နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲဆိုခံနေရသော ဦးဝီရသူအမှုကို ၎င်း၏မျက်ကွယ် စစ်ဆေးနေရာ လာမည့်ရက်ပိုင်းအတွင်း တရားလိုပြသက်သေ ၃ ဦး တရားရုံးတွင် ထွက်ဆိုရမည် ဖြစ်သည်။
ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-(က)ဖြင့် စွပ်စွဲထားသည့်အမှုကို မျက်ကွယ် စစ်ဆေးနေရာ တရားလိုပြသက်သေ ၉ ဦးအနက် ၃ ဦးသာ စစ်ဆေးရန် ကျန်ရှိတော့ပြီး ၎င်းတို့ကို ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ဆေးမည် ဖြစ်သည်။
တရားလို အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ တရားလိုပြ သက်သေများဖြစ်သော ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သာသနာရေးဦးစီးဌာန အရာရှိများ စသည့် ပုဂ္ဂိုလ် ၆ ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးပြီး ဖြစ်သည်။

ယနေ့ ရုံးချိန်းတွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝေနိုင်က ရဟန်းသံဃာများ ပြစ်မှုကြောင်းအရ ငြိစွန်းပါက ဥပဒေအတိုင်း အရေးယူနိုင်သည်ဟု နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာ ထုတ်ပြန်ထားကြောင်း ထွက်ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဟောပြောစဉ်ကလည်း ရဟန်းတစ်ပါးအနေဖြင့် သင့်တော်မှု မရှိသည့် ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့် ဟောပြောခြင်း၊ အမုန်းတရားပွားစေရန် လှုံ့ဆော် ဟောပြောခြင်းများ ဆောင်ရွက်၍ အစိုးရကို အကြည်ညိုပျက်စေခဲ့သည်ဆိုကာ ဦးဝီရသူ၏ မြိတ်မြို့ တရားပွဲ ဗီဒီယိုမှတ်တမ်းကို တရားရုံးသို့ သက်သေတင်သွင်းခဲ့သည်။


တရားသူကြီးက ဗီဒီယိုမှတ်တမ်းဖိုင်၊ စာ၊ ဓာတ်ပုံသက်သေများကို လက်ခံသည်။
ဗီဒီယိုဖိုင်ကို တရားခွင်အတွင်း ဖွင့်ပြရာတွင် ဦးဝီရသူက ရှင်ဘုရင် အတိုင်ပင်ခံ ဖြစ်လိုလျှင် အမျိုးစစ်ရမည်၊ ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက် အမျိုးစစ်ရမည်ဟု ပြောဆိုနေသည်များကို တွေ့ရသည်။


“နိုင်ငံခြားသားနဲ့ တွေ့ရင် ဖင်က ရမ်းချင်သေးတယ်။ ဒေါက်မြင့်ဖိနပ် တခွပ်ခွပ်နဲ့ လျှောက်ချင်သေးတယ်။ ဒီလောက် သရမ်းချင်တဲ့ဟာကို သမ္မတ တင်ချင်သေးတယ်” ဟုလည်းကောင်း၊ “ကော်မရှင်ဖွဲ့လည်း ပြင်ပကကောင်တွေပဲ။ အကြံပေးလည်း ပြည်ပကကောင်တွေပဲ။ အတူအိပ်လည်း …။ ဒါကြီးကိုပဲ သမ္မတဖြစ်စေချင်သေးတယ်။ ဒါကြီး သမ္မတဖြစ်မယ်ဆို ကျုပ်တို့ နိုင်ငံနဲ့ပြည်သူ တစ်ရပ်လုံး ကုန်းသာ ပေးလိုက်ကြတော့” စသည်တို့ကို ပြောဆိုကြောင်း တွေ့ရသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဦးဝီရသူကို တရားဟောခွင့်တစ်နှစ် ပိတ်ပင်ဖူးကြောင်း၊ သို့သော် ဦးဝီရသူသည် ကြိုတင်ဟောပြောထားသော တရားခွေကို ဖွင့်၍ ၎င်း၏ပါးစပ်ကို တိတ်ဖြင့် ပိတ်ကာ ပလင်ပေါ်တွင် ထိုင်ကာ အပူဇော်ခံပြီး တရားပွဲများ ဆက်လက်ကျင်းပကြောင်း သာသနာရေးဦးစီးအရာရှိက ထွက်ဆိုခဲ့သည်။
၂၀၁၇၊ မတ်လ ၉ ရက်နေ့တွင် တရားဟောခွင့် တစ်နှစ်ပိတ်ခဲ့ပြီးနောက် မတ်လ ၁၁ ရက်နေ့ညက အိမ်မဲမြို့နယ်၊ သီးကွင်းကျေးရွာတွင် လည်းကောင်း၊ မတ်လ ၁၅ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းကွေ့ရွာ ဇေယျာသီရိကျောင်းတိုက် အလှူတရားပွဲတွင် လည်းကောင်း၊ မတ်လ ၁၇ ရက်က မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် မင်္ဂလာဇေယျုံ ၃ လမ်းတွင် လည်းကောင်း ထိုတရားပွဲမျိုး ပြုလုပ်ခဲ့သည်။
- ဒုတိယ ဝရမ်းသက်တမ်းကုန်သော်လည်း ဦးဝီရသူမလာရောက်၍ မျက်ကွယ်စစ်ဆေးကြားနာမှုစမည်
- ဦးဝီရသူကို မျက်ကွယ်ကြားနာမှု ယနေ့စတင်၊ တရားလိုပြ သက်သေ ကိုးဦးတင်သွင်း
- ဦးဝီရသူ၏ဆန္ဒဖော်ထုတ်ပွဲ တရားဝင်ခွင့်ပြုချက်ယူ၍ လုပ်ခြင်းဖြစ်ဟု ဒုရဲအုပ်က တရားရုံးတွင်ထွက်ဆို
ထွက်ပြေးနေသော ဦးဝီရသူကို တရားလိုပြသက်သေ အားလုံးကို စစ်ဆေးပြီးနောက်ပိုင်း ဖမ်းမိခြင်းမရှိပါက ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်ကို တရားရုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ဦးဝီရသူမှာ ထွက်ပြေးတိမ်းရှောင်နေသော်လည်း VK ရုရှလူမှုကွန်ယက်တွင် ရုပ်သံဖိုင်များ လွှင့်တင်ကာ အစိုးရနှင့် ပတ်သက်၍ ပြောဆိုခြင်း၊ တရားမဝင်အသင်းကြေညာခံထားရသည့် မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ညီလာခံသို့ လျှောက်ထားလွှာပေးပို့ခြင်း တို့ကိုမူ ပြုလုပ်ခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဗုဒ္ဓဘာသာရဟန်းတော်များ စောင့်ထိန်းရမည့် သီလသိက္ခာပုဒ်များကို မစောင့်ထိန်းသည့် သီလကင်းမဲ့သည့်ဘုန်းကြီးများ၊ ရာဇဝတ်မှုကျူးလွန်ပြီး ဝရမ်းပြေးဖြစ်နေသူများကို ဆရာတော်ဟု မခေါ်ထိုက်၊ ရဟန်းဟုလည်း မသတ်မှတ်ထိုက်ကြောင်း မကြာသေးမီက ကြေညာခဲ့သည်။
ဦးဝီရသူက ဆရာတော်ကြီးများ၏ ဓမ္မစက်ဖြင့် အရေးယူခြင်းသာ ခံယူမည် ဖြစ်ပြီး ဓမ္မစက်ကို ကျော်လွန်၍ အာဏာစက်ဖြင့် အရေးယူမှုကို ဆရာတော်များ ရှေ့မှောက်၌ လက်ခံမည် မဟုတ်ကြောင်း ပြောဆိုထားသည်။ ထိုပြောဆိုချက်နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြစ်မှုဆိုင်ရာဥပဒေ တစ်စုံတစ်ရာကို ကျူးလွန်သော ရဟန်းသာမဏေများအား ရှေးဦးစွာ ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက် ပြီးနောက် အပြစ်ဒဏ် ချမှတ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ တရားရုံး၏ဆုံးဖြတ်ချက်ကို ရရှိပြီးမှသာလျှင် သက်ဆိုင်ရာ သံဃနာယကအဖွဲ့က ဝိနည်းတရားတော်နှင့် အညီ လိုအပ်သလို လက်ခံစစ်ဆေးဆောင်ရွက်ရမည်ဟု ဝိနိစ္ဆယလက်စွဲ အပိုဒ်များဖြင့် ဇွန်လ ၂၅ရက်က ရှင်းလင်းချက် ထုတ်ပြန်ထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












