သရော်ခြင်းကို သည်းမခံနိုင်သောအခါ

နိုင်ငံရေးသမားတို့ အရေခွံထူကြရန် လိုအပ်သော်လည်း ဝေဖန်၊ သရော်ခံရခြင်းကို ကျင့်သားမရနိုင်ကြသေးပေ။

Published on Jun 30, 2019
မေ ၂၂ ရက်နေ့က ရန်ကုန်၊ မရမ်းကုန်းမြို့နယ် တရားရုံးသို့ ရောက်ရှိစဉ် လက်ထိတ်ခတ်ထားသော လက်နှစ်ဘက်ကို ထောင်ပြနေသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)
မေ ၂၂ ရက်နေ့က ရန်ကုန်၊ မရမ်းကုန်းမြို့နယ် တရားရုံးသို့ ရောက်ရှိစဉ် လက်ထိတ်ခတ်ထားသော လက်နှစ်ဘက်ကို ထောင်ပြနေသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

ဒီမိုကရေစီဖော်ဆောင်ရန် ကြိုးပမ်းနေသော ယနေ့ခေတ်တွင် သိသိသာသာ များပြားလာသည်မှာ သံချပ်၊ သရော်စာများ ဖြစ်သည်။ အများအားဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သူတို့ကို ပစ်မှတ်ထားပြီး တင်ဆက်နေကြသည်ကို တွေ့နိုင်သည်။

နာမည်ကျော် စာရေးဆရာမ မသီတာ (စမ်းချောင်း) က အဆိုပါ အနုပညာထုတ်ကုန်တို့တွင် အပြုသဘော ရည်ရွယ်ချက်များကို တွေ့နိုင်သည်ဟု ဆိုသည်။

"သံချပ်ဖြစ်ဖြစ်၊ သရော်စာပဲ ဖြစ်ဖြစ် တီထွင်ဖန်တီးမှု၊ အနုပညာနဲ့ ပြုပြင်စေလိုတဲ့စေတနာ ပါပါတယ်" ဟု မသီတာ (စမ်းချောင်း) က ပြောသည်။

စေတနာ ပါဝင်သည် ဆိုသော်လည်း သံချပ်၊ သရော်စာ ဖန်တီးသူများ၊ ထုတ်လုပ်သူများထဲမှ တချို့သည် တရားရုံးသို့ သွားရောက်အမှုရင်ဆိုင်ရာသူများ၊ ဖမ်းဆီးထိန်းသိမ်းခံရသူများ ဖြစ်လာသည်။

နိုင်ငံ့ဝန်ကို ထမ်းလိုသဖြင့် နိုင်ငံရေး ဝင်ရောက်လုပ်ကိုင်သူတို့ထဲတွင် အများအပြားသည်လည်း အကဲဆတ်လွယ်ကြပြီး သံချပ်၊ သရော်စာတို့မှတစ်ဆင့် ဝေဖန်ထောက်ပြမှုကို ခံနိုင်ရည် နည်းပါးနေသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

သံချပ်

တေးကဗျာအမျိုးအစားတစ်ခုဖြစ်သော သံချပ်ကို အများအားဖြင့် သင်္ကြန်ကာလတွင် ခံစားနိုင်သည်။

ပြီးခဲ့သည့် သင်္ကြန်ကာလ  သံချပ်ထိုးသူများအနက်မှ  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ တချို့သည် ယခုအခါ အကျဉ်းထောင်ထဲ ရောက်ရှိနေသည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် ပါဝင်နေမှုများနှင့် ပတ်သက်ပြီး သံချပ်ထိုး ဝေဖန် သရော်သည့် ၎င်းတို့ကို တပ်မတော်က တရားစွဲထားသဖြင့် အမှုရင်ဆိုင်နေကြရသည်။

 

တရားမျှတမှုအတွက် နောက်ဆုံးခံတပ်က တရားရုံးပါ...

 

အမှုနှင့် ပတ်သက်ပြီး များစွာ မျှော်လင့်ချက်မထားကြောင်း  တရားစွဲခံထားရသည့် သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုပိုင်ရဲသူက  ဇွန် ၁၉ ရက်နေ့ တရားရုံး ကြားနာမှုအပြီးတွင် ပြောသည်။

"တရားမျှတမှုအတွက် နောက်ဆုံးခံတပ်က တရားရုံးပါ။ တရားရုံးမှာမှ တရားမျှတမှု မရှိရင်တော့ ကျွန်တော်တို့အတွက် တရားစီရင်ရေးစနစ်ရဲ့မျှတမှု ဆိုတာ လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး" ဟု ကိုပိုင်ရဲသူက အင်းစိန်ထောင်သို့ ပြန်ရန် မော်တော်ယာဉ်အတွင်းသို့ မဝင်မီ  သတင်းထောက်များကို ပြောသည်။

သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ မသျှားယမုံက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ပတ်သက်ပြီး နိုင်ငံရေးသမားတို့ ပိုမို သဘောပေါက် နားလည်သင့်သည်ဟု ဝေဖန်လိုက်သည်။

"အခုထိတော့ တရားစွဲဆိုမှုတွေမှာ အစိုးရပိုင်းက စွဲဆိုတာ မဟုတ်ဘဲနဲ့ စစ်တပ်ဘက်က စွဲဆိုမူတွေကိုပဲ တွေ့ရတယ်" ဟု မသျှားယမုံက ဆိုသည်။

တပ်မတော်အုပ်ချုပ်မှု ဆယ်စုနှစ် အများအပြား နောက်ပိုင်း အာဏာကို အကန့်အသတ်ဖြင့် ရရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် ပြုပြင်ပြောင်းလဲမှုကိုလည်း အကန့်အသတ်ဖြင့်သာ ပြုလုပ်နိုင်သေးသောကြောင့် ဝေဖန်ခံနေရပြီး သံချပ်၊ သရော်စာတို့နှင့် ပတ်သက်ပြီး အရေးယူခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားရာရောက်သည်ဟုလည်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

စာရေးဆရာမ  စမ်းစမ်းနွဲ့ (သာယာဝတီ) က   ခေတ်အဆက်ဆက် ရှိခဲ့သော သရော်စာ၊  သံချပ်တို့သည် စဉ်ဆက် မပြတ် ထွက်ပေါ်ရန် လိုလားသူတစ်ဦးဖြစ်သည်။

"အခုနောက်ပိုင်း နည်းလာပါတယ်။ အရင်က ရန်ကုန်မြို့မှာတင်  သံချပ်အဖွဲ့တွေ ရာချီပြီး ရှိပါတယ်။ သံချပ်အဖွဲ့တွေကို စောင့်ပြီး နားထောင်တဲ့အခါ ထိထိမိမိ ပြောတာတွေ ရှိပါတယ်၊ အဲဒီခေတ်ကလည်း အရေးယူခံရတာပဲ၊ နောက်နှစ်လည်း ထွက်လာကြတာပဲ။ လူငယ်တွေရဲ့ တက်ကြွထက်သန်တဲ့ စိတ်ဓာတ်ကို မြင်တွေ့ရတဲ့အတွက် အမြဲတမ်း လေးစား ဂုဏ်ပြုပါတယ်" ဟု စာရေးဆရာမက ဆိုသည်။  

သို့သော်  လူတစ်ဖက်သားကို စော်ကားပုတ်ခတ်မှုမရှိသော သံချပ်မျိုးဆိုလျှင် ကောင်းမွန်ကြောင်း သူက အကြံပြုသည်။

သရော်စာ

၂၀၁၇ နှစ်ကုန်ပိုင်းက တနင်္သာရီ အပတ်စဉ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် "မဲဆွယ်အပြုံး" ခေါင်းစဉ်တပ် သရော်စာကြောင့် ထိုဂျာနယ်မှ အယ်ဒီတာတစ်ဦး တရားစွဲခံခဲ့ရသည်။

အမှုကို တစ်နှစ်ကျော်ကြာ  စစ်ဆေးပြီးနောက် ၂၀၁၉ ဖေဖော်ဝါရီတွင် ထားဝယ်မြို့နယ် တရားရုံးက   ထိုသရော်စာသည်  တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆုံးဖြတ်ပြီး ဒဏ်ငွေ ၅ သိန်း ပေးဆောင်ရန် စီရင်ချက်ချလိုက်သည်။

အခြား  ထင်ရှားသည့် အမှုတစ်ခုမှာ ၂၀၁၇ မတ်လက The Voice Daily သတင်းစာ အွန်လိုင်းတွင် ဖော်ပြခဲ့သည့် “ကျည်ထောင်စု သစ္စာ” ဟု အမည်ရှိ သရော်စာနှင့် ပတ်သက်နေသည်။ တပ်မတော်က သတင်းစာအယ်ဒီတာချုပ် ကျော်မင်းဆွေ၊ သရော်စာရေးသားသူ  ဗြိတိသျှကိုကိုမောင်တို့ကို တရားစွဲခဲ့သည်။

ဗြိတိသျှကိုကိုမောင်သည် ထိုအမှုအတွက် လအနည်းငယ် အထိန်းသိမ်းခံရပြီးနောက် သူ၏ မူလအလုပ်ကို ဆက်လက် လုပ်ကိုင်နေသူဖြစ်သည်။

"ကျွန်တော်တို့ကတော့ ဆက်ရေးနေမှာပဲ။ နောက်ခံမိသားစု  အခြေအနေကြောင့် တချို့ အကြောင်းအရာတွေကတော့ မရေးသေးဘဲ ရပ်ထားတာတွေ ရှိပါတယ်။ အဲဒါတွေကတော့ စာပေ အတွက်၊ လွတ်လပ်စွာဝေဖန် ပြောဆိုခွင့်တွေ အတွက် ထိခိုက်လာနိုင်ပါတယ်" ဟု  ဗြိတိသျှကိုကိုမောင်က  ပြောသည်။  

 

သံချပ်ဆိုတာကလည်း သရော်စာ တစ်မျိုးပါပဲ

 

၎င်းတို့၏ အမှုမှာ တရားရုံးတွင် များစွာ မကြာလိုက်ချေ။ တပ်မတော်က ထိုနှစ် သြဂုတ်လတွင် အမှုတချို့ကို ကျေးအေးရုပ်သိမ်းပေးလိုက်သည့်အထဲတွင် The Voice Daily သတင်းစာ သရော်စာအမှုလည်း ပါဝင်သည်။  နိုင်ငံတော်နှင့် ပြည်သူများ၏ အမျိုးသားအကျိုးစီးပွားကို ဆက်လက်၍ အတူလက်တွဲလုပ်ဆောင်နိုင်ရန်အလို့ငှာ ယခင်ကဖြစ်ပျက်ခဲ့မှုများကို သင်ပုန်းချေခြင်း ဖြစ်သည်ဟု တပ်မတော်က ကြေညာသည်။

တောင်ငူမှ ကျောင်းသားမျိုးဆက် ကေတုအိုးဝေ တော်လှန်သံချပ်အဖွဲ့ကို တရားစွဲဆိုထားသည့် အမှုလည်း ထိုသို့ ကျေအေးပေးလိုက်သည့်အထဲတွင် ပါဝင်သည်။  

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်သည် ဟာသ အနုပညာ ဖန်တီးမှုများကို နှစ်သက်သူတစ်ဦး ဖြစ်ပြီး နေဘုန်းလတ် ကလောင်အမည်ခံ စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။

"သံချပ်ဆိုတာကလည်း သရော်စာ တစ်မျိုးပါပဲ။ ဒါကို သည်းခံနိုင်စွမ်းမြင့်မြင့်နဲ့ လက်ခံသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်" ဟု နေဘုန်းလတ်က ပြောသည်။

သံချပ်ထိုး၊ သရော်စာရေးသူတို့ တခါတရံ တရားစွဲခံနေရခြင်းမှာ တည်ဆဲဥပဒေတချို့၏ အားနည်းချက်နှင့်လည်း သက်ဆိုင်သကဲ့သို့ ဝေဖန်ခံရသူ၏ သဘောထားကြီးမှုအပေါ်တွင်လည်း မူတည်သည်ဟု သူက ယူဆသည်။

"ဥပဒေတွေရဲ့ အားနည်းချက်တွေကြောင့်ပါ။ အသရေဖျက်မှုဆိုတာ ဘာလဲ၊ နိုင်ငံတော် အကြည်ညို ပျက်စေမူ ဆိုတာ ဘာလဲ တိကျတဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုတွေ မရှိဘူး။ အဝေဖန် ခံရတယ်၊ သရော်ခံရတယ်ဆိုရင်  ပြုံးပြုံးလေး အဝေဖန်ခံဖို့လိုတယ်။  ဟုတ်ရင်ပြင်လိုက် မဟုတ်ရင် မသိချင်ယောင် ဆောင်လိုက်ပေါ့ဗျာ" ဟု   နေဘုန်းလတ်က ပြောလိုက်သည်။

စိုးစံထိုက်သည် အလွတ်တန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading