ခြေဥအစီရင်ခံစာပါ တပ်မတော်နှင့်ဆိုင်သောပုဒ်မများအပေါ် အကြံပြုချက်များ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် အဆိုပြုချက်ပေါင်း ၃၇၆၅ ချက်အနက်မှ အရေးကြီးသည့် အချက်များကို ယခုလို တွေ့နိုင်သည်။

Published on Jul 22, 2019
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံပါကြောင်း ထောင်ချီသည့် ပြည်သူလူထုက ဇူလိုင် ၁၇ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံပါကြောင်း ထောင်ချီသည့် ပြည်သူလူထုက ဇူလိုင် ၁၇ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

ဇူလိုင်လ ၁၅ ရက်နေ့က တင်သွင်းလိုက်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် အဆိုပြုချက်ပေါင်း ၃၇၆၆ချက် ပါရှိသည်။ သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဖွဲ့စည်းထားသည့်ကော်မတီတွင် ကော်မတီဝင် ၄၅ ဦး ပါရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ၁၁၁၂ ချက်၊ ရခိုင်အမျိုးသားပါတီ (RNP) က ၈၅၈ ချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၁၁၄ ချက် အကြံပြုထားသည်။ တပ်မတော်သားကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များက သီးခြားအဆိုပြုထားခြင်း မရှိပေ။

အဆိုပါ အဆိုပြုချက် ၃၇၀၀ ကျော်အနက်မှ အရေးကြီးသည့် အချက်များကို အောက်ပါအတိုင်း တွေ့နိုင်သည်။

အခန်း (၁) နိုင်ငံတော်၏ အခြေခံမူများ

အခန်း (၁) ပုဒ်မ (၁) တွင် အခြေခံမူ (၄၈) ချက် ရှိသည့်အနက် “နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်” ဆိုသည့် အချက်ကို ရခိုင်အမျိုးသားပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီနှင့် မွန်အမျိုးသားပါတီတို့က နိုင်ငံတော်ကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု လည်းကောင်း၊

ရှမ်းအမျိုးသား ဒီမိုကရစီအဖွဲ့ချုပ်ပါတီက နိုင်ငံတော်ကို မြန်မာဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဟု လည်းကောင်း ခေါ်တွင်ရမည်ဟု ပြင်ဆင်ထားသည်။

ပုဒ်မ ၆ (ဃ) တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး” ဆိုသည့် စကားစု နေရာတွင် NLD က စစ်မှန်သော ဒီမိုကရေစီ စနစ် ထွန်းကားရေးဟု လည်းကောင်း၊

ရခိုင်အမျိုးသားပါတီနှင့် SNLD တို့က ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး ဟု လည်းကောင်း ပြင်ဆင်ရန် အဆိုပြုထားသည်။

ပုဒ်မ ၆ (စ)တွင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဟု ပြဋ္ဌာန်းထားပြီး ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့က ထိုပုဒ်မကို ပယ်ဖျက်လိုကြသည်။

NLD ကတော့ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပြည်သူ့ဆန္ဒနှင့်အညီ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို ဦးတည်သည်ဟု “ပြည်သူ့ဆန္ဒနှင့်အညီ” ကို ဖြည့်စွက်ထားသည်။

ပုဒ်မ (၇) နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပါရှိပြီး NLD က နိုင်ငံတော်သည် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပြင်ဆင်ထားပြီး ရခိုင်အမျိုးသားပါတီက နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟူ၍ လည်းကောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်သည် ဖက်ဒရယ်စနစ်နှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည် ဟူ၍ လည်းကောင်း ပြင်ဆင်ထားသည်ကို တွေ့ရသည်။

ပုဒ်မ ၅၉ (စ)နှင့် တပ်မတော်စိတ်ကြိုက် ဒုသမ္မတ

ပုဒ်မ ၆၀ (ခ) (၃) အရ ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော်အတွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှတစ်ဆင့် ဒုတိယသမ္မတတစ်ဦးကို တင်မြှောက်ခွင့်ရှိသည်။

ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး၊ တအာင်း (ပလောင်)ပါတီများက ထိုအချက်ကို ပယ်ဖျက်ပေးရန် တောင်းဆိုထားပြီး NLD ကတော့ မှတ်ချက်ပေးထားခြင်းမရှိပေ။

နိုင်ငံခြားသား အိမ်ထောင်ဖက်၊ သားသမီး၊ သမက်၊ ချွေးမရှိသူ သမ္မတမဖြစ်ရဟု ပြဋ္ဌာန်းထားသည့် ပုဒ်မ ၅၉ () ကို NLD ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နှင့်အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ တို့က ပယ်ဖျက်ရန် တိုက်တွန်းထားသည်။

တပ်မတော်သား ၂၅ ရာခိုင်နှုန်း

အခြေခံဥပဒေ ပုဒ်မ ၁၀၉ (ခ)၊ ၁၄၁ (ခ)၊ ၁၆၁ (ဃ) တို့အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းနှင့်ပြည်နယ် လွှတ်တော်များတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အမည်စာရင်း အသီးသီး တင်သွင်းပိုင်ခွင့်ရှိပြီး ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ပါတီနှင့်အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့က တပ်မတော်သား ၂၅ ရာခိုင်နှုန်းကိစ္စကို လုံးဝ ပယ်ဖျက်လိုကြသည်။

NLD ပါတီကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို နှစ်ကာလ အပိုင်းအခြားဖြင့် တစ်ဆင့်ချင်း လျှော့ချသွားလိုသည်။

လွှတ်တော် တတိယအကြိမ်သက်တမ်းဖြစ်သည့် ၂၀၂၀ နောက်ပိုင်းတွင် ၁၅ ရာခိုင်နှုန်း၊ ၂၀၂၅ ရွေးကောက်ပွဲ အပြီး စတုတ္ထအကြိမ်သက်တမ်းတွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၃၀ ရွေးကောက်ပွဲ အပြီး ပဉ္စမအကြိမ်သက်တမ်းတွင် ၅ ရာခိုင်နှုန်းအထိ လျှော့ချလိုသည်ဟု ပြင်ဆင်ချက် တင်သွင်းထားသည်။

ထိုအဆိုပြုချက်အရ ၂၀၃၅ ခုနှစ်ရွေးကောက်ပွဲအပြီး ဆဋ္ဌမအကြိမ်လွှတ်တော်သက်တမ်းတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးမှာ ရှိတော့မည် မဟုတ်ပေ။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁ အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ နှစ် ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ပါသော အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုပုဒ်မကို ရခိုင်အမျိုးသားပါတီက ပယ်ဖျက်လိုပြီး NLD ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့က ပြင်ဆင်လိုကြသည်။

NLD က ကာ/လုံ ကို ဆက်လက်ထားရှိလိုသည့် သဘောထားရှိသော်လည်း ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ရွေးချယ်ရသည့် နယ်စပ်ရေးရာဝန်ကြီးကို ချန်လှပ်ပြီး ကျန်သူများဖြင့် ဖွဲ့စည်းလိုသည်။

SNLDကမူ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့ကို ကာလုံဖွဲ့စည်းရာတွင် ထည့်သွင်းထားသော်လည်း ဒုတိယတပ်ချုပ်နှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို ချန်လှပ်ထားသည်။

ထို့ပြင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးများကို ခန့်အပ်ရန် သင့်လျော်သည့် တပ်မတော်သားများ၏အမည်စာရင်းကို ကာကွယ်ရေးဦးစီးချုပ်ထံမှ ရယူရမည်” ဆိုသည့် ပုဒ်မ ၂၃၂ (ခ) (၂) ကို ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့က ပယ်ဖျက်ရန် တောင်းဆိုထားပြီး NLD ကတော့ မှတ်ချက်ပြုခြင်း မရှိသေးပေ။

သို့သော်လည်း NLDက ထိုပုဒ်မနှင့်ဆက်စပ်နေသည့် ပုဒ်မဖြစ်သည့် ၂၃၂(ည)(၂) တွင် ပါဝင်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနများတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရမည့် တပ်မတော်သားများနှင့် ပတ်သက်ပြီး ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် နေ့မှစတင်ပြီး တပ်မတော်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဟု ပြင်ဆင်ထားသည်။

စစ်ဘက်ဆိုင်ရာ တရားရုံး

ပုဒ်မ ၂၉၃ (ခ) အရ စစ်ဘက်ဆိုင်ရာတရားရုံးများ ဖွဲ့စည်းခွင့် ပေးထားပြီး မွန်အမျိုးသားပါတီက ထိုအချက်ကို ပယ်ဖျက်ပေးရန် တောင်းဆိုထားသည်။

NLD၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် မည်သည့်ပါတီကမှ ထိုအချက်နှင့်ပတ်သက်၍ ပြင်ဆင်၊ ပယ်ဖျက်၊ အကြံပြုခြင်းများ မရှိပေ။

တပ်မတော်

အခန်း (၇) တပ်မတော်အခန်းတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အခန်း (၇) တပ်မတော်” အစား “အခန်း (၇) ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဟု ခေါင်းစဉ်ကို ပြင်ဆင်ဖို့ အကြံပြုထားသည်။

ပုဒ်မ ၃၃၈ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည် ဆိုသည့် အချက်ကို NLD နှင့် ရခိုင်အမျိုးသားပါတီတို့က ပယ်ဖျက်ထားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုအတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် မည်သည့်အခြေအနေတွင်မဆို ရွေးကောက်ခံထားရသော အရပ်သားအစိုးရ၏ ကွပ်ကဲအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်၏ ထိန်းကျောင်း ကွပ်ကဲမှုကို လေးစားလိုက်နာ ခံယူရမည်ဟု ပြင်ဆင်လိုသည်။

ထိုအခန်း၏ ပုဒ်မ ၃၃၉ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည် ဆိုသည့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် NLD ပါတီက တင်သွင်းထားသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုတပ်မတော်၏ အဓိကတာဝန်မှာ ပြည်ပရန်ကို ကာကွယ်ရန်ဖြစ်ပြီး အမြဲတမ်းစစ်အင်အားကို ပြည်ထောင်စု လူဦးရေ၏ သုည ဒသမ ၅ ရာခိုင်နှုန်းကို မကျော်လွန်ဖို့ အကြံပြုထားသည်။

အဓိကခေါင်ချက်ပုဒ်မ၊ ပုဒ်မ ၄၃၆

အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ပုဒ်မ ၄၃၆ (က) အရ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရေးပါသည့် ပုဒ်မပေါင်း ၉၀ ကျော်ကို ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့် ပြင်ဆင်ရမည် ဖြစ်သည်။

NLD က ထိုပုဒ်မပေါင်း ၉၀ ကျော်ကို ပြင်ဆင်လိုပါက ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော်၏ သဘောတူညီမှုဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ပြီး မဲပေးခွင့်ရှိသူ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့် ပြင်ဆင်နိုင်သည်ဟု ပြင်ဆင်ချက် တင်သွင်းထားသည်။

ရခိုင်အမျိုးသားပါတီက ထိုပုဒ်မပေါင်း ၉၀ ကျော်ကို ပြင်ဆင်လိုပါက လွှတ်တော်နှစ်ရပ်ရှိ ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သဘောတူညီလျှင် ပြင်ဆင်နိုင်သည်ဟု ပြင်ဆင်ချက် တင်သွင်းထားသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အခန်း (၁) နိုင်ငံတော်၏ အခြေခံမူများ အခန်း ပုဒ်မ ၁ မှ ၄၈ ထိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးခွင့်ရှိသူ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဟု ပြင်ဆင်ချက် တင်သွင်းထားသည်။ မူလပြဋ္ဌာန်းချက်တွင် ပုဒ်မပေါင်း ၉၅ ခုအတွက် ထိုသို့ပြဋ္ဌာန်းခြင်းကို SNLD က ပုဒ်မ ၄၈ ခုအထိ လျှော့ချခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၄၃၆ (ခ)တွင် ၄၃၆ (က) ပါ ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိပြီး NLD နှင့်တိုင်းရင်းသားပါတီများက ထိုအချက်ကို ပြင်ဆင်လိုကြသည်။

NLD နှင့် မွန်အမျိုးသားပါတီတို့က လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံကျော် (၆၆ ရာခိုင်နှုန်းကျော်) ၏ ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်နိုင်သည်ဟု ပြင်ဆင်ချက်တင်ထားပြီး ရခိုင်အမျိုးသားပါတီက ၅၀ ရာခိုင်နှုန်းအထက်ဖြင့်လည်းကောင်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုအဆင့် လွှတ်တော်တစ်ရပ်ချင်းစီ၏ ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်ဟုလည်းကောင်း အသီးသီး ပြင်ဆင်ချက် တင်သွင်းထားသည်။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါအချက်များကို ဆွေးနွေးလိုသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းရန် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ယခုလ ၁၅ ရက်နေ့က ကြေညာထားသည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading