ပန်းကန်ထဲမှ အသားဟင်းတို့၏ ဇာစ်မြစ်ကို ဆင်ခြင်ခြင်း

မသန့်ရှင်းသည့် အသားကြောင့် ပြင်းထန်တုပ်ကွေးရောဂါများ ဖြစ်ပွားနိုင်ရာ အစားအသောက် ဘေးကင်းလုံခြုံရေး အစီအမံတို့ကို ပိုမို တင်းကျပ်ရန် လိုအပ်လာသည်။

Published on Jun 29, 2019

သန့်ရှင်းသောအသား စားသုံးနိုင်ရေး ဆိုသည်မှာ ဈေးဆိုင်မှဝယ်ယူလာသော အသားကို ဆေးကြော သန့်စင်ကာ ကောင်းစွာ ချက်ပြုတ်လိုက်ရုံနှင့် မလုံလောက်ချေ။   ထိုအသားသည် ရောဂါကင်းစင်သော တိရစ္ဆာန်မှရသည့် အသား ဖြစ်ရမည့်အပြင် ကျန်းမာရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ လုပ်ကိုင်သော သားသတ်ရုံက ထုတ်လုပ်သည့် အသားလည်း ဖြစ်ရပေမည်။   အရောင်းဆိုင်တို့တွင် အသားကို ကျန်းမာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ ကိုင်တွယ် ခင်းကျင်း ရောင်းချရန်လည်း အရေးကြီးပါသည်။

ပြည်တွင်းအသားဈေးကွက်တွင် ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်၊ အမဲ အစရှိသည့် အသားအမျိုးမျိုးကို  တွေ့နိုင်သည်။ အသားမှရသော ပရိုတင်းဓာတ်သည် ကောက်ပဲသီးနှံမှရသော ပရိုတင်းဓာတ်များထက် ပို၍ကောင်းမွန်ပါသည်။  အသက်ရှင်နေထိုင်နိုင်ရန် မရှိမဖြစ် အရေးပါသည့် သံဓာတ်၊ ဗီတာမင် B12 ဓာတ်တို့မှာ အသားများတွင် ကြွယ်ဝစွာ ပါရှိပါသည်။ ထို့ကြောင့် ကျန်းမာသန်စွမ်းစေရန် အသားများကို မျှတစွာ စားသုံးပေးရမည် ဖြစ်သည်။  အသားတွင်  ရောဂါပိုးမွှားများ ပေါက်ပွားရန် အလွန်လွယ်ကူရာ မသန့်ရှင်းသော အသားကို စားသုံးမိပါက သန်ကောင်၊ တုတ်ကောင်ကျရောက်မှုမှ ကူးစက်ရောဂါများအထိ နောက်ဆက်တွဲပြဿနာ ပေါ်ပေါက်နိုင်ပါသည်။

မြန်မာနိုင်ငံအတွင်း စားသုံးနေကြသည့် အသား အများစု၏ ဇာစ်မြစ်မှာ ပြည်တွင်းမွေးမြူရေးခြံများ ဖြစ်ပြီး ပြည်ပနိုင်ငံတချို့မှ ဝင်လာသည်လည်း ရှိသည်။ 

ဈေးကွက်အတွင်းရှိ အသားများ သန့်ရှင်းမှု အခြေအနေကို မကြာသေးမီက  ကွင်းဆင်းလေ့လာစဉ် ရပ်ကွက်ဈေးများအပြင် သားသတ်ရုံ၊  မွေးမြူရေးခြံတချို့သို့ ရောက်ရှိခဲ့ရာ တိရစ္ဆာန်များမွေးမြူပုံမှအစ  ထုတ်လုပ် ရောင်းချပုံအဆင့်ဆင့်တွင် အန္တရာယ်ဖြစ်နိုင်သည့် အလားအလာတို့ကို တွေ့ခဲ့ရသည်။

ရပ်ကွက်ဈေး အသားရောင်းချမှု

ရပ်ကွက်ဈေးတို့သည် စားသောက်ကုန်ပစ္စည်းမျိုးစုံကို လွယ်ကူ၊ သက်သာစွာ ဝယ်ယူနိုင်သော အဓိကနေရာများဖြစ်ကြသည်။ စားသုံးသူအများစုသည် ဈေးနှုန်း အကဲဆတ်ကြသဖြင့် ကုန်တိုက်ကြီးများထက်  ရပ်ကွက်ဈေးများကိုသာ အားထားကြရာ ဈေးများ သန့်ရှင်းမှုမှာ အလွန်အရေးပါလှသည်။ သို့သော်လည်း မကြာသေးမီက ရပ်ကွက်ဈေးတချို့ကို  လေ့လာရာတွင်   အစိုးရ ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု ရှိမနေကြောင်း တွေ့ရသည်။ နံနက်ပိုင်းမှ နေ့လယ်အထိ အသားမျိုးစုံကို ခုတ်ထစ်ရောင်းချရာတွင် အသားများကို ဈေးခုံပေါ်တွင်သာ ထားရှိကြကြောင်း  တွေ့ရသည်။ ရေခဲတုံးများ၊ ရေခဲပုံးများ အသုံးပြုမှု အားနည်းသည့် အပြင် အဖုံးအကာလည်း မရှိသောကြောင့် ယင်တလောင်းလောင်း ဖြစ်နေသည်။ ဈေးခုံ၊ စဉ်းတီတုံး၊ ဓားတို့ကိုလည်း ဂရုတစိုက် သန့်စင်ခြင်း မရှိကြပေ။

ဈေးသည်အများစု အသားဆေးရန်၊ လက်ဆေးရန် အသုံးပြုကြသည်မှာ ရေပုံး တစ်ပုံးသာ ဖြစ်နေတတ်သည်။ အသားခုတ်ဓားကိုလည်း ထိုပုံးအတွင်း နှစ်ဆေးကြသည်။ ခုံ၊ ဈေးဗန်းတို့ကို သန့်စင်ရန် အသုံးပြုကြသည်မှာ ညစ်ထေးသော အဝတ်ဟောင်း တစ်ပိုင်းတစ်စ ဖြစ်နေတတ်သည်။  ရောင်းကုန်တို့ကို ထိုအဝတ်အစဖြင့် ထိတို့တတ်ပြီး လက်သုတ်ရာတွင်လည်း ထိုအဝတ်စကို သုံးကြသည်။ အသားကိုင်သောလက်ဖြင့်ပင် ပိုက်ဆံ ကိုင်တွယ်ကြရာ  အသားတွင်ရှိသော ပိုးမွှားများ ပိုက်ဆံပေါ်သို့ ကူးစက်နိုင်သကဲ့သို့ ပိုက်ဆံတွင်ရှိသော ပိုးမွှားတို့သည်လည်း အသားကို  ကူးစက်နိုင်ပြန်သည်။  အသားဆိုင်တန်းတွင် လေလွှင့်ခွေးများ ရှိနေတတ်သည်။ အမှိုက်စွန့်ပစ်မှု စနစ်မကျကြသည့် ထိုနေရာတွင် ဧရာမကြွက်တချို့ကိုလည်း တွေ့နိုင်သည်။ ဤသည်မှာ ကျန်းမာရေးအတွက် အလွန်အန္တရာယ်ကြီးသည်။  နံနက်ဈေးတွင် ရောင်းမကုန်သည့် အသားများကို ညဈေးတွင် ပြန်လည်ရောင်းချကြသည်ဟု ဆိုပါသည်။ အအေးခန်း၊ ရေခဲပုံး၊ ရေခဲသေတ္တာ မရှိသော အသားသည်တို့သည် ၎င်းတို့၏ရောင်းကုန် လတ်ဆတ်မှု ရှိစေရန် မည်သည့်နည်းလမ်းများ အသုံးပြုကြသည်မှာ စဉ်းစားစရာပင် ဖြစ်ပါသည်။ အသားများ  မပုပ်သိုးစေရန် ဓာတုဆေးသုံးဖွယ်ရှိသည်ဟု  ဈေးဝယ်သူတချို့ သံသယဖြစ်နေကြရာ ထိုအခြေအနေကို အာဏာပိုင်တို့က တာဝန်ယူ၍ စုံစမ်းစစ်ဆေး သင့်ပါသည်။

သားသတ်ရုံများ အခြေအနေ

သန့်ရှင်းသောအသား ထုတ်လုပ်မှု လုပ်ငန်းစဉ်ဖြစ်ရန်အတွက် သားသတ်ရုံများကိုလည်း အလေးထား စစ်ဆေးရမည် ဖြစ်သည်။ မကြာသေးမီက မွန်ပြည်နယ်ရှိ သားသတ်ရုံတချို့ကို သွားရောက်လေ့လာရာတွင် သန့်ရှင်းမှု ဆိုးရွားသော အခြေအနေများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သားသတ်ရုံတို့သည် အဆောက်အဦး စည်းမျဉ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု အားနည်းသည့်အပြင် အသား သိုလှောင်နိုင်မည့် အအေးခန်း၊ ရေခဲပုံးတို့ကိုလည်း မသုံးကြပါ။

ဘက်တီးရီးယားပိုးများသည် အေးခဲမထားသည့် အသားတွင် ပေါက်ပွားမှုနှုန်း အလွန် မြန်ပါသည်။ ဘက်တီးရီးယားသည် မိနစ်နှစ်ဆယ်အတွင်း ကောင်ရေနှစ်ဆခန့် တိုးလာနိုင်ပါသည်။  အအေးခန်း၊ အအေးဘူး မသုံးသည့် သားသတ်ရုံ၊ ရပ်ကွက်ဈေးတို့ကို ဖြတ်သန်းလာရသည့်အသားသည်  စားသုံးသူလက်ထဲ ရောက်ချိန်တွင် ရောဂါပိုးများ အတားအဆီး မရှိပေါက်ပွားပြီး ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ အလွန်ကြီးမားသည့် ကျန်းမာရေးအန္တရာယ်ပင်။

ဆိတ်သားပေါ်သည့်လိုင်စင်ရလုပ်ငန်းရှင်တစ်ဦးက သားသတ်ရုံကို စစ်ဆေးခြင်း၊  အသားပေါ်မည့် တိရစ္ဆာန်များ ရောဂါကင်းရှင်းကြောင်း စစ်ဆေးခြင်းတို့ကို မကြုံဖူးကြောင်း ပြောသည်။

"လိုင်စင်မရှိမှ အစိုးရက ဖမ်းတာ။ တချို့တွေ လိုင်စင်မရှိလည်း အသားပေါ်ကြတာပဲ" ဟု သူက ဆိုသည်။

သားသတ်ရုံတို့တွင်လည်း အမှိုက် စနစ်တကျ စွန့်ပစ်မှု အားနည်းနေသည်။ သားသတ်ရုံ အလုပ်သမားများသည်  လက်အိတ်၊ လုပ်ငန်းခွင်ဝတ်စုံတို့ကို ဝတ်ဆင်မထားကြပေ။ တိရစ္ဆာန်များ ယာယီထားရှိသည့် နေရာသည် မစင်များ၊ အမှိုက်များနှင့် ပေပွနေသည်။ အသားပေါ်သည့် နေရာတွင်လည်း သွေးကွက်များ၊ တိရစ္ဆာန် အစိတ်အပိုင်းများ ပြန့်ကျဲနေပြီး ထိုနေရာသည် ပိုးဟပ်၊ ကြွက်၊ ခွေးတို့နှင့် မိတ်ဖက်ဖြစ်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

မွေးမြူရေးခြံများ သန့်ရှင်းရေး

သန့်ရှင်းသော အသားကို စားသုံးနိုင်ရေးမှာ ရောဂါကင်းသော တိရစ္ဆာန်များမှ ရသည့် အသား ဟုတ်မဟုတ်အပေါ်တွင် မူတည်သည်။ မွေးမြူရေးခြံတို့ကို စနစ်တကျ ပိုးသတ်ခြင်း၊ သန့်ရှင်းခြင်းများ ပြုလုပ်ရန် လိုအပ်သည်။  တိရစ္ဆာန်များကို ရောဂါကာကွယ်ဆေး စနစ်တကျ ထိုးပေးရန်လည်း လိုအပ်ပါသည်။

ဒေသတချို့ရှိ ဝက်ခြံ၊ နွားခြံတချို့ကို သွားရောက်လေ့လာရာ အဆောက်အဦး စည်းမျဉ်းနှင့် မညီသည့်အပြင် သန့်ရှင်းမှု ကင်းမဲ့နေသည်ကို တွေ့ခဲ့ရပါသည်။  အမိုး အကာ မလုံခြုံသော ဝက်ခြံ၊ နွားခြံများ အတွင်း အခြားတိရစ္ဆာန်များ ဝင်ရောက်နေသည်။  တိမွေးကုဆရာဝန်တို့ လာရောက်ပြီး  ကာကွယ်ဆေးထိုးပေးခြင်း၊ အချိန်မှန် စမ်းသပ်စစ်ဆေးခြင်း စသည့် အစီအစဉ်များ မရှိပါ။

မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အများအပြားသည် ခေတ်မီနည်းပညာ၊  တိမွေးကုဆရာဝန်၊ ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များ ယဉ်ပါးမှု မရှိကြပေ။

အစိုးရထံမှ ချေးငွေယူထားသည့် မွေးမြူရေးခြံသာ  စစ်ဆေးခြင်း ခံရမည်ဟု နားလည်ထားကြောင်း ဝက်မွေးမြူသူတစ်ဦးက မကြာသေးမီက ပြောပြသည်။

"မွေးမြူရေး စလုပ်တုန်းက ကာကွယ်ဆေးတွေ ထိုးတယ်၊ ဝက်ခြံကို အပြင်လူ ပေးမဝင်ဘူး၊ ပြီးတော့ ငါးရက်တစ်ခါ ပိုးသတ်ဆေးဖြန်းတယ်၊ ဘာဖြစ်သလဲဆိုတော့ ဝက်တွေ အရမ်းနုသွားပြီး အကြမ်းမခံနိုင်ဘဲ အကုန် သေကုန်တာ၊ ကျွန်တော် သိန်းသုံးဆယ်လောက် ရှုံးသွားတယ်။ အခု ဝက်တွေကို ဒီအတိုင်းပဲ မွေးတယ်။ အကုန်ရှင်တယ်၊ ကျန်းမာတယ်" ဟု သူက ပြောသည်။

ဝက်မွေးသူတိုင်း  ထိုလုပ်ငန်းရှင်ကဲ့သို့ ပြုမူကြသည် မဟုတ်သော်လည်း အခြေအနေ ဆိုးရွားသော ဝက်ခြံများ အနည်းနှင့်အများ ရှိနေပေမည်။

နွားခြံများသည်လည်း ထိုနည်းလည်းကောင်းပင်။ မွန်ပြည်နယ် နွားခြံတစ်ခုအတွင်း နွားချေးပုံတချို့မှာ ခွာမြုပ်သည်အထိ ရှိနေသည်။ နွားများကို သန့်စင်ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်းတို့မှာ အပိုအလုပ်  ဖြစ်နေသလိုပင်။ ကာကွယ်ဆေးမှာ ဈေးကြီးသောကြောင့် မွေးမြူရေးလုပ်ငန်းအတွက် တွက်ချေမကိုက်ဟု ဆိုကြသူလည်း ရှိသည်။

ကြက်ခြံများမှာမူ  အခြေအနေ ကောင်းမွန်ပါသည်။ ကြက်ခြံတို့ကို မြေပြင်မှ အနည်းငယ် အလှမ်းကွာသည့် အမြင့်တွင် ဆောက်ထားကြပြီး သန့်ရှင်းရေးလည်း စနစ်တကျ လုပ်ထားဟန်တူသည်။ လိုအပ်သည့် ကာကွယ်ဆေးထိုးခြင်း၊  တိမွေးကုဆရာဝန် အပတ်စဉ် စစ်ဆေးခြင်းတို့လည်း ရှိသည်။ ကြက်နာကျလျှင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ချက်ချင်းလာရောက်စစ်ဆေး၍ စနစ်တကျ ပိုးသတ်ပေးသည်ဟု ဆိုသည်။ ထို့ကြောင့် ကြက်နှင့် ကြက်ဥသန့်ရှင်းမှုမှာ အခြားအသားများထက် သာလွန်မည်ဖြစ်သည်။

ကြက်ခြံများ သန့်ရှင်းမှုအခြေအနေ ကောင်းသော်လည်း ကြက်မွေးမြူရေးလုပ်ငန်းက ထိုသို့ မဟုတ်ပေ။ ပြည်ပမှ ကြက်သား၊  ကြက်ဥများ တရားမဝင်တင်သွင်းမှုကြောင့် ပြည်တွင်း ဈေးကွက် ကမောက်ကမ ဖြစ်နေသည်။

ကုန်သည်တို့သည် အသားမျိုးစုံကို ပြည်တွင်းစားသုံးမှု ကျော်လွန်သွားသည်အထိ တင်သွင်းနိုင်စွမ်း ရှိနေသဖြင့် ပြည်တွင်း မွေးမြူရေးလုပ်ငန်း ထိခိုက်နိုင်သည်ဟု ရန်ကုန်မြို့ပြင် ကြက်သားဖောက်လုပ်ငန်းကုမ္ပဏီတစ်ခုမှ လုပ်သက်ရင့်ဝန်ထမ်းတစ်ဦးက သုံးသပ်သည်။

မှောင်ခိုအသား အန္တရာယ်

နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသော အသားများ၊ ဥများကို ထိရောက်စွာ ပိတ်ပင်တားဆီးနိုင်ခြင်း မရှိသေးပါ။ ဤအခြေအနေသည် မြန်မာ့အသားဈေးကွက်ကို ဆိုးရွားစွာ ထိခိုက်နိုင်သည့် အပြင် ကျန်းမာရေး အန္တရာယ်လည်း ကြီးလှပါသည်။   တရားဝင်တင်သွင်းသည့် အသားများကဲ့သို့ စနစ်တကျ စစ်ဆေးမထားသော မှောင်ခိုအသားများသည် ရောဂါရှိသော တိရစ္ဆာန်များ၏ အသားများ ဟုတ်မဟုတ် အာမခံနိုင်ခြင်းမရှိပေ။  သက်တမ်းလွန်အသား ဖြစ်နေတတ်သည့်အပြင် ဓာတုပစ္စည်းလည်း ပမာဏအများအပြား ပါဝင်ကောင်း ပါဝင်နိုင်သည်။ တရုတ်နိုင်ငံဘက်မှ ဝင်လာသော အေးခဲကြက်သား တန်ချိန်ပေါင်းများစွာ ဖမ်းဆီးရမိသည့်သတင်းများကို မကြာခဏ တွေ့နေရသည်။ ထိုသို့ အဖမ်းအဆီး ရှိနေသော်လည်း ထုတ်လုပ်သည့် နေရာနှင့်ရက်စွဲမှတ်တမ်း ဖော်ပြမထားသည့် ထိုအသားများက ဈေးကွက်သို့ နေ့စဉ် ဝင်ရောက်နေသည်။ အသားမှောင်ခိုလမ်းကြောင်းများသည် တရုတ်ဘက်မှသာမက ထိုင်းနယ်စပ်တွင်လည်း ရှိနေသည်။

ကြက်မွေးမြူရေးခြံ ငါးခြံ ရှိရာမှ တစ်ခြံသာ ကျန်တော့သည့်  လုပ်ငန်းရှင်တစ်ဦးက သူ၏ လုပ်ငန်းကို ရပ်ဆိုင်းရန် ပြင်ဆင်နေသည်။ နယ်စပ်မှ အေးခဲကြက်သား ခိုးသွင်းလာမှုများကြောင့် ဈေးကွက် ပြောင်းလဲနေပြီဟု သူက ဆိုသည်။

"မှောင်ခိုကြက်သားတွေက ဈေးအရမ်းပေါတော့ ကျွန်တော်တို့ ယှဉ်မရောင်းနိုင်ဘူး။ ကျွန်တော်တို့ပဲ ခံရတာပေါ့။ ဒါတောင် ကျွန်တော့်မှာ ကြက်ခြံ ငါးခြံရှိလို့ အခုထိ တောင့်ခံနိုင်တာ။ တချို့ တစ်ခြံ၊ နှစ်ခြံပဲရှိသူတွေကျတော့ အစောကြီး စီးပွားပျက်သွားကြပြီ" ဟု သူက ဆိုသည်။

အလားတူ ပြည်တွင်းရှိ အသားများသည် ကူးစက်ရောဂါ၊ ရောဂါပိုးမွှားကင်းစင်ခြင်း အာမခံချက် မရှိသကဲ့သို့ သန့်ရှင်းမှု အားနည်းသော လုပ်ငန်းခွင်အခြေအနေကြောင့် အသားအရည်အသွေးမှာလည်း ပြည်ပမှ တရားဝင် သွင်းသော အသားများကို မယှဉ်နိုင်ပေ။

ထို့ကြောင့်  မြို့ကြီးများရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် ပြည်ပမှ တင်ပို့သော အသားများကိုသာ ဈေးကြီးပေးဝယ်၍ တည်ခင်းရောင်းချနေခြင်းသည်လည်း ပြည်တွင်း အသားဈေးကွက်ကို ထိခိုက်နိုင်ပါသည်။

မွေးမြူရေးလုပ်ငန်း ပိုမို အားပျော့လာပါက အသားတင်သွင်းမှု  ပိုမို မြင့်တက်လာပေမည်။ ပြည်တွင်းထုတ်ကုန် နည်းပါးလျှင် နိုင်ငံတော်၏ စီးပွားရေးကို လွန်စွာထိခိုက်နိုင်ပြီး အစားအစာရှားပါးမည် ဖြစ်သည်။ ထိုပြဿနာမှ ကာကွယ်နိုင်ရန် အစိုးရက နိုင်ငံတကာအဆင့်မီ ကြက်မွေးမြူရေးနှင့် ထုတ်လုပ်ရေးစက်ရုံများ စီမံကိန်း အကောင်အထည် ဖော်နေသည်။ သို့သော်လည်း အသေးစားမွေးမြူရေးလုပ်ငန်းများကို ကူညီအားပေးရန်၊ ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန်တို့အတွက် အသားများ တရားမဝင် တင်သွင်းနေမှုကို ပိုမို ထိရောက်စွာ ကိုင်တွယ်ရန် အထူးလိုအပ်နေသေးသည်။

ကျန်းမာရေးအကျိုးဆက်

မသန့်ရှင်းသည့် အသားများတွင် ဘက်တီးရီးယားပိုး၊ ကပ်ပါးကောင်နှင့် ဗိုင်းရပ်စ်ပိုးတို့ ပေါက်ပွားနိုင်ပြီး လူတို့တွင်   ကြက်ငှက်တုပ်ကွေး ကဲ့သို့သော ကူးစက်ရောဂါဆိုးများ ဖြစ်ပွားနိုင်ပါသည်။

(ဇွန်လလယ်ပိုင်းက မြန်မာနိုင်ငံတွင် တစ်ကျော့ပြန်ဖြစ်ပွားရာမှ လူတချို့ သေဆုံးခဲ့သော ပြင်းထန်တုပ်ကွေးသည် ဝက်နှင့် အစားအစာတို့မှ ကူးစက်ခြင်း မဟုတ်ပေ)

အသားတွင် ပါရှိနိုင်သည့် ဓာတုပစ္စည်းများသည်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး၊ ဓာတုပစ္စည်း ပါဝင်မှု အလွန်များပါက အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်သည်။

တည်ဆဲဥပဒေတို့တွင် အသားသန့်ရှင်းမှုနှင့် ပတ်သက်ပြီး ထည့်သွင်းပြဋ္ဌာန်းရန် လိုအပ်နေသည်။ ရောင်းချမည့် အသားများကို လိုင်စင်ရသားသတ်ရုံများ၌သာ ထုတ်လုပ်ရမည်ဟု စည်ပင်သာယာရေးကော်မတီဥပဒေ ၆၁ (စ) တွင် ဖော်ပြထားပြီး၊ ၇၉ (က)၊ (ခ) တို့တွင်လည်း လိုင်စင်ရသူတို့သာ သားသတ်ခွင့်၊ ရောင်းချခွင့်ရှိသည်ဟု ဖော်ပြထားပါသည်။    အသားအပါအဝင် စားသောက်ကုန်များကို အင်းဆက်နှင့် ပတ်ဝန်းကျင် အညစ်အကြေးများမဝင်အောင် ကာကွယ်နိုင်ရန်   သိုလှောင်သည့် ပုံးများတွင် ထည့်ထားရမည်ဟု ပြဋ္ဌာန်းထားပါသည်။ သို့သော်လည်း အသားသန့်ရှင်းမှုတွင် အရေးအကြီးဆုံးဖြစ်သော အပူချိန်ထိန်းချုပ်မှုနှင့် ပတ်သက်၍ သီးခြားပြဋ္ဌာန်းထားသော ဥပဒေ လိုနေသေးသည်။ ရပ်ကွက်ဈေးများ၊ သားသတ်ရုံများ၊ မွေးမြူရေးခြံများ ကျန်းမာရေး စည်းမျဉ်း စည်းကမ်းများကို မဖြစ်မနေလိုက်နာ ဆောင်ရွက်ရန်အတွက်လည်း  ဥပဒေလိုအပ်သည်။

အသား ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာစံချိန်မီ စည်းမျဉ်းစည်းကမ်းများကို  ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ပြီးဖြစ်ပါသည်။ ထိုစည်းမျဉ်းစည်းကမ်းများကို မဖြစ်မနေလိုက်နာရမည် ဟု သတ်မှတ်သည့် ဥပဒေများ ပြဋ္ဌာန်းရန် အထူးလိုအပ်နေပါသည်။ သို့မှသာလျှင် ဈေးကွက်အတွင်းမှ အသားများသည် ကျန်းမာရေးနှင့် ညီညွတ်၊ ပိုမိုသန့်ရှင်းမှုရှိသည့် အခြေအနေဖြစ်လာပြီး ပြည်သူတို့ စိတ်ချယုံကြည်စွာ စားသုံးနိုင်ကြမည် ဖြစ်ပါတော့သည်။

(ရန်ကုန်အခြေစိုက် ဆောင်းပါးရှင် ဆွေဇင်မိုးသည် အာဟာရ၊ အစားအစာတို့အကြောင်း လေ့လာနေသည့် လူငယ်တစ်ဦးဖြစ်သည်။)

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading