ပညာကိုလိုသည်၊ သို့သော် ဆရာက နာကျင်စရာတွေပေးခဲ့သည်

တဏှာရာဂဘီလူး၏ ကျောင်းဆရာမျက်နှာဖုံးကို စွဲချွတ်ရန်အတွက် ကျောင်းသူလေးများဘက်က ပေးဆပ်ခဲ့ရသည်က ပင်ပန်းခက်ခဲလွန်းလှသည်။

Published on Jul 17, 2019
လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီးနောက် မမိုးအေးတယောက် စာသင်ခန်းကို စွန့်ခွာခဲ့ရသည်
လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီးနောက် မမိုးအေးတယောက် စာသင်ခန်းကို စွန့်ခွာခဲ့ရသည်

 “သမီးက ကြီးလာရင် ဆရာဝန်ဖြစ်ချင်တာ”

ခြစ်ခြစ်တောက်ပူနေသည့် နေရောင်အောက် တောခုတ်ဓားတစ်ချောင်းဖြင့် ကြံကို တစ်ပင်ချင်းခုတ်ရင်း မမိုးအေးက သူ၏အနာဂတ်အိပ်မက်ကို ပြောပြသည်။

ဆရာဝန်ဖြစ်ချင်သည်ဆိုသော်လည်း အသက် ၁၄ နှစ်အရွယ် မမိုးအေးတယောက် ကျောင်းတော့မတက်ချင်ခဲ့။ အတိအကျဆိုလျှင်တော့ ဆရာလေး၏ အချိန်ပိုသင်တန်းကျောင်းကို မတက်ချင်ဟုဆိုလျှင် ပိုမှန်သည်။

တရွာလုံးက “ဆရာလေး” ဟု ခေါ်ကြပြီး လေးလေးစားစား ဆက်ဆံကြသည့် ဆရာလေးစိုးမိုးဦးသည် ငယ်ရွယ်ပြီး ရည်မှန်းချက် ကြီးမားသည့် မမိုးအေးလိုတပည့်များအား ကျောင်းစာသင်ချိန် ပြီးဆုံးချိန်တွင် အချိန်ပိုသင်တန်းများ ပေးလေ့ရှိသည်။ ဆရာလေးက ကျောင်းသားများထက် ကျောင်းသူများအပေါ် ပိုပြီးလည်း ဂရုတစိုက်ရှိလှသည်။

၂၀၁၆ ဒီဇင်ဘာလ၏ တစ်ခုသော နေ့လယ်ခင်းတွင် ဆရာလေးစိုးမိုးဦးက အင်္ဂလိပ် Grammar စာအုပ်နှင့်အတူ မမိုးအေးလေးကို စာသင်ကျောင်းနှင့်ကပ်လျက် သူ၏နေအိမ်ဆီသို့ အချိန်ပိုသင်ကြားပေးမည်ဟု အကြောင်းပြပြီး ခေါ်ခဲ့သည်။

အိမ်ခန်းထဲအရောက်မှာတော့ ဆရာလေးစိုးမိုးဦးသည် “ဆရာ” ဆိုသည့် မျက်နှာဖုံးစွပ်ထားသည့် “တဏှာရာဂ ဘီလူးသူရဲတစ်ကောင်” ဖြစ်နေသည်ကို မမိုးအေးတစ်ယောက် သိခဲ့လိုက်ရသည်။

“ကျောင်းဆက်မတက်တော့ဘူး။ သမီးလည်း ရှက်လို့ထွက်လိုက်တာ” ဟု ကြံခုတ်သမလေးက ပြောသည်။

အခုတော့ မမိုးအေးတယောက် စာသင်ကျောင်းကို ကျောခိုင်းပြီး တစ်ရက်လုပ်အားခ ၄၀၀၀ ရသည့် ကြံခုတ်သမတစ်ယောက်အဖြစ် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ကြံခင်းများထဲ သူ၏ဘဝကို မြုပ်နှံထားလိုက်ရသည်။

ကျောင်းဆရာအမည်ခံ တဏှာရာဂဘီလူး၏ သားကောင်က မမိုးအေးတယောက်တည်း မဟုတ်ခဲ့။ စိုးမိုးဦးသည် အနည်းဆုံး ကျောင်းသူ ၃ ဦးအား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့သည်။

ထို့အတွက် စိုးမိုးဦးအား ပြင်ဦးလွင်ခရိုင်တရားရုံးက ၂၀၁၇ နိုဝင်ဘာလ၏ နောက်ဆုံးရက်များတွင် ကျောင်းသူသုံးဦးအား လိင်ပိုင်းဆိုင်ရာစော်ကားမှု ၃ မှုအတွက် တစ်မှုလျှင် ထောင် ၁၀ နှစ်စီဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့သည်။

ကျောင်းဆရာဆိုသည့် ဂုဏ်ပုဒ်ကို အသုံးချပြီး စိုးမိုးဦးသည် ကလေးငယ်များအား အဓမ္မပြုကျင့်ရန် ကြိုးစားခြင်း၊ ရင်သားများကိုကိုင်တွယ်ခြင်း စသည့် လိင်အမြတ်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံရပြီး ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။

မုဒိမ်းသမားသည် သူ၏ပြစ်ဒဏ်အတွက် မန္တလေးတိုင်းဒေသကြီး အိုးဘိုထောင်တွင် အပြစ်ဒဏ် ပေးဆပ်နေခဲ့ရပြီး အခြားတစ်ဘက်တွင်တော့ သူကျူးလွန်ခဲ့သည့် ကျောင်းသူလေးများသည် အရွယ်နှင့်မမျှသည့် လောကဓံကို ရင်ဆိုင်ဖြတ်သန်းနေခဲ့ကြရသည်။

ကျောင်းသူများ ကြောက်ကြသည့် အချိန်ပိုသင်တန်း

မန္တလေးမြို့မှ အထက်ဘက် မိုင် ၉၀ ခန့်ဝေးသည့် သပိတ်ကျဉ်းမြို့နယ်အတွင်းရှိ ကုက္ကိုလ်ကုန်းကျေးရွာမှ ကိုစိုးမိုးဦးသည် သူ၏အဖွားရှိရာ အင်ပျံကျေးရွာသို့ မကြာခဏ လာရောက်တတ်သူဖြစ်သည်။

သပိတ်ကျင်းမြို့နယ်မှ ထီးချိုင့်သို့သွားရာ ကားလမ်းမကြီး၏ဘေးမှ အိမ်ခြေပေါင်း ၁၀၀ ခန့်သာရှိသည့် အင်ပျံကျေးရွာတွင် စာသင်ကျောင်းမရှိ၊ လျှပ်စစ်မီးမရှိ။ ဆေးပေးခန်းလည်းမရှိ။

ပညာလိုလားကြသည့် ကလေးငယ်များသည် အင်ပျံမှ ဆိုင်ကယ်ဖြင့် နာရီဝက် တစ်နာရီခရီး မောင်းနှင်ရသော စာသင်ကျောင်းရှိသည့် အိမ်နီးချင်းရွာများသို့ စာသွားသင်ကြရသည်။

ရွာက ကလေးများ၏အခက်အခဲကို ဖြေရှင်းရန်အတွက် ရွာတွင် ကိုယ်ထူကိုယ်ထ ကျောင်းတစ်ကျောင်း တည်ထောင်ကြရန် ဆုံးဖြတ်လိုက်ကြပြီး ၂၀၁၅ခုနှစ် အရောက်တွင် ဓနိမိုးထရံကာ မြေစိုက်ကျောင်းဆောင်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ သို့သော် ရွာကျောင်းတွင် စာသင်မည့် ဆရာ၊ ဆရာမ တစ်ဦးတစ်ယောက်မျှမရှိ။

ကျောင်းဆရာလိုအပ်ချက်အရ အင်ပျံသို့  မကြာခဏ လာရောက်လည်ပတ်လေ့ရှိသည့် ကိုစိုးမိုးဦးအား တစ်လ ကျပ် တစ်သိန်းဖြင့် ခန့်အပ်ရန် ရွာက ဆုံးဖြတ်လိုက်ကြသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုထားသည့် အသက် ၂၁ နှစ်အရွယ် ကိုစိုးမိုးဦး၏လစာအတွက် ရွာသားများက လစဉ်အလှူငွေ ထည့်ဝင်သည့် စနစ်ဖြင့် ပေးချေခဲ့ကြသည်။ မကြာသေးခင်ကမှ အိမ်ထောင်ကျခဲ့သည့် ဆရာလေးအတွက်လည်း ယင်းကမ်းလှမ်းမှုက အဆင်ပြေလှသည်။

သူငယ်တန်းမှ ၅ တန်းအထိ ကျောင်းသူကျောင်းသားပေါင်း ၂၆ ဦးကျော်ခန့်ရှိသည့် အင်ပျံကျောင်းတွင် ဆရာလေးကိုစိုးမိုးဦးအပါအဝင် အရပ်ခန့် ကျောင်းဆရာ၊ ဆရာမ ၃ ဦး တာဝန်ထမ်းဆောင်ကြသည်။

“တစ်ရွာလုံးကလေးစားလို့ ဆရာလေးလို့ပဲခေါ်တယ်၊ ဘာလို့ သူ့ကိုခန့်ရလဲဆိုရင် ကျွန်တော်တို့ တစ်ရွာလုံးပေါင်းမှ ဆယ်တန်းပြည့်အောင် မတက်ဖူးလို့” ဟု အင်ပျံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆွေက ပြောသည်။

ဆရာလေး၏ အချိန်ပိုသင်တန်းများက မမိုးအေးလို ကျောင်းသူများအား ပစ်မှတ်ထားလေ့ရှိသည်။ ဆရာလေးသည် အချိန်ပိုခေါ်ချိန်တွင် သူ၏ laptop ကွန်ပျုတာနှင့် ဖုန်းများမှ ညစ်ညမ်းဇာတ်လမ်းများ ပြသပြီး ကျောင်းသူများအား လိင်ဆက်ဆံရန် ကြိုးစားခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်လေ့ရှိကြောင်း ထိုစဉ်က အသက် ၁၁ နှစ်အရွယ် မမိုးအေးကဆိုသည်။

ဆရာလေးစိုးမိုးဦး၏ အချိန်ပိုသင်ခန်းစာများကို တက်ရောက်လိုစိတ် မရှိသည်က မမိုးအေးတစ်ယောက်တည်းတော့ မဟုတ်။ မမိုးအေးထက် တစ်နှစ်ငယ်သည့် လေးတန်းကျောင်းသူ မအိငယ်သည်လည်း မမိုးအေးနှင့်ဆင်တူသည့် ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရသည်။

ကျောင်းဆရာစိုးမိုးဦးသည် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်နေစဉ်တွင် တခြားသူငယ်ချင်း မိန်းကလေးငယ်တစ်ဦးကိုလည်း ကြည့်စေကြောင်းလည်း သူကဆိုသည်။

၂၀၁၆ ဒီဇင်ဘာလ၏ တစ်ခုသောနေ့တွင် မအိငယ်သည် သမိုင်းနှင့်ပထဝီ မေးခွန်းများကိုယူပြီး စိုးမိုးဦးထံ သွားရောက်မေးမြန်းခဲ့ကြောင်း၊ မှောက်လျက်စာရေးနေစဉ် စောင်ခြုံပေးပြီး ကျောင်းဆရာက လိင်ဆက်ဆံခဲ့ကြောင်း ၊ ယင်းအဖြစ်အပျက်အပါအဝင် ကျောင်းဆရာသည် အနည်းဆုံး ၃ ကြိမ်ထက်မနည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ကြောင်း တရားလိုပြောကြားချက်များကို ကိုးကားပြီး တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုအဖြစ်အပျက်ကို ထုတ်မပြောရန် စိုးမိုးဦးက မအိငယ်ကို ငွေ ၂၀၀ ပေးပြီး နှစ်သိမ့်ခဲ့သည်ဟု မအိငယ်ကဆိုသည်။

“သမီးတို့ကို မကောင်းတဲ့ကားတွေလည်း ပြတယ်။ တခြားသူတွေကိုတော့ မသိဘူး။ ဒါ့ပေမဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူ့ကို ရင်သားတွေဘာတွေကိုင်တယ် ကြားတယ်။ အဲ့ဒါကြောင့် သူတောင် သူ့အမေကို ပြောပြီး ကျောင်းထွက်သွားတယ်” ဟု မအိငယ်က သူကြုံတွေ့ခဲ့သည့် အဖြစ်အပျက်ကို ရင်ဖွင့်သည်။

သို့သော် ကလေးငယ်များက သူတို့၏အဖြစ်အပျက်ကို လူသိရှင်ကြား ထုတ်မပြောရဲခဲ့ကြ။ မိဘများကိုပင် မတိုင်ပင်ရဲခဲ့။ ကလေးငယ်များက သူတို့အဖြစ်အပျက်၏ အဓိကတရားခံသည် တရွာလုံးက လေးစားကြသည့် ဆရာလေးဖြစ်နေကြောင်း ထုတ်ပြောခဲ့ပါက သူတို့ဘက်က မည်သူမှ ရပ်တည်မည်မဟုတ်ဟု ယူဆခဲ့ကြောင်း ပြောကြသည်။

ဆရာလေး၏ အချိန်ပိုသင်ခန်းစာများကို ရှောင်လွှဲရန်အတွက် ကျောင်းသူများဘက်က လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းက ကျောင်းဆင်းချိန်တွင် ကျောင်းပြတင်းပေါက်မှ သူ့ထက်ငါဦးအောင် တွယ်ဆင်းကာ အိမ်သို့ ထွက်ပြေးကြခြင်းဖြစ်သည်။

သို့သော် တရက်တွင်တော့ တဏှာရာဂဘီလူး၏ ကျောင်းဆရာမျက်နှာဖုံး ကွာကျဖို့အကြောင်း ဖန်လာတော့သည်။

မအိငယ်၏ သူငယ်ချင်းဖြစ်သည့် မထွေးထွေးက ၂၀၁၆ ဒီဇင်ဘာလ တစ်ခုသော နံနက်ခင်းတွင် ဆရာလေးဦးစိုးမိုးဦး၏ ကျောင်းစာသင်ခန်းသို့ မသွားရောက်လိုကြောင်း စတင်ငြင်းဆန်ခဲ့သည်။ ပညာလိုလားသည့် သမီးဖြစ်သူ၏ ထူးဆန်းသည့်အပြုအမူကို မိဘများက မေးမြန်းတော့မှ ကျောင်းဆရာ၏လုပ်ရပ်များကို ကျောင်းသူကလေးများက ရင်ဖွင့်နိုင်ခဲ့သည်။

မထွေးထွေးက ယင်းအဖြစ်အပျက်သည် သူတစ်ယောက်တည်း ကြုံတွေ့ခဲ့ရခြင်းမဟုတ်ဘဲ အခြားကျောင်းသူများလည်း ကြုံတွေ့ခဲ့ရကြောင်း ရင်ဖွင့်ခဲ့သည်။

ယင်းနောက် ကျောင်းသူ ၃ ဦး၏မိဘများက သီးခြားစီ အမှုဖွင့်ပြီး ကျောင်းဆရာ၏ မျက်နှာဖုံးကို ခွာချရန် ကြိုးစားတော့သည်။ အခြားကျောင်းသူ ၂ ဦးထက်မနည်းလည်း ကျောင်းဆရာ၏လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ခံခဲ့ရသော်လည်း အမှုမဖွင့်ခဲ့ဘဲ ရွာမှ ပြောင်းပြေးသွားကြကြောင်း မထွေးထွေး၏မိခင်က ဆိုသည်။

ခက်ခဲလှသည့်အမှန်တရား

ကျောင်းဆရာ၏မျက်နှာဖုံးကို ခွာချရန် ကြိုးပမ်းခြင်းက နစ်နာသူကျောင်းသူများနှင့် သူတို့၏ မိသားစုဝင်များအတွက် လွယ်လွယ်ကူကူတော့ မဖြစ်ခဲ့။

ကျုးလွန်ခံရသူ ကလေးငယ်မိသားစုများအတွက် အခက်ခဲဆုံးအချိန်များသည် တရားရုံးမှ ရုံးချိန်းဆင့်ခေါ်သည့် အချိန်များဖြစ်ပြီး သက်ငယ်မုဒိမ်းဖြစ်သည့်အတွက် သူတို့၏ရွာမှ ၅ နာရီခန့် ကားလမ်းခရီးဖြင့် သွားရသည့် ပြင်ဦးလွင်ခရိုင်တရားရုံးအထိ သွားရောက်ရင်ဆိုင်ခဲ့ရသည်။

ရုံးတော်ကဆင့်ခေါ်သည့်အခါ ကျောင်းသူများ၏မိသားစုများက တရားရုံးစားရိတ်အတွက် ရွာထဲရှိ ငွေကြေးပြေလည်သူများထံမှ အတိုးဖြင့် လမ်းစာရိတ် ချေးငှားသွားကြရသည်။

တရားရုံးကဆင့်ခေါ်သည့်အခါတိုင်း ပိုက်ဆံရှိရှိ၊ မရှိမရှိ မပျက်မကွက် တက်ရောက်ခဲ့ကြရသည်ဟု မိန်းကလေးငယ်များ၏ မိဘများက ဆိုသည်။

“အဖေက သမီးကို ဖိနပ်နဲ့ပစ်ပေါက်တယ်၊ ကျောကုန်းတွေထုတယ်၊ ‘နင်ဂြိုလ်မွှေလို့ဖြစ်တာတဲ့’ အဖေ့စိတ်ထဲမှာ သမီးကို စိတ်တိုနေတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ပိုက်ဆံမရှိလို့ အဖေက စိတ်တိုနေတာပါ” ဟု

တစ်နှစ်တာ အချိန်အတောအတွင်း ဖြစ်ပျက်ခဲ့သည်များကို မအိငယ်က ပြန်လည်ပြောပြသည်။

ယင်းအပြင် ရဲစခန်းနှင့်တရားခွင်အတွင်းက တာဝန်ရှိသူများ၏ အကဲဆတ်လွန်းသော မေးခွန်းများကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရပြန်သည်။

ရဲ နှင့် တရားရုံးက မေးမြန်းသည့် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှု အသေးစိတ်အဖြစ်အပျက် မေးခွန်းများကို  ပြန်ဖြေရသည်က သူတို့အတွက် ကြီးကြီးမားမား စိတ်သောက ရောက်ရသည်ဟု ကျောင်းသူလေးများက ဆိုကြသည်။

၁ နှစ်နီးပါးကြာ စစ်ဆေးခဲ့ပြီးနောက် ၂၀၁၇ နိုဝင်ဘာလတွင် စိုးမိုးဦးကို ပြင်ဦးလွင်ခရိုင် တရားရုံးက စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၁၀ နှစ်စီဖြင့် အလုပ်ဖြင့်ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်သည်။

တရားသူကြီးက “ အမျိုးသမီးများဘ၀ လုံခြုံမှုရှိစေရန် တရားခံသည် ငယ်ရွယ်သော ကျောင်းနေအရွယ် တပည့်တစ်ဦးအပေါ် အနာဂတ်ပညာရေးအတွက် ရှေ့ဆောင်လမ်းပြ သွန်သင်ပေးရမည့်သူ ဖြစ်ပါလျက် ပန်းကောင်းအညွန့်ကျိုးစေမည့် မုဒိမ်းမှုပြုကျင့်နိုင်ရန် အားထုတ်ခဲ့မှုပြုသဖြင့် နောင်တွင် အလားတူဖြစ်ရပ်မျိုး မဖြစ်ပွားရန် ထိရောက်ဟန့်တားသည့် အပြစ်ပေးရမည်” ဟု တရားရုံးမှတ်တမ်းတွင် ထည့်သွင်း သုံးသပ်ခဲ့သည်။

စိုးမိုးဦးအား မန္တလေးတိုင်းဒေသကြီး အိုးဘိုထောင်တွင် ထိန်းသိမ်းထားပြီး တရားခံက သူ၏ပြစ်ဒဏ်များအတွက် အယူခံဝင်ရန် ကြိုးစားနေသည်။

စိုးမိုးဦး၏ဖခင်ကတော့ သူ၏သားသည် အပြစ်မရှိဘဲ ကျောင်းလခများ ခေါ်တောင်းသည့်ကိစ္စများအပေါ် မကျေနပ်၍ အငြိုးထားကာ ပြဿနာကို ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်ဟု ယူဆနေသည်။

“ဘုရား၊တရား လိုက်စားတဲ့ကလေးပါ သူက။ အခုလည်း သူ့စိတ်နဲ့ပဲ သူ့အမေက မကျန်းမမာ ခဏခဏ ဖြစ်တယ်။ ပြီးခဲ့တဲ့လကမှ ဆေးရုံကဆင်းတယ်။ တစ်သက်လုံး သူ့ဘဝ ထောင်ထဲမှာပဲ အချိန်ကုန်ရတော့မှာ၊ သူပြန်လာတဲ့အချိန်လည်း ဦးတို့က ရှိတော့မှာမဟုတ်ဘူးလေ” ဟု စိုးမိုးဦး၏ဖခင် ဦးဖိုးဆွေက ဆိုသည်။

တရားမမျှတသည့် တရားမျှတမှုများ

ရုံးတော်က ကျူးလွန်သူကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပြီး ခံစားခဲ့ရသူများအတွက် တရားမျှတမှု ရှာဖွေပေးနိုင်ခဲ့သည်။

သို့သော် လက်တွေ့ဘဝတွင်တော့ တရားဥပဒေအဆုံးအဖြတ် တစ်ခုတည်းက အမှန်တကယ် ခံစားခဲ့ရသည့် ကျောင်းသူများအတွက် လုံလောက်သည့် ကုစားမှုတော့ မဟုတ်ခဲ့။

ကျောင်းသူလေးများသည် သူတို့၏အတိတ်ကို ပြည်ဖုံးကားချသည့်အနေဖြင့် စာသင်ကျောင်းကို ကျောခိုင်းခဲ့ရပြီး သူတို့၏ ဆရာဝန်အိပ်မက်များကို စွန့်လွှတ်လိုက်ကြရသည်။

ကျောင်းသူတချို့ဆိုလျှင် နေရပ်ရင်းမှ မိသားစုလိုက် ပြောင်းပြေးပြီး တခြားတနေရာတွင် ဘဝကို ခက်ခဲစွာ စတင်ကြရသည်။

“ရွာထဲရန်ဖြစ်ရင် ဒီအကြောင်းတွေ ဖော်ပြီး ပြောကြတာပဲ” ဟု မမိုးအေး၏မိခင်က မျက်ရည်အရွှဲသားဖြင့် သူ၏သမီးအဖြစ်အပျက်ကို ရင်ဖွင့်သည်။

ကျောင်းပညာ မတတ်မြောက်ပါက အခြားသူများအနိုင်ကျင့်ခြင်းကို ခံရမည်ဟု စိုးရိမ်ပြီး ကျောင်းထားခဲ့သည့် သူ၏သမီး ကံဆိုးမိုးမှောင်ကျခဲ့သည့်အတွက် လွန်စွာ နာကျင်ကြေကွဲရသည်ဟု မမိုးအေး၏မိခင်က ဆိုသည်။

“ကျွန်မတို့မှာ စာမတတ်ပေမတတ်နဲ့ နေပူကြီးထဲ အမှုမှန်ပေါ်ချင်လို့ လိုက်ရှင်းခဲ့ရတာ။ ဖိနပ်တောင် မစီးနိုင်ပါဘူး တရားရုံးက ပေးလိုက်တာ” ဟု ရှိုက်ကြီးတငင် ငို၍ပြောသည်။

အမှုအခင်းများပြီးခဲ့ပြီးနောက် မမိုးအေးတစ်ယောက် စာသင်ခန်းကို ကျောခိုင်းခဲ့ပြီး ကြံခင်းများတွင် နေ့စားအလုပ်သမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေရသည်။

မမိုးအေးကဲ့သို့ပင် အိပ်မက်ဆိုးဖြင့်ကြုံခဲ့ရသည့် ကျောင်းသူ ၂ ဦးကတော့ ဇွဲမလျှော့ဘဲ ပညာရေး ဆုံးခန်းတိုင်အောင် ကြိုးစားလျက်ရှိသည်။

သို့သော် မျက်လုံးပေါင်းများစွာ၏ စောင့်ကြည့်မှုဒဏ်ကို သူတို့ရင်မဆိုင်ရဲဘဲ တနယ်တကျေးတွင် ပြောင်းရွှေ့ ပညာသင်ကြားလျက်ရှိကြသည်။

ကျောင်းဆရာ၏မျက်နှာဖုံးကို ခွာချရန်အတွက် မိဘများထံ သူ၏အတွေ့အကြုံကို စတင်ပြောပြခဲ့သည့် မထွေးထွေးက အတန်းပညာ ဆက်လက်သင်ကြားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူမှုဝန်ထမ်းတို့နှင့် ချိတ်ဆက်၍ မန္တလေးတိုင်းအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ရွှေ့ပြောင်းသွားခဲ့သည်။

ယခုအချိန်တွင် ၁၄ နှစ်အရွယ် ရောက်နေပြီဖြစ်သည့် မထွေးထွေးက သူ၏အတိတ်ဆိုးကို မေ့ပျောက်လိုနေပြီဟုလည်း ဆိုသည်။

“တစ်ခါတလေ တစ်နှစ်လောက်ကြာမှလည်း တရားရုံးက ပြန်ခေါ်တာဆိုတော့ သမီးက မှတ်ထားတာ။ အမှုတွေ အကုန်ပြီးပျောက်သွားရင်တော့ သမီး မမှတ်ရင်မမှတ်တော့ဘူး။ အမှုတွေ မပြီးသေးရင်တော့ သမီး ဆက်မှတ်ထားဦးမှာ” ဟု ရှင်းပြသည်။

နောက်ထပ် ကျောင်းသူလေးတစ်ဦးဖြစ်သည့် မအိငယ်သည်လည်း ကျောင်းပြန်တက်လိုသော်လည်း ရွာနှင့် ရွာအနီးတဝိုက် ကျောင်းများတွင်တော့ ဆက်မတက်လိုတော့ဟု ဆိုသည်။

သူ၏အတိတ်ဆိုးကို လှောင်ပြောင်မည့်သူ မရှိသည့် ကျောင်းတစ်ခုတွင် ပညာသင်ကြားနေပြီး ကျောင်းပိတ်ရက်များတွင် သက်ငယ်ယက်ခြင်းဖြင့် မိသားစုဝင်ငွေရရန် ကြိုးစားလျက်ရှိသည်။

“ကျောင်းက ဆက်မတက်ချင်တော့ဘူး ငွေရှာပြီး အဖေတို့ကို နားစေချင်ပြီ။ ပိုက်ဆံစုပြီး အိမ်မှာ ရေတွင်းကလေးဘာလေးဆောက်ပြီး ရှာကျွေးချင်ပြီ” ဟု ခပ်သွက်သွက်ပြောသည်။

အဆိုးထဲကအကောင်းတစ်ခုက ကျောင်းသူလေးများ၏ ဝမ်းနည်းဖွယ် အဖြစ်ဆိုးပြီးနောက် အစိုးရက ကျောင်းကို တရားဝင်အသိအမှတ်ပြုပေးခဲ့ပြီး အစိုးရဝန်ထမ်းကျောင်းဆရာ ၃ ဦးကို စေလွှတ်ပေးခဲ့သည်။

“အခုအချိန်မှာ အစိုးရကျောင်းလည်းဖြစ်သွားတယ်။ ဆရာတွေကလည်း ကလေးတွေကို သင်ကြားမှုပေါ်မှာ ရိုးရိုးသားသားနဲ့ မြင်တွေ့ရတဲ့အခါကျတော့ အားလုံးက စိတ်ချရတဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် အားလုံးကို ကျေနပ်မှုရှိပါတယ်” ဟု ကျောင်းဆောင်သစ်ကို လိုက်ပြရင်း မအိငယ်၏ဖခင်က ပြောသည်။

ယခုဆိုလျှင် အင်ပျံရွာကျောင်းလေးတွင် ကျောင်းသား ၄၀အထိ တိုးလာခဲ့ပြီး ကျောင်းသားကျောင်းသူများလည်း စိတ်အေးချမ်းစွာ ပညာသင်နေကြပြီ ဖြစ်သည်။

ကျုးလွန်သူ ထောင်ဒဏ် အနှစ် ၃၀ ကျသွားပေမယ့် ကျုးလွန်ခံရသည့် ကလေးငယ်များကတော့ ၎င်းတို့နေထိုင်သည့် ပတ်ဝန်းကျင်၊ စာသင်ကျောင်းတို့တွင် အနှစ် ၃၀မက ဘဝကို ပင်ပန်းကြီးစွာ ခက်ခဲရုန်းကန်နေရတော့မည် ဖြစ်သည်။

လွန်ခဲ့သည့် ၃ နှစ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကိုလည်း လူတိုင်းသတိမထားမိတော့ဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်လာခဲ့သည်။ ကျောင်းဆရာမျက်နှာဖုံးနှင့် တဏှာရာဂဘီလူးသည်လည်း ထောင်မှ နောင်လာမည့် နှစ် ၃၀ ဒါမှမဟုတ် ဒီထက်စောစော ပြန်လွတ်ကောင်းလွတ်လာမည်။

ဒီအဖြစ်အပျက်ကို ကျောင်းသူလေးများကတော့ ဘယ်တော့မှ မေ့နိုင်မည်တော့မဟုတ်။

“သမီးကတော့ ကျောင်းဆရာတွေကို မယုံတော့ဘူး။ ဆရာလေးလည်း ဘယ်တော့မှ မလွတ်ပါစေနဲ့။ ထောင်ထဲမှာပဲ တစ်သက်လုံးနေရပါစေ” ဟု ကြံပင်များအား စိုက်ကြည့်ကာ မမိုးအေး ခပ်တိုးတိုး ပြောလိုက်သည်။

( မှတ်ချက်။     ။ ကလေးငယ်များ၏ အကျိုးစီးပွားအတွက် အမည်ရင်းများအစား အခြားအမည်များကို ပြောင်းလဲသုံးစွဲထားပါသည်)

ဝင်းနန္ဒာသည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading