲ့ဝင် ကိုဝေမင်းမောင်နှင့်သာ တွေ့ဆုံခွင့်ရခဲ့ပါသည်။

ကိုဝေမင်းမောင်ကတော့ မခင်သီရိသက်မွန်သည် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံထားခြင်းမှာ ငွေကြေးအမြတ်အစွန်းအတွက် မဟုတ်ဘဲ အနုပညာလုပ်ငန်းကို ခုံမင်သည့်အတွက်ကြောင့် ဖြစ်သည်ဟု ပြောပြသည်။

“အနုပညာအရ စိတ်တူကိုယ်တူ ဖြစ်တဲ့သူတွေ ပေါင်းလိုက်တဲ့ သဘောပါပဲ” ဟု အသက် ၃၁ နှစ်အရွယ်ရှိ ၎င်းက ပြောသည်။

တပ်ချုပ်အားပေးသော ဇာတ်ကား

7th Sense ကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် “မုန်းစွဲ” ဇာတ်ကားသည် ရုံတင်စဉ်က ပရိသတ်အားပေးမှုကြောင့် နှစ်လဆက်တိုက် ပြသခွင့်ရခဲ့သည်။ လျှမ်းလျှမ်းတောက် သရုပ်ဆောင်များဖြစ်သည့် နေတိုး နှင့် ဖွေးဖွေးတို့ ပါဝင်ထားသည့် “မုန်းစွဲ” သည် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ပို့ဆုနှင့် ရုပ်ရှင်ဓာတ်ပုံဆု နှင့် အသံဆုတို့ ရရှိခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ထိုဇာတ်ကားကို နေပြည်တော်ရှိ ရုပ်ရှင်ရုံတစ်ရုံသို့ ကိုယ်တိုင်သွားရောက် အားပေးကြည့်ရှုခဲ့ကြောင်း ကိုဝေမင်းမောင်ကဆိုသည်။

 “သတ္တမမြောက်အာရုံ” ဟု အဓိပ္ပာယ်ရသည့် 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးသည် “မုန်းစွဲ” အပြင် “တိမ်တိုက်တံတား” ၊ “အခမ်းနားဆုံးမေတ္တာ” ၊ “ဧည့်သည်” ၊ “မဟူရာရုပ်ရှင်ရုံ” ၊ “ဒဏ္ဍာရီမိုး” စသည့် ရုပ်ရှင်ဇာတ်ကားများ အပါအဝင် ရုံတင်ဇာတ်ကား ရှစ်ကားကို နှစ်နှစ်တာကာလအတွင်း စီစဉ်ထုတ်လုပ်ခဲ့သည်။

အနုပညာအရ စိတ်တူကိုယ်တူ ဖြစ်တဲ့သူတွေ ပေါင်းလိုက်တဲ့ သဘော...

ရန်ကင်းမြို့နယ်၊ ဘောက်ထော် ၁၅ ရပ်ကွက် ၊ သုခိတာလမ်း၌တည်ရှိသော 7th Sense ကုမ္ပဏီကို ၂၀၁၇ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မှတ်ပုံတင်ခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်များမှာ မခင်သီရိသက်မွန်၊ ကိုဝေမင်းမောင်၊ ကိုကိုနိုင် (ခေါ်) ကိုနိုင်ဖြိုးကျော်နှင့် ကိုစံကိုကိုတင့်ဆန်းတို့ ဖြစ်သည်။

ဒါရိုက်တာအဖွဲ့ဝင် လေးယောက်အနက် ကိုဝေမင်းမောင်၊ ကိုစံကိုကိုတင့်ဆန်းနှင့် ကိုနိုင်ဖြိုးကျော် တို့ကိုသာ ကုမ္ပဏီ၏လှုပ်ရှားမှုများတွင် တွေ့ရလေ့ရှိပြီး မခင်သီရိသက်မွန်ကိုမူ တွေ့ရခဲသည်။

ရင်းနှီးသူများက “မသီရိ” ဟု ခေါ်ဝေါ်သည့် မခင်သီရိသက်မွန်သည် 7th Sense က ထုတ်လုပ်သော ရုပ်ရှင်ဇာတ်ကားများ၏ အဝတ်အစားဒီဇိုင်းအတွက် အကြံဉာဏ်ပေးခြင်း၊ ရုပ်ရှင်အဖြစ် ပြောင်းလဲရိုက်ကူးနိုင်မည့် ဝတ္ထုများကို ရွေးချယ်ဝယ်ယူနိုင်အောင်အကြံပေးခြင်းနှင့် ထုတ်လုပ်ရေး၏ ငွေရေးကြေးရေးအဝင်အထွက် မျှတမှုကို စီမံခန့်ခွဲခြင်းတို့ကို တာဝန်ယူသည်ဟု ကိုဝေမင်းမောင်က ဆိုသည်။

7th Sense ထုတ်လုပ်ရေးသည် လက်ရှိတွင် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်သည့် နေတိုး၊ ထူးအောင်၊ ရွှေထူး၊ ဝတ်မှုန်ရွှေရည်၊ နေခြည်ဦးတို့အပြင် ဒါရိုက်တာ ဩရသ၊ ဝင်းလွင်ထက်တို့နှင့် သီးသန့်စာချုပ်များ ချုပ်ဆိုကာ ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ထုတ်လုပ်နေသည်။ ယင်းအနုပညာပညာရှင် ခုနစ်ဦးနှင့် လက်တွဲလုပ်ဆောင်မည့်အကြောင်း ကြေညာသည့် လွန်ခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ မီဒီယာရှင်းလင်းပွဲသို့ အခြားဒါရိုက်တာအဖွဲ့ဝင် သုံးဦးနှင့်အတူ ဒေါ်ခင်သီရိသက်မွန်လည်း ရှားရှားပါးပါး တက်ရောက်ခဲ့သည်။

7th Sense ထုတ်လုပ်ရေး၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲသည့် ကိုဝေမင်းမောင်သည် Forever Group ကုမ္ပဏီနှင့် မြန်မာ့ရုပ်မြင်သံကြားတို့ ပူးပေါင်းထားသည့် MRTV-4 ရုပ်သံလိုင်းတွင် ဘောလုံးပွဲသုံးသပ်သူအဖြစ် ၂၀၀၉ ခုနှစ်မှ စတင်ကာ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ADMA Media၊  အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်းနှင့် သားသမီးများပိုင်ဆိုင်သော A.C.E ကုမ္ပဏီများအုပ်စု စသည်တို့တွင် ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည်။

ကိုဝေမင်းမောင်သည် ရုပ်သံဇာတ်လမ်းတွဲများ စီစဉ်ထုတ်လုပ်နေသည့် Myanmar Media Seven နှင့် တေးဂီတထုတ်လုပ်ရေး ကုမ္ပဏီ V7 Entertainment တို့ကိုလည်း သူငယ်ချင်းဖြစ်သူ ဦးနိုင်ဖြိုးကျော်နှင့်အတူ ပူးပေါင်းလုပ်ကိုင်နေသည်။ Myanmar Media Seven က ရိုက်ကူးထုတ်လုပ်သည့် ရုပ်သံဇာတ်လမ်းတွဲများကို ရွှေသံလွင် မီဒီယာ ကုမ္ပဏီ၏ SkyNet ဂြိုဟ်တုရုပ်သံ နှင့် အခမဲ့ MNTV ရုပ်သံလိုင်းများတွင် ပြသလျက်ရှိသည်။

ဒါရိုက်တာအဖွဲ့ဝင် စံကိုကိုတင့်ဆန်းသည် သမ္မတဦးသိန်းစိန်လက်ထက်က အားကစားဝန်ကြီးဖြစ်ခဲ့သည့် ဦးတင့်ဆန်း၏သားအငယ်ဖြစ်ပြီး ၎င်း၏အစ်ကို ဖြိုးကိုကိုတင့်ဆန်းမှာ တရားမဝင် လက်နက်၊ မူးယစ်ဆေး၊ ဆက်သွယ်ရေးစက် အစရှိသည့် ပစ္စည်းများနှင့်အတူ ၂၀၁၇ ခုနှစ်က နေပြည်တော်လေဆိပ်တွင် ဖမ်းခံရသဖြင့်  ထောင်ဒဏ် နှစ်၃၀ ကျော် ချမှတ်ခံထားသူဖြစ်သည်။ 

"ကိုစံ" ဟု ခေါ်ကြသည့် ကိုစံကိုကိုတင့်ဆန်းသည် တေးသီချင်းများ ရေးစပ်ခြင်းကို နှစ်သက်ပြီး ထုတ်လုပ်ရေးအတွက် ဇာတ်လမ်းရွေးချယ်မှုအပိုင်းနှင့် တေးဂီတပံ့ပိုးမှုအပိုင်းတို့တွင် အကြံဉာဏ်ပေးလေ့ရှိသည်ဟု ကိုဝေမင်းမောင်က ပြောသည်။

ကျန်ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးမှာ ဦးကိုကိုနိုင် (ခ) နိုင်ဖြိုးကျော် ဖြစ်သည်။ ၎င်းသည် VeVe အချိုရည် ထုတ်လုပ်သည့် Green Circle ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင် ဖြစ်ပြီး အလှမယ်မိုးစက်ဝိုင်၏ အစ်ကိုလည်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့် မိသားစုမျိုးရိုးမှ ဆင်းသက်လာသည့် ကိုနိုင်ဖြိုးကျော်သည် ရုပ်ရှင်ဇာတ်ကားများအတွက် ငွေကြေး ရင်းနှီးမြှုပ်နှံမှုအပိုင်းနှင့် နိုင်ငံတကာဈေးကွက်ကို တာဝန်ယူသည်ဟု ကိုဝေမင်းမောင်က ဆိုသည်။

ငွေကြေး အမြောက်အများ သုံးစွဲ

7th Sense သည် နာမည်ရှိ ရုပ်ရှင်သရုပ်ဆောင်များကို ဈေးကွက်ပေါက်ဈေးထက် မြင့်မားသော သရုပ်ဆောင်ခကို ပေးပြီး ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ရေးအတွက် ငွေကြေး အလွန်သုံးစွဲနိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း ရုပ်ရှင်အသိုင်းအဝိုင်းက ဆိုသည်။

သရုပ်ဆောင်နေတိုးသည် 7th Sense နှင့် သီးသန့်စာချုပ်မချုပ်မီက ရုပ်ရှင်တစ်ကားအတွက် ကျပ်သိန်း ၃၀၀ မှ ၅၀၀ အထိ ခေါ်ကြေးရှိခဲ့သော်လည်း 7th Sense နှင့်စာချုပ်ချုပ်သည့်အခါ ကုမ္ပဏီအတွက် တစ်နှစ်အတွင်း ရုပ်ရှင် ခြောက်ကားမှ ရှစ်ကားအထိ ရိုက်ကူးရမည်ဖြစ်ပြီး တစ်ကားလျှင် ကျပ်သိန်း ၇၀၀ ဖြင့် စာချုပ်ချုပ်ခဲ့သည်ဟု ထိုအသိုင်းအဝိုင်းထံမှ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

7th Sense သည် ရုံတင်ဇာတ်ကားတစ်ကားလျှင် ထုတ်လုပ်ရေးစရိတ်ကို အနည်းဆုံး ကျပ်သိန်း ၂,၅၀၀ မှ အများဆုံး သိန်း ၄,၀၀၀ ခန့်အထိ သုံးစွဲကြောင်း၊ သိန်း ၃,၀၀၀ခန့် အကုန်အကျခံ ရိုက်ကူးခဲ့သည့် “မုန်းစွဲ” ဇာတ်ကားသည် 7th Sense ထုတ်လုပ်ရေး၏ အအောင်မြင်ဆုံးနှင့် ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကား ဖြစ်ခဲ့ကြောင်း ကိုဝေမင်းမောင်က ပြောသည်။

Myanmar Media Seven နှင့် 7th Sense တို့ ပူးပေါင်းပြီး အောက်တိုဘာလတွင် စတင်ရိုက်ကူးမည့် ‘ကောင်းကင်မရှိတဲ့ကြယ်’ ရုပ်ရှင်ကားအတွက် နေတိုး၊ မိုးစက်ဝိုင်အပြင် ထိုင်းသရုပ်ဆောင် Ken Phuphoom Pongpanu ပါ ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ဒါရိုက်တာအဖြစ် ဩရသက တာဝန်ယူမည်ဖြစ်သည်။ ထုတ်လုပ်ရေးစရိတ်ကို နှစ်ဆအောက် မနည်းသောငွေကြေး သုံးစွဲပြီး နိုင်ငံတကာဈေးကွက်တွင် သွားရောက်ပြသမည်ဖြစ်ကြောင်း ကိုဝေမင်းမောင်က ပြောသည်။

ယင်းကဲ့သို့ ငွေကြေးအင်အား သုံးစွဲနိုင်မှုကြောင့် ထုတ်လုပ်ရေးတွင် ပါဝင် ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေးခဝါချမှုများ လုပ်ဆောင်နေနိုင်သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းတွင် ဝေဖန်စွပ်စွဲမှုများလည်း ရှိသည်။ ယင်းဝေဖန်မှုများနှင့်အပေါ် ကိုဝေမင်းမောင်က ပယ်ချလိုက်ပြီး ၎င်းအနေဖြင့် အပြင်လူများ၏ ဝေဖန်မှုကို လက်သင့်ခံနိုင်ကြောင်း၊ လိပ်ပြာသန့်ရန်သာ အရေးကြီးကြောင်း ဆိုသည်။

“(ကျွန်တော်) တို့ ငွေရေးကြေးရေးမြှုပ်နှံတာဟာ တကယ့်ကို အနုပညာကို ချစ်တာကြောင့်မို့လို့ မြှုပ်နှံတာပါလား၊ တကယ်တတ်လို့ တကယ့်ကို အနုပညာအပေါ်မှာ တကယ်ကို အာရုံအပြည့်ရှိလို့ လုပ်တာပါလားဆိုတာ တဖြည်းဖြည်း နောက်ကျရင် သိလာတဲ့အခါ ဒီလိုမျိုး ဝေဖန်သုံးသပ်မှုတွေက ပျောက်သွားပါလိမ့်မယ်” ဟု ကိုဝေမင်းမောင်က တုံ့ပြန်သည်။

သတင်းစာဆရာအသင်းကိုငွေလှူတဲ့ စတယ်လာဆဲဗင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ချွေးမ ဒေါ်မျိုးရတနာထိုက်သည်လည်း “စတယ်လာဆဲဗင်း” (Stellar Seven Entertainment Company Limited) ကို ထူထောင်ထားသည်။ ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းနှင့် လင့်လမ်းထောင့်ရှိ Stellar Seven ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စတင်မှတ်ပုံတင်ခဲ့ကြောင်း DICA ဝက်ဘ်ဆိုက်တွင် တွေ့ရသည်။ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဒေါ်မျိုးရတနာထိုက် တစ်ဦးတည်းကိုသာ တွေ့ရပြီး ၎င်း၏ခင်ပွန်း ဦးအောင်ပြည့်စုံ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား) ပါဝင်ပတ်သက်မှု ရှိမရှိကိုတော့ မသိရပါ။

Stellar Seven သည် ၂၀၁၇ ခုနှစ်မှစကာ Miss Myanmar International အလှမယ်ပြိုင်ပွဲများကို စီစဉ်ကျင်းပခြင်း နှင့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးခြင်းအပြင် ယမန်နှစ်တန်ဆောင်တိုင်က “ဆေးပေါင်းခတဲ့ရန်ကုန်ည” စတိတ်ရှိုးပွဲကိုလည်း စီစဉ်ကျင်းပခဲ့သည်။ Stellar Seven က ရိုက်ကူးသည့် “အဆောင်” ရုပ်သံဇာတ်လမ်းတွဲကို ပြည်တွင်းအခမဲ့ ရုပ်သံလိုင်းတစ်လိုင်းဖြစ်သော Fortune TV Channel တွင် စနေနေ့ညတိုင်း ထုတ်လွှင့်ပြသနေသည်။

ဆက်စပ်ဖတ်ရှုရန်

မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (MJA) က ဦးစီးစီစဉ်သည့် ရုပ်ရှင်နှင့်ရုပ်သံဇာတ်လမ်းတွဲ ထူးချွန်ဆုပေးပွဲ Star Awards အခမ်းအနားအတွက် Stellar Seven က ကျပ်သိန်း ၄၀၀၀ ခန့် အကုန်အကျခံ ပံ့ပိုးပေးခဲ့သည်ဟု MJA ရှိ အမည်မဖော်လိုသူ အကြီးအကဲတစ်ဦးက Myanmar Now ကို ပြောသည်။

ထိုပမာဏသည် နှစ်စဉ်ကျင်းပသော ရုပ်ရှင်အကယ်ဒမီပေးပွဲ ကုန်ကျစရိတ်ထက် နှစ်ဆခန့် များပြားသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နှစ်စဉ် ကျင်းပလေ့ရှိသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (ခေါ်) အကယ်ဒမီဆုပေးပွဲ၏ ကုန်ကျစရိတ်မှာ ရွှေစင်ရုပ်တု ပြုလုပ်ခြင်းနှင့် အသေးသုံးစရိတ်များ မပါဝင်လျှင် သိန်း ၁၅၀၀ ခန့် ရှိကြောင်း အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက Myanmar Now ကို ပြောပြသည်။

Star Awards အခမ်းအနားကို ယခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး MJA ကို Stellar Seven က ငွေကျပ် သိန်း ၃၀၀ မေလဆန်းပိုင်းက လှူဒါန်းခဲ့ကြောင်း Stellar Seven ၏ အင်တာနက်လူမှုကွန်ရက်ပေါ်တွင် တွေ့ရသော မှတ်တမ်းဓာတ်ပုံများအရ သိရသည်။ အလှူငွေကို ဒေါ်မျိုးရတနာထိုက်က ပေးအပ်ခဲ့ပြီး ‘ရွှေအမြုတေ’ မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက MJA ကိုယ်စား လက်ခံယူခဲ့သည်ကို တွေ့ရသည်။

ယင်းအလှူငွေသည် အသင်း၏ “ရန်ပုံငွေ” အတွက် လှူဒါန်းခြင်း ဖြစ်ကြောင်း ဦးဝင်းငြိမ်းက Myanmar Now ကို ပြောသည်။

ကျောထောက်နောက်ခံအစွဲ

ဗိုလ်ချုပ်မှူးကြီး၏သမီး အပါအဝင် 7th Sense ထုတ်လုပ်ရေးတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသော ဒါရိုက်တာအဖွဲ့ဝင်များ၏ မိသားစုကျောထောက်နောက်ခံကြောင့် ထုတ်လုပ်ရေး၏ လုပ်ငန်းများအပေါ် သက်ရောက်မှုနှင့် လွှမ်းမိုးမှုရှိမရှိ Myanmar Now က မေးမြန်းရာ ကိုဝေမင်းမောင်က ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်သည့်အခါ ပုဂ္ဂိုလ်ရေးအစွဲနှင့် “နိုင်ငံရေးအရောင်” များကို မေ့ထားသည်ဟု ဖြေကြားသည်။

“ဘယ်ကလာတယ်၊ ဘယ်သူကလာတယ် ဆိုတာတွေထက် ကိုယ်တို့ ဆုံးဖြတ်ခဲ့တဲ့ဟာတွေ အကုန်လုံးက ပရိသတ်အပေါ်မှာ တကယ့်ကို အကျိုးရှိမယ့် ဇာတ်ကားမျိုး အဲဒါမျိုးတွေပဲ ဖန်တီးတာများတယ်။ ဘယ်ကလာတယ် ဆိုတာထက် အနုပညာအပေါ် ချစ်မြတ်နိုးတဲ့အပေါ်မှာပဲ ဆုံးဖြတ်တယ်” ဟု ၎င်းက ပြောသည်။

သို့သော် ပါဝင်ရင်းနှီးမြှုပ်နှံသူတို့၏ မိသားစုကျောထောက်နောက်ခံကြောင့်ပင် ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်ရိုက်ရန် ဝတ္ထုလာဝယ်သည့်အခါ မရောင်းလိုသည့် စာရေးဆရာများလည်း ရှိသည်ဟု စာရေးဆရာများနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောပြသည်။

“မရောင်းတဲ့ စာရေးဆရာတွေလည်း ရှိတယ်။ သူတို့ ကုမ္ပဏီတွေမို့လို့ မရောင်းတာ။ သူတို့ဆီကို (လာ) ဝယ်ရင် ဈေးကို မဖွင့်ဘူး။ စဉ်းစားဦးမယ်လို့ ပြောပြီး စကားမပြန်တော့ဘူး။ နောက်ခံကို မကြိုက်လို့” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading