ပြည်ခိုင်ဖြိုးနှင့် NLD ပါတီကြား ရန်ကုန်မဲဆန္ဒနယ်တစ်ခုနှင့် ပတ်သက်သည့် အငြင်းပွားမှုကို အနာဂတ်အမတ်လောင်းများ မဖြစ်မနေ လေ့လာရန် ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းနေသည်။
နှစ်နာရီ နီးပါး ကြာမြင့်သည့် စီရင်ချက် ဖတ်ပြပြီးနောက် ရွေးကောက်ပွဲကော်မရှင် ခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ချောင်းဟန့်ကာ စက္ကန့်အနည်းငယ် နားလိုက်သည်။
ထို့နောက် သူ့စီရင်ချက်ကို မတ်တပ်ရပ် နားထောင်နေကြသည့် တိုင်ကြားခံရသူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်၊ တိုင်ကြားသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးသန်းထိုက်အောင်တို့ကို တစ်လှည့်စီ ကြည့်လိုက်သည်။

“ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၂) တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးနေမျိုးအောင်ကို ရွေးကောက်တင်မြှောက်ခြင်းသည် တရားမဝင် ပျက်ပြယ်ကြောင်းနှင့် ဦးသန်းထိုက်အောင်သည် ခိုင်လုံမဲအများဆုံး ရရှိသူဖြစ်ပြီး တရားဝင် ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်ကြောင်း ဆုံးဖြတ်သည်” ဟု ခုံအဖွဲ့ဥက္ကဋ္ဌက နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးအတွင်း အသံ တည်တည်ငြိမ်ငြိမ်ဖြင့် ကြေညာလိုက်သည်။
ဤသို့ဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲကာလ အငြင်းပွားမှုတစ်ခုအတွက် ငါးလကြာ စစ်ဆေးမှု အဆုံးသတ်သွားသည်။ အမှုအတွက် ခုံရုံးဥက္ကဋ္ဌ ဦးမြင့်နိုင်၊ အဖွဲ့ဝင် ဦးသန်းဋ္ဌေး၊ ဦးလှတင့်တို့က သက်သေ ၁၆ ဦးကို ခေါ်ယူ စစ်ဆေးခဲ့သည်။


ရွေးကောက်ပွဲတွင် NLD ကိုယ်စားလှယ်က ၃၆၅ မဲ ရခဲ့ပြီး ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က ၅၁၄ မဲ ရရှိခဲ့သည့် ဆိပ်ကမ်း အမှတ် (၂) နယ်မြေသည် နိုင်ငံ၏ လူဦးရေအနည်းဆုံးသော မဲဆန္ဒနယ်များထဲမှ တစ်ခုဖြစ်သော်လည်း ထိုနေရာမှ ပေါ်ပေါက်လာသည့်အမှုတွင် ရွေးကောက်ပွဲအကြိုကာလနှင့် သက်ဆိုင်သော အငြင်းပွားဖွယ်အချက်များစွာ ရှိနေသည်။
အမှုဖြစ်စဉ်သည် လာမည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် အနာဂတ်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုသူတို့အတွက် ဆောင်ရန်ရှောင်ရန် အချက်အလက်အများအပြား ပါဝင်နေရာ အမှုစီရင်ချက်သည် အမတ်လောင်းတို့အတွက် ပြဋ္ဌာန်းစာအုပ်သဖွယ် ဖြစ်လာမည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောသည်။


မဲပေးသူကို ငွေချေးခြင်း
မဲပေးနိုင်ခွင့်ရှိသူ အနည်းငယ်သာနေထိုင်သော ရန်ကုန်မြစ်ဘေးရှိ ဆိပ်ကမ်းမဲဆန္ဒနယ်အမှတ် (၂) သည် နိုင်ငံရေးသမားအများအပြား မျက်စိကျသည့် နေရာတစ်ခု ဖြစ်သည်။
ထိုနယ်မြေအတွက် ဝင်ရောက်ယှဉ်ပြိုင်သူ ၉ ဦး ရှိရာ ထိုအမတ်လောင်းများအနက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်၏ လှုပ်ရှားမှုများသည် မဲဆန္ဒရှင်အများအပြားအတွက် စိတ်ဝင်စားဖွယ် ဖြစ်လာသည်။
ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးနေမျိုးအောင်က ရွေးကောက်ပွဲနီးချိန်တွင် အသေးစား ငွေချေးလုပ်ငန်းတစ်ခုကို ဖိတ်ခေါ်ခဲ့ရာ ထိုကုမ္ပဏီက ဒေသခံအများအပြားကို အတိုးမဲ့ချေးငွေ ထုတ်ပေးခဲ့သည်။
ထိုကုမ္ပဏီသည် ပါတီ၏ ရွှေပြည်သာမြို့နယ် ဥက္ကဋ္ဌ ဦးလင်းအောင်အောင်က ဒါရိုက်တာအဖြစ် တာဝန်ယူထားသည့် မေထွဋ်ကုမ္ပဏီဖြစ်သည်။
ဆိပ်ကမ်းမြို့နယ်တွင် လုပ်ငန်း တရားဝင်လုပ်ကိုင်ခွင့် မရှိဘဲ ဒေသခံတို့ကို ငွေချေးခြင်းဖြစ်ကြောင်း၊ အခြားမြို့နယ်များတွင် လုပ်ငန်း လုပ်ကိုင်ခဲ့ခြင်းမရှိကြောင်း၊ တစ်ဦးလျှင် ကျပ် ခြောက်သောင်းနှုန်းဖြင့် ၂၁၅ ဦးကို ငွေချေးခဲ့ကြောင်း မေထွဋ်ကုမ္ပဏီက ခုံရုံးတွင် ထွက်ဆိုသည်။
တိုင်ကြားခံရသူ ဦးနေမျိုးအောင်ကမူ ထိုငွေချေးလုပ်ငန်းမှာ ၎င်းနှင့် မသက်ဆိုင်ကြောင်း၊ ငွေချေးသည်မှာလည်း မဲဆွယ်စည်းရုံးရေးကာလတွင် မဟုတ်ကြောင်း ခုံရုံးကြားနာမှုတစ်ခုတွင် ချေပခဲ့သည်။
ငွေချေးခြင်းကြောင့် အနိုင်ရသည်ဟူသော စွပ်စွဲချက်မှာ သူ၏အောင်မြင်မှုကို ပျက်ရယ်ပြုသကဲ့သို့ ဖြစ်နေသည်ဟုလည်း သူက တုန့်ပြန်ခဲ့သည်။
ရွေးကောက်ပွဲကာလ ဘာသာရေး
ဦးနေမျိုးအောင်က မဲဆွယ်ကာလတွင် ၎င်းမဲဆန္ဒနယ်မြေရှိ အပတ်စဉ် ဝတ်ရွတ်အသင်းများကို ၂၈ ကြိမ် လှူဒါန်းခဲ့သည်ကိုလည်း ခုံရုံးက စစ်ဆေး တွေ့ရှိခဲ့သည်။ ၎င်းကမူ ဘာသာရေးဖြင့် မဲဆွယ်စည်းရုံးခြင်း မဟုတ်ဘဲ ဝါတွင်းကာလ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ခုံရုံးတွင် ချေပသည်။
ရွေးကောက်ပွဲနှင့် မသက်ဆိုင်ဟု ငြင်းဆိုသော်လည်း ထိုစရိတ်များသည် သက်ဆိုင်ရာသို့ တင်ပြရသည့် ရွေးကောက်ပွဲ အသုံးစရိတ်တွင် ထည့်သွင်းဖော်ပြထားသည့်အတွက် အံ့သြစရာ ဖြစ်နေသည်ဟု ခုံရုံးဥက္ကဋ္ဌ ဦးမြင့်နိုင်က မှတ်ချက်ပေးသည်။
“ရွေးကောက်ပွဲအလို့ငှာ သုံးတယ်ဆိုတာ ပေါ်လွင်ပြီးသား ဖြစ်သွားတယ်။ စာရွက်စာတမ်း သက်သေတွေနဲ့ ငြင်းလို့ကို မရတော့ဘူး” ဟု ၎င်းက ပြောသည်။
မဲဆွယ်ကာလ ဤလုပ်ရပ်များသည် ရွေးကောက်ပွဲနှင့် ဘာသာရေး ရောထွေးဆောင်ရွက်ခြင်းဖြစ်သည်၊ ရွေးကောက်ပွဲအတွက် ဘာသာရေးကို အကြောင်းပြု မဲဆွယ်ခြင်းဖြစ်သည်ဟု ခုံရုံးစီရင်ချက်က ဆိုသည်။
သို့သော်လည်း အလှူအတွက် ခုံရုံးအဖွဲ့က ချီးကျူး ဝမ်းမြောက်ကြောင်း ဖော်ပြချက်ကို စီရင်ချက် စာမျက်နှာ ၅ နှင့် ၇ တို့တွင် တွေ့နိုင်သည်။
"ဦးနေမျိုးအောင်၏ ထွက်ဆိုပြောကြားချက်များအပေါ် ဤခုံရုံးအဖွဲ့က လွန်စွာမှ လေးစားမိသည်။ ထပ်ခါထပ်ခါ သာဓု ခေါ်ဆိုနေမိသည်။ နောင်လည်း အလှူရေစက် လက်နှင့်မကွာ လှူဒါန်းသွားနိုင်ပါစေဟု ဆုတောင်းပေးနေမည်" ဟု စီရင်ချက်တွင် ဖော်ပြထားသည်။
အမှုရှုံးသွားသည့် ဦးနေမျိုးအောင်က ခုံရုံးဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အယူခံဝင်ထားသည်။ သူ အယူခံရှုံးလျှင် တိုင်ကြားသူ ဦးသန်းထိုက်အောင်က လွှတ်တော်တက်ရမည် ဖြစ်သည်။
ရွေးကောက်ပွဲ နှစ်ကြိမ်နိုင်သူ
ဦးနေမျိုးအောင်၏ ရွေးကောက်ပွဲ အနိုင်ရလဒ် ပျက်ပြယ်ကြောင်း ခုံရုံးက ဆုံးဖြတ်ရသည့် အကြောင်းရင်းများထဲတွင် ရွေးကောက်ပွဲ အသုံးစရိတ် မမှန်မကန် တင်ပြခြင်းလည်း ပါဝင်သည်။
ရွေးကောက်ပွဲနည်းဥပဒေအရ အသုံးစရိတ်ကို ဦးနေမျိုးအောင်နှင့် သူ၏ကိုယ်စားလှယ် ဒေါ်တိုးတိုးလှိုင်တို့က လက်မှတ်ထိုးပြီး ရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းခဲ့သည်။
သို့သော်လည်း ဒေါ်တိုးတိုးလှိုင်က သူကိုယ်တိုင် လက်မှတ်ထိုး တင်ပြထားသည့် ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို မသိရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ ရုံးစာရေးကြီး စေခိုင်းချက်အရ လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း ခုံရုံးတွင် ထွက်ဆိုခဲ့သည်။
မျက်စိဝေဒနာရှင် ၁ဝ ဦး ဆေးရုံတွင် ကုသစရိတ် ၄၀၀,၀၀၀၊ ကုသမှုအတွက် သယ်ယူပို့ဆောင်စရိတ် ၂၅၀,၀၀၀ တို့ကိုလည်း ရွေးကောက်ပွဲ မဲဆွယ်မှု အသုံးစရိတ်အဖြစ် ထည့်သွင်းထားသည်။ ထိုသို့ စာရင်းပြခြင်းသည် မဲဆန္ဒရှင်ကို လာဘ်ပေးကြောင်း သက်သေပြသကဲ့သို့ ဖြစ်သွားသည်ဟု ခုံရုံးက မှတ်ချက်ပေးသည်။
“လာဘ်ပေးလာဘ်ယူပြု၍ မဲဆွယ်ခဲ့ကြောင်း အထင်အရှား ပေါ်ပေါက်လျက် ရှိနေပေသည်” ဟု ခုံရုံးစီရင်ချက်က ဆိုသည်။
“လူမှုရေး၊ ကျန်းမာရေးလုပ်ငန်း ကူညီရန်အတွက် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး စရိတ်ငွေထဲမှ ကျခံသုံးစွဲခဲ့ခြင်း မရှိသည့်အပြင် ဤသို့ကူညီခြင်းဖြင့် မဲဆွယ်ခြင်း တစ်စုံတစ်ရာ မရှိခဲ့လျှင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းချက်ပါ တရားမဲ့ပြုကျင့်မှုကို ပြုလုပ်ကြောင်း ပေါ်ပေါက်မည် မဟုတ်ပေ” ဟု ခုံရုံးစီရင်ချက်က ဆိုသည်။
ဦးနေမျိုးအောင်နှင့် သူ၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်တိုးတိုးလှိုင်တို့က ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်ကို မသိကြောင်း၊ လေ့လာခြင်း မရှိခဲ့ကြောင်း ခုံရုံးတွင် ထွက်ဆိုကြသည်။ ဦးနေမျိုးအောင်သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင်ပါ အနိုင်ရခဲ့ဖူးသူဖြစ်သော်လည်း ဥပဒေကို လေ့လာမှုမရှိခြင်းကြောင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဝင်သည့်အခါ တရားမဲ့ပြုကျင့်မှုများ ဖြစ်လာရသည်ဟု ခုံရုံးက သုံးသပ်သည်။
ခုံရုံးအဖွဲ့ဝင် ဦးသန်းဋ္ဌေးက အသုံးစရိတ် တင်သွင်းရာတွင် ဆောင်ရန်ရှောင်ရန် အချက်များကို အမတ်လောင်းတို့ ဆင်ခြင်သင့်သည်ဟု ပြောသည်။
ရွေးကောက်ပွဲ ကုန်ကျစရိတ်နဲ့ ပတ်သက်သည့် ကိစ္စများမှာ တရားမဲ့ပြုကျင့်မှု ပိုပြီး ဖြစ်နိုင်ကြောင်း၊ စရိတ်ကို စနစ်တကျ မတင်သွင်းခြင်း၊ တင်သွင်းရန် ပျက်ကွက်ခဲ့ခြင်းတို့သည် အနာဂတ် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရသည်အထိ အရေးယူခံရနိုင်ကြောင်း ပြောသည်။
ပါတီကို ဖျက်သိမ်းနိုင်
ဆိပ်ကမ်းလုပ်ငန်းများ၊ သင်္ဘောဆိပ်များ တည်ရှိရာ ဆိပ်ကမ်းမြို့နယ်တစ်ခုလုံးမှာ နိုင်ငံတော်ပိုင်မြေဖြစ်ပြီး မည်သည့်နိုင်ငံရေးပါတီကမှ ရုံးခန်းဖွင့်ထားခြင်း မရှိပေ။ သို့သော်လည်း ပြည်ခိုင်ဖြိုးပါတီက ချွင်းချက်ဖြစ်နေသည်။ မော်တင်ရပ်ကွက်တွင် ပါတီရုံးခန်းဖွင့်ထားရာ ယခုအစိုးရက ထိုရုံးကို နိုင်ငံပိုင်မြေပေါ်မှ ရွှေ့ပြောင်းပေးရန် ငါးကြိမ်ခန့် အကြောင်းကြားပြီး ဖြစ်သည်။
ထိုရုံးခန်းဖယ်ရှားပေးရန် အကြောင်းကြားထားပြီး ဖြစ်သည်ဟု ပို့ဆောင်၊ ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ခုံရုံးတွင် ထွက်ဆိုခဲ့သည်။
မိသားစုရပ်ကွက်တွင် တပ်မတော်အစိုးရလက်ထက်က တည်ဆောက်ခဲ့သော အဆောက်အအုံတစ်လုံးတွင် ဖြိုးစေတနာဆေးခန်း ရှိခဲ့ဖူးသည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ဦးနေမျိုးအောင်က ထိုဆေးခန်းနေရာကို ပါတီရုံးခန်းအဖြစ် အသုံးပြုခဲ့သည်။ ထိုနေရာသည် နိုင်ငံပိုင်မြေဖြစ်သော်လည်း အဆောက်အအုံမှာ ပြည်ခိုင်ဖြိုးပါတီ လူမှုရေးအသင်းအဖြစ် တည်ရှိစဉ်က ရန်ပုံငွေဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ခုံရုံးတွင် ထွက်ဆိုသည်။
ခုံရုံးဥက္ကဋ္ဌ ဦးမြင့်နိုင်က ထိုအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရသာမက၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်ပါ ငြိစွန်းနေသောကြောင့် ကိုယ်စားလှယ်သာမက ပါတီလည်း အရေးယူခံရနိုင်သည်ဟု ပြောသည်။
“နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အဦး၊ ယာဉ်၊ ရထားကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ သုံးစွဲခဲ့ရင် … ပါတီဆိုရင် အဖျက်ခံရမယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုရင်တော့ ရပ်စဲခံရမယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။
သို့သော်လည်း ထိုသို့အရေးယူရန်မှာ အဆိုပါ အငြင်းပွားမဲဆန္ဒနယ်မှ မဲဆန္ဒရှင်တစ်ဦးက တိုင်ကြားရန် လိုအပ်သည်ဟု ဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









