ရန်ကုန် - နိုင်ငံ၏ အဓိကကျသည့် မြို့ကြီးများတွင် ပြုလုပ်နေသည့် တပ်မတော်ထောက်ခံပွဲများကို ဆက်လုပ်ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြောကြားလိုက်သည်။
တပ်မတော် ခေါင်းဆောင်သည် ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ (၂ဝ၁၈) ဒုတိယနေ့ အစည်းအဝေး မိန့်ခွန်းတွင် သူ၏သဘောထားကို လူသိရှင်ကြား ထုတ်ပြောခဲ့ခြင်းဖြစ်သည်။

တပ်မတော် ထောက်ခံပွဲများသည် "နိုင်ငံတော်နှင့် ပြည်သူအပေါ် ထားရှိသည့် တပ်မတော်၏ စစ်မှန်သော သဘောထားများကို သိရှိပြီး တပ်မတော်နှင့် ပြည်သူတစ်သားတည်းရှိသည် ဆိုသည့် ပြယုဂ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီးက တင်စားခဲ့ပြီး အဆိုပါထောက်ခံပွဲ ပြုလုပ်သူများအားလည်း “အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ် ထက်သန်သည့် ပြည်သူများ" ဟု ချီးကျူးလိုက်ပြီး ဤအစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းကြရမည်ဟု သူက ဆိုသည်။
အချို့သော ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုပြီး ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေကြောင်း တပ်မတော်ခေါင်းဆောင် ကသူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သော်လည်း မည်သည့် နိုင်ငံနှင့် အဖွဲ့အစည်း ဆိုသည်ကိုတော့ ထုတ်ဖော် ပြောခဲ့ခြင်း မရှိပေ။


အာဏာရ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကမူ တပ်မတော်သည် အစိုးရ၏ အစိတ်အပိုင်း တစ်ခုဖြစ်နေချိန်တွင် တစ်ခုချင်းစီ ခွဲခြား ထောက်ခံသည့် ဆန္ဒပြပွဲများ ပြုလုပ်နေခြင်းသည် တပ်မတော်နှင့် အစိုးရအကြား အမြင်ကွဲပြားမှုများ ဖြစ်လာနိုင်သည်ဟု ဆိုသည်။
“ဖြစ်နိုင်ရင်တော့ တစ်ခုချင်း ကွဲပြားတဲ့ ထောက်ခံပွဲတွေထက်စာရင် အစိုးရကို ထောက်ခံမှုအနေနဲ့လုပ်တာက ပိုပြီးတော့ ရေရှည်အကျိုးများစေလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။


“ကျွန်တော်တို့ကတော့ တပ်မတော်နဲ့ ပြည်သူကိုတစ်သားတည်း ဖြစ်စေချင်ပါတယ်။ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရနဲ့ တပ်မတော်ကို တစ်သားတည်း ဖြစ်စေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။
၂ဝ၁၆ ခုနှစ်နှောင်းပိုင်းမှ စတင်ပြီး ရန်ကုန် နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် ကျင်းပခဲ့သည့် လူရာနှင့်ချီ တက်ရောက်သော တပ်မတော်ထောက်ခံပွဲများကို ယခုနှစ်တွင် နိုင်ငံအနှံ့ ပိုမို တွေ့မြင်လာရသည်။
မြို့တော်ဟောင်း ရန်ကုန်တွင် ၂ဝ၁၆ ဒီဇင်ဘာ မှ ၂ဝ၁၈ အောက်တိုဘာလလယ်အထိ မြို့တော်ခန်းမရှေ့ ကဲ့သို့သော အထင်ကရနေရာများတွင် လူပေါင်း ရာနှင့်ချီ ပါဝင်သည့် ထောက်ခံပွဲ ငါးကြိမ်ထက် မနည်း ပြုလုပ်ခဲ့သည်။ ယင်းတို့အနက်မှ တစ်ကြိမ်သည် အများပြည်သူကို လူစုလူဝေး ပြုလုပ်ခွင့် ကန့်သတ်ထားသည့် ဒဂုံမြို့နယ်အတွင်း ခွင့်ပြုခဲ့ခြင်း ဖြစ်သောကြောင့် ရန်ကုန်လွှတ်တော် အမတ်များက ဝေဖန်ခဲ့ကြသည်။
ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတချို့တွင် ဆင်နွှဲသည့် တပ်မတော်စစ်ဆင်ရေးများတွင် တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက် Facebook အကောင့်များ ပိတ်ပင်ခံရမှုကို ဆန့်ကျင်ကြောင်း ထောက်ခံသူတို့က မကြာခဏ ကြွေးကြော်ကြသည်။
မန္တလေးမြို့တွင် စက်တင်ဘာလအတွင်း ထောက်ခံပွဲ နှစ်ပွဲကို တစ်ရက်ခြား ပြုလုပ်ခဲ့ရာ ၁၅ ရက်နေ့ ထောက်ခံပွဲ တက်ရောက်လာသူများထဲတွင် ပြည်ကြီးတံခွန်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးဟောင်း အောင်စိုးလည်း ပါဝင်သည်။
"နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လို့၊ လုံးဝ မကျေနပ်လို့ ဒီလို ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်တယ်" ဟု ဗိုလ်မှူးဟောင်း အောင်စိုးက ပြောသည်။
စစ်မှုထမ်းဟောင်း အဖွဲ့ဝင်လည်းဖြစ်၊ NLD ၏ ရန်ကုန်တိုင်းလွှတ်တော် ဒဂုံမြို့နယ်အမတ် တစ်ဦးလည်းဖြစ်သည့် ဦးကျော်ဇေယျက ထောက်ခံပွဲများ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ယနေ့ မေးခွန်းထုတ်လိုက်သည်။ မည်သူကမျှ တပ်မတော်ကို ဆန့်ကျင်ကြောင်း မပြောသည့် အခြေအနေတွင် တပ်မတော်ထောက်ခံပွဲ လုပ်နေခြင်းမှာ မလိုအပ်ဟု သူက ဆိုသည်။
“တပ်မတော်နေ့ရှိတာပဲ။ တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ သတ်မှတ်ထားတာပဲ။ အဲ့ဒီမှာ အကြီးအကျယ် လုပ်ပေါ့” ဟု တပ်မတော်အရာရှိဟောင်း ဦးကျော်ဇေယျက Myanmar Now ကို ပြောသည်။
တပ်မတော်ထောက်ခံပွဲများတွင် ထင်ရှားသည့် တိုက်ပွဲဝင် စစ်သည်တို့က အတွေ့အကြုံ ထုတ်ဖော် ပြောကြားခြင်း မဟုတ်ဘဲ အငြင်းပွားဖွယ် ဟောပြောသူများကို စင်ပေါ်တက် ပြောဆိုခွင့် ပြောခြင်းမှာ တပ်မတော်သားဟောင်း တစ်ယောက်အနေဖြင့် သဘောမကျဟုလည်း သူက ဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










