အနိဋ္ဌာရုံဖြစ်ရပ်များကြားမှ ရုန်းကန်ထလာသည့် မိတ္ထီလာ

လွန်ခဲ့သော ငါးနှစ်က တည်ငြိမ်မှု၊ သဟဇာတဖြစ်မှုများ ပျက်ပြားခဲ့ရသည့် မြန်မာပြည်အလယ်ပိုင်း အချက်အချာမြို့တစ်မြို့သည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြင့် ထပ်မံ အကျည်းမတန်စေရန်အတွက် ကြိုးပမ်းနေကြသည်။

မကြာသေးခင်က တွေ့ရသည့် မိတ္ထီလာမြို့တွင်းတစ်နေရာ (ဓာတ်ပုံ - ခင်နှင်းဝေ / Myanmar Now)

မိတ္ထီလာ —ဘာသာရေးပဋိပက္ခ ဖြစ်ပွားခဲ့သည်မှာ ငါးနှစ်ကျော် ကြာလာပြီဖြစ်သော၊ မြန်မာပြည်အလယ်ပိုင်း စီးပွားရေး အချက်အချာကျသည့် မြို့ကြီးတစ်မြို့ဖြစ်သော မိတ္ထီလာရှိ ရပ်ကွက်တစ်ခုသည် နံနက်ခင်း နေရောင်အောက် ကလေးငယ်တို့၏ ရယ်သံများ၊ ပြေးလွှားဆော့ကစားသံများနှင့်အတူ သက်ဝင်လှုပ်ရှားနေသည်။ 

ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် စုစုပေါင်း ၅,၀၀၀ ကျော် ရန်ငြိုးမရှိ နေထိုင်ခဲ့ကြသော၊ ချမ်းအေးသာယာဟု အမည်ရသော ဤရပ်ကွက်လေးသည် ၂ဝ၁၃ မိတ္ထီလာ အဓိကရုဏ်းကာလအတွင်း အခြားနေရာများနှင့် မတူဘဲ တစ်ရပ်ကွက်လုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည်။ 

ထိုနှစ် မတ်လ ၂၂ရက်နေ့ မနက်ပိုင်းက သင်္ကန်းဝတ်နှစ်ဦး အပါအဝင် အရပ်ထောင်ထောင်မောင်းမောင်း လူ ၂ဝ ခန့် ချမ်းအေးသာယာသို့ ရောက်လာပြီး မီးလောင်တိုက်သွင်းရန် ပြင်ဆင်ရာ ရပ်ကွက်တွင်း နေထိုင်သူတချို့က ဆင်းရဲသည့် ၎င်းတို့၏ရပ်ကွက်ကို မဖျက်ဆီးရန် တောင်းပန်ခဲ့ကြောင်း ထိုအချိန်က ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးဖိုးသားက ပြန်ပြောပြသည်။  

“တို့မရှို့ရင် နောက်က လူတွေက ရှို့လိမ့်မယ်လို့ အဲဒီလိုပြောပြီးတော့ ဓာတ်ဆီတောင် မပါဘူး၊ အဲ့ဒီအတိုင်း ကပ်ပြီး ရှို့သွားတာ။ ကျွန်တော် မျက်ရည်တောင် ကျရတယ်” ဟု ဦးဖိုးသားက ပြောပြသည်။ 

“ဒေသခံတွေလို့တော့ လုံးဝ မထင်ဘူး။ ဒီလူတွေဟာ နိုင်ငံရေး လှုံ့ဆော်ဖို့အတွက် သက်သက် လာကြတာလို့ပဲ ထင်တယ်။ ဒီမိတ္ထီလာမှာဆိုရင် အကုန်လုံး ကျွန်တော့်ကို သိသလို ကျွန်တော်ကလည်း သိတယ်”  ဟု ၎င်းက ဆိုသည်။

အပြန်အလှန်ကူညီရိုင်းပင်းမှု ရှိခဲ့ကြသည့် ဒေသခံတို့သည် အနိဋ္ဌာရုံဖြစ်ရပ်တို့နှင့် ရုတ်တရက် ကြုံတွေ့လိုက်ရပြီးနောက်ပိုင်း ယခုအခါ မူလအနေအထားသို့ ပြန်လည်ရောက်ရှိစေရန် တဖြည်းဖြည်း တည်ဆောက်နေကြသည်။ ထိုသို့ တည်ဆောက်ရာတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှုပ်ရှားမှုတချို့က အထောက်အကူပေးနေသည်။

တစ်ချိန်တည်းမှာပင် ကိုးကွယ်ဝတ်ပြုသည့် အဆောက်အအုံများ ပုံမှန်အခြေအနေအတိုင်း လည်ပတ်နိုင်ရေးအပါအဝင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရာတွင် အစိုးရ၏ ပိုမိုပါဝင်ဆောင်ရွက်ရေးကို မျှော်လင့်နေကြသည်။

ပဋိပက္ခအတွင်း ရိုင်းပင်းမှု 

ချမ်းအေးသာယာ ရပ်ကွက် မီးရှို့ခံခဲ့ရပြီး နောက်တစ်နှစ်တွင် နေအိမ်များ ပြန်လည်ဆောက်လုပ်ကြရာ ၎င်းတို့ထဲမှ အိမ်ခြေ ၇၃ဝ ကို ဆင်းရဲနွမ်းပါးသူ မွတ်စလင်များသို့ ပေးအပ်လေ့ရှိသည့် ရန်ကုန်မြို့ ယောင်နက်ဗလီ၏ အလှူငွေကို အသုံးပြုခဲ့သည်ဟု ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးအောင်ဌေးက ပြောသည်။ 

အခြားသော ရပ်ကွက်များနည်းတူ ၎င်းတို့ရပ်ကွက်သည် ကိုးကွယ်သည့်ဘာသာ မတူသဖြင့် အမုန်းပွား ခွဲခြားမှု၊ ထိုးနှက်တိုက်ခိုက်မှု ဆိုသည်မှာ ရှေးယခင်ကပင် မရှိခဲ့သည့် ရပ်ကွက်ဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည့် ဦးအောင်ဌေးက ဆိုသည်။ 

“အဲဒီလို မီးရှို့တော့ ဗုဒ္ဓဘာသာတွေ၊ အစ္စလာမ်တွေ တောထဲမှာ အတူတူပဲ သွားရှောင်နေကြတာ။ အတူတူ နေကြတာ။ မီးလောင်ပြီး နောက်နေ့ရောက်တော့ အမှတ် (၁) ကျောင်းထဲက ယာယီခိုလှုံရေးစခန်းမှာလည်း တူတူနေကြတာပါ” ဟု ၎င်းက ပြောသည်။  

ပဋိပက္ခကာလအတွင်း ရပ်ကွက်တချို့တွင် အကြမ်းဖက်သူတို့ လုပ်ငန်းဆောင်ရွက်ခြင်း မပြုနိုင်စေရန် ဟန့်တားနိုင်သဖြင့် နေအိမ်၊ အဆောက်အဦများ ဖျက်ဆီးခြင်း မခံခဲ့ရပေ။  

မွတ်စလင်အများစုနေထိုင်ရာ သာယာကုန်း(၁) ရပ်ကွက်ရှိ ရာအိမ်မှူး ဦးဘကြူက ၎င်းတို့ရပ်ကွက်မှ ဒေသခံများ စာသင်ကျောင်းတစ်ကျောင်းသို့ သွားရောက်ပြီး ရက် ၄ဝ ခန့် ခိုလှုံခဲ့ကြကြောင်း၊ ပြန်လာချိန်တွင် နေအိမ်များ အကောင်းအတိုင်း ကျန်နေခြင်းမှာ ၎င်းတို့နှင့် ကပ်လျက် တည်ရှိသည့် ရပ်ကွက်၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း ရှင်းပြသည်။ 

လူသတ်မှု၊ မီးရှို့မှု၊ အပြန်အလှန်တိုက်ခိုက်မှုများ ပါဝင်သည့် မိတ္ထီလာ အကြမ်းဖက်မှုကာလအတွင်း အန္တရာယ်ပြုခံနေရသူတို့ကို လူသားချင်း ထားရမည့် မေတ္တာတရားဟူသည့် အခြေခံစိတ်ဖြင့် ကူညီခဲ့သူများတွင် ခရစ်ယာန်ဘာသာဝင် ဒေါ်ဝင်းမာဦးလည်း ပါဝင်သည်။ သူက လမ်းတွင် တွေ့ရသည့် ဒဏ်ရာရလူငယ်တစ်ဦးကို ဆေးရုံသို့ ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးနိုင်ခဲ့သည်။

မိတ္ထီလာကန်အနီး တုန်လှုပ်စွာ ထိုင်နေသည့် လူငယ်တစ်ဦးကို ဘေးကင်းရာသို့ တိမ်းရှောင်ရန် တိုက်တွန်းခဲ့သော်လည်း အကြမ်းဖက်သမားများက လက်ဦးသွားခဲ့သည်ဟု ဆိုသည်။

“ကျွန်မက 'ပြေးတော့ ပြေးတော့' လို့ ပြောတယ်။ မပြေးဘဲ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ထိုင်နေတာ။ အဲဒီမှာ ဟိုကောင်လည်း ပါတယ်ဆိုပြီး ကျွန်မရှေ့မှာတင် အဲဒီကလေးလေးကို သတ်ပစ်လိုက်တာ” ဟု ၎င်းက ပြောသည်။

အလားတူပင် မြို့ခံတစ်ဦးဖြစ်သူ မနေဇာမင်းဆွေတို့ မိသားစု အရေးအခင်းအတွင်း အသက်လု ထွက်ပြေးကြစဉ် အကာအကွယ်ပေးသူတို့မှာ မြို့ခံ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ 

တိမ်းရှောင်ရာ လမ်းတစ်လျှောက် တုတ်၊ ဓား ကိုင်ဆောင်ထားသူ အများအပြား တွေ့ရှိခဲ့ရကြောင်း၊ လိုက်ပါပို့ဆောင်ပေးသူ ဗုဒ္ဓဘာသာဝင် ဦးဝကြီး ဆိုသူကိုလည်း ယနေ့တိုင် အမှတ်ရ ကျေးဇူးတင်နေကြောင်း ၎င်းက ပြောသည်။ 

၃၆ နှစ်အရွယ် မနေဇာမင်းဆွေမှာ ဒုက္ခသည်စခန်းတစ်ခုတွင် ငါးလခန့် နေထိုင်ခဲ့ပြီးနောက် သူ့ရပ်ကွက်တွင် စာသင်သည့် အလုပ်ကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ မကြာသေးခင်က သူ၏ ကျူရှင်ကျောင်းလေးသို့ သွားရောက်လေ့လာရာ ဘာသာပေါင်းစုံ ကလေးကြီးငယ်များ ဇလုံကြီးတစ်လုံးထဲမှ အစားအစာများ အလုအယက် စားသောက်နေကြသည်ကို တွေ့ရသည်။ 

ကျူရှင်ရောက်လာသည့် ကလေးများထဲတွင် ဘာသာရေးမှိုင်း သိသိသာသာ မိထားသူတချို့ ပါဝင်သော်လည်း နောက်ပိုင်းတွင် ကလေးအချင်းချင်း ပြန်လှန်ထိန်းကျောင်းသွားတတ်သည်ဟု ၎င်းက ပြောသည်။ 

ပိတ်ထားသော ဗလီများ 

ရှေ့နေ ဦးအောင်သိန်းသည် မတူကွဲပြားသည့် ဘာသာအယူဝါဒရှိသူများကြား ငြိမ်းအေးစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုင်ရာ ၎င်း၏လှုပ်ရှားမှုကြောင့် မိတ္ထီလာတွင် လူသိများသူတစ်ဦး ဖြစ်သည်။ ၂ဝ၁၃ အရေးအခင်းအပြီးတွင် ဘာသာပေါင်းစုံငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ထီလာသုခ သမဂ္ဂီအဖွဲ့ကို တည်ထောင်သူများထဲတွင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ မိတ္ထီလာရှိ မွတ်စလင်တို့မှာ အပိတ်ခံထားရသည့် ဗလီများတွင် ပြန်လည်ဝတ်ပြုလိုပြီး ၎င်းတို့ နေအိမ်၊ မြေကွက်များကိုလည်း ပြန်လည် ရယူလိုကြသည်ဟု ရှေ့နေက ဆိုသည်။ 

“အဆိုးဆုံးကတော့ အခြေခံ ဘာသာရေး၊ ယဉ်ကျေးမှု သင်တန်းကျောင်းတွေ အကုန် အပိတ်ခံထားရတယ်” ဟု ရှေ့နေ ဦးအောင်သိန်းက ပြောသည်။ 

အရေးအခင်းမတိုင်ခင်က ဗလီ ၁၃ ခု ရှိခဲ့ပြီး ယခုအခါ ဝတ်ပြုခွင့်ရသည့် ဗလီမှာ ၆ ခုသာရှိကြောင်း ရတနာမွန်ဗလီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးစန်းဝင်းရှိန်က ပြောသည်။ ဝတ်ပြုသည့်နေရာ အကန့်အသတ် ဖြစ်လာသောကြောင့် ရတနာမွန်တွင် ဝတ်ပြုချိန်ကို နှစ်ချိန် ခွဲပြီး စီစဉ်နေရသည်ဟု ဆိုသည်။ 

“လူနေအိမ်မှာလည်း ဝတ်ပြုခွင့်မပြုဘူး၊ ဗလီကဲ့သို့ ဝတ်ပြုခွင့်မရှိဘူး ဆိုတဲ့ တားမြစ်မိန့်ကလည်း ရှိထားတော့ နေ့စဉ် ဘာသာရေး ဆောင်ရွက်ခွင့်ရဖို့အတွက်က အခက်အခဲ ဖြစ်ရတာပေါ့၊ စိတ်မချမ်းမမြေ့ ဖြစ်ရတာပေါ့” ဟု ဦးစန်းဝင်းရှိန်က ပြောသည်။ 

မိတ္ထီလာ အဓိကလမ်းမကြီးရှိ ဗလီအားလုံးကို ပိတ်ထားသဖြင့် ဝေးလံသည့် အခြားရပ်ကွက်များသို့ သွားရောက် ဝတ်ပြုနေရသည်ဟု မြို့ခံ မွတ်စလင်တစ်ဦးဖြစ်သူ ဦးဖိုးတာက ဆိုသည်။ 

အစိုးရ ပိုမိုပါဝင်ရေး 

ဗလီများကို ပိတ်ထားခြင်း ကဲ့သို့သော ပိတ်ပင် တားဆီးမှုများသည် အစိုးရ၏ မူဝါဒနှင့်လည်း သက်ဆိုင်နေသည်ဟု ရခိုင်ဒေသ ပဋိပက္ခဆိုင်ရာ ကိုဖီအာနန်ကော်မရှင်တွင်လည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်သည့် ဟာဂျီဦးအေးလွင်က ပြောသည်။

“ဒီ (အင်န်အယ်ဒီ) အစိုးရ တက်လာတဲ့အခါမှာ တရားဥပဒေစိုးမိုးရေး ဆိုတာလည်း ပါတယ်။ လူကြီးတွေကလည်း ဥပဒေအတိုင်းပဲလုပ် ဆိုတာလည်း ပါတယ်။ မြန်မာပြည်မှာ သာသနိက အဆောက်အဦဆိုတာ ဗုဒ္ဓဘာသာကလွဲရင် ကျန်တဲ့ဟာတွေက တော်တော်များများက တရားဝင် စာရွက်စာတမ်းတို့ ဘာတို့က သိပ်ပြီး ရှိတာမဟုတ်ဘူး။ ပိတ်ပင် ဟန့်တား တားဆီးမှုတွေ ခံနေရတာက ဥပဒေအတိုင်းလုပ် ဆိုတာကြီးကြောင့်” ဟု ဟာဂျီဦးအေးလွင်က သုံးသပ်သည်။

မူဝါဒချပေးသည့် အစိုးရအဖွဲ့နှင့် လက်တွေ့အကောင်အထည်ဖော်ရသည့် ဌာနဆိုင်ရာတို့ကြား နားလည်မှုလွဲခြင်း၏ နောက်ဆက်တွဲရလဒ်အဖြစ် ပေါ်ပေါက်လာသော ကန့်သတ်ပိတ်ပင်မှုတို့မှာ ယခင်အစိုးရကာလထက် ပိုများနေသည်ဟု ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွင် ဦးဆောင်နေသူတစ်ဦးဖြစ်သည့် ၎င်းက ထောက်ပြသည်။

ဤအတောအတွင်း အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၁ မှ ၂၂ အထိ နေပြည်တော်၌ ကျင်းပသွားရန် ပြင်ဆင်နေသည်။  

ဘာသာပေါင်းစုံ ခေါင်းဆောင်များ ဦးဆောင်ပါဝင်သော ငြိမ်းချမ်းမေတ္တာအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုးဆက်မောင်ဝင်းသည် အစိုးရက အသစ်ထပ်မံဖွဲ့စည်းသည့် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့တွင် အမှုဆောင်တစ်ဦးလည်း ဖြစ်သည်။ မိတ္ထီလာအပါအဝင် ဒေသအများအပြားတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး လှုပ်ရှားမှုများ ရှိနေကြောင်း ဘုန်းတော်ကြီးက မိန့်သည်။ 

“အစိုးရကလည်း ဘာသာပေါင်းစုံကို ကူညီမှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ရလာမယ် ဆိုတာကိုလည်း သူတို့ ခံယူချက်ရှိပါတယ်” ဟု ဂျိုးဆက်မောင်ဝင်းက မိန့်သည်။

မိတ္ထီလာမြို့ခံ ရှေ့နေကြီး ဦးအောင်သိန်းကမူ အဖွဲ့အစည်းပေါင်းများစွာ၏ ဘာသာပေါင်းစုံ ညီညွတ်ရေး လှုပ်ရှားမှုများ ရှိသော်လည်း အစိုးရ၏ သိသိသာသာ ပါဝင်ဆောင်ရွက်မှုများကို မျှော်လင့်နေသည်။ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အမုန်းတရား ဖြစ်ပွားစေသည့် သီချင်းများ၊ စာရွတ်စာတမ်းများ ဖြန့်ဝေနေသည့် လှုပ်ရှားမှုမှာ ယခုနှစ်အတွင်း အစိုးရ ဟန့်တားသည့် အစီအစဉ်တို့ကြောင့် လျော့ပါးလာပြီး ဒေသတွင်း တည်ငြိမ်မှု ရှိလာသည်ဟု ဆိုသည်။  

“သွေးထိုးလှုံ့ဆော်မှု အရှိန်ကျသွားရင် တည်ငြိမ်မှု၊ အသားကျမှုနဲ့ ငြိမ်းချမ်းချစ်ကြည်မှုက ပြန်လည် ဖြစ်ပေါ်လာပါတယ်” ဟု ဦးအောင်သိန်းက ပြောလိုက်သည်။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading