သတင်း

ရခိုင်ပြည်နယ်၊မြေပုံတွင် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော်ခန့် စစ်ဘေးရှောင်

စစ်ရေးတင်းမာမှု ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပေါက်တူးတောင်ကျေးရွာအနီးတွင် တပ်မတော်က တပ်စွဲထားပြီး နယ်မြေရှင်းလင်းရေးများ လုပ်နေသောကြောင့် ဒေသခံ ၂၀၀၀ ကျော်ခန့် စစ်ဘေးရှောင်နေရကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းက ယနေ့ပြောသည်။

လူဦးရေ ၂၀၀၀ ကျော်ရှိသည့် ပေါက်တူးတောင်ရွာတွင် လူ ၅၀ ခန့်သာ ရွာထဲ၌ ကျန်ရစ်နေခဲ့ပြီး စစ်ရှောင် ၁၂၀၀ နီးပါးကို ပေါက်တူးတောင်ကျေးရွာ၏ အနောက်တောင်ဘက် မိုင်ခန့်အကွာရှိ ကမ်းထောင်းကြီးမြို့နယ်ရှိ ဘုရားကြီးဝင်းထဲတွင် နေရာချထားပေးထားကြောင်း၊ အချို့စစ်ရှောင်များမှာ ပေါက်တူးတောင်ရွာ၏ အနီးအနားရွာများနှင့် ကမ်းထောင်းကြီးမြို့ပေါ်ရှိ ဆွေမျိုးများ၏နေအိမ်များတွင် နေထိုင်ကြကြောင်း ၎င်းကဆိုသည်။

တပ်ကဝင်လာတယ်ဆိုတော့ စိုးရိမ်ထိတ်လန့်ပြီး ကမ်းထောင်းကြီးဘက်ကို ရှောင်သွားကြတာဟု မြေပုံမြို့နယ် လွှတ်တော်အမတ်လည်း ဖြစ်သည့် ဦးမြသန်းက ပြောသည်။

ဇူလိုင် ၁၉ ရက်နေ့က ပေါက်တူးတောင်ရွာ၏ မြောက်ဘက် တုတ်ကိုင်ရွာအနီးတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ရေယာဉ်တစ်စီးကို AA မှ ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ရေယာဉ်တစ်စီးကို ထိမှန်ခဲ့သည်။

တပ်မတော်စစ်ရေယာဉ်မှလည်း တန်ပြန်ပစ်ခတ်ခဲ့ပြီး ပေါက်တူးတောင်ရွာအတွင်းသို့ လက်နက်ကြီး လုံးထက်မနည်း ကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်နေ့တွင် အင်အား ၁၅၀ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခု ပေါက်တူးတောင်ရွာထဲသို့ ဝင်ရောက်လာပြီး ကျေးရွာစာသင်ကျောင်းနှင့် ရွာအနီးအနားတဝိုက်တွင် တပ်စွဲထားသည့်အတွက် ဇူလိုင် ၂၁ ရက်နေ့ ညနေပိုင်းတွင် ရွာမှ တိမ်းရှောင်လာကြကြောင်း ပေါက်တူးတောင်ကျေးရွာသူ ဒေါ်တင်ရီက ပြောသည်။

သူတို့ကတော့(တပ်မတော်) သွားစရာမလိုဘူးလို့ ပြောတာပဲကျွန်မတို့ကတော့ ကြောက်တယ်၊ သေနတ်ဖောက်သံတွေလည်း ကြားရတော့ မနေရဲဘူးဟု ဒေါ်တင်ရီက ပြောသည်။

စစ်ရှောင်အရေအတွက်မှာ ယနေ့နေ့လယ်ပိုင်းအထိ တိုးနေဆဲဖြစ်ကြောင်း စစ်ရှောင်များကို ကူညီနေသည့် ဦးဦးသန်းယဉ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့က ဒုံးဖြင့်ပစ်ခတ်ခံရသည့် စစ်ရေယာဉ်မှာ တိုက်ပွဲဖြစ်ပွားရာ တုတ်ကိုင်ရွာသို့ စစ်သည်များနှင့် ရိက္ခာများတင်ဆောင်ကာ ပို့ဆောင်လာသည့်အတွက် အကောင်းဆုံးခံစစ် ပြင်ဆင်သည့်အနေဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခကပြောသည်။

တိုက်ပွဲဖြစ်ပြီး နောက်တစ်နေ့တွင် ပေါက်တူးတောင်ကျေးရွာတွင် တပ်အင်အား ၁၀၀ ကျော် တပ်စွဲလာခဲ့သောကြောင့် လတ်တလောတွင် စစ်ရေးတင်းမာလျက်ရှိကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။

သူတို့ဘက်က ထိုးစစ်တွေထပ်ပြီး လုပ်လာရင်တော့ တိုက်ပွဲက ပြင်းထန်လာနိုင်တဲ့ အနေအထားရှိတယ် ဟု ခိုင်သုခက ပြောသည်။

ပေါက်တူးတောင်ရွာတွင် တပ်မတော်စစ်ကြောင်းများရှိနေရခြင်းမှာ တိုက်ပွဲဖြစ်ပွားထားသည့် ဒေသဖြစ်သည့်အတွက် မဖြစ်မနေ နယ်မြေရှင်းလင်းရေး လုပ်နေရခြင်းသာ ဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက Myanmar Now ကို ပြောသည်။

ပေါက်တူးတောင်ရွာနှင့် အနီးအနားကျေးရွာများတွင်ပါ နယ်မြေရှင်းလင်းရေးများ လုပ်နေရခြင်းကြောင့် စစ်ရေးတင်းမာမှုများရှိနေသလို တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။

တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဧရိယာသည် ယခင်က မြောက်ပိုင်းအကျဆုံး မြို့နယ်များဖြစ်သည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးစသည့် မြို့နယ်များတွင်သာ အဖြစ်များခဲ့ပြီး မြေပုံမြို့နယ်တွင် ယခင်က တိုက်ပ္ပွဲဖြစ်ပွားခဲ့ခြင်း မရှိသလို စစ်ရှောင်များလည်း မရှိခဲ့ပေ။

တိမ်းရှောင်နေရသည့် ဒေသခံများအား အကူအညီပေးရေးကို ပြည်နယ်အစိုးရထံကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။

စစ်ဘေးရှောင်များကို ကူညီပေးနေသည့် စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC) ၏အချက်အလက်များအရ မြို့နယ် ခုမှ စစ်ရှောင်အရေအတွက် ၅၁,၀၀၀ ကျော်တွင် မြေပုံမြို့နယ်မပါဝင်ခဲ့ဘဲ ယခုစစ်ရှောင်ရမှုသည် မြေပုံမြို့နယ်အတွက် ပထမဦးဆုံးဖြစ်သည်ဟု REC မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

REC ဇူလိုင် ရက်နေ့ ထုတ်ပြန်ချက်အရ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင် နှင့် မောင်တော စသည့် မြို့နယ်များတွင် စစ်ရှောင်အရေအတွက် ၅၁,၀၀၀ ကျော် ရှိနေပြီး ထပ်မံရရှိသည့် စာရင်းများအရ ၅၄,၀၀၀ အထိ ရှိလာကြောင်း သိရသည်။

Show More

Related Articles

Back to top button