ပြည်သူ့ဥယျာဉ်အတွင်း တပ်ချုပ်သား လုပ်ကိုင်ခွင့်ရရှိထားသော လုပ်ငန်းများ

ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်ဝင်းအတွင်းရှိ ရန်ကုန်ပန်းချီပြခန်းနှင့် ရန်ကုန်စားသောက်ဆိုင်တို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံက ၂၀၁၃ မှ ၂၀၄၃ ခုနှစ်အထိ ငှားရမ်းလုပ်ကိုင်ခွင့် ရထားရာ မကြာသေးမီကာလအထိ တစ်လ ကျပ် ၁၀ သိန်းနှုန်းသာ ပေးခဲ့ရသည်။

Published on Jul 18, 2019
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံ ပိုင်ဆိုင်သည့် The Yangon Restaurant စားသောက်ဆိုင် (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံ ပိုင်ဆိုင်သည့် The Yangon Restaurant စားသောက်ဆိုင် (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

အလုံလမ်းမှသည် နက္ခတ်တာရာပြခန်းရှိရာ ဝင်ပေါက်အတိုင်း ချိုးဝင်သွားလိုက်သည်နှင့် ရန်ကုန်၏ပူလောင်သောဘဝမှ လွတ်ကင်းရာသို့ ရောက်သွားပါသည်။ အေးမြသောအပင်ကြီးများ၊ စိမ်းလန်းသော မြက်ခင်းနှင့်ပန်းပင်များ၊ ကဗျာဆန်လှသော ဝါးရုံပင်တန်းအောက် ကတ္တရာခင်းလမ်းကလေးက မြို့ပြ၏မွန်းကျပ်မှုကို တဒင်္ဂ မေ့လျော့သွားစေနိုင်ပါသည်။

ငြိမ်းချမ်းစိမ်းလန်းလှသော ဒဂုံမြို့နယ် ပြည်သူ့ဥယျာဉ်အတွင်း ပေ ၅၀၊ ပေ ၉၀ ကျယ်သည့် နီစွေးစွေး နှစ်ထပ်အဆောက်အအုံကလေး ရှိသည်။ အရိပ်ရအပင်ကြီးများ၏ အေးရိပ်ကို ခိုလှုံနေသော The Yangon Gallery ဟု ရေးထားသည့် ထိုအဆောက်အအုံလေးက အပြင်မှကြည့်လျှင် ငြိမ်သက်လှသော်လည်း အတွင်းထဲမှာတော့ ဆလိုက်မီးရောင်၊ ကင်မရာမီးရောင်များဖြင့် ပြိုးပြက်လင်းလက်နေသည်။

ဇူလိုင်လဒုတိယပတ်က အမျိုးသမီးဓာတ်ပုံဆရာများ၏ ဓာတ်ပုံပြပွဲတစ်ပွဲကို The Yangon Gallery က လက်ခံကျင်းပနေခြင်းဖြစ်သည်။ ဓာတ်ပုံပညာရှင်များ၊ ပရိသတ်များ၏အလယ်တွင် ရှပ်အင်္ကျီအဖြူ ပုဆိုးနံ့သာရောင် ဝတ်ဆင်ထားသည့် အသက် ၃၀ ကျော်အရွယ် ပြုံးချိုသောမျက်နှာပိုင်ရှင် အမျိုးသားတစ်ဦးက ဧည့်သည်များနှင့် စကားပြောနေသည်။ ထိုသူမှာ ထိုပြခန်းကို ဖွင့်လှစ်လုပ်ကိုင်ခွင့် ရထားသည့် ဦးအောင်ပြည့်စုံ ဖြစ်သည်။

ဦးအောင်ပြည့်စုံသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဟု နိုင်ငံရေးလောကနှင့် တပ်မတော်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှာတော့ သိထားကြသည်။ ၎င်းသည် ထိုပြခန်းအပါအဝင် ဘေးကပ်လျက်ရှိ ရန်ကုန်စားသောက်ဆိုင်၏ ပိုင်ရှင်လည်းဖြစ်သည်။ ထိုပြခန်းနှင့် စားသောက်ဆိုင် နှစ်ခုပေါင်း ၁ ဒသမ ၁၁ ဧကအကျယ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၄၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ နှစ် ၃၀ လုပ်ကိုင်ခွင့်ရထားသူ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာ (၂၀၁၅-၁၆) အရ စတုရန်းပေအားဖြင့် ၆၀,၀၀၀ ကျယ်သည့် ထိုနေရာတွင် အဆိုပါပြခန်းနှင့်စားသောက်ဆိုင်လုပ်ကိုင်ခွင့်ကို ဦးအောင်ပြည့်စုံက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနထံမှ စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ခြင်းဖြစ်ပြီး တင်ဒါဝင်ပြိုင်ခြင်းအားဖြင့် မဟုတ်ဘဲ စည်ပင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၁၆ ခုနှစ်အတွက် ဒဂုံမြို့နယ်၏မြေငှားရမ်းခကို တစ်စတုရန်းပေလျှင် ၃၉၆၈ကျပ်ဟု စည်ပင်က သတ်မှတ်ခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကုန်သည်အထိ ဦးအောင်ပြည့်စုံသည် ထိုမြေနေရာနှင့် အဆောက်အအုံနှစ်လုံးအတွက် တစ်လလျှင် ကျပ် ၁၀ သိန်းနှုန်းမျှဖြင့် ငှားရမ်းခွင့် ရခဲ့သဖြင့် တစ်စတုရန်းပေလျှင် ကျပ် ၁၆ ဒသမ ၆၆ နှုန်းသာ ပေးခဲ့ရသည်။

ကိုယ်တိုင်လည်း ဓာတ်ပုံဝါသနာရှင်တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံသည် ထိုနေ့က ဓာတ်ပုံပြပွဲလာ ဧည့်ပရိသတ်အချို့နှင့် စကားပြောပြီးနောက် ပြခန်းနှင့်ကပ်လျက် ရန်ကုန်စားသောက်ဆိုင်ဘက်ခြမ်း မြေနေရာလွတ်တွင် ရပ်ထားသည့် မော်ဒယ်မြင့် မာစီးဒီး ဖိုးဝှီးအနက်ရောင်ကားလေးဆီသို့ လျှောက်သွားပြီးနောက် ကားကို ကိုယ်တိုင်မောင်းကာ မိတ်ဆွေတစ်ဦးနှင့်အတူ ထွက်ခွာသွားသည်။

အလွန်နည်းသောနှုန်းထား

၁၃၅ ဧက ကျယ်ဝန်းသည့် ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်အတွင်း အငှားချကာ စီးပွားဖြစ်လုပ်ကိုင်ခွင့် ပြုထားသည့် ပုဂ္ဂလိကလုပ်ငန်း ရှစ်ခုရှိသည့်အနက် ဦးအောင်ပြည့်စုံသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

တစ်လကျပ် ၁၀ သိန်းဆိုသည့် နှုန်းဖြင့် လေးနှစ်ကျော် ငှားရမ်းခွင့်ရပြီးနောက် ထိုနှုန်းကို ၂၀၁၈ ခုနှစ်တွင် မြို့တော်စည်ပင်က တိုးမြှင့်သတ်မှတ်ခဲ့သည်။ Myanmar Now က ရရှိထားသည့် ဦးအောင်ပြည့်စုံနှင့် ရန်ကုန်မြို့တော်စည်ပင်တို့ ချုပ်ဆိုခဲ့သည့် စာချုပ်တစ်ခု၏မိတ္တူတွင် ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ကြားခြောက်လဘဏ္ဍာနှစ်ကာလ ‘Yangon စားသောက်ဆိုင်နှင့် ပန်းချီအနုပညာပြခန်း’ အတွက် ငှားရမ်းခမှာ ခြောက်လအတွက် သိန်း ၆၀၀ ကျော်ဖြစ်ပြီး တစ်လလျှင် ကျပ်သိန်း တစ်ရာနှင့်ငါးသောင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

စာချုပ်ပါအချက်များအရ အဆောက်အဦနှစ်လုံးမှာ စတုရန်းပေ ၁၇,၀၀၀ ကျော်နှင့် ကားပါကင်မှာ စတုရန်းပေ ၄၂,၄၀၀ ကျော် ကျယ်ဝန်းသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ငှားရမ်းခနှုန်းထားမှာလည်း ထိုနှုန်းထားပင်ဖြစ်သည်ဟု စည်ပင်သာယာရေးကော်မတီ စာရင်းတစ်ခုတွင် တွေ့ရသည်။ လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် စမည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက်စာချုပ်ကို အောက်တိုဘာလအတွင်း ချုပ်ဆိုမည်ဖြစ်ပြီး ငှားရမ်းခနှုန်းထားကို ဌာနဘက်က လွန်ခဲ့သောနှစ်လက တင်ပြထားသော်လည်း ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်များ ကျမလာသေးကြောင်း ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန ဦးစီးအရာရှိ ဒေါ်သီတာက ပြောသည်။

ဘဏ္ဍာငွေဆုံးရှုံး

လက်ရှိအာဏာရ NLD ပါတီမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တပ်မတော်အရာရှိဟောင်း ဦးကျော်ဇေယျက ၎င်း၏မဲဆန္ဒနယ်မြေ ဒဂုံမြို့နယ်တွင်ပါဝင်သော ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်အတွင်း ဖွင့်လှစ်ထားသော လုပ်ငန်းရှင်များထံမှ မြေငှားရမ်းခကြေးငွေ အလွန် နည်းပါးစွာရရှိသဖြင့် တိုင်းပြည်ဘဏ္ဍာငွေ ဘီလျံနှင့်ချီ နစ်နာကြောင်း လွှတ်တော်အတွင်း တစ်ကြိမ်မက ဆွေးနွေးခဲ့ဖူးသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ၎င်းဆွေးနွေးသွားချက်အရ ထိုအချိန်တွင် ဦးအောင်ပြည့်စုံ ငှားရမ်းထားသည့် မြေတစ်ဧကကျော်အတွက် တစ်လ ကျပ် ၁၀ သိန်းသာ စည်ပင်ကရရှိသည်ဟု ထည့်သွင်းပြောကြားသွားပြီး ဦးအောင်ပြည့်စုံသည် စာချုပ်ပါအချက်အချို့ကို ဖောက်ဖျက်သည်ဟု ဆွေးနွေးသွားခဲ့ဖူးသည်။

“ရင်ပြင်ဘေးမှာ ကပ်လျက်ဆိုင်ကြီးပါ။ ဒီဆိုင်ကြီးဟာ … နိုင်ငံခြား အရက်မျိုးစုံလည်း ရပါတယ်။ အလွန်လည်း ဈေးကြီးပါတယ်။ နိုင်ငံခြားသားတွေပဲ စားတာပါ။ … ရွှေတိဂုံဘုရားကြီးကိုလည်း မြင်နေရပါတယ်။ ဒါပေမဲ့ အဆိုပါဆိုင်ကတော့ နိုင်ငံခြားသားတွေက ဒီတရားပွဲကြီးနဲ့ ရွှေတိဂုံကြီးကို ကြည့်ပြီးတော့ အရက်တို့၊ ဘီယာတို့ တစိမ့်စိမ့် သောက်နေတဲ့ မြင်ကွင်းကိုတော့ ကျွန်တော် အများကြီး ရင်နာပါတယ်” ဟု ၎င်းက အဆိုပါနေ့တွင် ဆွေးနွေးသွားခဲ့သည်။

ရန်ကုန်စားသောက်ဆိုင်သည် နှစ်သစ်ကူးတရားပွဲများ၊ နေ့ထူးနေ့မြတ် အခမ်းအနားများ ကျင်းပရာ ပြည်သူ့ရင်ပြင်နှင့် ကပ်လျက်မှာပင် ဆောက်လုပ်ထားသည့် တစ်ထပ်အဆောက်အဦ ဖြစ်သည်။ ခမ်းနားသည့် ဥရောပဟန် မော်ဒန်ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားပြီး နိုင်ငံခြားသားများနှင့် ငွေကြေးတတ်နိုင်သူ အများစုသာ လာရောက်စားသောက်လေ့ရှိကြသည်။

ရန်ကုန်စားသောက်ဆိုင်သည် စာချုပ်ပါစည်းကမ်းများအရ အရက်ဘီယာ ရောင်းချခွင့်မရှိပေ။ ၂၀၁၈ ခုနှစ် ကြားကာလ ခြောက်လဘက်ဂျက်အတွက် ပန်းဥယျာဉ်/အားကစားကွင်းဌာနနှင့် ဦးအောင်ပြည့်စုံတို့ ချုပ်ဆိုသော စာချုပ်တွင် ‘အငှားချထားခြင်းခံရသူ၏တာဝန်များ’ ဆိုသည့် စည်းကမ်းချက် ၃၃ ချက်ပါပြီး ၁၉ ချက်မြောက် ဖြစ်သော အပိုဒ်ခွဲ (ဓ) တွင် “အရက်၊ ဘီယာ ရောင်းချခြင်းအား လုံးဝ (လုံးဝ) ဆောင်ရွက်ခြင်း မပြုရ” ဟု ပါရှိသည်။

အဆိုပါ The Yangon Restaurant စားသောက်ဆိုင်၏ ဝက်ဘ်ဆိုက်တွင်မူ နိုင်ငံခြားဖြစ် အရက်ပုလင်းပုံများဖြင့် ကြော်ငြာထားသည်ကို တွေ့ရသည်။ အနောက်တိုင်းဟင်းလျာများကို အဓိကထည့်ထားသည့် အစားအသောက်စာရင်းများပါ ဈေးနှုန်းများမှာလည်း အနိမ့်ဆုံး ကျပ် ၁၀,၀၀၀ ကျော်မှ အမြင့်ဆုံး ကျပ် ၉၀,၀၀၀ ကျော်အထိ ရှိကြသည်။ ရေခဲမုန့် တစ်ကော်စာ တစ်ပွဲသည်ပင် ကျပ် ၃,၅၀၀ ဟု တွေ့ရသည်။

Myanmar Nowက ပြီးခဲ့သည့်သီတင်းပတ်က အဆိုပါစားသောက်ဆိုင်သို့ သွားရောက်ကာ ကော်ဖီတစ်ခွက်နှင့် ဘီယာတစ်ပုလင်း မှာယူပြီးနောက် ကျသင့်ငွေ ရှင်းသည့်အခါ ကော်ဖီနှင့် ဘီယာကို ပြေစာတစ်စောင်စီ ထုတ်ပြီး ဘီယာပြေစာတွင် အခွန်တံဆိပ်ခေါင်း ကပ်မပေးလိုက်ပါ။

ဈေးနှုန်းကြီးမြင့်သည့် စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသော်လည်း မြေ ၁ ဒသမ ၁၁ ဧက ငှားရမ်းခအဖြစ် ဦးအောင်ပြည့်စုံသည် တစ်ဧကအတွက် ကျပ် ၃၀,၀၀၀ ကျော်သာ ပေးရကြောင်း ဦးကျော်ဇေယျက ထောက်ပြသည်။

“အဲဒီတော့ အဲဒီဆိုင်ရဲ့ရောင်းအားက ကျွန်တော်တို့စုံစမ်းကြည့်တဲ့အခါမှာ (ကျပ်) ခုနစ်သိန်းနဲ့ ၁ဝ သိန်း ပျမ်းမျှရှိပါတယ်။ ဒါလေးတွေဟာ အရမ်းနည်းနေတယ်ဆိုတဲ့အကြောင်း တင်ပြတာပါ” ဟု

 

ဦးကျော်ဇေယျက ၂၀၁၇ ခုနှစ် မတ်လ ၂၈ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး၌ ပြောကြားသွားခဲ့သည်။

ဦးအောင်ပြည့်စုံ၏ ရန်ကုန်စားသောက်ဆိုင်သည် နိုင်ငံခြားသား ဧည့်သည်များအကြားတွင် လူကြိုက်များသည့် ဆိုင်တစ်ဆိုင်ဖြစ်သည်။ ခရီးသွားထောက်ကူပြုဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည့် Trip Advisor တွင် Review များအရ ရန်ကုန်ရှိ စားသောက်ဆိုင်ပေါင်း ၉၂၀ အနက် အဆင့် ၈၀ ပေးထားပြီး Rating ၅ မှတ်တွင် ၄ ဒသမ ၅ မှတ် ရရှိသည့် ဆိုင်ဖြစ်သည်။ ဆိုင်အတွေ့အကြုံ (Review) ရေးသူ အများစုကလည်း ဆိုင်ကို “Excellent (အလွန့်အလွန်ကောင်း)” ဟု မှတ်ချက် ပြုထားကြသည်။

ဦးအောင်ပြည့်စုံ၏ ရန်ကုန်ပန်းချီပြခန်းသည် အနုပညာပြပွဲများ၊ ဓာတ်ပုံပြပွဲများ၊ စာအုပ်မိတ်ဆက်ပွဲများနှင့် ဆွေးနွေးဟောပြောပွဲများ စသည်တို့ကို ခင်းကျင်းပြသနိုင်သော ပြခန်းတစ်ခု ဖြစ်သည်။ ဓာတ်ပုံပြပွဲတစ်ပွဲအတွက် တစ်ရက်လျှင် ကျပ် သုံးသိန်း၊ ဟောပြောပွဲများအတွက် တစ်ရက်လျှင် ကျပ်ခြောက်သိန်း အသီးသီး ကောက်ယူသည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။

ထို့ပြင် ရန်ကုန်စားသောက်ဆိုင် ကားပါကင်နေရာအတွက် သစ်ပင်များလှဲခဲ့ကြောင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ရှိကြောင်း ဦးကျော်ဇေယျကဆိုသည်။

“စားသောက်ဆိုင်ဖွင့်တော့ ကားပါကင်ပေါ့ဗျာ။ ကားရပ်ဖို့လုပ်ဖို့နေရာတွေ လာတော့မယ် Customer အတွက်၊ အဲဒီမှာ သစ်ပင်တွေလှဲပါတယ်။ … စားသောက်ဆိုင်တွေ များလာတော့ စွန့်ပစ်ပစ္စည်းတွေကြောင့် ရင်ပြင်ထဲမှာ ရေကြည်သန့်တဲ့ရေမြောင်းတွေဟာ အလွန်ညစ်ပတ်သွားတဲ့ အနေအထားပါ။ ဒါ သူတို့လုပ်ထားတာပါ၊ လမ်းကိုဖောက်ပြီး သူတို့ရေထွက်ထားတာပါ” ဟု ၂၀၁၇ မတ်လ ၂၈ ရက်က တိုင်းလွှတ်တော်၌ ပြောသွားသည်။

Myanmar Now က ရရှိထားသည့် ၂၀၁၈ ခုနှစ် ကြားကာလ ခြောက်လအတွက်ချုပ်သည့် စာချုပ်ပါ စည်းကမ်းချက် ၃၃ ချက်အနက် အပိုဒ်ခွဲ (ဋ) တွင် လုပ်ငန်းဆောင်ရွက်ရာ၌ မြေပေါ်ရှိအပင်ကြီး၊ အပင်လတ်များကို ခုတ်လှဲခြင်းမပြုဘဲ သစ်ပင်ကိုငုံ၍ သို့မဟုတ် ခွကျော်၍ ဆောက်လုပ်ရမည်ဟု ဖော်ပြထားသည်။

မြေငှားခကို အများသဘောတူဆုံးဖြတ်တာလား

Myanmar Now က ရရှိထားသည့် ၂၀၁၈ ခြောက်လဘဏ္ဍာနှစ် စာချုပ်မိတ္တူအရ ဦးအောင်ပြည့်စုံနှင့် ပန်းဥယျာဉ်နှင့်အားကစားကွင်းဌာနတို့ ချုပ်ဆိုသည့်စာချုပ်တွင် ဌာနကိုယ်စားပြု လက်မှတ်ထိုးသည့် ဌာနမှူး ဦးကိုကိုလင်းကမူ ဦးအောင်ပြည့်စုံအပါအဝင် လက်ရှိ ပြည်သူ့ဥယျာဉ်ဝင်းအတွင်း ငှားရမ်းခများ နည်းပါးနေရခြင်းမှာ ဌာနဘက်က အဂတိဖြင့်လုပ်ဆောင်ခြင်း မဟုတ်ဟု ၎င်းက ခုခံပြောကြားသည်။

“ECကို အရင်တင်တယ်။ အဲဒီဟာတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ထပ်တင်တယ်။ အစိုးရအဖွဲ့က ဒီနှုန်းထားနဲ့ ငှားပါဆိုမှ ကျွန်တော်တို့က ငှားတာ။ ခေတ်ကာလအရကတော့ သူ့ခေတ်ကိုယ့်ခေတ်တော့ မရှိဘူး” ဟု ဦးကိုကိုလင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်လာပြီးနောက်ပိုင်း ငှားရမ်းခနှုန်းများ တိုးမြှင့်ခဲ့သဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပြည်သူ့ဥယျာဉ်အတွင်းရှိ မြေနှင့်အဆောက်အအုံများမှ ငှားရမ်းခပေါင်း ကျပ်သိန်း ၂၅၀၀ကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော် ပိုမိုရရှိလာခဲ့သည်ဟု ဦးကိုကိုလင်းက ဆိုသည်။ သို့သော် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မတိုင်မီက ရရှိခဲ့သော ငှားရမ်းခစုစုပေါင်းကိုတော့ မဖြေဆိုခဲ့ပါ။

စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေနေရာငှားရမ်းခများကို ၂၀၂၀ ပြည့်နှစ်မှစပြီး တိုးမြှင့်ကောက်ခံရန် ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနက ပြီးခဲ့သည့်မေလက မြို့တော်စည်ပင်ကော်မတီထံ တင်ပြခဲ့ပြီး လက်ရှိတွင် ကော်မတီက သုံးသပ်နေဆဲဖြစ်သဖြင့် ဆုံးဖြတ်ချက်မကျသေးကြောင်း ဦးကိုကိုလင်းက ဆက်ပြောသည်။

နိုင်ငံပိုင်မြေနေရာများကို အငှားချရာတွင် တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းတိုးရန် စာချုပ်ချုပ်ထားကြောင်း၊ လက်ရှိနှုန်းထားများသည် မြို့တော်စည်ပင်ကော်မတီက သတ်မှတ်ထားသည့် နှုန်းထားများဖြင့် ငှားရမ်းသည့်အတွက် ဘဏ္ဍာငွေ မဆုံးရှုံးကြောင်း ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

“ဝန်ထမ်းတစ်ဦးတစ်ယောက်တည်းရဲ့ သဘောထားနဲ့ အငှားချထားလို့မရပါဘူး။ ကော်မတီကသတ်မှတ်ထားတဲ့ နှုန်းအတိုင်း ငှားတာဖြစ်တဲ့အတွက် နိုင်ငံတော်လည်း နစ်နာမသွားပါဘူး။ နိုင်ငံတော်လည်း မနစ်နာ၊ လုပ်ငန်းရှင်လည်း လုပ်သာကိုင်သာရှိတဲ့ နှုန်းထားကို ကျွန်တော်တို့က သတ်မှတ်ပေးတာ ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် မျှတတဲ့ဈေးနှုန်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခင်က အလွန်နည်းပါးသော ဈေးနှုန်းဖြင့် ငှားရမ်းခဲ့သည်ဆိုလျှင်ပင် ကာလပေါက်ဈေးနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲသတ်မှတ် ကောက်ခံကြောင်း၊ မြေငှားရမ်းခနှင့်ပတ်သက်၍ ကော်မတီကသာ ဆုံးဖြတ်ကြောင်း ဦးသန်းက ပြောသည်။

“အားလုံးကို ကော်မတီမှာတင်ပြီး ဆုံးဖြတ်တယ်။ ဆုံးဖြတ်စရာရှိရင် EC (အမှုဆောင်ကော်မတီ) တင်ပြီးတော့ ဆုံးဖြတ်တာ။ မြို့တော်ဝန်ကြီးတစ်ယောက်တည်း ဆုံးဖြတ်တာမရှိဘူး” ဟု ၎င်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကမူ စာချုပ်ပြင်ဆင်ချုပ်ဆိုကာ ငှားရမ်းခတိုးမြှင့်ရေးကို လက်မခံပေ။ တင်ဒါခေါ်ခြင်းမရှိဘဲ စာချုပ်ချုပ်ဆို ချထားပေးခဲ့သည့်အတွက် ဈေးပြိုင်စနစ်ဖြင့် တင်ဒါ ပြန်လည်ခေါ်ယူသင့်သည်ဟု ပြောသည်။

“ကျွန်တော်တို့ အစိုးရတက်လာတော့ တိုးကောက်တယ်။ ကျွန်တော်တို့က တိုးကောက်တာကို လက်မခံဘူး။ (မူလက) တင်ဒါမရှိဘူး။ လက်သင့်ရာ စားတော်ခေါ်ခဲ့တာ။ တင်ဒါပြန်ခေါ်လို့ ဝင်ဆွဲလို့ နိုင်တယ်ဆိုရင် ထပ်ယူပေါ့ ဟု ဆိုသည်။

အစိုးတစ်ရပ်နှင့်ချုပ်ခဲ့သည့် စာချုပ်များကို လွယ်လွယ်ကူကူ ဖျက်၍မရကြောင်း၊ ဦးသိန်းစိန်အစိုးရလက်ထက် အငှားချခဲ့သည့် ပြည်သူပိုင်မြေနေရာများမှ ဘဏ္ဍာငွေပိုမိုရရှိအောင် ပြင်နိုင်သည်များကိုပြင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောသည်။

“ပြန်ပြင်ချင်တယ်ဆိုရင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းရပါတယ်။ ကော်မတီအနေနဲ့ တည်ဆဲဥပဒေနဲ့အညီပဲ။ ဥပဒေနဲ့ ကိုက်ညီမှုရှိ၊ မရှိဆိုတာကို ဥပဒေချုပ်ကို အကြံဉာဏ်တောင်းတယ်။ တိုင်းဥဒေချုပ်နဲ့ မရဘူးဆိုရင် ပြည်ထောင်စုဥပဒေချုပ်ကို တင်တယ်။ အဲဒါကို ကျော်လွန်ပြီး ကျွန်မတို့ ဘယ်ဟာမှမလုပ်ဘူး” ဟု ၎င်းက ဆိုသည်။

ထင်ရှားသည့် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကလည်း စာချုပ်ဖျက်သိမ်းလိုက်ခြင်းကို သဘောမတူပေ။ ထိုသို့လုပ်ပါက အစိုးရအပေါ် ရင်းနှီးမြှုပ်နှံသူတို့က အယုံအကြည်မရှိ ဖြစ်သွားမည်ဖြစ်ကြောင်း၊ မြေငှားခများ သိပ်နည်းနေမနေ စည်ပင်ဘက်က ပြန်လည်စစ်ဆေးရမည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်စန္ဒာမင်းက ပြောသည်။

“ဒါပေမဲ့ ပန်းခြံတွေငှားတဲ့အခါ (လုပ်ငန်းရှင်) သုံးတဲ့ ဧရိယာအလိုက် အကုန်လုံးကို ကောက်တာဖြစ်တယ်။ သူတို့ကို အဆမတန်နည်းပါတယ်ဆိုပြီး တိုးကောက်လိုက်ပြန်ရင်လည်း  လုပ်ငန်းရှင်တွေက ပန်းခြံကိုလာလည်တဲ့ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်သွားမှာ။ ဒါကြောင့်မို့ အစိုးရကနေ အများပြည်သူဝန်ဆောင်မှု လုပ်ပေးတဲ့ ဟာမျိုးတွေကျတော့လည်း နိုင်ငံရေးရှုထောင်နဲ့ ကြည့်သင့်တယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ငှားရမ်းခနှုန်းထားများကို ကော်မတီအဆင့်ဆင့်၏ သဘောတူညီချက်ဖြင့် ဆုံးဖြတ်သည်ဆိုသော ပန်းဥယျာဉ်ဌာနဘက်က အဆိုကိုတော့ ဒေါ်စန္ဒာမင်းက လက်မခံပါ။

“ဘာပဲလုပ်လုပ် အဆင့်ဆင့်တင်ပြပြီးတော့ ဆုံးဖြတ်တာပါလို့ (စည်ပင်က) ပြောတယ်ဆိုပေမယ့် တစ်ဦးတစ်ယောက်ကပဲ ဆုံးဖြတ်လိုက်တာပါ။ ဒီအပေါ်မှာတော့ ကန့်ကွက်တဲ့သူ ဘယ်သူမှ မရှိဘူး။ ကိုယ်နဲ့သက်ဆိုင်ရာ ပိုင်တဲ့ဆိုင်တဲ့သူကပဲ ဆုံးဖြတ်လိုက်ကြတာ။ အောက်ခြေကနေ ထိပ်က ၁၀ ဆင့်လောက်အထိ တင်ပြလည်း ဒီအတိုင်းပဲသွားတာ။ ၁၀ ဆင့်မှာ ၁၀မျိုး ပြောင်းသွားတာမျိုး မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ဦးအောင်ပြည့်စုံသည် Yangon ပန်းချီပြခန်းနှင့် စားသောက်ဆိုင်လုပ်ငန်းအပြင် ဖခင်ဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ၎င်း သို့မဟုတ် ၎င်း၏ဇနီးအမည်ဖြင့် ရောင်းဝယ်ရေး၊ ဆေးရုံသုံးစက်ပစ္စည်း၊ ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်း စသည့်လုပ်ငန်းများနှင့်ပတ်သက်သော  ကုမ္ပဏီ အနည်းဆုံး ခြောက်ခု ထူထောင်ခွင့်ရခဲ့သည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ဦးအောင်ပြည့်စုံ လုပ်ကိုင်ခွင့်ရထားသည့် မြေ ၁ ဒသမ ၁ ဧက ပေါ်မှ စားသောက်ဆိုင်နှင့် အနုပညာပြခန်းလုပ်ငန်းအကြောင်း သိရှိရရန် Myanmar Now က ပထမအကြိမ် ၎င်း၏ဆိုင်တာဝန်ခံမှတစ်ဆင့် ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းမပြန်ပါ။

ဒုတိယအကြိမ် ၎င်း၏လက်ကိုင်ဖုန်းကို ဆက်သွယ်၍ Myanmar Now က မိတ်ဆက်သည့်အခါ ဦးအောင်ပြည့်စုံက “ညီလေး အစ်ကိုမဖြေတော့ဘူးနော်” ဟု ယဉ်ကျေးစွာဖြေကြားကာ ဖုန်းချသွားခဲ့သည်။

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading